စစ်အစိုးရလက်ထက် ဦးသန်းရွှေ ခေတ်မှသည် လက်ရှိ အာဏာသိမ်းစစ်ခေါင်း ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် လက်ထက်အထိ မြန်မာစစ်တပ်အတွက် စစ်လက်နက်များကို အဓိကတင်သွင်းခွင့် ရနေသူ တဦးမှာ ဒေါက်တာနိုင်ထွဋ်အောင်( International Gateway Group of company limited) ဖြစ်သည်။
ဒေါက်တာနိုင်ထွဋ်အောင်သည် မြန်မာ့စစ်တပ်၏ စစ်ဗိုလ်ချုပ်ကြီးများ အဆက်ဆက် ရင်းနှီးသည့် ဆက်ဆံရေးကောင်းသူတဦးဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေး ရှိသူဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောကြသည်။
သူသည် ရေတပ်နှင့် လေတပ်တို့အတွက် စစ်လက်နက်စနစ်များ၊ အပိုပစ္စည်း အစိတ်အပိုင်းများနှင့် အဆင့်မြင့်တင်သည့် အစိတ်အပိုင်းများ ဝယ်ယူရေးတွင် အဓိကကျသည့် စစ်လက်နက်ဝယ်ယူသူ တဦးဖြစ်ပြီး နာမည်ကြီး တရုတ်နိုင်ငံပိုင် စစ်လက်နက်ထုတ်လုပ်သည့် ကုမ္ပဏီများ၏ ကိုယ်စားလှယ်တဦး ဖြစ်ကြောင်း စစ်ဘက်ဆက်နွယ်မှုရှိသည့် စီးပွားရေးအသိုင်းအဝိုင်းမှ သတင်းရင်းမြစ်ကို ကိုကားပြီး Justice For Myanmar က ဆိုသည်။
၂၀၁၅ ခုနှစ်က မြန်မာစစ်တပ်(လေ)အတွက် ပါကစ္စတန် မှ JF 17 Thunder တိုက်လေယာဉ် ဝယ်ယူမှု များ အပြင် မြန်မာကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး နှင့် တရုတ်ကုမ္ပဏီ China National Aero-Technology Import & Export Corporation (CATIC)တို့ ပူးပေါင်းပြီး ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော K8 အမောင်းအသင်၊တိုက်ခိုက်ရေးလေယာဥ်အတွက်လည်း အရေးပါခဲ့သူ ဖြစ်သည်။

မြန်မာစစ်တပ်သည် JF-17 Thunder ဘက်စုံတိုက်ခိုက်ရေးလေယာဉ် ၁၆ စီးအထိ ဝယ်ယူခဲ့ကြောင်း နိုင်ငံတကာ စစ်တပ်များနှင့် စစ်လက်နက်ထုတ်လုပ်ရေးအကြောင်းများ လေ့လာစောင့်ကြည့်နေသည့် Jane’s ကာကွယ်ရေးစာစောင်၏ အဆိုအရ သိရသည်။
JF-17 တစီးသည် အကြမ်းဖျင်း အမေရိကန် ဒေါ်လာ ၂၈ သန်းခန့် တန်ကြေးရှိပြီး ၁၆ စီးအတွက် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၅၆ဝ တန်ဖိုးရှိ ပါကစ္စတန်နှင့် စာချုပ်တခုအရ မြန်မာက ဝယ်ယူ ရရှိခဲ့သည်။ JF-17 ကို Pakistan Aeronautical Complex (PAC) ပါကစ္စတန်နှင့် တရုတ်၏ Chendu Aircraft Corporation တို့က ဖက်စပ်ထုတ်လုပ်ထားသည်။
ဒေါက်တာနိုင်ထွဋ်အောင်သည် ယူကရိန်းနှင့် အိန္ဒိယနိုင်ငံတို့မှ ထုတ်လုပ်သော စစ်လက်နက်ပစ္စည်းများကို မြန်မာစစ်တပ်အတွက် တင်သွင်းပေးနေသည့် Myanmar Consultancy Company ၏ ဒါရိုက်တာဟောင်း နှင့် ရှယ်ယာရှင်တဦးဖြစ်ကြောင်း Justice For Myanmar ၏ အဆိုအရသိရသည်။
သူ၏ စီးပွားရေးလုပ်ငန်းများဖြစ်သည့် Gateways International Holding Company နှင့် International Gateways Group of Company တို့ကို ၂၀၂၀ ခုနှစ် နောက်ဆုံးလများအထိ Myanmar Consultancy ကုမ္ပဏီနှင့် လိပ်စာတူဖြင့် မှတ်ပုံတင်ထားသည်ကို တွေ့ရှိရသည်။

ထို Myanmar Consultancy Company သည် ယူကရိန်းနိုင်ငံ၏ ပို့ကုန်အချက်အလက်များတွင် ၂၀၁၆-၂၀၂၀ ခုနှစ်အတွင်း Ukrspecexport ကုမ္ပဏီ၏ ပုံမှန်ပစ္စည်းတင်ပို့မှုများကို လက်ခံရရှိခဲ့ပြီး အဓိကအားဖြင့် ၂၀၁၉ ခုနှစ်တွင် ယူကရိန်းနိုင်ငံပိုင် Lutsk Repair Plant “Motor” ကုမ္ပဏီထံမှ MiG-29 အမျိုးအစား တိုက်ခိုက်ရေးဂျက်လေယာဉ်တွင် အသုံးပြုသည့် RD-33 တာဘိုဂျက်အင်ဂျင်များ တင်ပို့မှု ကိုလည်း လက်ခံ ရရှိခဲ့ကြောင်း ဆိုသည်။
Ukrspecexport ကုမ္ပဏီသည် ယူကရိန်းနိုင်ငံပိုင် စစ်လက်နက်ကုန်သွယ်ရေးကုမ္ပဏီတခုဖြစ်သည်။
ထို့အပြင် အိန္ဒိယနိုင်ငံပိုင်ကုမ္ပဏီ Bharat Electronics Ltd မှ ရောင်းချသည့် မြေပြင်အခြေစိုက်ရေဒါ တင်ပို့မှုများကို လက်ခံရရှိခဲ့သေးကြောင်း Justice For Myanmar ထံမှ သိရသည်။
Myanmar Consultancy ကုမ္ပဏီသည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ခဲ့သည့် ရုရှားနိုင်ငံတွင် ကျင်းပခဲ့သော MAKS 2021 air show လေကြောင်းပြပွဲတွင် အွန်လိုင်းမှ ပါဝင်ပြသခဲ့သည့် ကုမ္ပဏီလည်းဖြစ်သည်။
You may also like these stories:
မြန်မာ့စစ်လက်နက် ထုတ်လုပ်ရေးအတွက် အရေးပါသူ ဦးထွန်းလှိုင်
ဘယ်လာရုစ်က လက်နက်ပွဲစား ဒေါက်တာအောင်မိုးမြင့်
လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၁)
လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၂)