• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရွှေပြည်တော် မျှော်တိုင်းဝေးနေသေးသည့် လွတ်လပ် ခေတ်မီသော သုတေသန အသိုက်အဝန်း

by ဖီးနစ်
21 October 2021
in ဆောင်းပါး
A A
ဦးသိန်းစိန်လက်ထက် ကျောင်းသားများ ဆန္ဒပြခဲ့စဉ် / ဧရာဝတီ

ဦးသိန်းစိန်လက်ထက် ကျောင်းသားများ ဆန္ဒပြခဲ့စဉ် / ဧရာဝတီ

13.6k
VIEWS
Share on FacebookShare on Twitter

တိုင်းပြည်တပြည်အနေဖြင့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအရပါ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဆင့်မြင့်ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အရေးပါလှသည်။ အဆင့်မြင့်ပညာရေးသည် အခြေခံပညာရေးကဲ့သို့ ဦးနှောက်ထဲ အသိဉာဏ်ပညာ ထည့်သွင်းခြင်း၊ လုပ်ငန်းခွင်ဝင်မည့် ‌အတတ်ပညာရှင်များ မွေးထုတ်ရန် သက်သက်မျှ မဟုတ်ချေ။ အဆင့်မြင့်ပညာရေး၏ အခန်းကဏ္ဍသည် အသိပညာအသစ်များ ဖြန့်ဝေရန်ဖြစ်သည်။ တနည်းအားဖြင့် လူ့ယဉ်ကျေးမှု တိုးတက်ရန် အသုံးပြုနိုင်မည့် အသိပညာများ၊နည်းပညာအသစ်များကို ရှာဖွေကာ ကမ္ဘာသို့ တင်ပြရန်ဖြစ်သည်။

ကျွန်ုပ်တို့၏ လက်ရှိခေတ်မီ လူ့အဖွဲ့အစည်းသည်လည်း ခေတ်အဆက်ဆက်မှ ပညာရှင်တို့ ထားရှိခဲ့သည့် အသိပညာအဆောက်အအုံပေါ်တွင် တည်ဆောက်ထားခြင်းပင်ဖြစ်သည်။ အသိပညာအသစ် ရှာဖွေသူတို့သည်လည်း ရှိပြီးသားအသိပညာအဆောက်အအုံပေါ်တွင်ရပ်၍ အသိပညာအသစ်တို့ကို ရှာဖွေရသည်။

RelatedPosts

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

9 July 2025
1.7k
စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

9 July 2025
6.3k
ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

7 July 2025
2.5k

ထိုကဲ့သို့ အသိပညာအသစ်များ ရှာဖွေဖြန့်ချိသည့် အဆင့်မြင့်ပညာရေး ကဏ္ဍ၏ထောက်တိုင်တခုမှာ တက္ကသိုလ်ကောလိပ်များဖြစ်သည်။ တက္ကသိုလ်ကောလိပ်များသို့ တက်ရောက်လာကြသည့်အခါ ကျောင်းသားကျောင်းသူများသည် ဆရာများသင်ကြားသည်ကို နားထောင်ရသည်သာမက ဆရာတို့နှင့် အပြန်အလှန် ဆွေးနွေးရသည်။ မိမိ၏အမြင်ကို တင်ပြကြရသည်။ ဆရာပြောသည်ကို ဝေဖန်ချေ‌ပရသည်။

ထို့ပြင် မဟာဘွဲ့သင်တန်း၊ ပါရဂူဘွဲ့သင်တန်းကို တက်ရောက်ကြသည့် ကျောင်းသားကျောင်းသူများသည် ဘွဲ့အတွက် အရည်အချင်း ပြည့်မီစေရန် ကျမ်းများ၊ စာတမ်းများကို ရေးသားတင်သွင်းကာ အသိပညာအသစ်များကို ဝေငှရသည်။ ထိုကျမ်းများ၊ စာတမ်းများတွင် ပါဝင်သော အချက်အလက်များသည် ယခင်ကမဖော်ပြရသေးသည့် အကြောင်းအရာသစ်များ ဖြစ်ရမည်။ သို့မဟုတ်လျှင် အကြောင်းအရာဟောင်းကို ရှုထောင့်သစ်မှ ရှုမြင်ခြင်း၊ အကြောင်းအရာဟောင်းတစ်ခုကို ဝေဖန်ချေပခြင်း ဖြစ်ရမည်။ သို့မှသာလျှင် အသိဉာဏ်သစ် ဝေငှခြင်း မည်ပေမည်။

ထိုသို့ဝေငှရာတွင်လည်း ကျမ်းကိုးစာရင်း၊ အောက်ခြေမှတ်စုများထည့်ကာ မိမိတင်သွင်းသည့် အချက်အလက်များ ခိုင်မာကြောင်းကို သက်သေပြရသည်။ တပါးသူရေးသားသည့် စာအုပ်စာတမ်းမှ အချက်အလက်များကို ကူးယူဖော်ပြလိုပါကလည်း credit ပေးရသည်။ ထိုသို့မဟုတ်ပဲ ကျမ်းတင်သွင်းရာတွင် အချက်အလက်များ အတုပြုလုပ်ခြင်း၊ သူတပါးရေးသားသည့် အချက်အလက်များအား မိမိရေးသည့်ဟန် ကူးချခြင်းများ ပြုလုပ်ပါက ကျောင်းထုတ်ခံရနိုင်ပေသည်။

ရန်ကုန်တက္ကသိုလ် အဓိပတိလမ်း/ဧရာဝတီ

အဆင့်မြင့်ပညာရေး၏ နောက်ထပ်ထောက်တိုင်တခုမှာ သုတေသနအဖွဲ့အစည်းများနှင့် သုတေသနဂျာနယ်များဖြစ်ကြသည်။ ယင်းအဖွဲ့အစည်းများ၊ ဂျာနယ်များကို ဖွဲ့စည်းထုတ်ဝေရန် အစိုးရများ၊ ကုမ္ပဏီများက ငွေကြေးထောက်ပံ့ကြသည်။ သုတေသနအဖွဲ့အစည်းများတွင်လည်း နယ်ပယ်တခုတည်းအပေါ် အဓိကထား၍ သုတေသနလုပ်သည့် အဖွဲ့အစည်းများ ရှိသလို ဘာသာရပ်မျိုးစုံချိတ်ဆက်သည့် သုတေသန (Interdisciplinary research) ပြုလုပ်သည့် အဖွဲ့အစည်းများလည်းရှိသည်။

