ဆောင်းပါး

အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း - ၁)

ပြည်ထောင်စုနှင့် ပြည်တွင်းစစ်

မြန်မာပြည်၏ ပြည်ထောင်စု ပြဿနာကို အမြန်ဆုံး ရွေးချယ်ဆုံးဖြတ်ရန် လိုအပ်သည်ဟု ဆိုရခြင်းမှာ မြန်မာပြည်၏ ပြည်ထောင်စု ပြဿနာသည် ပြည်တွင်းစစ်နှင့် တဆက်စပ်တည်း ဖြစ်နေ၍ ဖြစ်သည်။

မြန်မာပြည်၏ ပြည်ထောင်စုအတွင်းရှိ ပြည်နယ်တိုင်းတွင် တိုင်းရင်းသားလူမျိုးများ လက်နက်ကိုင် ပုန်ကန်ခြင်း၊ တိုင်းရင်းသားလူမျိုး လက်နက်ကိုင်တပ်ဖွဲ့များ ရှိနေခြင်းသည် မြန်မာပြည်၏ ထူးခြားချက် ဖြစ်သည်။

ထို့ပြင် ယင်းထူးခြားချက်သည် သာမန်မဟုတ်ပေ။ ၁၉၄၈ လွတ်လပ်ရေး ရကတည်းက ယခုအချိန်ထိ ၇၃ နှစ် ကြာမြင့်ခဲ့ပြီဖြစ်သည့် ပြည်တွင်းစစ် ဖြစ်သည်။

တဖက်က သုံးသပ်ရမည်ဆိုလျှင် တိုင်းရင်းသားလူမျိုးများကြားရှိ ပြည်ထောင်စု ပြဿနာကို ပြေလည်စွာ ညှိနှိုင်းဖြေရှင်းနိုင်ခြင်း မရှိသည့်အောက်တွင် မိမိတို့၏ နိုင်ငံရေးရည်ရွယ်ချက် အောင်မြင်နိုင်ရန် လက်နက်စွဲကိုင် ဖြေရှင်းလာခဲ့သည်မှာ နှစ် ၇၀ ကျော်ခဲ့ပြီ ဖြစ်သည်။

ထို့ပြင် လက်ရှိ စစ်ကောင်စီကို ပုန်ကန်တိုက်ခိုက်နေသည့် လက်နက်ကိုင် တပ်ဖွဲ့အားလုံးလိုလိုမှာ ၂၀၂၁ ဖေဖော်ဝါရီလ မတိုင်မီအထိ တိုင်းရင်းသားလူမျိုး လက်နက်ကိုင်တပ်ဖွဲ့များသာ ဖြစ်သည်။

တိုင်းရင်းသားလူမျိုး လက်နက်ကိုင်တပ်ဖွဲ့ အကြီးအသေး အဖွဲ့ ၂၀ ခန့်ရှိပြီး လက်နက်ကိုင်အင်အား ၁ သိန်းကျော် ရှိသည်။ သို့ဖြစ်ရာ မြန်မာပြည်၏ ပြည်ထောင်စု ပြဿနာ ဖြေရှင်းရေးသည် ပြည်တွင်းစစ်ပြဿနာ ဖြေရှင်းရေးနှင့် တဆက်စပ်ထဲ ဖြစ်နေခဲ့သည်။

တိုင်းရင်းသားလူမျိုး လက်နက်ကိုင်တပ်ဖွဲ့ အကြီးအသေး အဖွဲ့ ၂၀ ခန့်ရှိပြီး လက်နက်ကိုင်အင်အား ၁ သိန်းကျော် ရှိသည်။ သို့ဖြစ်ရာ မြန်မာပြည်၏ ပြည်ထောင်စု ပြဿနာ ဖြေရှင်းရေးသည် ပြည်တွင်းစစ်ပြဿနာ ဖြေရှင်းရေးနှင့် တဆက်စပ်ထဲ ဖြစ်နေခဲ့သည်။

