ဆောင်းပါး

အာဆီယံနှင့် မြန်မာ ရှေ့ဘာဆက်ဖြစ်မလဲ

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီး အစည်းအဝေးပေးမတက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် မြန်မာစစ်ကောင်စီဘက်က ယင်းဆုံးဖြတ်ချက်အား အပြင်းအထန် ပြန်လည်တုန့်ပြန်လာသည်။

အောက်တိုဘာလ ၂၂ ရက်တွင် မြန်မာစစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အစား မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသူကို အစည်းအဝေးများ တက်ရန် ဖိတ်ကြားခြင်းသည် ပြဋ္ဌာန်းချက်များနှင့် မကိုက်ညီသဖြင့် လိုက်နာဆောင်ရွက်ရန် ခက်ခဲသည်ဟု ကြေညာချက်တစောင် ထုတ်ပြန် ပြောလာခြင်းဖြစ်သည်။

ထုတ်ပြန်ချက်အရ အာဆီယံက မဖိတ်ခေါ်သည့် အောက်တိုဘာ ၂၆ ရက်တွင် စတင်မည့် ထိပ်သီးအစည်းအဝေးပွဲသို့ စစ်ကောင်စီဥက္ကဌက အတင်းဝင်တက်တော့မည့် ပုံပေါက်နေသည်။

မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီး အစည်းအဝေးပေးမတက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် စစ်ကောင်စီဥက္ကဌ ကိုယ်တိုင် မိန့်ခွန်း ထွက်ပြောလာခြင်းအပြင် ယခုအခါ ဆုံးဖြတ်ချက်ကို “လိုက်နာရန် ခက်သည်”ဟု မြန်မာစစ်ကောင်စီဘက်က ဆိုလာနေသည်။

ထုတ်ပြန်ချက်အရ အာဆီယံက မဖိတ်ခေါ်သည့် အောက်တိုဘာ ၂၆ ရက်တွင် စတင်မည့် ထိပ်သီးအစည်းအဝေးပွဲသို့ စစ်ကောင်စီဥက္ကဌက အတင်းဝင်တက်တော့မည့် ပုံပေါက်နေသည်။

သို့ဖြစ်ရာ အဆိုပါဆုံးဖြတ်ချက်ကို မည်သည့်အကြောင်းကြောင့် စစ်ကောင်စီဘက်က လိုက်နာရန် အကြောက်အကန်ပြော နေရသနည်းဆိုသည့် အချက်နှင့်အတူ စိတ်ဝင်စားစရာကောင်းသည်က စစ်ကောင်စီနှင့် အာဆီယံအကြား ဆက်ဆံရေး မည်ကဲ့သို့ ဆက်ဖြစ်မည်နည်းဆိုသည့် အချက်ပင်။

စစ်ကောင်စီကို ထိုးနှက်လိုက်သည့် ဆုံးဖြတ်ချက်

ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက်သည် အာဏာသိမ်းမြန်မာစစ်ကောင်စီ ဆတ်ဆတ်ခါအောင် နာသွားစေသည်။

ယင်းအစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံ ထိပ်သီး အစည်းအဝေးပေးမတက်ရန်နှင့် အစည်းအဝေးတွင် နိုင်ငံရေးနယ်ပယ်မှ မဟုတ်သော ကိုယ်စားပြုသူကိုသာ ပေးတက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဆုံးဖြတ်လိုက်ရခြင်းသည်လည်း လွန်ခဲ့သော အောက်တိုဘာ ၁၂ ရက်က မြန်မာပြည် လာရန်စီစဉ်ထားသော အာဆီယံ ဥက္ကဌ၏ အထူးကိုယ်စားလှယ် ဧရာဝန်ယူဆွဖ်၏ ခရီးစဉ်ပျက်သွားခြင်းကြောင့်ပင် ဖြစ်သည်။

အထူးကိုယ်စားလှယ်က စစ်ကောင်စီ၏ မတရားဖမ်းဆီးခံထားရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီက တွေ့ခွင့်မပေးဘဲ ၎င်းတို့လိုလားသည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံနိုင်ရန် စီစဉ်ခဲ့သောကြောင့် အထူးကိုယ်စားလှယ်ဘက်က မြန်မာပြည်မလာခြင်းဖြစ်သည်။

စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆုံးဖြတ်ချက်ကို သဘောမတူကြောင်း၊ အာဆီယံကို အလွန်စိတ်ပျက်ပြီး ပြင်းထန်စွာကန့်ကွက်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ဆုံးဖြတ်ချက်ထွက်လာပြီးနောက်တရက်ဖြစ်သည့် အောက်တိုဘာလ ၁၆ ရက်တွင် ကြေညာသည်။

စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အာဆီယံ၏ ဆုံးဖြတ်ချက်ကို ” ပြည်ပစွက်ဖက်မှု” ဟု ကင်ပွန်းတပ်သည်။

စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အာဆီယံ၏ ဆုံးဖြတ်ချက်ကို ” ပြည်ပစွက်ဖက်မှု” ဟု ကင်ပွန်းတပ်သည်။

အောက်တိုဘာလ ၁၈ ရက်တွင် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းထွက်ပြောသည်။ မိန့်ခွန်းတွင် အာဆီယံသည် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များကို မပြောဘဲ စစ်ကောင်စီကိုသာ တောင်းဆိုနေကြောင်း ပြောသည်။

“သူတို့ အကြမ်းဖက် လုယက် သတ်ဖြတ် ဖျက်ဆီးတာတွေကို ဘယ်သူမှ အလေးအနက်ထား ဟန့်တား ထိန်းသိမ်းမှုတွေ ပြုလုပ်တာ မတွေ့ရပါဘူး။ ကျနော်တို့ကိုပဲ တောင်းဆိုမှုတွေပြုလုပ်ပြီးမှ ကျနော်တို့ပဲ ရှင်းလင်းမှုတွေ လုပ်နေရတာဖြစ်ပါတယ်။ ဒါကို အာဆီယံအနေနဲ့ ဆောင်ရွက်ပေးဖို့ လိုမယ်လို့ ကျနော်ပြောလိုပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြစ်သဖြင့် အကောင်းဆုံး ဆောင်ရွက်သွားမည်ဟု ပြောသော်လည်း အာဆီယံ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်သည့် တောင်းဆိုမှုများသည် ညှိနှိုင်း၍ မရနိုင်သည်များကို တောင်းဆိုနေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

စင်္ကာပူနိုင်ငံ ISEAS Yusof Ishak Institute ၏ မြန်မာ့အရေးလေ့လာမှု ပရိုဂရမ် ပူးတွဲညှိနှိုင်းရေးမှူး ဒေါ်မိုးသူဇာကမူ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက်သည်ထူးခြားပြီး အာဆီယံအဖွဲ့အနေနှင့် ပထမဆုံးအကြိမ်ဖြစ်ကာ စစ်ကောင်စီအတွက် အထိနာစေနိုင်ကြောင်း သုံးသပ်သည်။

“သဘောကတော့ စစ်ကောင်စီဘက်ကို ဒီလိုမျိုး အာဆီယံထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံရဲ့ ထိုင်ခုံမှာ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်ဆိုတဲ့ အနေအထားမျိုး မတက်ရောက်စေချင်တဲ့အတွက် အာဆီယံက ထုတ်ပြန်တယ်လို့လည်း တမျိုးအဓိပ္ပာယ်ဖွင့်လို့ ရပါတယ်။ အဲဒီရှုထောင့်က ကြည့်မယ်ဆိုရင်တော့ စစ်ကောင်စီဘက်ကနေ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းကနေ တစိုက်မတ်မတ်နဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည်သာလျှင် မြန်မာနိုင်ငံကို တရားဝင် ကိုယ်စားပြုတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတဲ့ အနေအထား အဆိုပြုချက်တွေ သူတို့ဘက်က ဒီလိုမျိုးလှုပ်ရှားနေတဲ့ပုံစံကိုတော့ အထိနာစေတယ်ပေါ့” ဟု ဆိုသည်။