သုတေသနဂျာနယ်များမှာမူ နယ်ပယ်တခုထဲမှ အကြောင်းအရာတခုတည်းကို အားစိုက်၍ သုတေသနလုပ်ကြသည်က များသည်။ နယ်ပယ်တခု၏ သုတေသနဂျာနယ်ကို သက်ဆိုင်ရာနယ်ပယ်မှ ဂုဏ်သိက္ခာရှိ ပညာရှင်များက တည်းဖြတ်စစ်ဆေးသည်။ ဆောင်းပါးရေးရာတွင် ကျင့်သုံးရမည့် စည်းကမ်းချက်များမှာမူ ဂျာနယ်တခုနှင့်တခု မတူကြပေ။

မြန်မာပြည်တွင် အဆင့်မြင့်ပညာရေး၏ ပထမထောက်တိုင်သည် ဗိုလ်နေဝင်း အာဏာသိမ်းပြီးနောက်တွင် ပြိုလဲရန် အကြောင်းဖန်လာသည်။ ဗိုလ်နေဝင်းစစ်အစိုးရ အာဏာရပြီးနောက် “တက္ကသိုလ်အက်ဥပဒေ”ကို ဖျက်သိမ်းလိုက်သည့်နောက်တွင် တက္ကသိုလ်ပညာရေး၏ အဆင့်အတန်းများလည်း ကျဆင်းသွားခဲ့ရသည်။

တက္ကသိုလ်ပညာရေး အဆင့်အတန်းကျဆင့်သွားခဲ့ပုံကို ဒေါက်တာဘမော်၏ သမီးဖြစ်သူ တင်ဇာမော်နိုင်က သူ၏ A Burmese Heart ဝတ္ထုထဲတွင် ရေးသားဖော်ပြထားသည်။ တင်ဇာမော်နိုင်သည် ပါလီမန်ခေတ်အတွင်း ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ်တွင် အင်္ဂလိပ်စာ ဆရာမအဖြစ်လုပ်ကိုင်ခဲ့ပြီး သူစာသင်ကြားသည့်အချိန်တွင် ပညာရေးအဆင့်အတန်းလည်း မြင့်မားခဲ့သည့်အပြင် တက္ကသိုလ်ဆရာမတဦးအဖြစ် တင့်တောင့်တင့်တယ် ရပ်တည်နိုင်ခဲ့သည်ဟု‌ ဆိုသည်။

ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်/ဧရာဝတီ

တက္ကသိုလ်ရှိ ဆရာများနှင့် ကျောင်းသားကျောင်းသူတို့၏ အင်္ဂလိပ်စာ အဆင့်အတန်းကို ရာဇဝင်ဌာန ဌာနမှုးဒေါက်တာကျော်သက်မှ စာရှင်းပြနေသည့် ဗီဒီယိုကို ကြည့်ခြင်းဖြင့် သိနိုင်သည်။

ဗိုလ်နေဝင်းမှ တော်လှန်ရေးကောင်စီကို တည်ထောင်ပြီးနောက် တက္ကသိုလ်အက်ဥပဒေကို ဖျက်သိမ်းကာ အစိုးရထိန်းချုပ်မှုအောက်မှ လွတ်လပ်စွာတည်ရှိနေသော တက္ကသိုလ်များကို တိုက်ရိုက်ချုပ်ကိုင်ခဲ့သည်။ ထို့ပြင် ရန်ကုန်တက္ကသိုလ်၏ အုပ်ချုပ်မှုအောက်ရှိ မဟာဌာနများအားလည်း သီးခြားတက္ကသိုလ်များအဖြစ် ခွဲထုတ်ခဲ့သည့်ပြင် ဆိုရှယ်လစ်စနစ်နှင့် ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းများကိုပါ ထပ်မံပြဌာန်းခဲ့ပြန်သည်။ စီးပွားရေးမဟာဌာနသည် နောက်ပိုင်းတွင် စီးပွားရေးတက္ကသိုလ်၊ ပညာရေးမဟာဌာနသည် ပညာရေးတက္ကသိုလ် စသည်ဖြင့် ဖြစ်လာသည်။

ရန်ကုန်တက္ကသိုလ်မှ ဆရာမတဦးဖြစ်သူ တင်ဇာမော်နိုင်သည် တော်လှန်ရေးကောင်စီ‌ခေတ်ဦးပိုင်းတွင် ဆရာမရာထူးကို ဆက်လက်ရရှိခဲ့သော်လည်း လစာမှာကျဆင်းသွားခဲ့သဖြင့် လစာအနည်းငယ်နှင့် အတော်ရုန်းကန်ခဲ့ရသည်ဟု သူ၏ A Burmese Heart စာအုပ်တွင် ဆက်လက်ရေးသားခဲ့သည်။

တက္ကသိုလ်များကို အစိုးရမှ တိုက်ရိုက်ထိန်းချုပ်သည့်အတွက် သုတေသနလွတ်လပ်ခွင့်လည်း မရှိတော့ပေ။ အစိုးရ၏ မူဝါဒများ ကောင်းသည် ဆိုးသည်ကို ပညာရပ်ဆိုင်ရာရှုထောင့်မှ ဝေဖန်ရမည့်တာဝန်မှာ တက္ကသိုလ်မှ သုတေသနသမားတို့၏ အလုပ်ပင်ဖြစ်သည်။

နိုင်ငံတကာတွင်ဆိုလျှင် အစိုးရအဖွဲ့၏ မူဝါဒကိုဝေဖန်ထားသည့် သုတေသနစာတမ်းများကို ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များက စိတ်ဝင်တစား ဖတ်ရှုလေ့ရှိကြသည်။ အချို့သော သုတေသနပညာရှင်များဆိုလျှင် မိမိတို့၏ စာတမ်းများတွင် တိုင်းပြည်၌ ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာများကို ဖြေရှင်းနိုင်မည့်နည်းလမ်းများကိုပင် ထည့်သွင်းရေးသားလေ့ရှိကြသည့်အတွက် ထိုကဲ့သို့သော စာတမ်းများကိုဖတ်ရှုခြင်းအားဖြင့် အစိုးရအဖွဲ့အနေဖြင့် လတ်တလောကြုံတွေ့နေရသော ပြဿနာများကိုဖြေရှင်းနိုင်ပေသည်။