၁၉၄၈ လွတ်လပ်ရေး ရပြီးကတည်းက ယနေ့ကာလအထိ အာဏာရယူခဲ့သော အစိုးရ အဆက်ဆက်တွင် ပြည်တွင်းစစ် ဆိုသည့် ဝေါဟာရကို လက်ခံသူများ ရှိသကဲ့သို့ လက်မခံသူများလည်း ရှိသည်။

အထူးသဖြင့် မြန်မာစစ်တပ်က ပြည်တွင်းစစ် ဆိုသည့် ဝေါဟာရကို ရှောင်ဖယ်၍ သောင်းကျန်းမှု နှိမ်နင်းသည့် စစ်ဆင်ရေးများဟု ခေါ်ဆိုလေ့ ရှိသည်။ ယခုနောက်ပိုင်းတွင် အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးဟုလည်း ခေါ်ဆိုသည်ကို တွေ့ရသည်။

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ဝင်များ/ဧရာဝတီ

ငြိမ်းချမ်းရေး ဆွေးနွေးသည့်ကာလ မဟုတ်သည့် အချိန်မျိုးတွင် စစ်တပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ခြေလျင်၊ ခြေမြန်တပ်မများ၊ အဝေးပစ် လက်နက်ကြီးများ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ ဗုံးကြဲ လေယာဉ်များ အပါအဝင် ရေ တပ် စစ်င်္ဘောများပါ အသုံးပြု၍ စစ်အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်သည့် စစ်ဆင်ရေးများကို တွေ့မြင်ရသည်။

စစ်အင်အား၊ လက်နက်အင်အား အလုံးအရင်း အသုံးပြုပြီး ပြုလုပ်နေသည့် အချိန်ကြာမြင့်သော စစ်ဆင်ရေးများ၊ လနှင့် ချီသည့် တိုက်ပွဲကြီးများကြောင့် စစ်ဘေးဒုက္ခသည် သိန်းပေါင်းများစွာ နှစ် ဆယ်နှင့်ချီ၍ စစ်ပြေးနေရသည်ကိုလည်း တွေ့မြင်ရပေသည်။

တိုင်းပြည်သည်လည်းကောင်း၊ လူထုသည်လည်းကောင်း ပြင်းထန်ရှည်ကြာသည့် စစ်ပွဲ၏ ကြီးလေးသော စစ်စားရိတ်ကို ခံစားနေရပြီး တိုင်းပြည်၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ပျောက်ဆုံးနေသည်ကို ခံစားနေရပေသည်။

ကရင် စစ်ပြေးဒုက္ခသည်များ

ထို့ပြင် စစ်မက်ဖြစ်ပွားနေသော ပြည်နယ်တိုင်းတွင်ရှိသည့် တိုင်းရင်းသား လူမျိုးတိုင်းသည် စစ်ပွဲနှင့် ပတ်သက်နေကြရသည်။ ပြည်နယ်တိုင်းရှိ လူမျိုးတိုင်း၊ မျိုးနွယ်စုတိုင်း လက်နက်ကိုင် တော်လှန်နေသည် မဟုတ်သော်လည်း စစ်မက်ဖြစ်ပွားရာ ပြည်နယ်များတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ထောက်ခံသူများ၊ ပတ်သက်နေသူများ ရှိသကဲ့သို့ စစ်ပွဲအတွင်း မပတ်သက်ဘဲနေ၍ မရနိုင်သည်များလည်း ရှိနေသည်။

အချို့ တိုင်းရင်းသားများ အထူးသဖြင့် လူနည်းစုတိုင်းရင်းသားများသည် မိမိတို့ ရှင်သန်ရေးကို အကြောင်းပြု၍ အစိုးရ/ မြန်မာစစ်တပ်နှင့် ပူးပေါင်း၍ ပြည်သူ့စစ်/နယ်ခြားစောင့်တပ် ပုံစံဖြင့် ပြည်တွင်းစစ်အတွင်း ပါဝင်နေသည်ကိုလည်း တွေ့ရသည်။

