“ကျနော်တို့ မသန်စွမ်းသူတွေအတွက် ဘဝလုံခြုံမှု လုံးဝမရှိတော့ဘူး။ အခုတောထဲမှာနေရတယ်။ ဆန်ပြုတ်သောက်နေရတယ်။ ရှိနေတဲ့ဟာလေးကုန်သွားရင် စားစရာ တောင်ရှိမှာ မဟုတ်တော့ဘူး။ အနာဂတ်အတွက် ဘာမျှော်လင့်ရမှန်းမသိတော့ပါဘူး”
ဒီလိုစကားကို ရုပ်ပိုင်းဆိုင်ရာ သာမန်ပုဂ္ဂိုလ်ကဲ့သို့ သွားလာလှုပ်ရှားနိုင်သူမဟုတ်တဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်က ကျေးရွာတရွာကနေ တောဖက်ကို စစ်ဘေးရှောင်နေရတဲ့ အမျိုးသားတဦးက ညည်းညူပြောဆိုလိုက်တာ ဖြစ်ပါတယ်။
မသန်စွမ်းတွေဟာ ခေတ်အဆက်ဆက် ဒုတိယတန်းစား အဖြစ် ဆက်ဆံခံရသူတွေဖြစ်ပြီး ရှေးပဝေသဏီကတည်းက ကဏ္ဍပေါင်းစုံမှာ ဖယ်ကျဉ်ခံထားရတာ ယနေ့ကာလထိပါပဲ။ သို့ပေမယ့် သူတို့တတ်နိုင်တဲ့အလျောက် ယနေ့ သူတို့ ဟာ သူတို့ အချင်းချင်းဖေးမပြီး တတ်အားသရွေ့ ထူထောင်ရေးတွေလုပ်ခဲ့ကြရတယ်။
ကိုဗစ် – ၁၉ အမှောင် လူသတ်သမားနဲ့ ထင်သာမြင်သာရှိတဲ့ စစ်အာဏာရှင်စနစ်ရဲ့ ဆိုးရွားတဲ့ စနစ်အောက်မှာ သာမန်လူတွေတောင် အခက်အခဲပေါင်းစုံ ခံစားရပြီး သေဆုံး ဆာလောင်နေချိန် သူတို့ရဲ့ ဘဝတွေ ဘယ်လောက်တောင် ခက်ခဲကြမလဲ။
မသန်စွမ်းအရေး လုပ်ဆောင်နေသူတဦးကတော့ “အာဏာသိမ်းမှုနောက်ပိုင်း ကျမတို့အဖွဲ့အတွက် အရမ်း အလုပ်နှောင့်နှေးသွားပါတယ်။ ဘာကြောင့်လည်းဆိုတော့ စီစဉ်ထားတဲ့အတိုင်း ဘာမှမလုပ်နိုင်ဘူး။ အရင်က မသန်စွမ်းအဖွဲ့အနေနဲ့ မသန်စွမ်းအချင်းချင်း ကူညီမှုလုပ်ငန်းဆောင်ရွက်မှုတွေကို အချိန်ဇယားအတိုင်း စီစဉ်ထားသလို သွားနိုင်ပေမယ့် ယခုအချိန်မှာ မရတော့ပဲ အဆင်ပြေသလိုပဲဆောင်ရွက်ကြတယ်။ မသန်စွမ်းအဖွဲ့အစည်းအနေနဲ့ နိုင်ငံ့အပေါ် မျှော်လင့်ချက်ထားရှိတာကတော့ မိမိနိုင်ငံမှာ လွတ်လပ်မျှတစွာ လူ့အခွင့်အရေးအားလုံး အသုံးချပြီး လွတ်လပ်ပြီး အသက်ရှင်ခွင့်ရချင်တယ်” လို့ ရင်ဖွင့်ရှာပါတယ်။