သို့ရာတွင် ဝေဖန်မှုကို မကြိုက်သော၊ အမြင်မတူသူကို ရန်သူကဲ့သို့ သဘောထားသော မြန်မာနိုင်ငံ၏ အစိုးရအဆက်ဆက်တို့သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတို့ကို ဝေဖန်သည့် သုတေသနစာတမ်းများ ရေးသားခွင့်ကို ပိတ်ပင်ခဲ့ကြသည်။ တက္ကသိုလ်ကောလိပ်များကို တိုက်ရိုက်ချုပ်ကိုင်ခဲ့ကြသဖြင့် အစိုးရ၏မူဝါဒနှင့်ကိုက်ညီသော စာတမ်းများသာ ထွက်ပေါ်လာခဲ့သည်။ ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်မရှိခြင်း၊ ပိတ်ပင်မှုများပြားခြင်းတို့ကြောင့် အရည်အချင်းရှိသော ပညာရှင်များ၊ ကျောင်းသားကျောင်းသူများသည်လည်း လွတ်လပ်ရာပြည်ပသို့ ထွက်ခွာသွားကြသဖြင့် အသိပညာအသစ်များပါဝင်သည့် စာတမ်းများထွက်ပေါ်လာခြင်းသည်လည်း နည်းနိုင်သမျှ နည်းသွားခဲ့ရလေသည်။

ဦးသိန်းစိန်လက်ထက် ကျောင်းသားများ ဆန္ဒပြခဲ့စဉ်/ဧရာဝတီ

နဝတ၊ နအဖခေတ်တွင်လည်း စစ်အစိုးရနှင့် ပလဲပနံသင့်သည့် သုတေသနသမားများသာ ဝင်ထွက်ခွင့်ရခဲ့ပြီး သုတေသနလုပ်ခွင့် ရခဲ့သည်။ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံနှင့်ပက်သက်သည့် မှတ်စုများရေးသားထားသည်ကို တွေ့ရှိရပါက ထိုမှတ်စုများကို လေဆိပ်အထွက်တွင်ပင် သိမ်းဆည်းကြောင်း စာရေးဆရာမ အမ်မာလာကင်က သူ၏ “ဂျော့အော်ဝဲလ်အား မြန်မာပြည်တွင်ရှာဖွေခြင်း” စာအုပ်တွင် ရေးသားထားသည်။

ကိုမင်းလတ်သည် နိုင်ငံရေးသိပ္ပံ ဘာသာရပ်တွင် တက်ရောက်နေသော ကျောင်းသားတဦးဖြစ်ပြီး မြန်မာနိုင်ငံရှိ တက္ကသိုလ်များ၏ သုတေသနအခြေအနေအပေါ် စိတ်ကျေနပ်ခြင်း မရှိသူတဦးလည်းဖြစ်သည်။ အစိုးရမှ သုတေသနများအား ချုပ်ကိုင်ခြင်းနှင့်ပက်သက်၍ “မရင်းနှီးစေချင်လို့ပေါ့ဗျာ။ သုတေသနတိုးတက်လာရန် evidence-based နဲ့ ပေါ်လစီတွေကို ဝေဖန်တာတွေပေါ်လာမယ်။ အဲ့လိုမျိုးတွေက အစိုးရကို ကောင်းကောင်းဝေဖန်လိမ့်မယ်။ အဲ့ဒါမျိုးကိုကြောက်လို့ အစိုးရက သုတေသနကို ထွန်းကားအောင် မလုပ်တာလို့မြင်တယ်”ဟု ပြောသည်။

မြန်မာပြည် အဆင့်မြင့်ပညာရေး၏ ဒုတိယမြောက်ထောက်တိုင်မှာ မြန်မာနိုင်ငံ သုတေသနအသင်း (BRS)နှင့် ယင်း BRS မှ ထုတ်ဝေသည့် မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် (JBRS)တို့ ဖြစ်သည်။ BRS ကို ဗြိတိသျှ အိုင်စီအက်စ်အရှာရှိတစ်ဦးဖြစ်သူ ဂျေအက်စ်ဖာနီဗယ်မှ ၁၉၁၀ ခုနှစ်တွင် ဦးစီးတည်ထောင်ခဲ့သည်။ ထိုအချိန်မှစ၍ အသင်း၏ သုတေသနဂျာနယ် JBRS ကို စဉ်ဆက်မပြတ် ထုတ်ဝေခဲ့သည်။

ဤဒုတိယထောက်တိုင်သည်လည်း ၁၉၈၀ခုနှစ်တွင် ဗိုလ်နေဝင်း၏လက်ချက်ဖြင့် ပြိုလဲသွားရပြန်လေသည်။ BRS မရှိတော့သည့်နောက် အသင်း၏ ဂျာနယ်လည်း ဆက်လက်မထွက်လာတော့ချေ။ BRS သာ ယနေ့အချိန်ထိ ရပ်တည်နိုင်ခဲ့လျှင် မြန်မာပြည်တွင် အခြားသုတေသနဂျာနယ်များ၊ သုတေသနအဖွဲ့အစည်းများပေါ်ပေါက်လာနိုင်ပေလိမ့်မည်။

ဗိုလ်နေဝင်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံတကာမှ ပညာရှင်တို့သည်လည်း မြန်မာနိုင်ငံကို အချက်အလက်များ ရယူရန် ဝင်ထွက်ခွင့်မရတော့ချေ။ ထို့ကြောင့်ပင် ကြားထဲတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သုတေသနစာအုပ်စာတမ်းများ ဆယ်စုနှစ်တော်တော်ကြာ ပြတ်တောက်သွားခဲ့ရသေးသည်။ ထိုသို့အဝင်အထွက် ပိတ်ခံရသည့်ထဲတွင် ယေးလ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ ဂျိမ်းစကော့လည်း တဦးအပါအဝင်ဖြစ်သည်။ ဒေါက်တာဂျိမ်းစကော့ မြန်မာနိုင်ငံနှင့်ပတ်သက်၍ သုတေသနလုပ်ရန် ဆိုင်းပြင်းနေချိန်တွင် အာဏာသိမ်းမှုဖြစ်ပွားသဖြင့် သုတေသနလုပ်ရန် ခက်ခဲသွားရကြောင်း ဒေါက်တာဂျိမ်းစကော့နှင့် နီးစပ်သူတစ်ဦးမှ ပြောပြဖူးသည်။