လက်နက်ကိုင် တိုက်ခိုက်နေသော တိုင်းရင်းသားလူမျိုးသာမက အခြားသူများပါ ပြည်တွင်းစစ်အတွင်း ဆွဲသွင်းခံနေရသည်။ ဤသို့ဖြင့် ပြည်တွင်းစစ်အတွင်း အားလုံး ပါဝင်ပတ်သက်နေပေတော့သည်။

ဤသို့သော အခြေအနေအောက်တွင် ၂၀၂၁ ဖေဖော်ဝါရီ မတိုင်မီကဆိုလျှင် မြန်မာပြည် ပြည်ထောင်စု ပြဿနာကို မှန်ကန်စွာ အဖြေရှာနိုင်မှသာလျှင် ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်မည် ဖြစ်သည်။ လက်ရှိ မြန်မာပြည်၏ ပြည်ထောင်စု နယ်နမိတ်များအတွင်း တည်ငြိမ်မှု၊ ငြိမ်းချမ်းမှု ရရှိမည် ဖြစ်သည်။

တဖက်က ဆိုရလျှင် မြန်မာပြည် ပြည်ထောင်စု ပြဿနာအား သက်ဆိုင်သည့် တိုင်းရင်းသားလူမျိုးများ၊ ၎င်းတို့အား ကိုယ်စားပြုသည့် အဖွဲ့အစည်းများ ပါဝင်ပြီး စားပွဲဝိုင်းပေါ်တွင် လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေး အဖြေရှာနိုင်မှသာလျှင် ဖြေရှင်းနိုင်ပေမည်။

သို့မှသာ စစ်ပွဲနေရာတွင် ငြိမ်းချမ်းရေးကို အစားထိုးနိုင်ပေလိမ့်မည်၊ အပြန်အလှန် လေးစားမှုဖြင့် ဆွေးနွေးဖြေရှင်းခြင်း မပြုလုပ်နိုင်ပါက သို့မဟုတ် အဖွဲ့အစည်း တခုခုက ထိန်းချုပ်ပုံဖော်သော ပြည်ထောင်စုဆိုသည်ကို အင်အားသုံး ဖိအားပေးပြီး ဆက်လက် အကောင်အထည်ဖော်ပါက ပိုမိုဆိုးရွား ပြင်းထန်သည့် ပြည်တွင်းစစ်ကို ရှောင်လွှဲ၍ ရမည် မဟုတ်ပေ။

အနှစ် ၇၀ ကျော် ပြည်တွင်းစစ်သည် နှစ် ၁၀၀ ပြည့်သွားနိုင်သည်။ မြန်မာပြည်၏ ပြည်ထောင်စု ပြဿနာကို ဖြေရှင်းရန် စစ်အင်အားသုံး ဖြေရှင်းသည့် နည်းလမ်းသည်သာ ရှေ့တန်းရောက်လာပေမည်။ စစ်ရှိန် ပိုမြင့်လာပေမည်။

ဤသို့သော ပြည်ထောင်စုသည် စစ်ပွဲနှင့်ဆက်၍ လုံးထွေးနေရပေအုံးမည်။ အနှစ် ၇၀ ကျော် ပြည်တွင်းစစ်သည် နှစ် ၁၀၀ ပြည့်သွားနိုင်သည်။ သို့မဟုတ်ပါက မြန်မာပြည်၏ ပြည်ထောင်စု ပြဿနာကို ဖြေရှင်းရန် စစ်အင်အားသုံး ဖြေရှင်းသည့် နည်းလမ်းသည်သာ ရှေ့တန်းရောက်လာပေမည်။ စစ်ရှိန် ပိုမြင့်လာပေမည်။

ထို့ကြောင့်လည်း မြန်မာပြည်၏ ပြည်ထောင်စု ပြဿနာကို အမြန်ဆုံးဖြေရှင်းရန် လိုအပ်နေပြီဟု ဆိုရခြင်း ဖြစ်ပေသည်။