၂၀၁၄ သန်ခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ ၂.၃ သန်း မသန်စွမ်းဦးရေရှိတယ်လို့ဖော်ပြထားပြီး အများဆုံးအနေနဲ့ ဧရာဝတီတိုင်းနဲ့ ဒုတိယအများဆုံးအနေနဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေ ဒုတိယအနည်းဆုံးဖြစ်တဲ့ ချင်းပြည်နယ် ဖြစ်ပါတယ်။ စစ်တမ်းတွေမှာတော့ မြန်မာအစိုးရရဲ့ ကောက်ယူထားတဲ့ စစ်တမ်းတွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့လက်အောက်ခံ UNICEF ရဲ့ကောက်ယူထားတဲ့ စာရင်းတွေကတော့ ကွာဟမှုတွေ အများအပြားရှိနေပါတယ်။
မသန်စွမ်းတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး ဥပဒေကြမ်းကိုတော့ ဦးသိန်းစိန်လက်ထက်၂၀၁၅ မှာပြည်ထောင်စုလွှတ်တော်မှာ ပြဌာန်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။ နည်းဥပဒေကတော့ မထွက်နိုင်သေးပါဘူး။ ဒါကို မြန်မာနိုင်ငံသား သန်စွမ်းသူလို့ သတ်မှတ်ခံထားရသူတွေကိုသွားမေးရင် အယောက် ၁၀၀ မှာ ၉၅ ယောက်လောက်က အပြုံးလေးနဲ့ပဲ မသိဘူးဆိုတာကို ဖြေမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲလို့ပြောရဲတယ်။
ဘာလို့ဆို စာရေးသူလည်း မသန်စွမ်းနဲ့ပတ်သက်တာကို ရေးမယ်ဆိုမှ မသန်စွမ်း အကြောင်း စ ဖတ်တဲ့သူဖြစ်နေခဲ့ဖူးသကိုး။ သန်စွမ်းသူအချင်းချင်းတောင် အဆင့်အတန်းခွဲခြားဆက်ဆံမှုရှိတဲ့ လူ့လောကကြီးမှာ သန်စွမ်းသူနဲ့ မသန်စွမ်းသူကြား ခွဲခြားဆက်ဆံမှု ရှိနေခြင်းက မဆန်းပါဘူး။ ဒါပေမယ့် သူ့နေရာမှာ ကိုယ်သာဆိုရင် ဆိုတဲ့ စိတ်ကလေးတခုတည်း(တခုတည်း)ကိုသာ ထားကြည့်လိုက်ပါ။ အတွေးတခုခုပြောင်းမှာ လုံးဝအာမခံပါတယ်။ အကောင်းဖြစ်ဖြစ်ဖြစ်၊ အဆိုးဖက်ဖြစ်ဖြစ်ပေါ့။
မသန်စွမ်းနဲ့ပတ်သက်ပြီး ရုပ်ပိုင်းဆိုင်ရာမသန်စွမ်းမှု၊ အမြင်ပိုင်းဆိုင်ရာမသန်စွမ်းမှု၊ အကြားဆိုင်ရာမသန်စွမ်းမှု၊ ဉာဏ်ရည်ပိုင်းဆိုင်ရာမသန်စွမ်းမှုဆိုပြီး အဓိက ခွဲခြားသတ်မှတ်ထားပါတယ်။
မသန်စွမ်းနဲ့ပတ်သက်ရင် ၂၀၁၄ သန်းခေါင်းစာရင်းအရ တစ်နိုင်ငံလုံးမှာ ဧရာဝတီတိုင်းပြီးရင် ချင်းပြည်နယ်ဟာ မသန်စွမ်းအများဆုံးမှာ ဒုတိယနေရာ မှာရှိနေပါတယ်။ ဧရာဝတီတိုင်းကတော့ ၂၀၀၈ နာဂစ်မုန်တိုင်းဒဏ်ကြောင့်နဲ့ ချင်းပြည်နယ်ကတော့ အာဟာရချို့တဲ့မှုကြောင့်လို့ UNICEF ရဲ့အစီအရင်ခံစာကတော့ ခန့်မှန်းထားပါတယ်။