နဝတ၊ နအဖခေတ်တွင် တက္ကသိုလ်များကို မြို့ပြင်သို့ ပို့လိုက်သည်။ တက္ကသိုလ်ဟူသော အဆောက်အအုံအသစ်များကိုလည်း အများအပြားဆောက်လုပ်သည်။ ဤသို့ဖြင့် အရေအတွက်သာရှိ၍ အရည်အသွေးအားဖြင့် စစ်ဆေးထားခြင်းမရှိသော တက္ကသိုလ်များ အများအပြားပေါ်ပေါက်လာလေသည်။ ထို့ပြင် အဝေးသင်စနစ်ကိုလည်း ‌အကောင်အထည်ဖော်လိုက်လေသည်။ အဝေးသင်စနစ်အရ အနီးကပ်တန်း သင်ကြားမည့် အချိန်မှလွဲ၍ ကျောင်းသားများအနေဖြင့် ကျောင်းလာရန်မလိုချေ။ ဤသို့ဖြင့် ကျောင်းသားကျောင်းသူများသည် ပညာရပ်ရပ်ဝန်းဖြင့် ဝေးသထက် ဝေးသွားခဲ့ကြရသည်။

ဒေါ်အောင်ဆန်းစုကြည်လက်ထက် ပညာရေးကွန်ဖရင့်တခုတွင် ကျောင်းသားကိုယ်စားလှယ်များ ဆန္ဒပြစဉ်/ ဧရာဝတီ

ပညာရေးဘတ်ဂျက် လုံလောက်စွာမရရှိသဖြင့် သုတေသနလုပ်ရာတွင်လိုအပ်သည့် ကိုးကားရန်စာရွက်စာတမ်းများ ဝယ်ယူရန်၊ ပစ္စည်းကိရိယာများဝယ်ယူရန် ငွေကြေးလည်းတတ်နိုင်‌ခြင်း မရှိတော့ချေ။ ဤသို့ဖြင့် မြန်မာနိုင်ငံတွင် သုတေသန အရည်အသွေးကျဆင်းလာကာ ရာနှင့်ချီသော တက္ကသိုလ်တို့သည် ယင်းတို့၏ သမိုင်းပေးတာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိတော့ချေ။

သုတေသနပြုလုပ်ခြင်းတာဝန်ကို ထမ်းဆောင်ရမည့် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကို တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူတို့သည်လည်း ပညာရပ်ထက် ဘွဲ့တခုရရေးကိုသာ အာရုံစိုက်လာကြသည်။ “လူငယ်တွေ သုတေသနထက် ဘွဲ့ရရေးကို ပိုစွဲလန်းနေကြပြီ”ဟု ပြောရမလိုပင်ဖြစ်သည်။ ဆရာဆရာမများသည်လည်း သုတေသနထက် ရုံးအလုပ်ကို ပို၍ အချိန်ပေးလာကြရသည်။ ဤသည်မှာကား ခေတ်အဆက်ဆက် နိုင်ငံတကာနှင့် အဆက်အသွယ်ပြတ်မှု၊ ပညာရေးအဆင့်အတန်း နိမ့်ကျမှုတို့၏ အကျိုးဆက်များပင်။

၂၀၁၁ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလတွင် ပွင့်လင်းလာသည်နှင့်အတူ ပညာရပ်ဆိုင်ရာလွတ်လပ်ခွင့်များလည်း အတော်အသင့်ရလာကြသည်။ ကျောင်းသားသမဂ္ဂများ မြေပေါ်ရောက်လာကာ ကျောင်းသားအဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ရသော်လည်း ဆရာဆရာမများ၏ ခေါက်ရိုးကျိုးအမူအကျင့်များ၊ အများပြည်သူတို့၏ ခေါက်ရိုးကျိုးနေသော အမြင်များ၊ အာဏာရ အစိုးရမှ တက္ကသိုလ်အား ဆက်လက်ထိန်းချုပ်လိုခြင်းကြောင့် သုတေသနမှာ ထင်သလောက်ခရီးမရောက်ခဲ့ပေ။

ဤသည်မှာလည်း ဆရာဆရာမများနှင့် အများပြည်သူများကို အပြစ်မဆိုသာပေ။ အစိုးရအဆက်‌ဆက်က အသိဉာဏ်ရပ်ဝန်းနှင့် သုတေသနတို့ကို နှစ်ပေါင်းများစွာ ဖျက်ဆီးခဲ့ခြင်း၏ အကျိုးဆက်များသာ ဖြစ်ပေတော့၏။

ထို့ပြင် ကျမ်းများအား လူစားရေးခိုင်းခြင်း၊ ရေးပြီးသားကျမ်းများအား ဝယ်ယူကာ မိမိရေးသားသောကျမ်းအဖြစ် တင်သွင်းခြင်း၊ ကျမ်းကို အဂ်လိပ်ဘာသာဖြင့် တင်သွင်းရသဖြင့် မြန်မာဘာသာဖြင့် ရေးသားကာ ဘာသာပြန်အပ်၍ အဂ်လိပ်ဘာသာသို့ ပြန်ဆိုခိုင်းခြင်းများလည်း အများအပြားပင်ရှိ၏။ ထိုသို့ဘာသာပြန်အပ်ရာတွင် ဘာသာပြန်သူသည် ပညာရပ်ဆိုင်ရာ အသုံးအနှုန်းများကို မသိသဖြင့် ပညာရပ်‌ဆိုင်ရာအသုံးအနှုန်းများ သုံးနှုန်းရာ၌ လွဲမှားမှုများ ဖြစ်ပေါ်သည်မှာလည်း ဒုနှင့်ဒေးပင်။

