ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်ကဲ့သို့ မြို့ကြီးများတွင်သာမက နိုင်ငံအထက်ပိုင်း မြို့ငယ်များတွင်ပါ ဗုံးများပေါက်ကွဲနေကြသည်။ စစ်ယာဉ်တန်းကို ခြုံခိုတိုက်ခိုက်ကြသည်။ မကွေးနှင့် စစ်ကိုင်းတိုင်းတွင် လက်နက်ကိုင်တိုက်ပွဲများဖြစ်နေသည်။ ဒလန်များကို လုပ်ကြံသတ်ဖြတ်မှုများလည်း တနိုင်ငံလုံးတွင် ဖြစ်ပေါ်နေသည်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံ ဗဟိုချက်တွင်ဖြစ်ပွားနေသည့် အကြမ်းနည်းတိုက်ခိုက်မှုများသည် အပြည့်အ၀ ပြည်တွင်းစစ်ဟုပြောရန် စောနေသေးသော်လည်း စစ်တပ်သည် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အစဉ်အလာအားဖြင့် တိုက်ပွဲများ ဖြစ်နေကျ တိုင်းရင်းသားနယ်စပ်ဒေသတွင် မဟုတ်သည့် လက်နက်က်ိုင်ပုန်ကန်မှုကို ရင်ဆိုင်ရခြင်း ဖြစ်သည်။ ထိုပုန်ကန်မှုသည် စစ်တပ်က မတိုက်ဘူးသော လုံးဝသစ်လွင်သည့် တိုက်ပွဲအမျိုးအစား ဖြစ်သောကြောင့် ထိန်းချုပ်နိုင်ခြင်း မရှိပေ။ ခုခံရေးတပ်များကို ရည်ရွယ်သည့် စစ်တပ်၏ တိုက်ခိုက်မှုများသည် စစ်အာဏာသိမ်းခြင်းအား ယခင်က ငြိမ်းချမ်းစွာ ဆန့်ကျင်ကန့်ကွက်သူများကို ပိုမို လက်နက်ကိုင်အုံကြွစေခြင်းထက် အခြားသက်ရောက်မှု ရှိမည် မရှိမည်ကိုပင် သံသယဝင်စရာ ဖြစ်နေသည်။ စစ်ကောင်စီတပ်များသည် ခုခံရေးတပ်များ မည်သည့်နေရာတွင် ရှိသည်ကို မသိသောကြောင့် လူနေထိုင်ရာ ရွာများကို ရမ်းသန်းပစ်ခတ်နေသည်။
လက်နက်ကိုင်ပဋိပက္ခသစ်သည် နယ်စပ်ဒေသများမှ တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်ခိုက်သည့် စစ်ပွဲဟောင်းနှင့်သာမက ၁၉၄၈ ခုနှစ်က ဗြိတိန်ထံမှ လွတ်လပ်ရေး ရပြီးနောက် မြန်မာနိုင်ငံဗဟိုတွင် ဖြစ်ပွားသည့် စစ်ပွဲများနှင့်လည်း အခြားအချက်အလက်များစွာတွင် ခြားနားနေသည်။
မြန်မာမှ လက်နက်ကိုင်ပဋိပက္ခသစ်သည် နယ်စပ်ဒေသများမှ တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်ခိုက်သည့် စစ်ပွဲဟောင်းနှင့်သာမက ၁၉၄၈ ခုနှစ်က ဗြိတိန်ထံမှ လွတ်လပ်ရေး ရပြီးနောက် မြန်မာနိုင်ငံဗဟိုတွင် ဖြစ်ပွားသည့် စစ်ပွဲများနှင့်လည်း အခြားအချက်အလက်များစွာတွင် ခြားနားနေသည်။ မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင်များသည် တင်းကျပ်သော စစ်စည်းကမ်းဖြင့် ဖွဲ့စည်းထားသောကြောင့် ၎င်းတို့သည် ကမ္ဘာ့အမြင်တွင် ထူးခြားသည်။ အခြားနိုင်ငံများမှ သူပုန်များနှင့်မတူဘဲ ၎င်းတို့သည် ၎င်းတို့၏ ရာထူးအဆင့်အတန်းကို ဖေါ်ပြသည့် အမှတ်အသားများပါသော ထူးခြားသည့် စစ်ဝတ်စုံများ ရှိကြသည်။ မြန်မာမှ တိုင်းရင်းသား လက်နက်ကိုင်များသည် အမြဲတမ်းစစ်တပ်နှင့် ပိုမိုတူနေပြီး နယ်မြေများကို ထိန်းချုပ်အုပ်ချုပ်ကြကာ စစ်တန်းလျားများ၊ စစ်ရေးပြကွင်းများနှင့် ယာယီရုံး အဆောက်အအုံများပါဝင်သည့် စခန်းများကိုလည်း ပိုင်ဆိုင်ကြသည်။