လူဦးရေ ငါးသိန်းတောင်မရှိပေမယ့် ဒုက္ခသည် သောင်းကျော်ရှိနေပြီဖြစ်တဲ့ ချင်းပြည်နယ်မှာ မသန်စွမ်းတွေရဲ့ စိန်ခေါ်မှုအခက်အခဲဟာ ယနေ့အချိန်ထိ လူသူမသိ ဖြစ်နေဆဲပါ။ အထူးသဖြင့် တောတောင်တွေမှာ စစ်ဘေးရှောင်နေရတဲ့ မသန်စွမ်းသူတွေရဲ့ အခက်အခဲတွေဟာ သတင်းမီဒီယာတွေရဲ့ စိတ်ဝင်တစား ဖော်ပြခြင်း မရှိပါဘူး။
မသန်စွမ်းမှု သတ်မှတ်ချက်ရှိတဲ့အတိုင်း စိန်ခေါ်မှုတွေ ရှ်ိနေမှာဖြစ်သလို သူတို့နဲ့ ဆက်နွယ်နေတဲ့ မိသားစု၊ ပတ်ဝန်းကျင်ကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ဒုက္ခမျိုးစုံ ကြုံတွေ့မှုတွေ များစွာဟာ နေအိမ်မှာပင်ကြုံတွေ့နေရတဲ့ကြားက တောတောင်ကြားထဲ ရောက်ရှ်ိနေချိန်မှာ ဘယ်လောက်ခက်ခဲကြမ်းတမ်းမယ်ဆိုတာ တွေးမြင်ကြည့်ရုံနဲ့ အင်မတန် စိတ်ပင်ပန်းစရာကောင်းလှပါပေတယ်။
မြို့ပေါ်မှာတောင် ဉာဏ်ရည်သန်စွမ်းသော်လည်း ကိုယ်အင်္ဂါတစုံတရာ ချို့ယွင်းမှုကြောင့် အလုပ်အကိုင် အခွင့်အလမ်း ငြင်းပယ်ခံရတာမျိုးလို ခွဲခြားဆက်ဆံခံကြရတတ်ပါတယ်။ “ကျန်းမာသန်စွမ်းသူဖြစ်ရမည်” လို့ အလုပ်အကိုင်ခေါ်ရင် တစ်နေရာမှာ အမြဲကို ပါနေတော့တာပဲ။ ဘယ်နေရာရောက်ရောက် လူတောမတိုးဝံ့တဲ့ကြားက စစ်ဘေးပါရှောင်နေရတော့ စစ်ကောင်စီက သူတို့အပေါ် တပူပေါ်နှစ်ပူဆင့်ပေးလိုက်သလိုပါ။
စစ်ဘေးရှောင်နေတဲ့ ကိုယ်အဂါင်္ မသန်စွမ်းသူက “ အခက်အခဲကတော့ များလွန်းလို့ အထူးသဖြင့် နောက်နေ့ ဘာကို ဘယ်ကနေရပြီး စားရမလဲ။ စားနပ်ရိက္ခာ အဓိက လိုအပ်နေတယ်၊ ပြီးတော့ ဆေးဝါးတွေ လိုအပ်နေတယ်” လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းမှုမဖြစ်ခင်က ဉာဏ်ရည်မသန်စွမ်းတဲ့ မသန်စွမ်းကလေးတွေကို ထိန်းကျောင်းတဲ့ ကျောင်းတကျောင်းရဲ့ တွဲဖက်ဒါရိုက်တာက သူတို့ အရင်က မသန်စွမ်းကလေးတွေကို ဘယ်လိုထိန်းကျောင်းပြုစု ပျိုးထောင်ပေးခဲ့သလဲဆိုတာ ပြန်ပြောင်းပြောပြပါတယ်။