ဖေဖော်ဝါရီလ စစ်အာဏာသိမ်းဆန့်ကျင်ရေး ကျောင်းဆရာများ ဆန္ဒပြနေစဉ်

မကြာသေးခင်ကာလအတွင်း မြန်မာနိုင်ငံရှိ တက္ကသိုလ်ကြီးတခုတွင် ပါရဂူဘွဲ့ယူစာတမ်းအတုများ စစ်‌ဆေးပေါ်ပေါက်သည့် အဖြစ်အပျက်တခုလည်း ဖြစ်ပွားသွားရသေးသည်။ ဤသို့ရေးသားခြင်းမှာ တက္ကသိုလ်များမှ စာတမ်းတင်သွင်းသူအားလုံးသည် ဤကဲ့သို့ဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ မိမိအရည်အချင်းနှင့် မိမိကြိုးစား၍ ကျမ်းကိုရေသားကာ ဘွဲ့ရလာသူများလည်း အများအပြားရှိပေသည်။

သုတေသန စာတမ်းတခုပြုလုပ်ကြရာတွင် ရှေးဦးစွာပြုလုပ်ကြရသည်ကား မိမိပြုလုပ်ချင်သည့် ကျမ်း၏ခေါင်းစဉ်ကို ရွေးကြရခြင်းဖြစ်သည်။ ထိုသို့ရွေးချယ်ရာတွင် နယ်ပယ်ကြီးတခုထဲမှ မိမိပြုလုပ်လိုသည့် specific ခေါင်းစဉ်တခုကို ရွေးချယ်ရသည်။ ကျမ်းခေါင်းစဉ်ရွေးချယ်ပြီးသည်နှင့် မိမိကျမ်းကို ကြီးကြပ်ပေးမည့်လူကို ရှာဖွေရသည်။ အဆိုပါ ကြီးကြပ်သူမှာ မိမိကြီးကြပ်ပေးရမည့်သူ ကျမ်းပြုမည့် နယ်ပယ်နှင့်ပက်သက်၍ ကျွမ်းကျင်သူ ဖြစ်ရပေမည်။ ကျမ်းပြုစုမည့်သူသည် အဆိုပါကြီးကြပ်သူနှင့် ကျမ်းပြီးဆုံးသည်အထိ လက်တွဲအလုပ်လုပ်သွားရမည် ဖြစ်သည်။

သို့ရာတွင် ထိုကဲ့သို့ အရေးပါသည့် ကျမ်းကြီးကြပ်သူ ရွေးချယ်သည့်ကိစ္စကို မြန်မာနိုင်ငံရှိ တက္ကသိုလ်အချို့တွင် ဖြစ်သလို ပြုလုပ်နေကြောင်း ပြောကြားသူများလည်းရှိသည်။ “စာတမ်းတခုလုပ်မယ်ဆို အရင်ဆုံး ခေါင်းစဉ်ရွေးရတယ်။ topic ပေါ့။ ကိုယ်ဘာအကြောင်းအရာ လုပ်ချင်လဲ။ ခေါင်းစဉ်ရွေးပြီးတာနဲ့ ဌာနဆိုင်ရာဘက်က title defense လုပ်ပေးတယ်။ အဲ့ဒါပြီးတာနဲ့ ဌာနက သက်ဆိုင်ရာကြီးကြပ်သူရွေးပေးတယ်။ အဲ့ဒါကို မဲနှိုက်တယ်တဲ့” ဟု တက္ကသိုလ်တခုတွင် မကြာသေးမီကာလက မဟာဝိဇ္ဇာကျမ်းပြုဖူးသူ မသဇင်(အမည်လွှဲ)က ပြောသည်။ သို့သော် ကြီးကြပ်သူကို စနစ်တကျရွေးသော အခြားအဖြစ်အပျက်များလည်း ရှိသည်ဟု မသဇင်က ထပ်ပြောပြသည်။

သုတေသန ပြုလုပ်ကြရာတွင် research methodology ဟုခေါ်သည့် သုတေသန နည်းနာမှာ အရေးကြီးလှသည်။ တက္ကသိုလ်သို့ ရောက်ရှိလာကြသည်နှင့် ကျောင်းသားကျောင်းသူများ ရှေးဦးစွာ လေ့လာကြရမည့် အရာမှာ အဆိုပါ သုတေသနနည်းနာပင် ဖြစ်သည်။ သို့ရာတွင် မြန်မာပြည်ရှိ တက္ကသိုလ်ကျောင်းသား ကျောင်းသူများမှာ အချိန်ကြာသည်ထိ သုတေသနနည်းနာနှင့် ရင်းနှီးကျွမ်းဝင်ခွင့် မရကြချေ။

“သုတေသနနည်းနာနဲ့ ပက်သက်ပြီး ဘယ်အချိန်မှ သင်ကြားခွင့်ရလဲဆိုရင် ဘွဲ့ယူခါနီး B.A (Political Science) ရခါနီး အချိန်လောက်မှ Introduction to Research Methodology ကို စပြီးသင်ရတာ။ သူများနိုင်ငံတက္ကသိုလ်တွေမှာ သိရသလောက်ဆို ပထမနှစ်ကစပြီး research methodology ကို စပြီးသင်ရတယ်။ သုတေသနလုပ်တဲ့ အခြေခံ knowledge ကိုတောင်မှ ပေးတဲ့ အခြေအနေမရောက်သေးဘူးလို့ ကျွန်တော်တွေ့ရတယ်”ဟု ကိုမင်းလတ်က ပြောသည်။ ‌ဒေသခံ လူငယ်အဖွဲ့အစည်းများက သုတေသနစိတ်ဝင်စားသူ ကျောင်းသားလူငယ်များအား သုတေသနမိတ်ဆက်သင်တန်းများ သင်ကြားပေးခြင်း ရှိသော်လည်း မည်မျှအောင်မည်သည်ကိုမူ မသိရပေ။

ဖေဖော်ဝါရီလ စစ်အာဏာသိမ်းဆန့်ကျင်ရေး ရန်ကုန်တက္ကသိုလ် ပညာရေးဝန်ထမ်းများ ဆန္ဒပြနေစဉ် / ဧရာဝတီ