မြန်မာနိုင်ငံအခြေစိုက် တကောင်းနိုင်ငံရေးလေ့လာမှု အင်စတီကျု၏ အမှုဆောင်ဒါရိုက်တာ ကိုရဲမျိုးဟိန်းကလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက်သည် စစ်ကောင်စီဘက်က မျှော်လင့်မထားသည့် ထိုးနှက်ချက်တခုပင် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဘယ်လောက် ထိုးနှက်ချက်လဲဆိုရင် စကစရဲ့ နိုင်ငံတကာတရားဝင်မှုက ရစရာကို မရှိတော့ဘူး။ အာဆီယံလို အဖွဲ့တောင် လက်မခံဘူးဆိုတော့ ရစ ရာမရှိတော့ဘူး။ အဲ့ဒါဟာ သူတို့အတွက်တော်တော်ပြင်းတဲ့ထိုးနှက်ချက်ပဲ ဒီဟာက သူတို့ အတွင်းပိုင်းမှာလဲ အတော့်ကို ဂယက်ရိုက်မယ်။ ပြောရရင် စစ်အာဏာသိမ်းတာချင်းအတူတူ တောင် သူတို့က (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) /နအဖ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) လောက်တောင် နိုင်ငံတကာတရားဝင်မှု မရတော့ဘူး” ဟု ၎င်းက မှတ်ချက်ပေးသည်။

အာဆီယံဩဇာ ဘယ်လောက်လွှမ်းသလဲ

ဆုံးဖြတ်ချက်ထွက်လာပြီးနောက် ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပင် အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သဖြင့် နိုင်ငံရေးနှင့်ဆက်နွယ်ပြီး ပြစ်ဒဏ်ချမှတ် ခံရသူ ၁၃၁၆ ဦး၊ ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၄၃၂၀ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်း/အမှုပိတ်သိမ်းကာ လွှတ်ပေးရန် ကြေညာသည်။

သို့သော်လည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရဆိုပါက ပြန်လွှတ်ပေးထားသူများထဲမှ လူပုဂ္ဂိုလ် ၁၁၀ ဦးကို စစ်ကောင်စီက ချက်ချင်း ပြန်ဖမ်းလိုက်သည်။

ယင်းအချက်များကို အာဆီယံအဖွဲ့အနေနှင့် ထည့်သွင်းစဉ်းနိုင်သလော။

ဒီဟာက သူတို့ အတွင်းပိုင်းမှာလည်း အတော့်ကို ဂယက်ရိုက်မယ်။ ပြောရရင် စစ်အာဏာသိမ်းတာချင်းအတူတူ သူတို့က နဝတ/နအဖ လောက်တောင် နိုင်ငံတကာ တရားဝင်မှု မရတော့ဘူး

ကိုရဲမျိုးဟိန်းကမူ အာဆီယံအနေနှင့် ဆုံးဖြတ်ထားပြီးဖြစ်သဖြင့် ပြန်လည်ပြင်ဆင်ဖွယ် မမြင်ကြောင်း ပြောသည်။

“ဘာလို့လဲဆိုတော့ အခုအချိန်မှာ အာဆီယံက စဉ်းစားတာက နိုင်ငံရေးအရ ကိုယ်စားပြုမှုကို လက်မခံသေးဘူး။ တနည်းပြောရင် အာဏာသိမ်းတဲ့ စကစကို လက်မခံဘူး။ ဒါပေမဲ့ နိုင်ငံကိုတော့ မပစ်ပယ်ထားဘူး။ နိုင်ငံရဲ့ ကိုယ်စားပြုခွင့်ကိုတော့ ဆက်ပေးမယ်။ အဲ့ဒါကြောင့် ဝန်ထမ်းကိုပဲ တက်ခွင့်ပြုဖို့ စဉ်းစားတယ်ပေါ့။ အခုတော့ အဲ့မူအတိုင်းပဲ ဆက်သွားမယ်ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

စိတ်ဝင်စားစရာ နောက်တချက်မှာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ ဆုံးဖြတ်ချက်ကို အာဆီယံအသင်း လက်ရှိ ဥက္ကဋ္ဌ ဘရူနိုင်းက တရားဝင်ကြေညာချက် ထုတ်ပြန်ရာ ကြေညာချက်တွင် အမျိုးသား ညီညွတ်ရေး အစိုးရ NUG အား အတိအလင်း ထည့်သွင်းပြောဆိုထားချက် ဖြစ်သည်။

မြန်မာစစ်ကောင်စီက အာဆီယံ အထူးကိုယ်စားလှယ် အာရီဝန်ယူဆွပ်ကို NUG နှင့် မဆက်သွယ်ရန် သတိပေးခဲ့ကြောင်း ဂျပန်သတင်းဌာန NHK ၏ သတင်းတပုဒ်က ဆိုသည်။