ပွင့်လင်းစွာ အဖြေရှာ ဆွေးနွေးရန် လိုအပ်နေသည့် ပြည်ထောင်စုအရေး ၁၉၄၇ ပင်လုံစာချုပ်မှ အစပြု၍ ယနေ့ထိတိုင် အနှစ် ၇၀ ကျော် အဖြေရှာမရဘဲ စစ်ပွဲနှင့် နပမ်းလုံးနေရသည့် အခြေအနေအောက်တွင် ပြည်ထောင်စု ပြဿနာနှင့် ပတ်သက်ပြီး ဦးစွာအားဖြင့် ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခွင့်ရှိရန် လိုအပ်ပေသည်။

လွတ်လပ်ရေးရပြီး ၁၉၄၈ မှ ၁၉၆၂ ခုနှစ်ထိ ပြည်ထောင်စု ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခွင့် ရခဲ့သော်လည်း ၁၉၆၂ နောက်ပိုင်းမှစ၍ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခွင့် မရတော့။

တိုင်းရင်းသားအရေး၊ ပြည်နယ်အရေးနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်ထောင်စုပုံစံနှင့် ပတ်သက်၍လည်းကောင်း ပြောဆိုသူများကို ပြည်ထောင်စု ပြိုကွဲအောင်ပြုလုပ်သူ၊ တိုင်းပြည်၏ ရန်သူအဖြစ် သတ်မှတ်ခံရပြီး ပွင့်လင်းစွာ ပြောဆိုခွင့်များ နိဋ္ဌိတံခဲ့သည်။

၁၉၆၂ မှသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြန်လည်စတင်သည့် ၂၀၁၁ ခုနှစ်ထိ နှစ် ၅၀ ကြာမျှ အချိန်ကာလအတွင်း ဖက်ဒရယ်သည်ပင် ပြည်ထောင်စု ပြိုကွဲအောင်လုပ်သည့် ပုံသဏ္ဍာန်တခုအဖြစ် သတ်မှတ်ခံရပြီး မြန်မာပြည်သည် ဖက်ဒရယ်အကြောင်း ပြောမရသည့်၊ ဆွေးနွေးခွင့်မရသည့် ပြည်ထောင်စု ဖြစ်ခဲ့သည်။

ဖက်ဒရယ် ဆိုသည်က ပြည်ထောင်စုအား ဖြိုခွဲခြင်း ဖြစ်သည်ဟု သရုပ်ဖော်ခြင်း ခံခဲ့ရသည်။ သို့ဖြစ်ရာ မြန်မာပြည်၏ ပြည်ထောင်စု ပုံသဏ္ဍာန်နှင့် ပတ်သက်ပြီး နှစ်ပေါင်း ၅၀ ကျော် ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေးခွင့် မရသည့် အချိန်ကာလကို ဖြတ်သန်းခဲ့ရသည်။

ဤသို့ မတူသော အမြင်များကို ဖိနှိပ်သည့် အကျိုးဆက်မှာ စစ်မက်တိုးပွားလာခြင်း ဖြစ်သည်။ ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေးခွင့် မရသည့် အကျိုးဆက်အဖြစ် မိမိအမြင်အား အကောင်အထည်ဖော်ရန် လက်နက်ကိုင် လမ်းကြောင်းနှင့် ပြည်တွင်းစစ်သည် အားကောင်းလာခဲ့သည်။

ထိုသို့သော အခြေအနေအောက်တွင် သက်ဆိုင်သူ အားလုံးသည် မိမိနိုင်ငံရေးအမြင်၊ ပြည်ထောင်စုနှင့် ပတ်သက်သည့် အမြင်ကို ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေးနိုင်ရန် လိုအပ်သည်။ အနှစ် ၇၀ ကျော် ဖြေရှင်းမရနိုင်ခဲ့သည့် ပြဿနာကို ဖြေရှင်းရန် ပကတိ တည်ရှိနေသော အခြေအနေများကို လက်တွေ့ကျကျ အသိအမှတ်ပြုရန် လိုသည်။

အနှစ် ၇၀ ကျော် မဖြေရှင်းနိုင်သည့် စဉ်းစားမှုအဟောင်း၊ ကြည့်မြင်မှုအဟောင်း၊ ဖြေရှင်းနည်း လမ်းရိုးလမ်းဟောင်းများမှ ခွဲထွက်ရန် လိုအပ်နေသည်။