လွတ်လပ်ရေး ရပြီးနောက် ဗဟိုအစိုးရအာဏာကို လက်နက်ကိုင်တိုက်ရန် ရွေးချယ်ခဲ့သည့် ဗမာ လက်နက်ကိုင်များသည် ထိုမျှ စနစ်တကျ ဖွဲ့စည်းထားခြင်း မရှိပေ။ သို့သော် ၎င်းတို့သည် ၎င်းတို့အုပ်ချုပ်သော ကြီးမားသည့် အခြေခံဒေသများကို ထူထောင်ပြီး ထိုဒေသများမှတဆင့် အစိုးရ စခန်းများကို တိုက်ခိုက်ကြသည်။ ထိုသို့သောအခြေအနေကို ဒုတိယကမ္ဘာစစ်အပြီး ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့သည့် ပြည်သူ့ရဲဘော်အဖွဲ့နှင့် တပ်တွင်းမှ ပုန်ကန်သူအဖွဲ့အမျိုးမျိုးက အကောင်အထည်ဖေါ်ကြသော်လည်း အဓိကအားဖြင့် အကောင်အထည်ဖေါ်နိုင်သည့်အဖွဲ့မှာ တချိန်က အင်အားကြီးမားလှသော ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ဖြစ်သည်။
ကွန်မြူနစ်အမာခံ ဒေသများ တိုက်ခိုက်ခံရ
၁၉၄၈ ခုနှစ်တွင် ပြည်တွင်းစစ်ဖြစ်ပွားပြီး မကြာမီ CPB သည် ရန်ကုန်မြို့မြောက်ဘက် ပဲခူးရိုးမ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်၊ ရခိုင်ရိုးမ၊ တနင်္သာရီနှင့် စစ်ကိုင်းတိုင်းတို့တွင် အမာခံနယ်မြေများ ထူထောင်သည်။ ထိုစဉ်က ပြည်တွင်းစစ်သည် အပြည့်အ၀ ပြည်တွင်းစစ်ဖြစ်သည်။ CPB သည် လယ်သမားများကို စည်းရုံးပြီး မြေရှင်များနှင့်ငွေတိုးချေးစားသူများကို သပိတ်မှောက်တိုက်ခိုက်သည့် ပျဉ်းမနားနှင့် ပတ်ဝန်းကျင်တွင်လည်း လှုပ်ရှားသည်။ တကြိမ်တွင်မူ ထိုစဉ်က ဝန်ကြီးချုပ်ဦးနု အစိုးရသည် ထိုစဉ်က မြို့တော်ရန်ကုန်မှအပ မည်သည့်နယ်မြေကိုမျှ မထိန်းချုပ်နိုင်သောကြောင့် ရန်ကုန်အစိုးရဟုပင် ခေါ်ဝေါ်ခံရသည်။
ကရင်တိုင်းရင်းသားလက်နက်ကိုင်များကလည်း အရှေ့ပိုင်းတောင်တန်းများနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှတဆင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မူဂျာဟစ်ဟုခေါ်သည့် မူဆလင် လက်နက်ကိုင်များက ၎င်းတို့ဒေသကို အရှေ့ပါကစ္စတန် (ဘင်္ဂလားဒေ့ရှ်) ၏ အစိတ်အပိုင်းဖြစ်ရေးအတွက် တိုက်ခိုက်ကြသည်။ ပိုမိုသေးငယ်သောအဖွဲ့များ ဖြစ်သည့် ကရင်နီနှင့် မွန်တို့ကလည်း ထိုင်းနယ်စပ်အနီး ဒေသများတွင် ၎င်းတို့ကိုယ်ပိုင် လက်နက်ကိုင်အဖွဲ့များ ရှိကြသည်။ တရုတ်အမျိုးသားရေးဝါဒီ ကူမင်တန်များသည် တရုတ် ပြည်တွင်းစစ်တွင် ကွန်မြူနစ်များ၏ချေမှုန်းခံရပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် စခန်းများ ထူထောင်ကာ ထိုမှတဆင့် တရုတ်ပြည်သို့ပြန်ဝင်ပြီး မော်စီတုံး အစိုးရကို ပုန်ကန်ရန် မအောင်မြင်သော ကြိုးစားမှု ပြုလုပ်နေသည်။ ၁၉၅၀ ခုနှစ်များနောက်ပိုင်းတွင် ရှမ်းတိုင်းရင်းသား ပုန်ကန်မှုဖြစ်ပွားပြီး ၁၉၆၀ ခုနှစ်များအစောပိုင်းတွင် ကချင်တိုင်းရင်းသားများက မြန်မာနိုင်ငံတွင် အင်အားအကြီးမားဆုံး ခုခံရေးတပ်များအနက်တခုကို ဖွဲ့စည်းသည်။
စစ်တပ်သည် နယ်စပ်ဒေသများမှ တိုင်းရင်းသားလက်နက်ကိုင်များကို မည်သည့်အခါကမျှ ချေမှုန်းနိုင်ခြင်းမရှိသော်လည်း CPB ကို တိုက်ခိုက်ရာတွင် ပိုမိုအောင်မြင်သည်။ ၁၉၅၀ ခုနှစ်များ နှောင်းပိုင်းသို့ရောက်လာသောအခါ CPB တပ်များသည် အနည်းနှင့် အများဆိုသလို ပဲခူးရိုးမတွင်သာ ထိန်းချုပ်ထားခံလာရပြီး ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းတောင်တန်းများ၊ တနင်္သာရီတိုင်းမှ တောများနှင့် စစ်ကိုင်းတိုင်း ပင်လယ်ဘူးဒေသတို့တွင်သာ တပ်ဖွဲ့ငယ်များ ရှိတော့သည်။ တချိန်တည်းတွင် ကူမင်တန်တို့ကို ထိုင်းနိုင်ငံဘက်သို့ တိုက်ထုတ်နိုင်သောကြောင့် အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုအဖြစ် ဆက်လက်မတည်ရှိတော့ပေ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသာ မရှိလျှင် မြန်မာနိုင်ငံမှ ကွန်မြူနစ်ပုန်ကန်မှုကလည်း အဆုံးသတ်သွားခဲ့မည်ဖြစ်သည်။
၁၉၆၈ မှ ၁၉၇၈ အထိ ဆယ်စုနှစ် ကာလအတွင်း တရုတ်နိုင်ငံသည် အင်ဒိုချိုင်းနားဒေသပြင်ပ မည်သည့်ပြည်ပ ကွန်မြူနစ်လှုပ်ရှားမှုထက်မဆို ပိုမိုများပြားသည့် လက်နက်ခဲယမ်းနှင့် အခြားအထောက်အပံ့များကို CPB သို့ ပုံအောပေးသည်။
၁၉၆၈ ခုနှစ်တွင် တရုတ်တပ်နီတော် စေတနာ့ဝန်ထမ်းတပ်သားများနှင့် ဗမာနိုင်ငံရေးမှူးများကို အများအပြား ပူးတွဲဖွဲ့စည်းထားသည့် CPB စစ်သားများသည် တရုတ်မှ နယ်စပ်ကို ဖြတ်ကျော်ပြီး ရှမ်းပြည်မြောက်ပိုင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာကြသည်။ မကြာမီ ၎င်းတို့သည် ၎င်းတို့အတွက် တိုက်ခိုက်ပေးရန် ဒေသခံများကို လူသစ်စုဆောင်းကြပြီး ၂ နှစ်ခန့်အတွင်း လွန်စွာကွဲပြားခြားနားသည့် CPB အခြေစိုက်ဒေသသစ်ကို ထူထောင်လိုက်ကြသည်။ ထိုအခြေစိုက် ဒေသတွင် ရှမ်းပြည်မြောက်ပိုင်းစွန်း ပန်ဆိုင်းနှင့် မုန်းကိုးမှသည် ကိုးကန့်နှင့် ၀တောင်တန်းများ၊ ကျိုင်းတုံမြောက်ပိုင်းတောင်တန်းများအထိ ကျယ်ပြန့်သော စတုရန်းကီလိုမီတာ ၂၀၀၀၀ ကျော်ရှိသည့် တရုတ်နှင့် နယ်စပ်ဒေသပါဝင်သည်။ CPB