စင်္ကာပူနိုင်ငံ ISEAS Yusof Ishak Institute ၏ မြန်မာ့အရေးလေ့လာမှု ပရိုဂရမ် ပူးတွဲညှိနှိုင်းရေးမှူး ဒေါ်မိုးသူဇာက NUG သည် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရန် NUG အစိုးရ စတင်ပေါ်ထွက်လာသည့် ဧပြီလကတည်းကပင် စတင်ကမ်းလှမ်းနေခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

သို့သော်လည်း အာဆီယံ၏ အလုပ်သဘောအစည်းအဝေးတွင် စစ်ကောင်စီ၏ ကိုယ်စားလှယ်များတက်ရောက် မှုရှိနေပြီး NUG နှင့် ထိတွေ့ဆက်ဆံပါက ကန့်ကွက်နေမည့် သဘောရှိနေကြောင်း ၎င်းက ဆိုသည်။

“ဒါပေမယ့် NUG ရဲ့ ကမ်းလှမ်းချက်ကို အာဆီယံဘက်ကနေ အသိအမှတ်မပြုဘူးဆိုတာတော့ ပြောလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဧပြီလ အာဆီယံခေါင်းဆောင်များကနေပြီးတော့မှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဂျာကာတာကို ဖိတ်ပြီးတော့ အာဆီယံကို မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သဘောတူညီချက် ၅ ချက် (Five points Consensus) ကို လက်ခံအောင် ဆွေးနွေးခဲ့တဲ့ အခါမှာ NUG ဘက်က ပို့ထားတဲ့စာကိုလည်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများရဲ့ လုပ်ငန်းညှိနှိုင်းရေး အစည်းအဝေးမှာ အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး မတိုင်ခင်ပေါ့။ NUG ရဲ့ စာကို လှည့်ပြီးတော့မှ မှတ်သားစေတယ်ဆိုတဲ့ လှုပ်ရှားမှုတရပ်ရှိခဲ့တယ်လို့လည်း မမိုးကြားထားပါတယ်။ အဲဒီတော့ အာဆီယံဘက်ကနေထည့်သွင်း စဉ်းစားနေတဲ့ အနေအထားတွေရှိပါတယ်” ဟု ဒေါ်မိုးသူဇာက ပြောသည်။

ဆက်လက်၍ ၎င်းက “ဒါပေမယ့် ခုနကပြောသလိုပဲ ကန့်ကွက်နေတဲ့ အသံတခုရှိတဲ့အခါကျတော့ ဒါကို အာဆီယံ အနေနဲ့ Balance (ချိန်ညှိ) လုပ်နေရတဲ့ အနေအထားရှိတယ်လို့ ယေဘုယျ သုံးသပ် မိပါတယ်” ဟု ဆိုသည်။

အမေရိကန်နိုင်ငံအခြေစိုက် မြန်မာလူမျိုး မူဝါဒလေ့လာသူတဦးကမူ စစ်ကောင်စီ၏ ကန့်ကွက်ချက်များသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့၏ မြန်မာနိုင်ငံအပေါ် သဘောထားနှင့် ပတ်သက်၍ အနုတ်လက္ခဏာ သက်ရောက်မှု ရှိနိုင်ကြောင်း ဆိုသည်။

မြန်မာစစ်ကောင်စီက အာဆီယံ အထူးကိုယ်စားလှယ် အာရီဝန်ယူဆွပ်ကို NUG နှင့် မဆက်သွယ်ရန် သတိပေးခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများ ကြောင့် အနောက်နိုင်ငံအများစုက ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများအား ပြန်ရုတ်သိမ်းလိုက်သောအခါတွင် မြန်မာနိုင်ငံသည် ဒေသတွင်းအင်အားကြီး တရုတ်နိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုကိုသာ အားထားနေရသည်။