အခြေအနေမှန်ကို အသိအမှတ်ပြုပြီး သမရိုးကျ စဉ်းစားမှုများမှ ခွဲထွက်ရန် လိုသည်။ စဉ်းစားမှုများသည် အစဉ်အလာဟောင်းများမှ ခွဲထွက်ပြီး လက်တွေ့အားဖြင့် ပြည်ထောင်စု၊ ပြည်နယ်များနှင့် တိုင်းရင်းသားလူမျိုးများ အားလုံး၏ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ချမ်းသာကြွယ်ဝမှုဆီ ရှေးရှုရန် လိုသည်။

အနှစ် ၇၀ ကျော် မဖြေရှင်းနိုင်သည့် စဉ်းစားမှုအဟောင်း၊ ကြည့်မြင်မှုအဟောင်း၊ ဖြေရှင်းနည်း လမ်းရိုးလမ်းဟောင်းများမှ ခွဲထွက်ရန် လိုအပ်နေသည်။

နိုင်ငံ၏ ပြည်ထောင်စုအရေးနှင့် ပတ်သက်ပြီး ဆွေးနွေးဖြေရှင်းရာတွင် ကြိုတင် သတ်မှတ်ထားသော သတ်မှတ်ချက်များ အား ထားရှိခြင်း၊ မတူသည့် အမြင်အား ဖိနှိပ်ခြင်း၊ တိုက်ခိုက်ခြင်းများ ရှောင်ရှားရန် လိုအပ်သည်။

အနှစ် ၇၀ ကျော် သမိုင်းအတွေ့အကြုံများကို ပွင့်လင်းစွာ သုံးသပ်ရန် လိုအပ်ပြီး သက်ဆိုင်ရာအစုအဖွဲ့များ၏ အမြင်များကို လေးစားစွာ အသိမှတ်ပြု နားထောင်ကြရန် လိုသည်။ မိမိနှင့် မတူသည့် အမြင်များစွာ ထွက်ပေါ်မည်ကို ကြိုတင် အသိအမှတ် ပြုထားရန် လိုသည်။

ထို့ပြင် လက်တွေ့ အကျိုးရှိသည့် ရလဒ်ထွက်ပေါ်စေရန် ရည်ရွယ်ချက် ထားကြရန် လိုသည်၊ တိကျစွာ ပြေရလျှင် အနှစ် ၇၀ ကျော် မြန်မာပြည်၏ လက်တွေ့ အခြေအနေများအား သုံးသပ်ပြီး လက်တွေ့ အကျိုးရှိမည့် ပြည်ထောင်စုပုံစံအား လွတ် လွတ်လပ်လပ် စဉ်းစားဆုံးဖြတ်ရန် လိုသည်။

ကရင် စစ်ရှောင် မိသားစုတစု

နိုင်ငံတကာတွင် သုံးစွဲနေသည့် ပုံစံများသည် မိမိတို့အတွက် လေ့လာစရာများ ဖြစ်သည် ဆိုသော်လည်း မိမိတို့နိုင်ငံ၏ လက်တွေ့နှင့် ကိုက်ညီသည့် ပုံစံအား အနှောင်အဖွဲ့ကင်းစွာ ရွေးချယ်ရန် လိုအပ်သည်။

ချုပ်၍ဆိုရလျှင် ရှင်းလင်းပြတ်သားစွာ အမြန်ရွေးချယ်ရန် လိုနေပြီ ဖြစ်သော ပြည်ထောင်စု ပုံသဏ္ဍာန်အား ရွေးချယ်ရာတွင် တိုင်းရင်းသားလူမျိုးတိုင်း ကိုယ့်အမြင်ကို ပွင့်လင်းစွာဖော်ထုတ်ကြရန် လိုသည်။