သည် ထိုဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးရှိပြီး လက်နက်များမှာ CPB ဟောင်းများထက် များစွာသာလွန်သည်။ ၁၉၆၈ မှ ၁၉၇၈ အထိ ဆယ်စုနှစ် ကာလအတွင်း တရုတ်နိုင်ငံသည် အင်ဒိုချိုင်းနားဒေသပြင်ပ မည်သည့်ပြည်ပ ကွန်မြူနစ်လှုပ်ရှားမှုထက်မဆို ပိုမိုများပြားသည့် လက်နက်ခဲယမ်းနှင့် အခြားအထောက်အပံ့များကို CPB သို့ ပုံအောပေးသည်။
CPB သည် တရုတ်နယ်စပ် တောတောင်များတွင်သာ နေထိုင်ရန် မည်သည့်အခါကမျှ ရည်ရွယ်ခြင်းမရှိပေ။ ၎င်းတို့၏ စီမံကိန်းမှာ ပဲခူးရိုးမနှင့် မြန်မာနိုင်ငံအလယ်ပ်ိုင်းမှ အခြားအမာခံ ဒေသများသို့ ပြန်လည်သွားရောက်ပြီး နောက်ဆုံးတွင် ရန်ကုန်ကို သိမ်းပိုက်ရန်ဖြစ်သည်။ စစ်တပ်က ထိုအချက်ကိုသဘောပေါက်ပြီး ၎င်းတို့သည် ကောင်းစွာ လက်နက်တပ်ဆင်ထားသည့် CPB အသစ်ကို မချေမှုန်းနိုင်ဟုလည်း ကောက်ချက်ချသည်။ ထို့ကြောင့် စစ်တပ်သည် CPB ကို အရှေ့မြောက်ဒေသတွင်သာ ထိန်းချုပ်ထားရန် ဆုံးဖြတ်ထားပြီး မြန်မာန်ိုင်ငံ အလယ်ပိုင်းမှ CPB လက်ကျန်များကို ရှင်းလင်းသည်။ ထိုနည်းဖြင့် CPB သည် အာဏာကို သိမ်းပိုက်နိုင်ခြင်း မရှိတော့ပေ။
ထိုသေနင်္ဂဗျူဟာသည် ပါးနပ်ပြီး အလုပ်ဖြစ်ခဲ့သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် အခြားအမာခံဒေသငယ်များသည် ၁၉၆၀ ခုနှစ်များနှောင်းပိုင်းနှင့် ၁၉၇၀ ခုနှစ်များအစောပိုင်းတွင် ငြိမ်းချမ်းသွားသည်။ ပဲခူရိုးမတွင် ကြီးမားသော ထိုးစစ်တခုပြုလုပ်သည်။ ထိုဒေသမှ CPB စခန်းများကို ၁၉၇၅ ခုနှစ်တွင် သိမ်းပိုက်လိုက်ပြီး ရိုးမနှင့် ရိုးမပတ်ဝန်းကျင်မှ အရပ်သားများကို မြန်မာနိုင်ငံ အလယ်ပိုင်း အခြားဒေသများသို့ ပြောင်းရွှေ့နေရာချထားလိုက်သည်။ ထိုနောက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းတွင် CPB နှင့်တိုက်ပွဲမရှိတော့ပေ။ ပဲခူးရိုးမနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်တွင် လှုပ်ရှားသည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်များလည်း ထိုဒေသမှ ၎င်းတို့၏ အခြေစိုက်စခန်းများကို ဆုံးရှုံးကုန်ပြီး ကျန်လူများသည် ထိုင်းနယ်စပ်သို့ ဆုတ်ခွာကြသည်။
၁၉၉၁ ခုနှစ်ရောက်မှသာ ကရင်အမျိုးသားအစည်းအရုံး (KNU) သည် ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ ကရင်တိုင်းရင်းသားများနေထိုင်ရာဒေသမျးာသို့ တပ်ဖွဲ့အချို့ကို ပြန်လည်စေလွှတ်နိုင်ခဲ့သည်။ ထိုင်းနယ်စပ်မှလာသော ကရင်တိုင်းရင်းသားလက်နက်ကိုင်များသည် ရန်ကုန်မှ မိုင် ၁၄၀ ခန့်ဝေးသော ဘိုကလေးတွင် ကတုတ်ကျင်းများတူးကာ သေနတ်များစုဆောင်းနေသည်ကို တွေ့ရမည်ဟု စစ်တပ်ကမျှော်လင့်ထားခြင်းမရှိပေ။ စစ်တပ်သည် တရုတ်ထံမှ ဝယ်ယူထားသည့် လေယာဉ်နှင့် စစ်သင်္ဘောများသုံးကာ ဒေါသတကြီး တုံ့ပြန်သည်။ ထိုစဉ်က စစ်အုပ်စု တပ်မှူး ဗိုလ်ချုပ်သန်းရွှေက မုန်တိုင်းစစ်ဆင်ရေးဟု အမည်ပေးထားသည့် စစ်ဆင်ရေးကို ဦးဆောင်ပြီး ထိုဒေသမှ ကရင်တပ်များကို ရှင်းလင်းသည်။ သို့သော် ဒေသခံအရပ်သားများသည် ကရင်တပ်များကို တိုက်ခိုက်သည့် တိုက်ပွဲများ အကြီးအကျယ် ဒုက္ခရောက်ပြီး ကြီးမားသော တန်ဖိုးပေးဆပ်ရသည်။ ကျေးရွာများကို ဗုံးကြဲသည်။ ထိုစဉ်က သေဆုံးသူအများစုသည် သာမန် အရပ်သားများဖြစ်ပြီး ကရင်တပ်များ မဟုတ်ပေ။
ဝနှင့် အပစ်အခတ်ရပ်စဲခြင်း
ပဲခူးရိုးမကျသွားပြီးနောက် CPB တပ်များသည် ရခိုင်မြောက်ပိုင်းနှင့် တနင်္သာရီတိုင်းတွင် ဆက်လက် ခြေကုပ်ယူထားသော်လည်း ထိုပါတီမှာမူ အရှေ့မြောက်ဒေသတွင် သီးခြားဖြစ်လာသည်။ ထိုဒေသသည် CPB နှင့် သက်ဆိုင်ခြင်းမရှိသလို CPB သည် ထိုဒေသတွင်သာနေရန်လည်း မည်သည့် အခါကမျှ မရည်ရွယ်ပေ။ ထို့ကြောင့် CPB တပ်များအတွင်းမှ ၀ နှင့် ကိုးကန့်အများစုပါသည့် ဗမာမဟုတ်သည့် အခြားတပ်ဖွဲ့ဝင်များက ၁၉၈၉ ခုနှစ်တွင် ပုန်ကန်ကြသည်။ CPB ခေါင်းဆောင်ပိုင်းသည် တရုတ်နိုင်ငံသို့ထွက်ပြေးရပြီး CPB တပ်ဟောင်းကို တိုင်းရင်းသားတပ်များအဖြစ် ပြန်လည်ဖွဲ့စည်းကာ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် အင်အားအကြီးမားဆုံးဖြစ်လာသည်။ သို့သော် ၎င်းတို့သည် စစ်တပ်ကို တိုက်ခိုက်ခြင်းမပြုတော့ဘဲ ပုန်ကန်မှုအပြီးမကြာမီ စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုလိုက်သည်။
သို့သော် အံ့သြစရာကောင်းသည်မှာ UWSA သည် CPB ထက်ပင် အင်အားကြီးထွားလာပြီး တရုတ်ထံမှ ရရှိသော လက်နက်ပစ္စည်းများဖြင့် ပိုမိုကောင်းမွန်သော လက်နက်များကို တပ်ဆင်လာကြသည်။ UWSA သည် ၎င်းတို့ဖာသာ၎င်းတို့ မည်သည့်တိုက်ခိုက်မှုမျှ မလုပ်တော့သော်လည်း ၎င်းတို့၏ လက်နက်များကို ရှမ်းပြည်တိုးတက်ရေးပါတီ၏ ရှမ်းပြည်တပ်မတော်၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ကိုးကန့်အခြေစိုက် မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်မတော်စသည့် တိုင်းရင်းသားလက်နက်ကိုင်များသို့ မျှဝေသည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သို့လည်း ထိုလောက်မများသော လက်နက်များပေးသည်။