ထိုကဲ့သို့သောခြေအနေတွင် တရုတ်နိုင်ငံက တစုံတရာ ကျောထောက်နောက်ခံပေးထားသည့် အာဆီယံအဖွဲ့၏ အဖွဲ့ဝင် နိုင်ငံအချို့နှင့် မြန်မာစစ်ကောင်စီအကြား စစ်ကောင်စီ၏ တုံ့ပြန်ချက်အချို့ကြောင့် ဆက်ဆံရေး မပြေမလည် ဖြစ်နိုင်ပြီး ထိုသို့သော မပြေလည်မှုသည် အာဆီယံ၏ မြန်မာအပေါ်ရင်းနှီးမြှုပ်နှံမှုများအား နည်းသွားစေနိုင်ကြောင်း အမေရိကန်နိုင်ငံအခြေစိုက် မြန်မာလူမျိုး မူဝါဒလေ့လာသူတဦးက ပြောသည်။

“အခု ဒီပုံအတိုင်းဆိုရင် အာဆီယံဘက်ကလည်း ရင်းနှီးမြှုပ်နှံဖို့ ခက်နိုင်တယ်။ ဥပမာ – ဗီယက်နမ်က လာချင်လည်း လာမယ်။ ဒါပေမယ့် ကျန်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ ဒါတွေက လာဖို့ ခက်သွားနိုင်တယ်။ စင်္ကာပူဆိုရင်လည်း မြန်မာမှာ အဓိက ရင်းနှီးမြှုပ်နှံသူဖြစ်တယ်။ ဆိုတော့ ဒါကတော်တော်ကြီးကို စစ်ကောင်စီအပေါ်မှာ ထိခိုက်တယ်ဆိုတာထက် တိုင်းပြည်အပေါ်မှာ ထိခိုက်တယ်” ဟု ၎င်းက ဆိုသည်။

အာဆီယံက မြန်မာ ပြန်ထွက်မလား

အာဆီယံ၏ ဘုံသဘောတူညီချက်အတိုင်း ဘက်ပေါင်းစုံနှင့် တွေ့ခွင့်ပေးရန် မြန်မာက လိုက်နာဆောင်ရွက်ရမည်သာ ဖြစ်သော်လည်း အာဆီယံအထူးကိုယ်စားလှယ်ကို တံခါးမဖွင့်ပေးဘဲ ငြင်းဆန်ခဲ့သည်။

မြန်မာစစ်ခေါင်းဆောင်အပေါ် စိတ်ပျက်လာနေပြီဖြစ်သော အာဆီယံခေါင်းဆောင်များသည် အသင်း၏ ဂုဏ်သိက္ခာကို ထိန်းရန် ထုံးတမ်းစဉ်လာဖြစ်သည့် တပါးနိုင်ငံရေး ဝင်ရောက်မစွက်ဖက်ရေးကို ချိုးဖောက်လိုက်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အသင်း ထိပ်သီးအစည်းအဝေး မဖိတ်ရန် ဆုံးဖြတ်လာရတော့သည်။

လေ့လာစောင့်ကြည့်သူ တချို့က အာဆီယံအသင်းမှ မြန်မာ ပြန်ထွက်သွားနိုင်ခြေကို တွက်ဆကြသည်။

အခု ဒီပုံအတိုင်းဆိုရင် အာဆီယံဘက်ကလည်း ရင်းနှီးမြှုပ်နှံဖို့ ခက်နိုင်တယ်။ ဥပမာ – ဗီယက်နမ်က လာချင်လည်း လာမယ်။ ဒါပေမယ့် ကျန်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ ဒါတွေက လာဖို့ ခက်သွားနိုင်တယ်။

“မြန်မာဟာ တယောက်တည်း နေတတ်တဲ့ မှတ်တမ်းရှည် ရှိတယ်။ ဥပမာ ၁၉၆၁ မှာ ဘက်မလိုက်လှုပ်ရှားမှုကို စထောင်သူတဦး ဖြစ်ခဲ့တယ်၊ ဒါပေမယ့် အဖွဲ့က အရှေ့အုပ်စုဘက် ယိမ်းတဲ့အခါ ၁၉၇၉ မှာ နုတ်ထွက်တယ်။ ဒီစိတ်ဓာတ်က ရှင်သန်နေဆဲပဲ” ဟု ဩစတြေးလျရှိ Griffith University မှ ပါမောက္ခ အင်ဒရူးဆက်က If pushed far enough, would Myanmar leave ASEAN? ဆောင်းပါးတွင် ရေးသည်။ “အာဆီယံကနေ ထွက်ဖို့ သူတို့ စဉ်းစားခဲ့ရင် ဒါ အံ့ဩစရာ မဟုတ်ပါဘူး။”

