ပြည်ထောင်စုဆိုသည်မှာ
တိုင်းပြည်တပြည်အား ပြည်ထောင်စုနိုင်ငံဟု အမည်သမုတ်ရုံမျှနှင့် ပြည်ထောင်စု ဖြစ်လာသည် မဟုတ်ပေ။
ပြည်ထောင်စု ဆိုသည်မှာ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရကြား ဥပဒေပြုခွင့်အာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာများကို သင့်လျော်မျှတစွာ ခွဲဝေမှုရှိပြီး ပြည်နယ်များတွင် ကျေနပ်ဖွယ်ရာ လုံလောက်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိ ရန် လိုအပ်သည်။
သို့ဖြစ်ရာ ပြည်ထောင်စု ဆိုသည်မှာ ပြည်ထောင်စု ကြံအင်လက္ခဏာနှင့် ညီမျှသည့် ဥပဒေများဖြင့် တည်ဆောက်မှု ရှိရမည်၊ ပြည်နယ်များတွင် လုံလောက်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိရမည်။ ပြည်ထောင်စု နိုင်ငံတရပ်တွင် ပြည်ထောင်စု စနစ် တရပ် တည်ဆောက်ထားရန် လိုအပ်သည်။
ချုပ်၍ဆိုရလျှင် ပြည်ထောင်စုဆိုသည်မှာ အကောင်အထည်မဲ့ ပြော၍ရသည့် အရာမဟုတ်။ အခိုင်အမာ ဥပဒေများ၊ စနစ် များဖြင့် တည်ဆောက်ရသည့်အရာ ဖြစ်သည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ ဝတ်စုံများဝတ်၍ စင်ပေါ်တက်ပြီး ကပြကြရုံ နှင့် ပြည်ထောင်စု ဖြစ်မလာပေ။
ပြည်ထောင်စုဆိုသည်မှာ အကောင်အထည်မဲ့ ပြော၍ရသည့် အရာမဟုတ်။ အခိုင်အမာ ဥပဒေများ၊ စနစ် များဖြင့် တည်ဆောက်ရသည့်အရာ ဖြစ်သည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ ဝတ်စုံများဝတ်၍ စင်ပေါ်တက်ပြီး ကပြကြရုံ နှင့် ပြည်ထောင်စု ဖြစ်မလာပေ။
မြန်မာပြည် ပြဿနာတွင် ပြည်ထောင်စုအား အထိမခံ၊ ပြည်ထောင်စုအား အပြိုကွဲမခံဟု ဆိုနေသော်လည်း တိုင်းပြည် တည်ဆောက်ထားသည့် စနစ်က ပြည်ထောင်စုစနစ် မဟုတ်ဘဲ တပြည်ထောင်စနစ် ဖြစ်နေသည်။
ထို့ကြောင့် မြန်မာပြည် ပြည်ထောင်စု ပြဿနာတွင် ဦးစားပေး ဖြေရှင်းရမည့် ပြဿနာမှာ ပြည်ထောင်စုဟု အမည်နာမ တပ်ထားသော်လည်း တပြည်ထောင်စနစ် ကျင့်သုံးနေသည့် ပြဿနာကို ဦးစွာဖြေရှင်းရန် လိုနေသည်။
ပြည်ထောင်စုဆိုပြီး ပြည်ထောင် မစုသည့် ပြဿနာကို ဦးစွာဖြေရှင်းရန် လိုသည်။ ဤအချက်သည်ပင် လက်ရှိ မြန်မာပြည် လက်တွေ့ပြဿနာ ဖြစ်ပေတော့သည်။
ပြည်ထောင်စု၏ ကြန်အင်လက္ခဏာများ
ပြည်ထောင်စုဟု ဆိုသည်နှင့် ပြည်ထောင်စုတွင် ပါဝင်သော ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး အခန်းကဏ္ဍသည် အရေးပါသည်။