စစ်ကောင်စီဆန့်ကျင်ရေးအင်အားစုများသည် ယခင်ကကြီးမားသော တိုက်ပွဲများ မဖြစ်သည်မှာ ဆယ်စုနှစ်များစွာကြာပြီဖြစ်သည့် မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ မန္တလေးနှင့် တနင်္သာရီတိုင်းများတွင် အဓိကအားဖြင့် လှုပ်ရှားနေသည်။ ထို့အပြင် စစ်အာဏာမသိမ်းမီက တိုက်ပွဲငယ်များသာရှိသည့် ချင်းပြည်နယ်နှင့် ကယား (ကရင်နီ) ပြည်နယ်များတွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည်။
ထိုတိုင်းရင်းသားတပ်များသည် စစ်တပ်ကို တိုက်ခိုက်နေကြသော်လည်း အင်အားကြီးမားလာနေသည့် ရက္ခိုင့်တပ်တော် (AA) သည် မြန်မာနိုင်ငံမှ အခြားသော ခုခံရေးတပ်များနှင့် ခပ်ကင်းကင်းနေသည်။ AA သည်လည်း UWSA ထံမှ လက်နက်နှင့်အထောက်အပံ့များရသည့် အဖွဲ့တခုဖြစ်သည်။ AA က ၎င်းတို့သည် ၁၇၈၅ ခုနှစ်က မြန်မာဘုရင်များထံသို့ ရခိုင်ဘုရင့်နိုင်ငံတော်က ဆုံးရှုံးခဲ့သည့် လွတ်လပ်ရေးကို ပြန်လည်ရယူလိုသည်။ ထိုသို့သော ရည်မှန်းချက်ဖြင့် AA သည် မည်သည့် လွတ်မြောက်နယ်မြေမျှ ထူထောင်ခြင်းမရှိသော်လည်း ရခိုင်ပြည်နယ်တွင် စင်ပြိုင်အုပ်ချုပ်ရေး ထူထောင်ထားသည်။
အထက်ပါအခြေအနေများသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု မတိုင်မီက အခြေအနေများကို အကျဉ်းတင်ပြခြင်းဖြစ်သည်။ မြန်မာခုခံတိုက်ခိုက်ရေးသမားသစ်များကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) အမည်ဖြင့် လျှော့ရဲသော မဟာမိတ်ပုံစံဖြင့် စုစည်းထားသည်။ ထိုအဖွဲ့အစည်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သည်ဟု ယူဆနိုင်သည်။ စစ်တပ်ကအာဏာသိမ်းပြီး စစ်ကောင်စီ (SAC) ကို ဖွဲ့စည်းပြီးနောက် NUG သည် ဖြုတ်ချခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြားနိုင်ငံရေးသမားများဖြင့် ဖွဲ့စည်းခဲ့သည်။ သို့သော် PDF များအကြား မည်မျှညှိနှိုင်းဆောင်ရွက်သည်ကို သေသေချာချာ မသိရပေ။ ထို့အပြင် သီးခြား လွတ်လပ်စွာလှုပ်ရှားနေသည့် ဒေသခံ ခုခံရေးတပ်ဖွဲ့အများအပြားလည်း ရှိနေသေးသည်။ ခြုံ၍ပြောရပါက စစ်ကောင်စီဆန့်ကျင်ရေးအင်အားစုများသည် ယခင်ကကြီးမားသော တိုက်ပွဲများ မဖြစ်သည်မှာ ဆယ်စုနှစ်များစွာကြာပြီဖြစ်သည့် မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ မန္တလေးနှင့် တနင်္သာရီတိုင်းများတွင် အဓိကအားဖြင့် လှုပ်ရှားနေသည်။ ထို့အပြင် စစ်အာဏာမသိမ်းမီက တိုက်ပွဲငယ်များသာရှိသည့် ချင်းပြည်နယ်နှင့် ကယား (ကရင်နီ) ပြည်နယ်များတွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည်။
PDF နှင့်တိုင်းရင်းသား မဟာမိတ်