တိုင်းရင်းသား လူမျိုးတမျိုး၏ ရှုမြင်ပုံသည် သူ့လူမျိုး သူ့အခြေအနေနှင့် ကိုက်ညီသည့်၊ လိုလားသည့် ပုံစံဖြစ်ရာ အခြား တိုင်းရင်းသားများနှင့် အံဝင်ဂွင်ကျ ဖြစ်ကောင်းမှ ဖြစ်မည်။ တိုင်းရင်းသား လူမျိုးတမျိုး အခြေအနေ မတူကြသည်ကို အပြန် အလှန် နားလည်ကြရန် လိုသည်။

ကျန်သူများကလည်း မတူသော အမြင်များကို လေးစားကြရန်လိုသည်၊ ရွေးချယ်သည့် ပြည်ထောင်စု ပုံစံသည်လည်း လက်တွေ့ကျရန် လိုအပ်သည်၊ ထူးခြားချက်များကို ထည့်သွင်းတွက်ချက်ရန် လိုသည်။

သို့မဟုတ်ပါက မိမိ နှစ်သက်ရာ ပြည်ထောင်စု ပုံစံကို အကောင်အထည် ဖော်ရေးအတွက် ပြင်းထန်သော စစ်မက်ပြိုင်ဆိုင် မှုများကို ရှောင်လွှဲ၍ ရမည်မဟုတ်ပေ။

၂၀၀၈ ပြည်ထောင်စုနှင့် လက်တွေ့မြေပြင် အခြေအနေ

လက်ရှိ မြန်မာပြည်တွင် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ၂၀၀၈ အခြေ ခံဥပဒေက တည်ဆဲဥပဒေ ဖြစ်နေပြီး ယင်းဥပဒေပါ ပြည်ထောင်စုဖွဲ့စည်းပုံ သတ်မှတ်ချက်က အတည်ဖြစ်နေသည်။

၂၀၀၈ အခြေခံဥပဒေနှင့် မည်သည့်နေရာမှ အံမဝင်သည့် အခြေအနေ အချက်အလက်များကိုလည်း မြေပြင်တွင် တွေ့နေရသည်။ ပြောရလျှင် ပြည်ထောင်စု ပုံစံနှင့် ပတ်သက်၍ ဥပဒေနှင့် လက်တွေ့ ကွာခြားနေသည်။

သို့သော် ၂၀၀၈ အခြေခံဥပဒေနှင့် မည်သည့်နေရာမှ အံမဝင်သည့် အခြေအနေ အချက်အလက်များကိုလည်း မြေပြင်တွင် တွေ့နေရသည်။ ပြောရလျှင် ပြည်ထောင်စု ပုံစံနှင့် ပတ်သက်၍ ဥပဒေနှင့် လက်တွေ့ ကွာခြားနေသည်။

ဥပဒေပါ သတ်မှတ်ချက်များနှင့် မြေပြင်လက်တွေ့နေရာ အချို့တို့ ကွာဟမှု ဖြစ်နေသည်၊ ဥပဒေသည် ခြွင်းချက်နှင့် ဖြစ်နေပြီး ထိုကွာခြားမှုက လက်တွေ့ မြေပြင်တွင် ကြီးစွာသက်ရောက်မှု ရှိသည်။ ဤအချက်သည်ပင်လျှင် မြန်မာပြည် ပြည်ထောင်စု ပုံစံအား ဖြေရှင်းရန် လိုအပ်သည့် အကြောင်းအချက် တခုလည်း ဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေအရ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ “ဝ” ဒေသအား ရှမ်းပြည်နယ်အတွင်းရှိ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ထားပြီး ဖွဲ့စည်းပုံအရ ခရိုင် ၂ ခုနှင့် မြို့နယ် ၆ မြို့နယ် ပါဝင် ဖွဲ့စည်းထားသည်။

သို့သော် လက်တွေ့ မြေပြင်တွင် ဟိုပန်နှင့် မက်မန်းမြို့နယ် ၂ ခုမှ ဒေသဧရိယာ အနည်းငယ်၊ လူဦးရေ အနည်းငယ်သာ ၂၀၀၈ အခြေခံဥပဒေနှင့် ဘောင်ဝင်သည့် အစိုးရ အုပ်ချုပ်မှုအောက်တွင် ရှိသည်။ “ဝ” ဒေသ၏ ဧရိယာအများစု စတုရန်း ကီလိုမီတာ ၁၅,၀၀၀ ကျော်နှင့် လူဦးရေ ၅ သိန်းကျော်မှာ အစိုးရ ထိန်းချုပ်မှု အောက်တွင် မရှိပေ။

UWSA တပ်ဖွဲ့ဝင်များ/ ဧရာဝတီ

ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ/ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSP/UWSA) ထိန်းချုပ်မှု အောက်တွင် ရှိနေသည်မှာ ၁၉၈၉ ခုနှစ်ကတည်းက ယခုအချိန်ထိ ၃၂ နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။

ဒေသအုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီးပွားရေး၊ ကျန်းမာရေး ကိစ္စအားလုံးသည် UWSP/UWSA ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။ အစိုးရအာဏာ လုံးဝ သက်ရောက်မှု မရှိသည့်အပြင် ထိုင်းနယ်စပ် မိုင်းဆတ်ခရိုင် အတွင်း၌လည်း UWSA စစ်အင်အား ၉,၀၀၀ ခန့်နှင့် ၎င်းတို့ ထိန်းချုပ်ထားသော ဝ လူဦးရေ ၁ သိန်းခန့် ရှိသေးသည်။

တဖန် ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးကော်မတီ/ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (PSC/NDAA) ထိန်းချုပ်သော မိုင်းလားဒေသသည်လည်း ၂၀၀၈ အခြေခံဥပဒေနှင့် ဘောင်မဝင်ပေ။

၂၀၀၈ ဖွဲ့စည်းပုံအရ မိုင်းလားအား ကျိုင်းတုံခရိုင်အတွင်းမှ သီးခြားမြို့နယ်တခုအဖြစ် လည်းကောင်း၊ မိုင်းလားဒေသတွင်းရှိ နန့်ပန်းဒေသအား မိုင်းယောင်းမြို့နယ်တွင်းတွင် လည်းကောင်း၊ ဆီလူးဒေသအား မိုင်းယန်းမြို့နယ်တွင်းသို့လည်းကောင်း ထည့်သွင်း ဖွဲ့စည်းထားသည်။

သို့သော် လက်တွေ့တွင် မိုင်းလား၊ နန့်ပန်း၊ ဆီလူး ဒေသများသည် အစိုးရ၏ ထိန်းချုပ်မှု အုပ်ချုပ်မှု အောက်တွင် မရှိဘဲ PSC/NDAA ၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိနေသည်မှာ ၃၂ နှစ် ကျော်ခဲ့ပြီ ဖြစ်သည်။

UWSA စစ်ရေးပြပွဲ/ဧရာဝတီ

အဆိုပါ ဒေသများသည် ၂၀၀၈ အခြေခံဥပဒေဘောင် အပြင်ဘက်တွင် ရှိနေသည်သာမက “ဝ” ဒေသဆိုလျှင် ကိုယ်ပိုင် အုပ်ချုပ်ရေး တိုင်းအား လက်မခံဘဲ ပြည်နယ်အဆင့်ကို တောင်းဆိုထားသည့်အပြင် ၎င်းတို့၏ တရားဝင် စာများတွင်လည်း ဝ ပြည်နယ်ဟု သုံးစွဲသည်။

၂၀၀၈ အခြေခံဥပဒေ ပြဋ္ဌာန်းပြီးနောက် ထိုဒေသများ ပြဿနာအား ဖိအားပေး ဖြေရှင်းရန် ၂၀၀၉၊ ၂၀၁၀ အတွင်း နအဖ အစိုးရက ကြိုးစားခဲ့သော်လည်း တကျော့ပြန် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနိုင်ခြေထိ တင်းမာမှုများ မြင့်တက်လာပြီးနောက် ဖြေရှင်းရန် ကြိုးစားမှုများ ရပ်တန့်သွားခဲ့သည်။