“မိဘတွေအနေနဲ့ နေ့ခင်းပိုင်း အလုပ်ဆင်းရတော့ ကလေးတွေကို နေ့ခင်းပိုင်းမှာ ကျောင်းပို့ကြတယ်။ ကျောင်းအကြို၊ အပို့ကိုတော့ ကျနော်တို့ကပဲ စီစဉ်ပေးတယ်။ နေ့လည်စာကျွေးတယ်။ သူတို့ဉာဏ်ရည်မီသလောက် စာသင်တာ၊ ဆော့တာ၊ သီချင်းဆိုတာတွေကို လုပ်ပေးတယ်” လို့ပြောပြပါတယ်။
ဒါပေမယ့် ကိုဗစ်-၁၉ ရဲ့ လှိုင်းအဆက်ဆက်၊ စစ်အာဏာသိမ်းမှုတွေရဲ့ ရိုက်ခတ်ချက်က သူတို့ရဲ့ ပရဟိတလုပ်ငန်းကို ရပ်တံ့သွားစေခဲ့လို့ ကလေးတွေရော မိဘတွေရော ရုံးဝန်ထမ်းတွေပါ စိတ်မကောင်း ဖြစ်ရတယ်လို့ ရင်တွင်းခံစားချက်ကို ပြောပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကျောင်းအနေနဲ့ အတတ်နိုင်ဆုံး ကိုဗစ်ရောဂါလျော့ပါးတဲ့ ကာလတွေမှာ အိမ်တိုင်ရာအရောက် လေ့ကျင့်ခန်းသွားလုပ်ပေးတာမျိုးကိုတော့ အတတ်နိုင်ဆုံး လုပ်ဆောင်ပေးတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အခုဆိုရင် စစ်ကောင်စီကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောက်ကျားစနစ်နဲ့ နေရာအနှံ့ပြန်လည် တိုက်ခိုက်မှုများ စိတ်လာတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရခြင်း၊ ရွာနေအိမ်များလောင်ကျွမ်းခြင်း၊ အစာ ရေစာ ငတ်ပြတ်ခြင်းများ ပြည်သူများအနေနဲ့ အလူးအလဲ ခံနေရတဲ့အချိန်လည်းဖြစ်နေပါတယ်။ အဲသလို အလူးအလဲခံနေရတဲ့အထဲ မသန်စွမ်း အမျိုးအစားအလိုက်မှာ အသက်အရွယ် အပိုင်းအခြား အမျိုးသား အမျိုးသမီးများရဲ့ လုံခြုံမှုစသည်ဖြင့် မသန်စွမ်းတွေရဲ့ ဘဝဟာ မတွေးဝံ့စရာပါ။
သူတို့အတွက် အဝေးကနေ ဆုတောင်းပေးပါ။ အနီးအနားမှာ ရှိနေရင် တော့ ဝိုင်းဝန်းဖေးမ ကူညီပေးကြပါ။
(စာရေးသူသည် ချင်းပြည်နယ်ရှိ စစ်ရှောင်ဒုက္ခသည်များအရေး ကူညီဆောင်ရွက်နေသူတဦး ဖြစ်သည်။)
You may also like these stories :
နာကျင်စရာတွေကို ခွန်အားအဖြစ် ပြောင်းပစ်မယ်လို့ မနီလာသိန်း ပြော
စစ်ကောင်စီက ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်များအား အိမ်ပြန်ခိုင်းနေ
ကိုဗစ်ရောဂါနဲ့ပါ ရင်ဆိုင်နေရတဲ့ ကရင်နီစစ်ရှောင်များ
တူမီးယမ်းခိုးဝေတဲ့ ချင်းတို့ဌာနေ (အပိုင်း – ၁)
တူမီးယမ်းခိုးဝေတဲ့ ချင်းတို့ဌာနေ (အပိုင်း – ၂)