နှစ်ပေါင်းများစွာ နိုင်ငံတကာနှင့် အဆက်အသွယ်ပြတ်တောက်သွားရသဖြင့် ကိုးကားစရာ သုတေသနစာတမ်း မပြည့်စုံသည့် ကိစ္စများလည်း ရှိသေးသည်။ ဤကဲ့သို့နိုင်ငံတကာ သုတေသနစာပေများနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့သည့်အပြင် ရုံးအလုပ်များနှင့်သာ လုံးပန်းနေရသည့်ပြီး ပညာရပ်ဆိုင်ရာ စာပေများဖတ်ရှုရန် အချိန်မပေးနိုင်သည့်အတွက် ကျမ်းကြီးကြပ်သည့် ဆရာဆရာမအချို့မှာ ပညာရည်ပြည့်ဝခြင်းမရှိကြဟု ဆိုသည်။

အဂ်လိပ်စာဖြင့် မဟာဝိဇ္ဇာကျမ်းပြုစုဖူးသူတဦးက သူ၏ကျမ်းပြုစဉ်ကာလ အတွေ့အကြုံကို ” မဟာဝိဇ္ဇာတန်းပေါ့ခင်ဗျာ။ သုတေသနကတော့ ကိုယ့်ဘာသာကိုယ်လုပ်ရတာပါ။ ကျမ်းကြီးကြပ်တဲ့ ဆရာမကလည်း စာမဖတ်တော့ အတော်အခက်ကြုံရပါတယ်။ ဒီမှာက ကျမ်းခေါင်းစဉ်ကို ကိုယ်က တင်ပြရတာလည်း ရှိသလို၊ ဆရာတွေချပေးတဲ့ အတိုင်းလုပ်ရတာလည်း ရှိပါတယ်”ဟု သူ၏အတွေ့အကြုံကို ရှင်းပြသည်။ အကိုးအကား စာအုပ်စာတမ်း ပြည့်စုံမှုမရှိပုံကိုလည်း “အားရစရာမရှိဘူး။ data တွေကလည်း စနစ်တကျမရှိဘူး။ တကယ်က အခြေခံအကျဆုံးအနေနဲ့ စာစုစာရင်းရှိပါစေဦး။ ဥပမာ မော်ဒန်ကဗျာလေ့လာချင်ရင် ကဗျာဆိုင်ရာစာတွေ တန်းဖတ်ရုံဖြစ်ရမှာ။ အခုကျ စာစုစာရင်းကနေပြီး စလုပ်နေရတယ်”ဟု မဟာဝိဇ္ဇာတန်းတွင် ကျမ်းပြုစုဖူးသူတစ်ဦးက ဆိုသည်။

သုတေသနအထူးပြု တက္ကသိုလ်စာကြည့်တိုက်ကြီးများတွင်ပင် ခေတ်နှင့်အညီ အကိုးအကား၊ သုတေသနစာအုပ်စာတမ်းများ စုံလင်စွာထားပေးနိုင်ခြင်း မရှိ‌သေးသည်ကိုလည်း ကျွန်ုပ်ကြုံတွေ့ခဲရဖူးသည်။

“thesis လုပ်တော့ အပြင်ကစာအုပ်စာတမ်းက စာကြည့်တိုက်တွေမှာ ရှာမနေတော့ဘူး။ အပြင်ကပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာရတယ်”ဟု မသဇင်က ပြောပြသည်။

တိုင်းပြည်ပွင့်လင်းသည်မှာ မကြာသေးသောကြောင့် နည်းပညာနှင့် ရင်းနှီးကျွမ်းကျင်မှု မရှိသေးသဖြင့်လည်း အွန်လိုင်းပေါ်မှသုတေသနစာတမ်းများ ဝင်ရောက်ဖတ်ရှုနိုင်သည့် ဝက်ဆိုက်များကိုလည်း နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်ကြီးများတွင်ပင် လုံလောက်စွာဝယ်ယူထားပေးနိုင်ခြင်း မရှိသည့်အပြင် နိုင်ငံတကာတွင် အသုံးပြုနေသည့် သုတေသနဆိုင်ရာ ကွန်ပြူတာဆော့ဖ်ဝဲများကို လက်မခံကြသေးသည်ကိုလည်း တွေ့ရှိရသည်။

“ကိုယ်သုံးတဲ့ applicationကို သူတို့က approveမလုပ်ဘူး။ ပညာရှင်တောင် အဲ့ application သုံးတာ”ဟု မသဇင်က သူ၏အတွေ့အကြုံကို ပြောပြသည်။ ကျမ်းကိုးစာရင်း ဖော်ပြသည့် citation နည်းများသည်လည်း ခေတ်နှင့်အညီပြောင်းလဲနိုင်ခြင်း မရှိသေးပေ။ “မန္တလေးတက္ကသိုလ်တွင်တော့ Chicago နည်းကို ပြောင်းလဲကျင့်သုံးရန် ‌ကြိုးစားနေပြီ” ဟူ၍ တက္ကသိုလ်ကြီးတခုမှ ရင်းနှီးသည့် ပါမောက္ခတဦးက ပြောပြဖူးသည်။

သိပ္ပံဘာသာရပ်များတွင်လည်း သင်ကြားရေးပစ္စည်းကိရိယာ မပြည့်စုံမှုများနှင့် ရင်ဆိုင်နေရသည်။ “အတန်းငယ်တွေဆို အကုန် လက်နဲ့လုပ်ရတာချည်းပဲ။ ဥပမာ centrifuge တောင် လက်လှည့်တွေ။ စက်ဆိုတလုံးပဲရှိတယ်။ နောက် ဖျော်ရည်မွှေတာဆို နာရီဝက် တနာရီလောက် magnet နဲ့မွှေရမှာ။ အခုလက်နဲ့မွှေရတယ်”ဟု ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်ကြီးတခုမှ ဓာတုဗေဒအထူးပြု ကျောင်းသားတစ်ဦးကပြောသည်။

ဖေဖော်ဝါရီလ စစ်အာဏာသိမ်းဆန့်ကျင်ရေး မန္တလေး ပညာရေးဒီဂရီကောလိပ်မှ ဝန်ထမ်းများ ဆန္ဒပြနေစဉ် / ဧရာဝတီ

ထို့ပြင် နိုင်ငံတော်မှ ကျင်းပသော စာတမ်းဖတ်ပွဲတွင် ဝင်ရောက်ဖတ်နိုင်ရန်အတွက် စာတမ်းဖြစ်လျှင်ပြီးရောဟူသည့် သဘောမျိုးဖြင့် ကျမ်းရေးကြသည်များလည်းရှိသည်။ အဆိုပါကျမ်းများသည် ဖတ်ပြီးသောအခါ ဌာနစာကြည့်တိုက်များအတွင်း သောင်တင်ကျန်ရစ် နေလေတော့သည်။ အဆိုပါကျောင်းသားကပင် “နောက် သုတေသနမှာလည်း ဖြစ်အောင်လုပ်နေကြရတာတွေ များနေတယ်လို့မြင်တာပဲ။ စာတမ်းထွက်ဖို့ အဓိကလိုမျိုးဆိုပါတော့။ သေချာလုပ်ကြတာလည်း ရှိပါတယ်။ ဒါပေမယ့် စာတမ်းထွက်လာတယ်။ စာတမ်းဖတ်တယ်။ ပြီးတော့ စာကြည့်တိုက်ထဲ ရောက်သွားတယ်။ သိမ်းထားလိုက်တယ်။ ဘာမှ ဆက်ဖြစ်မလာဘူး”ဟု အဆိုပါကျောင်းသားက ဆက်၍ ရှင်းပြသည်။

နိုင်ငံရေးသိပ္ပံကျောင်းသား တဦးဖြစ်သူ ကိုမင်းလတ်က “ဆရာမတွေကလည်း တချို့တွေဆိုရင် ကိုယ့် master thesis ထဲက ဖြတ်ညှပ်ကပ်ပြီးတော့ စာတမ်းတစောင် တင်လိုက်တာမျိုးတွေ လုပ်ကြတယ်။ ဆရာဆရာမတွေ လုပ်တဲ့အခါမှာလည်း undergraduate ကျောင်းသားတွေလုပ်တဲ့ assignment သာသာ လုပ်ကြတာလည်း သွားပြီးတွေ့ရတယ်”ဟုပြောပြသည်။

နိုင်ငံတကာတွင် တက္ကသိုလ်ပုံနှိပ်တိုက်များသည် ကျောင်းသားများတင်သွင်းသည့် ကျမ်းများ၊ သုတေသနစာတမ်းများကို သေသပ်စွာ ပုံနှိပ်ထုတ်ဝေလေ့ရှိသည်။ ထိုပုံနှိပ်တိုက်များတွင်လည်း နယ်ပယ်အလိုက် သုတေသနစာတမ်း တည်းဖြတ်သူများ ထားရှိထားသည်။ အဆိုပါတည်းဖြတ်သူများသည်လည်း သက်ဆိုင်ရာနယ်ပယ်တွင် အနည်းဆုံး မဟာဘွဲ့ ရရှိထားသူများဖြစ်သည်။ ယခင်က သုတေသနစာပေများကို ပုံနှိပ်ထုတ်ဝေခဲ့သော ရန်ကုန်တက္ကသိုလ် ပုံနှိပ်တိုက်မှာ ယခုအခါ ခြောက်ကပ်လျက်ရှိပေသည်။ နဝတခေတ်ကမူ ရန်ကုန်တက္ကသိုလ်ပုံနှိပ်တိုက်မှ စစ်အစိုးရ ဝါဒဖြန်စာအများအပြား ပုံနှိပ်ထုတ်ဝေဖူးကြောင်း ကြားရဖူးသည်။

သုတေသနဂျာနယ်များဖြင့် ပက်သက်၍ တက္ကသိုလ်များမှ သုတေသနဂျာနယ်များ ထုတ်ဝေကြခြင်းများ ရှိသော်လည်း နိုင်ငံတကာအဆင့်မီ စံချိန်စံနှုန်းများဖြင့် အရည်အသွေးအကဲဖြတ်မှုများ ရှိမရှိကိုကား မသိရချေ။ ထို့ပြင် ယင်းဂျာနယ်များသည် တက္ကသိုလ်ထဲရှိ နယ်ပယ်မျိုးစုံမှ ပညာရပ်ဆိုင်ရာစာတမ်းများကို စုပေါင်းထားသည့် သုတေသနဂျာနယ်မျိုးဖြစ်ကာ ပညာရပ်နယ်ပယ်တခုပေါ်တည်၍ သုတေသနလုပ်သည့် သုတေသနဂျာနယ်များ မဟုတ်ကြချေ။

ယင်းသို့သော စာတမ်းများတွင် ကျောင်းသားကျောင်းသူများအား ပါဝင်ရေးသားခွင့် ပေးထားခြင်းမရှိပဲ ဆရာဆရာမများ၏ စာတမ်းများကိုသာ ဖော်ပြလေ့ရှိသည်။ ပညာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော စာတမ်းဖတ်ပွဲကြီးတခု၏ စည်းကမ်းချက်၌ စာတမ်းဖတ်လိုသူသည် အနည်းဆုံး မဟာတန်းတွင် တက်ရောက်နေသူ ဖြစ်ရမည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

“မြန်မာနိုင်ငံက ထုတ်ဝေနေတဲ့ စာတမ်းတွေကို ကြည့်လိုက်ရင် ကျောင်းသားတွေအတွက် မပါဘူး။ ဆရာဆရာမတွေအတွက်ပဲပါတယ်”ဟု ကိုမင်းလတ်က ပြောသည်။