မြောက်ပိုင်းမှ PDF များသည် KIA နှင့် မဟာမိတ်ဖွဲ့ပြီး KIA စစ်သားများသည် မြန်မာခုခံရေး တပ်များနှင့် အတူလိုက်ပါက ကချင်ပြည်နယ်ပြင်ပ စီးနင်းတိုက်ခိုက်မှုများတွင် ပါဝင်သည်။ ထိုသို့ လုပ်ခြင်းအားဖြင့် ကချင်ပြည်နယ်မှ အဝိုင်းခံထားရသော စခန်းများမှ စစ်ကောင်စီတပ်များကို အဝေးသို့ ခေါ်ထုတ်ရန် KIA မျှော်လင့်နေပြီး ထိုသေနင်္ဂဗျူဟာသည် အလုပ်ဖြစ်သည့် သဘောရှိသည်။ စစ်ကောင်စီသည် မကွေး၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တွင် အဓိက ထိုးစစ်တခုအတွက် အရှိန်ယူနေသည့် သဘောရှိပြီး မြောက်ပိုင်းတွင် ထိုးစစ်ဆင်ခြင်း မရှိပေ။
စစ်ကောင်စီသည် CPB ကို တိုက်ခိုက်စဉ်က သုံးသည့် နည်းဗျူဟာကို အသုံးမပြုနိုင်သောကြောင့် PDF ကို တိုက်ခိုက်သည့် ရလဒ်သည် မရေရာပေ။ ခေတ်သစ်ခုခံရေးတပ်များသည် ယခင်ခေတ်က မြန်မာနိုင်ငံအလယ်ပိုင်းမှ CPB တပ်များနှင့်မတူဘဲ သိမ်းပိုက်နိုင်သည့် စခန်းများနှင့် လွတ်မြောက်နယ်မြေများ ထူထောင်ထားခြင်း မရှိပေ။ ၎င်းတို့ကို နယ်စပ်ဒေသတွင်သာ ထိန်းထားရန်လည်းမှာလည်း ထိုဒေသများကို KIA နှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်များက ထိန်းချုပ်ထားသောကြောင့် မဖြစ်နိုင်ပေ။ ကျေးလက်ဒေသများတွင် ပစ်ပြီးပြေးသည့် နည်းကို သုံးကြပြီး မြို့များတွင်လည်း မြန်မာ့သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် မြို့ပြပြောက်ကျားများပေါ်လာနေသောကြောင့် စစ်ကောင်စီသည် ထိုသို့သော စစ်ရေးအတွေ့အကြုံ မရှိပေ။
စစ်ကောင်စီတပ်များသည် စိတ်ဓါတ်ရေးရာအရ နိမ့်ကျနေပြီးဖြစ်သောကြောင့် စစ်တပ်သည် စစ်မျက်နှာအများအပြားတွင် လက်ပမ်းကျလာမည်ဖြစ်သည်။ လွန်ခဲ့သော တနှစ်က လုံခြုံသည်ဟု ယူဆနိုင်သည့် လမ်းကြောင်းများတလျှောက် ပုံမှန်လုပ်နေသော ခြုံခိုတိုက်ခိုက်မှုများနှင့် ဗုံးခွဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီစစ်သားများသည် တိုက်ခိုက်ရန် စိတ်အားထက်သန်ခြင်း မရှိတော့ဘဲ တနိုင်ငံလုံးတွင် ထိုအတိုင်းဖြစ်နေသည်။
ထိုသို့သော ခုခံမှု ပုံစံသစ်ကို တိုက်ခိုက်ရန် စစ်ကောင်စီတွင် မည်သို့သော ရင်းမြစ်များ ရှိသနည်းဆိုသော မေးခွန်းတခုလည်း ရှိနေသည်။ နိုင်ငံ၏ အစိတ်အပိုင်းတခုတွင် ထိုးစစ်ဆင်ခြင်းသည် အခြားပြည်နယ်နှင့်တိုင်းများမှ တိုင်းရင်းသားသာမက ဗမာခုခံရေးတပ်များကို ပိုမိုလှုပ်ရှားစေနိုင်သည်။ စစ်ကောင်စီတပ်များသည် စိတ်ဓါတ်ရေးရာအရ နိမ့်ကျနေပြီးဖြစ်သောကြောင့် စစ်တပ်သည် စစ်မျက်နှာအများအပြားတွင် လက်ပမ်းကျလာမည်ဖြစ်သည်။ လွန်ခဲ့သော တနှစ်က လုံခြုံသည်ဟု