ယနေ့ခေတ် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတွင် လူမျိုးတိုင်း၏ အခြေခံအခွင့်အရေးကို ကာကွယ်သည့် အနေဖြင့် လူမျိုးတိုင်းသည် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရှိသည်။
ဤအချက်သည်ပင် တပြည်ထောင်စနစ်နှင့် ကွဲလွဲသောအချက် ဖြစ်သည်။ ထို့ပြင် ပဒေသရာဇ် နိုင်ငံတော်များ တည်ဆောက်သည့် ကာလနှင့် ကွဲလွဲသော အချက်လည်း ဖြစ်သည်။
အားကောင်းသူ၊ အင်အားကြီးသူ ရှင်သန်ကျန်ရစ်သည့် တောရိုင်းဥပဒေသ ကြီးစိုးသည့် ပဒေသရာဇ်နိုင်ငံတော်များ လွှမ်းမိုး သည့် ကာလက လူမျိုးတမျိုးက အခြားလူမျိုးတမျိုးကို လွှမ်းမိုးအနိုင်ယူရင်း ပဒေသရာဇ်နိုင်ငံတော်များ တည်ဆောက်ခဲ့ကြ သည်။
ယနေ့ခေတ် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတွင် ထိုအချင်းအရာကို လက်မခံတော့ပေ။ လူမျိုးတိုင်း၏ အခြေခံအခွင့်အရေးကို ကာကွယ်သည့် အနေဖြင့် လူမျိုးတိုင်းသည် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရှိသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် လူမျိုးတိုင်း၏ မွေးရာပါအခွင့်အရေး ဖြစ်သည်ဟု ခေတ်သစ် လူ့အဖွဲ့အစည်းက ပြဋ္ဌာန်းဖော်ထုတ် ခဲ့သည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်သည် မူဝါဒဆိုင်ရာ ပြဿနာဖြစ်ပြီး ထိုမူဝါဒ အခြေခံပေါ်မှ အုပ်ချုပ်ရေးပုံစံကို ဖော်ပြခြင်း ဖြစ်သည်။
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့နှင့် ပတ်သက်ပြီး၊ ပြည်နယ်နှင့် ဗဟိုအစိုးရကြား အာဏာခွဲဝေမှုနှင့် ပတ်သက်ပြီး တိုင်းပြည် တပြည်နှင့်တပြည် ကျင့်သုံးသည့်ပုံစံများ မတူကြပေ။
ယေဘူယျအားဖြင့် ပြည်နယ်များသို့ လုံလောက်သည့် အာဏာခွဲဝေမှုသည် အဓိက ကျသည်။
ဤနေရာတွင်လည်း ပြည်ထောင်စုပုံစံနှင့် ပတ်သက်၍ မတူသည့် အမြင်များ ရှိသည်ကို တွေ့ရသည်။ ယေဘုယျအား ဖြင့် ဖက်ဒရယ် ပြည်ထောင်စုနှင့် ကွန်ဖက်ဒရေးရှင်းဟု လူသိများကြပြီး ထိုပုံစံ နှစ်ခုလုံးသည် ဗဟိုမှ အာဏာအားလုံး ချုပ်ကိုင်ထားသည့် တပြည်ထောင်စနစ်နှင့် ခြားနားသည်။
ဖက်ဒရယ်စနစ်အား ယေဘုယျ အဓိပ္ပာယ် ဖွင့်ဆိုပါက ဗဟိုအစိုးရနှင့် ဒေသန္တရ ပြည်နယ်အစိုးရများကြား အာဏာကို ခွဲဝေယူကြသည်။ ဗဟိုရော ပြည်နယ်အစိုးရမှာပါ အာဏာအသီးသီး ရှိနေသောကြောင့် အချို့ကိစ္စများ ထပ်တူမကျနိုင်။