သို့သော် မြန်မာ စစ်အာဏာသိမ်းခေါင်းဆောင်ရော စစ်ကောင်စီ ပြောရေးဆိုခွင့်ရသူကပါ အသင်းက ထွက်မည့်အကြောင်းထက် ထိပ်သီးအစည်းအဝေး တက်ပိုင်ခွင့် ရှိကြောင်းကိုသာ ပြောဆိုနေသည်။

မတတ်သာသည့် အဆုံး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း နိုင်ငံရေး နယ်ပယ်က မဟုတ်သော ကိုယ်စားပြုသူကိုသာ စစ်ကောင်စီဘက်က စေလွှတ်လာရမည် ဖြစ်သည်။

စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ထိပ်သီး အစည်းအဝေးတက်ရောက်မည့်သူကို နိုင်ငံခြားရေးဝန်ကြီးဌာနက ရွေးချယ်ထားကြောင်း သတင်းမီဒီယာအချို့အား ပြောပြီး မည်သူမည်ဝါဖြစ်သည်ဆိုသည့် အချက်ကိုမူ တိတိပပ ထုတ်မပြောပေ။

“အာရှရေးရာ ကျွမ်းကျင်သူတဦး” ဟုသာ ယေဘုယျပြောသည်။

စင်္ကာပူနိုင်ငံ ISEAS Yusof Ishak Institute ၏ မြန်မာ့အရေးလေ့လာမှု ပရိုဂရမ် ပူးတွဲညှိနှိုင်းရေးမှူး ဒေါ်မိုးသူဇာကမူ မြန်မာဘက်က လွှတ်မည့်ကိုယ်စားလှယ်သည် နိုင်ငံရေးနယ်ပယ်ဖြစ်သော ဝန်ကြီး နှင့် ဒုဝန်ကြီးအဆင့် မဟုတ်သည့် ရာထူးများမှ ဝန်ထမ်းတဦးဖြစ်နိုင်ကြောင်း ယေဘုယျသုံးသပ်သည်။

မြန်မာ စစ်အာဏာသိမ်းခေါင်းဆောင်ရော စစ်ကောင်စီ ပြောရေးဆိုခွင့်ရသူကပါ အသင်းက ထွက်မည့်အကြောင်းထက် ထိပ်သီးအစည်းအဝေး တက်ပိုင်ခွင့် ရှိကြောင်းကိုသာ ပြောဆိုနေသည်။

“ဝန်ထမ်းဆိုတဲ့အခါကျတော့ အမြဲတမ်းအတွင်းဝန်အဆင့်ဖြစ်မလား။ ညွှန်ချုပ်အဆင့်ဖြစ်မလားဆိုပြီး ယေဘုယျသုံးသပ်ပါတယ်။ ဖြစ်နိုင်တာကလည်း နိုင်ငံရေးနယ်ပယ်က မဟုတ်ဘူးဆိုတဲ့ အခါမှာ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဆိုတာလည်း ရှိပါတယ်။ အာဆီယံသံအမတ်ဆိုရင်လည်း အခု ဂျာကာတာမှာ ရုံးစိုက်ပြီး တာဝန်ထမ်းဆောင်နေတယ်” ဟု ၎င်းကဆိုသည်။

မည်သူ့ကို ကိုယ်စားလှယ်အဖြစ် စေလွှတ်မည်ဆိုသည်ကမူ အာဆီယံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ကျင်းပချိန်မှသာ ရှုစားနိုင်မည် ဖြစ်တော့သည်။

You may also like these stories:

မြန်မာအကျပ်အတည်း ကိုင်တွယ်ရေး အမေရိကန် တဆင့်တက်တော့မည်

မျက်နှာပန်းလှချင်လား ဒါမှမဟုတ် တချိန်လုံးပဲ အပြစ်ဖို့ခံချင်သလား

စစ်ကောင်စီအကြီးအကဲက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအာဃာတ ကြီးမားနေ

လွတ်မိန့်ပါသူ နိုင်/ကျဉ်း ၁၁၀ ဦး ပြန်လည်ဖမ်းဆီးခံရဟု AAPP ထုတ်ပြန်

Loading