“ဝ” ဒေသဆိုလျှင် ကိုယ်ပိုင် အုပ်ချုပ်ရေး တိုင်းအား လက်မခံဘဲ ပြည်နယ်အဆင့်ကို တောင်းဆိုထားသည့်အပြင် ၎င်းတို့၏ တရားဝင် စာများတွင်လည်း ဝ ပြည်နယ်ဟု သုံးစွဲသည်။

၂၀၁၁ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အပစ်အခတ်ရပ်စဲရေး ပြန်လည်ရေးထိုးပြီး ပိုနေမြဲ ကျားနေမြဲ ဖြစ်ခဲ့သည်။ ၂၀၁၁ ခုနှစ်မှ စတင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဆွေးနွေးဖြေရှင်းရန် လျာထားသည် ဆိုသော်လည်း ၂၀၂၀ ထိ ၁၀ နှစ် ကြာခဲ့သော်လည်း ဝ ဒေသ၊ မိုင်းလားဒေသတို့နှင့် ပတ်သက်၍ ဆွေးနွေးသည့် အဆင့်သို့ပင် မရောက်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ ၂၀၀၈ အခြေခံဥပဒေ အပြင်ဘက်က ၎င်းတိုင်းရင်းသားလူမျိုးများ၏ အခန်းကဏ္ဍသည် မေးခွန်းထုတ်ဖွယ်၊ စဉ်းစားဖွယ် ဖြစ်လာခဲ့သည်။

UWSA နှင့် NDAA တို့၏ ရပ်တည်နိုင်မှု၊ ၎င်းတို့ ဒေသအား ၎င်းတို့ကိုယ်တိုင် အုပ်ချုပ်နိုင်မှုသည် ၎င်းတို့၏ လက်နက်ကိုင် တပ်ဖွဲ့အင်အားပေါ် မူတည်သည်ဟု အများက ယူဆကြသည်ဖြစ်ရာ ကျန်တိုင်းရင်းသား လူမျိုးများအတွက် တောင့် တင်းသော လက်နက်တပ်ဖွဲ့ (သို့) လက်နက်ကိုင် တိုက်ပွဲသည် ၎င်းတို့ လိုလားသော တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် အဖြေဖြစ်သည် ဟူသော အယူအဆက ပို၍ ကြီးမားလာခဲ့သည်။ လက်တွေ့တွင်လည်း ဤသို့ ဖြစ်နေသည်။

လက်တွေ့ ပြဿနာများအား ဥပဒေအရ တရားဝင် အသိအမှတ်ပြု ဖြေရှင်းခြင်း မပြုဘဲ အင်အားပေါ် အခြေပြု၍ နားလည်မှုဖြင့် သို့မဟုတ် မတတ်သာ၍ ခွင့်ပြုထားသည့် အခြေအနေသည် သဘာဝကျသည့် အခြေအနေတရပ် မဟုတ်ပေ။

သို့ဖြစ်ပေရာ မြန်မာပြည်၏ ပြည်ထောင်စု ပြဿနာအား လက်တွေ့ကျကျ အသိမှတ်ပြု ဖြေရှင်းရန် လိုအပ်နေပြီဟု ဆိုရပေမည်။

ဆက်ရန် ရှိသည်။

(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦးဖြစ်သည်။)

You may also like these stories :

မြန်မာ့အနာဂတ် ဖက်ဒရယ် ရည်မျှော်ချက်များ အလျှင်အမြန် မှေးမှိန်လာနေ

မြန်မာ့အနာဂတ် ဖက်ဒရယ် ရည်မျှော်ချက်များ အလျှင်အမြန် မှေးမှိန်လာနေ (အပိုင်း ၂)

နွေဦးတော်လှန်ရေးသာ မအောင်မြင်ရင် တိုင်းရင်းသားတွေအတွက်လည်း အနာဂတ် မရှိတော့

တူမီးယမ်းခိုးဝေတဲ့ ချင်းတို့ဌာနေ (အပိုင်း – ၁)

တူမီးယမ်းခိုးဝေတဲ့ ချင်းတို့ဌာနေ (အပိုင်း – ၂)

Loading