သို့သော်လည်း ဘုံအကျိုးစီးပွားဟု ဆိုရမည့် ပြည်ထောင်စု အကျိုးစီးပွားနှင့် ဒေသန္တရ ပြည်နယ်အစိုးရများ၏ အကျိုးစီးပွား ကို ညီညွတ်အောင် ဖန်တီးထားသော စနစ်ဟု ဆိုနိုင်သည်။
ကွန်ဖက်ဒရိတ် စနစ်မှာမူ တပြည်ထောင်စနစ်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်ပြီး အာဏာသည် အဖွဲ့ဝင်နိုင်ငံများ လက်ထဲတွင်သာ တည်ရှိသည်။
ကွန်ဖက်ဒရိတ် ဆိုသည်မှာ တူညီသော ဘုံရည်မှန်းချက်တခု အောက်တွင် တိုင်းပြည်များအား စုစည်းထားသော သမဂ္ဂ အဖွဲ့အစည်းဟု ဆိုနိုင်သည်။ အဖွဲ့ဝင်နိုင်ငံများသည် အာဏာအချို့အား ခွဲဝေပြီး ဗဟိုအစိုးရအား ပေးအပ်ထားသော်လည်း အချိန်မရွေး ပြန်လည် ရုပ်သိမ်းနိုင်သည်။
အရေးကြီးသော မူဝါဒများနှင့် ပတ်သက်၍ တညီတညွတ်တည်း ဖြစ်ရန် ခက်ခဲသည်၊ ကွဲထွက်ရန် လွယ်ကူသည့် ပုံစံဟု သုံး သပ်ကြသည်။
သို့သော် မည်သို့ပင်ဖြစ်စေ ဖက်ဒရယ်ရော၊ ကွန်ဖက်ဒရိတ်ပါ တပြည်ထောင်စနစ်နှင့် ကွဲပြားသည့် ပြည်ထောင်စု ပုံစံများ ဖြစ်သည်။
မြန်မာပြည်နှင့် ပြည်ထောင်စုပုံစံ
မြန်မာပြည်၏ ပြည်ထောင်စု ပုံစံသည် မည်သို့ ဖြစ်သင့်သနည်း ဆိုသည်နှင့် ပတ်သက်၍ တိုင်းရင်းသား လူမျိုးများကြားတွင် လက်ရှိ အချိန်ထိ ဝိဝါဒ ကွဲပြားနေသည်ဟု ဆိုနိုင်သည်။
မြန်မာပြည်၏ ပြည်ထောင်စု ပုံစံမှာ မြန်မာပြည်၏ ထူးခြားချက် အခြေအနေများနှင့် ကိုက်ညီရန် လိုသကဲ့သို့ ပြောင်းလဲနေ သော အခြေအနေများနှင့်လည်း ကိုက်ညီရန် လိုသည်။ အခြားနိုင်ငံများနှင့် တူသည်လည်း ရှိမည်၊ တူကောင်းမှလည်း တူမည်။
မည်သို့ ဝိဝါဒ ကွဲပြားနေစေကာမူ လက်ရှိ တပြည်ထောင်စနစ်ကို လက်မခံနိုင်သည့် နေရာတွင် တူညီကြသည်။ အရှေ့တိုင်းတွင် လည်းကောင်း၊ အနောက်တိုင်းတွင် လည်းကောင်း မတူညီသည့် ပြည်ထောင်စု ပုံစံများ ရှိသည်။ ဖက်ဒရယ်နှင့် ပတ်သက်၍ ဖွင့်ဆိုချက်များ ရှိကြသည်။
မြန်မာပြည်၏ ပြည်ထောင်စု ပုံစံမှာ မြန်မာပြည်၏ ထူးခြားချက် အခြေအနေများနှင့် ကိုက်ညီရန် လိုသကဲ့သို့ ပြောင်းလဲနေ သော အခြေအနေများနှင့်လည်း ကိုက်ညီရန် လိုသည်။ အခြားနိုင်ငံများနှင့် တူသည်လည်း ရှိမည်၊ တူကောင်းမှလည်း တူမည်။
သမရိုးကျ စဉ်းစားနည်းမှ လမ်းခွဲထွက်သည့် ပုံစံလည်း ဖြစ်နိုင်သည်။ နှစ် ၇၀ ကျော် ပြည်နယ်တိုင်းလိုလို လက်နက်ကိုင် တိုက်ခိုက်နေသည့် တိုင်းပြည်ဖြစ်ရာ အခြားတိုင်းပြည်များနှင့် မတူသည့် ထူးခြားချက် ရှိနေသည်။
သေချာသည်ကတော့ တပြည်ထောင်စနစ်နှင့် ဆက်သွားနေ၍ မဖြစ်တော့ ဆိုသည်ကို လေးနက်ကြရန် လိုသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲထွက်ခွင့်
ပြည်နယ်များ ပြဿနာ၊ ပြည်ထောင်စု ပြဿနာနှင့် ပတ်သက်၍ ပြောဆိုလျှင် ခွဲထွက်ရေး ဆိုသည့် ဝေါဟာရသည် လူတော်တော်များများအား ထိတ်လန့်တကြား ဖြစ်စေသည်။ ဤသည်မှာ ထူးဆန်းသည်တော့ မဟုတ်ပေ။
တိုင်းပြည်တပြည်တွင် လူဦးရေ အများစုဖြစ်သော လူမျိုးတိုင်းက ခွဲထွက်ရေးကို ဆန့်ကျင်လေ့ရှိသည်။ ခွဲထွက်လိုသည်မှာ လူဦးရေ အနည်းစု လူမျိုးများ ဖြစ်လေ့ ရှိကြသည်။ ဤသည်မှာ ပင်ကိုယ် သဘောသဘာဝ ဖြစ်သည်။
သို့သော် တိုင်းရင်းသား လူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဟုဆိုလျှင် ခွဲထွက်ခွင့်ကို ဖယ်ရှား၍ မရနိုင်ပေ။ ခွဲထွက်ခွင့် အပါအဝင် ဖြစ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဟုဆိုမှသာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ အဓိပ္ပာယ် ပြည့်စုံမည် ဖြစ်သည်။
ဤသို့ ဆိုခြင်းသည် ခွဲထွက်ရေးကို အားပေးသည် မဟုတ်ပေ။ ခွဲထွက်သည် ဖြစ်စေ၊ ပေါင်းစည်းသည် ဖြစ်စေ တိုင်းရင်းသားလူမျိုးများ လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ရှိသည်ကို အသိမှတ်ပြုခြင်း ဖြစ်သည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွင် လွတ်လပ်စွာ ပေါင်းစည်းခွင့်ရော၊ လွတ်လပ်စွာ ခွဲထွက်ခွင့်ရော ပါသည်ဟု ဆိုလိုရင်း ဖြစ်သည်။ ဤသို့သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည်ပင်လျှင် လူမျိုးတိုင်း၏ မွေးရာပါ အခွင့်အရေး ဖြစ်ပြီး ဤသည်ပင်လျှင် လူမျိုးတိုင်း၏ မွေးရာပါ အခွင့်အရေးကို အသိအမှတ် ပြုခြင်း ဖြစ်သည်။
မိမိပြည်နယ်၊ မိမိလူမျိုးနှင့် ကိုက်ညီသည့်၊ အကျိုးရှိသည့် ပုံစံကို အသုံးပြုရန် လိုအပ်သည်။ ထို့ပြင် ခွဲထွက်ခွင့်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်စရာ မလိုပေ၊ မည်သို့ဖြေရှင်းမည်နည်း ဆိုသည်သာ အရေးကြီးသည်။
ခွဲထွက်ခွင့်ကို အသိအမှတ်ပြု၍ ခွဲထွက်ခြင်းသည် ပြဿနာကို ဖြေရှင်းသည့် တခုတည်းသော နည်းလမ်းဟု မဆိုလိုပါ။ ဆိုလိုသည်မှာ ခွဲထွက်ခြင်းဖြစ်စေ၊ ပေါင်းစည်းခြင်းဖြစ်စေ အမျိုးသားပြဿနာကို ဖြေရှင်းသည့် တခုတည်းသော အဖြေမဟုတ် ပေ၊ ဖြေရှင်းသည့် ပုံစံများသာ ဖြစ်သည်။
မိမိပြည်နယ်၊ မိမိလူမျိုးနှင့် ကိုက်ညီသည့်၊ အကျိုးရှိသည့် ပုံစံကို အသုံးပြုရန် လိုအပ်သည်။ ထို့ပြင် ခွဲထွက်ခွင့်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်စရာ မလိုပေ၊ မည်သို့ဖြေရှင်းမည်နည်း ဆိုသည်သာ အရေးကြီးသည်။
အနီးခေတ်သမိုင်းတွင် ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံငယ်များစွာ ပေါ်ပေါက်ခဲ့သည်။ ၁၉၈၀ ကာလက ဆိုဗီယက်ရုရှား ပြည်ထောင်စုမှ နိုင်ငံငယ်များ ခွဲထွက်ခဲ့သည်။ ထို့နောက် ဥရောပတွင်လည်း နိုင်ငံငယ်များ ခွဲထွက်ခဲ့သည်။
ချက်ကိုစလိုဗေးနီးယား နိုင်ငံငယ်လေးသည် ချက်နှင့် စလိုဗေးနီးယားဟူ၍ နှစ်နိုင်ငံ ခွဲထွက်သည်။ မူလကပင် သေးငယ် သည့် နိုင်ငံဖြစ်ရာ ခွဲထွက်ကြ၍ ပို၍ သေးငယ်သွားသော်လည်း ထိုသို့ သေးငယ်သွား၍ အင်အားတောင်တင်းမှု မရှိတော့ ဟူသည်ဘက်က စဉ်းစားကြပုံမရ။
အေးချမ်းစွာ အတူတကွ နေထိုင်ရသည် ဆိုသည့်ဘက်က စဉ်းစားကြသည်ကို တွေ့ရသည်။ ပြဿနာကို မည်သို့အေးချမ်းစွာ ဖြေရှင်းသွားမည် ဆိုသည်ကသာ အရေးကြီးသည်။
United Kingdom (UK) အား အင်္ဂလန်၊ စကော့တလန်၊ အိုင်ယာလန်၊ ဝေလ ဆိုသော နိုင်ငံ ၄ နိုင်ငံ ပေါင်းစည်းထားပြီး စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးသည့် တပြည်ထောင်စနစ် ကျင့်သုံးသည်။ နိုင်ငံရေးအာဏာ အားလုံးကို လန်ဒန်ရှိ ပါလီမန် က ချုပ်ကိုင်သည်။
စကော့တလန် အစိုးရ၏ ခွဲထွက်ရန် တောင်းဆိုမှု ပေါ်ထွက်ခဲ့ပြီးနောက် လန်ဒန်ပါလီမန်က လူထုဆန္ဒခံယူပွဲ ဥပဒေ ပြဋ္ဌာန်းပြီး ၂၀၁၄ စကော့တလန် ခွဲထွက်ရေးအတွက် လူထုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့သည်။
UK တွင် ပါဝင်သည့် စကော့တလန်၊ အိုင်ယာလန်၊ ဝေလ နိုင်ငံများတွင်လည်း နိုင်ငံအလိုက် အစိုးရနှင့် လွှတ်တော်များ ရှိသည်။ သို့သော် သူတို့နိုင်ငံနှင့် ဆိုင်သည့် က်ိစ္စများသာ ဥပဒေ ပြုနိုင်သည်။ အခြားနယ်မြေများသို့ မသက်ရောက်။
တခုလုံးနှင့် ဆိုင်သည့် ကိစ္စရပ်များအား လန်ဒန်ပါလီမန်ကသာ ဆုံးဖြတ်နိုင်သည်။ လန်ဒန်ပါလီမန်က ဆုံးဖြတ်သည့် ဥပဒေ များအား ဒေသန္တရအစိုးရများက ငြင်းပယ်ခွင့် မရှိပေ။ သို့သော် UK သည် တပြည်ထောင်စနစ် ကျင့်သုံးသော်လည်း ဗဟို ချုပ်ကိုင်မှု မတင်းကျပ်ပေ။
UK သည် ပူးပေါင်းဖွဲ့စည်းထားသော စကော့တလန်၊ အိုင်ယာလန်၊ ဝေလ နိုင်ငံများတွင် ရှိသည့် အစိုးရနှင့် UK ဗဟိုအစိုးရ ကြားတွင်ရှိသော ဆက်ဆံရေးသည် တပြည်ထောင်စနစ်၏ ယေဘုယျသဘောတရားနှင့် လက်တွေ့၌ ကွဲလွဲသည်။
ယေဘူယျအားဖြင့် တပြည်ထောင်စနစ် ကျင့်သုံးသော နိုင်ငံများတွင် ဒေသန္တရအစိုးရများကို ဗဟိုအစိုးရက အချိန်မရွေး ရုပ်သိမ်းသည် ဆိုသော်လည်း UK တွင် ရွေးကောက်ခံရသော ဒေသန္တရအစိုးရများသည် အတော်အတန် ခိုင်မာသည်။ ၁၉၉၇ ခုနှစ်က စကော့တလန်တွင် လူထုဆန္ဒခံယူပွဲ ပြုလုပ်ပြီး အာဏာခွဲယူရန် ဆုံးဖြတ်ကြသည်။
UK ပါလီမန်က ၁၉၉၈ တွင် စကော့တလန် ဥပဒေ (Scotland Act) ကို ပြဋ္ဌာန်းပေးခဲ့သည်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ တရားစီရင်ရေး၊ ကျေးလက်ဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေး၊ သယ်ယူပို့ဆောင်ရေးနှင့် အခွန်ကောက်ခံရေးတို့တွင် သီးခြားစီမံပိုင်ခွင့် ရခဲ့သည်။
မြန်မာပြည် ပြည်နယ်များနှင့် ယှဉ်ကြည့်ပါက လွန်စွာကွာခြားသည်ကို တွေ့နိုင်သည်။ သို့သော် ဤအခွင့်အရေးမျိုးကိုပင် ဖက်ဒရယ်စနစ် လိုလားသူများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ခွဲဝေမှုသာဖြစ်ပြီး နိုင်ငံရေးခွဲဝေမှု မဟုတ်ဟု သုံးသပ်ကြသည်။
ထို့ကြောင့်လည်း နောက်ပိုင်းတွင် စကော့တလန် အစိုးရ၏ ခွဲထွက်ရန် တောင်းဆိုမှု ပေါ်ထွက်ခဲ့ပြီးနောက် လန်ဒန်ပါလီမန်က လူထုဆန္ဒခံယူပွဲ ဥပဒေ ပြဋ္ဌာန်းပြီး ၂၀၁၄ စကော့တလန် ခွဲထွက်ရေးအတွက် လူထုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့သည်။
၂၀၁၄ စက်တင်ဘာ ၁၈ ရက်တွင် ပြုလုပ်သော ဆန္ဒခံယူပွဲ၌ ခွဲထွက်လိုသူတို့က ၄၄ ဒသမ ၇ ရာခိုင်နှုန်း ရရှိပြီး ပေါင်းစည်း လိုသူများက ၅၅ ဒသမ ၃ ရာခိုင်နှုန်း ရရှိကာ ခွဲထွက်ရေး အရေးနိမ့်ခဲ့သည်။
စကော့တလန် ခွဲထွက်ရေး လှုပ်ရှားမှုမှ အောက်ပါအချက်များကို တွေ့ရသည်။
အလယ်ခေတ် အစောပိုင်းက အင်္ဂလန်ရော၊ စကော့တလန်ရော သီးခြားဘုရင့်နိုင်ငံများ ဖြစ်ကြသည်။ ၁၄ ရာစုခန့်မှစ၍ အတောမသတ်သည့် ပဒေသရာဇ်တို့၏ စစ်ပွဲများ ဖြစ်ပွားခဲ့ပြီး စကော့တို့ စစ်ရှုံးခါ ၁၆၀၃ ခုနှစ်မှစ၍ ထို ဘုရင်နှစ်နိုင်ငံ စတင် ပေါင်းစည်းသည်။
ခွဲထွက်ရေး ဆိုသည်မှာ ကြောက်ရွံ့စရာ မဟုတ်သကဲ့သို့ စိုးရိမ်စရာလည်း မဟုတ်။ မိမိတို့ တနိုင်ငံတည်း ရင်ဆိုင်ရသည့် ပြဿနာလည်း မဟုတ်ပေ။ ဤ ပြဿနာအား မည်သို့ စဉ်းစားဖြေရှင်းမည် ဆိုသည်ကသာ အခရာ ကျသည်ဟု သုံးသပ်ရပေသည်။
ထို့နောက် ၁၇၀၇ တွင် ဂရိတ်ဗြိတိန်အဖြစ် ပေါင်းစည်းခဲ့ပြီး ၁၈၀၁ တွင် ပါဝင်လာသော အိုင်ယာလန်ထက် စကော့တလန်က နှစ် ၁၀၀ ခန့် စောသည်။ နှစ် ၃၀၀ ကျော်ခန့် အင်္ဂလိပ်တို့ လက်အောက်သို့ သိမ်းသွင်း စုစည်းခံခဲ့ရသော်လည်း စကော့ တလန်တို့သည် အကြိမ်ကြိမ် ပြန်လည်ခွဲထွက်ရန် ကြိုးစားခဲ့ကြသည်။
စကော့တလန် အမျိုးသားပါတီ (SNP) အာဏာရစဉ် ကြိုးစားခဲ့သည့် ၂၀၁၄ လူထုဆန္ဒခံယူပွဲသည်ပင်လျှင် နောက်ဆုံး အားထုတ်မှု ဟုတ်ပုံမရပေ။
စကော့တို့သည် UK တွင် မည်မျှ အခွင့်အရေး ရသည်ဆိုစေကာမူ အင်္ဂလိပ်တို့ လက်အောက် ရောက်သည်က နှစ်ပေါင်းများစွာ ကြာခဲ့ပြီဟု ဆိုစေကာမူ ခွဲထွက်ရေး အားထုတ်မှုများ ရှိ၍နေခြင်းသည် စကော့တို့၏ အမျိုးသား ကိုယ်ပိုင်လက္ခဏာ (National Identity) ကြောင့် ဖြစ်သည်ဟု သုံးသပ်ရသည်။
အမျိုးသား ကိုယ်ပိုင်လက္ခဏာနှင့် အမျိုးပုညဂုဏ်မာန ဆိုသည်မှာ အမျိုးသားတိုင်းတွင် ရှိသည်ကို သတိပြုရန် လိုသည်။
ဒုတိယအချက်မှာ ပြသနာဖြေရှင်းပုံ ဖြစ်သည်။ လူထုဆန္ဒခံယူပွဲ ကျင်းပရန် နှစ်ဖက်သဘောတူသကဲ့သို့ ရွေးကောက်ပွဲ ရလဒ်အား နှစ်ဖက်လက်ခံကြခြင်း ဖြစ်သည်။ လူကြီးလူကောင်းဆန်သော ဖြေရှင်းမှုဟု ဆိုရမည်။
သို့သော် ဤသို့ ဖြေရှင်းမှုမျိုးအား အရှေ့တောင်အာရှနိုင်ငံမျိုး မဆိုထားနှင့် ဥရောပနိုင်ငံအချို့တွင်ပင် မတွေ့ရပေ။
စကော့တလန်သည် ခွဲထွက်ရေးနှင့် ပတ်သက်သည့် ဥပမာတခုမျှသာ ဖြစ်သည်။ လူမျိုးတမျိုးအတွက် ခွဲထွက်ခွင့် အပါအဝင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် မွေးရာပါအခွင့်အရေးဖြစ်ရာ ခွဲထွက်ရေးနှင့် ပတ်သက်သည့် ပြဿနာကို ရှောင်လွှဲ၍ မရနိုင်။
ခွဲထွက်ရေး ဆိုသည်မှာ ကြောက်ရွံ့စရာ မဟုတ်သကဲ့သို့ စိုးရိမ်စရာလည်း မဟုတ်။ မိမိတို့ တနိုင်ငံတည်း ရင်ဆိုင်ရသည့် ပြဿနာလည်း မဟုတ်ပေ။ ဤ ပြဿနာအား မည်သို့ စဉ်းစားဖြေရှင်းမည် ဆိုသည်ကသာ အခရာ ကျသည်ဟု သုံးသပ်ရပေသည်။
ထို့ပြင် တိုင်းရင်းသားလူမျိုးများ အတူတကွ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကသာ ပို၍ အရေးကြီးသည်ဟု ရှုမြင်ကြရန် လိုသည်။
ဆက်ရန် ရှိသည်။
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦးဖြစ်သည်။)
You may also like these stories:
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၁)
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၂)
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၃)
နွေဦးတော်လှန်ရေးသာ မအောင်မြင်ရင် တိုင်းရင်းသားတွေအတွက်လည်း အနာဂတ် မရှိတော့