ယူဆနိုင်သည့် လမ်းကြောင်းများတလျှောက် ပုံမှန်လုပ်နေသော ခြုံခိုတိုက်ခိုက်မှုများနှင့် ဗုံးခွဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီစစ်သားများသည် တိုက်ခိုက်ရန် စိတ်အားထက်သန်ခြင်း မရှိတော့ဘဲ တနိုင်ငံလုံးတွင် ထိုအတိုင်းဖြစ်နေသည်။ ဒေသခံ ဘက်မလိုက်သည့် အရပ်ဖက်အဖွဲ့အစည်းဝင်များ၏ အဆိုအရ ကရင်ပြည်နယ်မှ စစ်ကောင်စီတပ်များသည် စစ်မတိုက်တော့ဘဲ စစ်တိုက်နေသည်ဟု နေပြည်တော်မှ တပ်မှူးများထံသို့ လိမ်ညာသတင်းပို့နေကြောင်း သိရသည်။ ကရင်လက်နက်ကိုင်စခန်းများကို သိမ်းပိုက်လိုက်သည်ဟု ၎င်းတို့က သတင်းပို့သော်လည်း မြေပြင်တွင် ထိုတိုက်ပွဲများ အမှန်တကယ်ဖြစ်ပေါ်ခြင်း မရှိပေ။
စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် လွန်စွာရှုပ်ထွေးသည့်အခြေအနေသည် မည်သည့်ဘက်သို့ ဦးတည်သွားမည်ကို ပြောရန်မဖြစ်နိုင်ပေ။ အဆိုးရွားဆုံးဖြစ်နိုင်သည့် အခြေအနေမှာ အစိတ်စိတ်မွှာမွှာ ဖြစ်နေသော မြန်မာနိုင်ငံကို မည်သူမျှ ဆီလျှော်စွာ တစုတစည်းတည်း ချုပ်ကိုင်နိုင်ခြင်း ရှိမည်မဟုတ်တော့ပေ။ စစ်တပ်အတွင်း မကျေနပ်မှုများသည်လည်း ရလဒ် လွန်စွာမရေရာသည့် အာဏာသိမ်းမှုများ၊ အာဏာသိမ်းရန် အားထုတ်မှုများဖြစ်စေနိုင်ပြီး ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရအပြီး ဖြစ်ပွားခဲ့သည့် ပုန်ကန်မှုများနှင့် ဖရိုဖရဲအခြေများ ထပ်မံဖြစ်လာနိုင်သည်။ သို့သော် စစ်တပ်က ၂၀၁၁ ခုနှစ်တွင် တိုင်းပြည်ကို တံခါးဖွင့်ရန် ဆုံးဖြတ်လိုက်ပြီးနောက် ခံစားရသည့် သတိထား အကောင်းမြင်မှုများ ပျောက်ကွယ်သွား ပြီဖြစ်သည်။ ထိုသို့မြင်ခြင်းသည် မှားယွင်းကြောင်းလည်း သက်သေပြပြီးဖြစ်သည်။ စစ်တပ်ဘက်က မှားယွင်းချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်အင်အားတောင့်တင်းလာခြင်းကို မျှော်လင့်မထားခဲ့ခြင်းဖြစ်ပြီး ပြည်ပပညာရှိများ မှားယွင်းချက်မှာ ဗိုလ်ချုပ်များသည် ဒီမိုကရေစီအတွေ့အကြုံတွင် နိုးထလာမည်ဆိုသည့် မျှော်လင့်ချက်ဖြစ်သည်။ နောက်ဆုံးတွင် စစ်တပ်က ဝင်ရောက်စွက်ဖက်ကာ အာဏာကို ပြန်လည်ထူထောင်ခြင်းအား ရှောင်လွှဲမရဖြစ်ခဲ့ရသည်။ ထိုကြမ္မာငင်သော ဆုံးဖြတ်ချက်၏ ဆိုးရွားလှသော အကျိုးဆက်များကို မိမိတို့ ယခုခံစားနေရပြီဖြစ်သည်။
You may also like these stories:
လက်နက်ကိုင်ခုခံများကို သုံးလအတွင်း ရှင်းလင်းပစ်ရန် စစ်ကောင်စီ ရည်မှန်း
စစ်ကောင်စီကို စီးပွားရေးပိတ်ဆို့ဖို့ ထောက်ခံတင်ပြခြင်း
စစ်ကောင်စီက ASEAN ကို မကြည့်၊ တရုတ်ကိုသာ ကြည့်
ချင်းတွေကို လူမျိုးသုဉ်းသတ်ဖြတ်နေပြီလား