ယင်းကဲ့သို့ တက္ကသိုလ်များ၏ သုတေသနဂျာနယ် ထုတ်ဝေမှုတွင် အစိုးရဘက်မှ ထိန်းချုပ်ကန့်သတ်ထားမှုများလည်း ရှိသည်။ NLD အစိုးရလက်ထက် သုတေသနကဏ္ဍတွင် ထိန်းချုပ်ကန့်သတ်ချက်များရှိပုံကို အိုးဝေစာစောင် အတွဲ(၁)၊ အမှတ်(၄)တွင် ဆောင်းပါးရှင် ဥဩက “သုတေသနပြုလုပ်ခြင်းများနဲ့ ပတ်သက်ပြီးလည်း မြန်မာ့ပညာရေး လွတ်လပ်ခွင့်အခြေအနေဟာ အကန့်အသတ်များ ရှိနေဆဲ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှာ မုံရွာတက္ကသိုလ်က သုတေသန ဂျာနယ်ထုတ်ဝေရန် အကြောင်းကြားစာ ဖြန့်ဝေခဲ့ပါတယ်။ ယင်းအကြောင်းကြားစာမှာ သုတေသနစာတမ်းရှင်အနေနဲ့ သုတေသနစာတမ်းဟာ နိုင်ငံရေး ကင်းရှင်ရန်၊ အမျိုးဂုဏ် ဇာတိဂုဏ် ထိခိုက်မှု မရှိရန်၊ တို့တာဝန်အရေး သုံးပါးကို မထိခိုက်ရန်၊ ခေတ်ကာလနဲ့ လျော်ညီရန်စတဲ့ ကန့်သတ်မှုများနဲ့ အညီသာ ပြုစုရန် ပူးတွဲပါဝင်လာပါတယ်။ ဒါဟာ ထင်ရှားတဲ့ သုတေသနဆိုင်ရာ ကန့်သတ်မှု တခုသာဖြစ်ပြီး သုတေသနနယ်ပယ် ကန့်သတ်ချုပ်ခြယ်မှုများ များစွာ ရှိနေဆဲ ဖြစ်ပါတယ်”ဟု ဖော်ပြထားသည်။

ကိုမင်းလတ်ကမူ မုံရွာတက္ကသိုလ်ကိစ္စနှင့် စပ်လျဉ်း၍ “ဒါကတော့ မဆန်းပါဘူး။ အာဏာရှင်စနစ်အောက်မှာ ကြီးပြင်းခဲ့တဲ့ ပညာရေးစနစ်ကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့အတူ မပြောင်းလဲနိုင်ခဲ့တဲ့ အတွက်ကြောင့်ပါ”ဟု ကိုမင်းလတ်ကပြောသည်။

ယခု စစ်အာဏာသိမ်းပြီးနောက်တွင် တက္ကသိုလ်များမှ ပညာရှင် ဆရာ ဆရာမအများအပြား CDM လုပ်ကြခြင်း၊ စစ်ကောင်စီ၏ အလုပ်ထုတ်ခြင်းကို ခံရခြင်း၊ ဖမ်းဆီးထိန်းသိမ်း ခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ ပညာရပ်အသိုက်အဝန်းမှာ လုံးဝပျက်သုဉ်းသွားခဲ့ရလေသည်။

သုတေသန ထွန်းကားရန်အတွက် တက္ကသိုလ်ကောလိပ်များ လွပ်လပ်ရန်၊ အစိုးရ၏ ထိန်းချုပ်ခြင်း မခံရရန် လိုအပ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန်၊ သုတေသနပြုလုပ်ရန်အတွက် ဝင်ငွေရှာနိုင်ရန်လိုသည်။ ပြီးခဲ့သည့် NLD အစိုးရလက်ထပ်က တက္ကသိုလ်များအတွက် ပဋိဉာဏ်များ ရေးဆွဲခြင်း၊ တက္ကသိုလ်ကောလိပ် ၁၆ ခုကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ထိရောက်သည့် အကျိုးဆက်များ မမြင်တွေ့ခဲ့ရပေ။ ယခု စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင်မူ သုတေသနလွတ်လပ်ခွင့် မျှော်လင့်ချက်များ လုံးဝပျောက်ကွယ် သွားရချေပြီ။

ခေတ်အဆက်ဆက် သုတေသနခါးပြတ်မှုကြောင့် ပညာရေးလွတ်လပ်ခွင့်နှင့် အသိပညာအသစ်တည်ဆောက်မှုအပေါ် အခြေခံသော သုတေသနရပ်ဝန်းတခု တည်ဆောက်ရန်မှာ ရွှေပြည်တော်မျှော်တိုင်းဝေးနေလေသေးသည်။

(ဖီးနစ်သည် ရန်ကုန်တက္ကသိုလ်မှ စီဒီအမ် ပြုလုပ်ထားသော ကျောင်းသားတဦးဖြစ်သည်။)

You may also like these stories:

ပုဂံကို လျစ်လျူရှု မထားဖို့ လိုသည်

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး အဆိုပြုလွှာမူကြမ်း ထပ်တင်

အမှတ်ရနေမည့် ကွယ်လွန်သူ သမိုင်းပညာရှင် မိုက်ကယ်အောင်သွင်

သမိုင်းလှခဲ့သည့် YMBA အသင်းကြီး၏ လားရာ ဘယ်လဲ ဘာလဲ

Your Thoughts …
Tags: တက္ကသိုလ်ကောလိပ်များရွှေပြည်တော် မျှော်တိုင်းဝေးလွတ်လပ် ခေတ်မီသော သုတေသန အသိုက်အဝန်းအဆင့်မြင့်ပညာရေးကဏ္ဍ
ဖီးနစ်

ဖီးနစ်

ဖီးနစ်သည် ရန်ကုန်တက္ကသိုလ်မှ CDM လုပ်ထားသော ကျောင်းသားတဦးဖြစ်သည်။

Similar Picks:

၂၀၁၇ ခုနှစ်က လှည်းကူးမြို့နယ် ကျောက်အိုင်ရွာရှိ ကျူးကျော်တဲများကို စည်ပင်နှင့် ရဲများက ဖျက်ဆီးစဉ် / ဧရာဝတီ

ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမယ့် ကျူးကျော် ပြဿနာ

by ဝေဟင်စိုး
4 December 2021
14.3k

မြန်မာနိုင်ငံ မြို့ကြီးအချို့ရဲ့မြေလွတ်လိုနေရာမျိုးတွေမှာ ကျူးကျော်နေထိုင်နေကြတဲ့ လူတန်းစားရာခိုင်နှုန်း ဟာ မြန်မာပြည်လူဦးရေရဲ့ သုံးပုံ တပုံစာမျှ ရှိနေပါတယ်။

Next Post
၂၀၁၅ ခုနှစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြစဉ်

စစ်ကောင်စီအကြီးအကဲက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအာဃာတ ကြီးမားနေ

ဒီကစောင့်နေသူ

ဒီကစောင့်နေသူ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate