မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် ဒေသ ကာကွယ်ရေး တပ်များကြား တိုက်ပွဲများ ခပ်စိတ်စိတ်ဖြစ်ပွားလာသည့် ယခုလဆန်းပိုင်းတွင် စစ်ခေါင်းဆောင်က မြန်မာ့ ခရီးသွားလုပ်ငန်းကို အသက်သွင်းရန် လုပ်ဆောင်လာသည်ကို တွေ့ရသည်။
စစ်ကောင်စီ အနေဖြင့် ပြည်တွင်း တည်ငြိမ်မှုရှိကြောင်း ပြရန်နှင့် မီးခိုး မထွက်သည့် ခရီးသွားလုပ်ငန်းများမှ ဝင်ငွေများ ရှာဖွေရန်အတွက် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး ၉ လခန့်အကြာ ပြည်တွင်းခရီးသွား လုပ်ငန်းများ ဖွင့်လှစ်နိုင်ရန် ကြိုးစားလာခြင်း ဖြစ်သည်။
ထို့အတွက် နိုင်ငံတကာ ပြည်ဝင်ခရီးစဉ်များ ရပ်ဆိုင်းသွားသော် လည်း ပြည်တွင်း ခရီးသွားလုပ်ငန်းများကို ယခု ပွင့်လင်း ရာသီဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် စတင်ရန် ပြင်ဆင်နေလျက်ရှိသည်။
ခရီးသွား လုပ်ငန်းများ စတင်ရန် ယင်းကဏ္ဍများတွင် ဝန်ဆောင်မှု ပေးနေသူများကို ကပ်ရောဂါ ကာကွယ်ရေး သင်တန်း ပေးခြင်း၊ ခရီးသွားနှင့် ဆက်စပ်သည့် ကပ်ရောဂါဆိုင်ရာ ဘေးကင်းမှု စံနှုန်း၊ လမ်းညွှန်ချက်နှင့် ကိုက်ညီသော ဝန်ဆောင်မှု များကို ဒေသတွင်းအဆင့်၊ အမျိုးသားအဆင့်နှင့် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးသွားရန်အာဏာသိမ်း စစ်ခေါင်းဆောင်က စီစဉ်နေသည်။
သို့သော် ယနေ့ အခြေအနေမှာ ဆန္ဒပြမှုများ၊ လက်နက်ကိုင် တော် လှန်မှုများ ရှိနေသဖြင့် ခရီးသွားရာသီ ရောက်သော် လည်း လုပ်ငန်းများ ပြန်လည်စတင်ရန်မှာ မသေချာသည့် အခြေအနေ ဖြစ်သည်။
မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က “၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်မှာ ခရီးသွား လုပ်ငန်း တွေ ဘယ်လို တိုးတက်ကြအောင် လုပ်မယ်ဆိုတာ ဒါကတော့ ကိုယ့်ရဲ့ မျှော်လင့်ပြီး လုပ်တဲ့အပိုင်းပေါ့။ တကယ်တမ်း ကျတော့ နိုင်ငံရေး တည်ငြိမ်မှုတွေ လိုတယ်။ ဒေသတွင်းမှာ စီးပွားရေး ကောင်းမွန်မှုတွေ လိုတယ်။ ဒီအချက်တွေ ရနိုင်မှ သာ အဆင်ပြေနိုင်မှာ။ လက်ရှိကတော့ မျှော်လင့်ထားတာနဲ့ လက်တွေ့က ကင်းကွာနေသေးတယ်” ဟု ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေသည် နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်မှုက အရေးတကြီး လိုအပ်နေပြီး ယင်းအချက် များ တည်ငြိမ်မှု မရှိဘဲနှင့် ခရီးသွား လုပ်ငန်းများမှာ မည်သို့မှ ပြန်လည်ကောင်းမွန်လာနိုင်မည့် အနေအထား မရှိကြောင်း ၎င်းက ရှင်းပြသည်။
ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါကူးစက်မှုနှုန်း လျော့ကျသွားချိန်လည်းဖြစ်သည့်အတွက် ပြည်တွင်း ခရီးသွား လုပ်ငန်းများကို ပြန်လည် စတင်ရန် လိုအပ်နေသည့်အချိန် ဖြစ်သော်လည်း မတည်ငြိမ်သည့် နိုင်ငံရေး အခြေအနေများ ကြောင့် လတ်တလော စတင်ရန်မှာ မဖြစ်နိုင်သေးပေ။
ခရီးသွားလုပ်ငန်းရှင် တဦးက “ပြည်တွင်း ခရီးသွားလည်ပတ်မှ ပြည်ပ ခရီးသွားကို ကျနော်တို့ မျှော်လင့်နိုင်မှာ ဆိုတော့ ပြည်တွင်း ခရီးသွားတွေ လည်ပတ်ဖို့ ဆိုတာလည်း နိုင်ငံတည်ငြိမ်ဖို့က လိုနေတယ်။ ဒါကြောင့် ပြန်လုပ်ဖို့က နိုင်ငံရေး တည်ငြိမ်ပြီး စီးပွားရေးကောင်းအောင် ပြန်လုပ်ရမှာပဲ ဖြစ်တယ်” ဟု သုံးသပ် ပြောဆိုသည်။
အာဏာသိမ်းမှုကြောင့် ခရီးသွားများ စိတ်ကူးအိပ်မက်ပျက်ပြယ်ခဲ့ရ
ကိုဗစ် မတိုင်ခင် အချိန်များက ပြည်တွင်း ခရီးသွားလုပ်ငန်းမှာ အားကောင်းလာခဲ့ပြီး အပန်းဖြေ ခရီးဆန့်နိုင်မည့် နေရာ အသစ်အဆန်း အများအပြားလည်း ပေါ်ထွက်လာသလို လမ်းကြောင်းသစ်များကို ဖော်ဆောင် သွားလာသူများလည်း ရှိနေ သည်။ ကိုဗစ်ရောဂါ ငြိမ်သွားချိန်တွင် ခရီးထွက်ရန် အားခဲထားကြသူများမှာ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ကိစ္စရပ်များကြောင့် စိတ်ကူးအိပ်မက်များ ပျက်ပြယ်ခဲ့ရသူများလည်း ရှိနေသည်။
“ ကျမတို့က ၁ နှစ်ကို ၂ ကြိမ်၊ ၃ကြိမ်လောက် ခရီးထွက်နေကျ။ မရောက်ဖူးသေးတဲ့ နေရာအသစ်အဆန်းတွေ သွား နေကျ။ ကိုဗစ်ရောဂါ ကျသွားရင် သွားမယ်လို့ စိတ်ကူးထားတာ။ အခု ကိုဗစ်ကူးစက်မှုကျနေပေမယ့်လည်း ဒီလိုမျိုး နိုင်ငံ ရေး မတည်မငြိမ်အခြေအနေနဲ့ စိတ်ဖြောင့်ဖြောင့် ခရီးသွားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလို အခြေအနေကြီးကနေ တည်ငြိမ် ကောင်းမွန်သွားမှပဲ ခရီးပြန်ထွက်မယ် ဆိုပြီး အားတင်းထားရတာပါပဲ” ဟု ရန်ကုန်မြို့တွင် နေထိုင်သူ မလွင်မာ က ပြော သည်။
လက်ရှိတွင်လည်း အစိုးရ ရုံးပိတ်ရက်လို ရက်များနှင့် အပတ်စဉ် ရုံးပိတ်ရက်များတွင် ခရီးသွားလာသူ တချို့ ရှိနေ သော်လည်း ယခင်ကထက် ရာခိုင်နှုန်းများစွာ ကျဆင်းနေသေးသည်။
ခရီးသွားကဏ္ဍကို မှီခိုနေသူများ၏ ဒုက္ခ
ပြည်တွင်း ခရီးသွားလုပ်ငန်းများအနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာလ သီတင်းကျွတ်ပိတ်ရက်များအတွင်း ပုဂံ၊ မန္တလေး၊ ချောင်းသာ၊ ငွေဆောင် စသည့် နေရာများသို့ ခရီးစဉ်များ ရောင်းချခဲ့ခြင်းများရှိခဲ့ပြီး ယခု ရက်ပိုင်းတွင် ခရီးသွားများ မရှိ သလောက် ပြန်ဖြစ်သွားကြောင်း ပုဂံဒေသခံ သုံးဘီးဆိုင်ကယ်မောင်းသူတဦးက ပြောသည်။
ဆက်လက်၍ ၎င်းက “သီတင်းကျွတ်ရက်ပိုင်းကတော့ လာကြတယ်။ ဒါပေမယ့်လည်း အရင်လို ခရီးသည်တင်ကားတွေနဲ့ လာ တာတော့ မရှိဘူး။ မိသားစုလိုက် ကိုယ်ပိုင်ကားလေးတွေနဲ့ လာတာကြောင့် တုပ်တုပ် (Tok Tok) တော့ အလုပ်သိပ် မဖြစ်ဘူးပေါ့။ ဒါပေမယ့်လည်း အရင် ၁ ကျပ်မှ မဝင်တာထက်တော့ အဲဒီရက်က တခေါက်၊ နှစ်ခေါက်သွားရတော့ ငွေလေး နည်းနည်း ရတာပေါ့” ဟု ပြောသည်။
ပုဂံဒေသသည် ဧည့်သည်ကို မျှော်ပြီး ဒေသခံများက စီးပွားရှာဖွေရသည့် ဒေသခုဖြစ်ပြီး လက်ရှိမှာတော့ ကိုဗစ်-၁၉ ရိုက် ခတ်မှုအပြင် အာဏာသိမ်းလိုက်ခြင်းကြောင့် မူလလုပ်ငန်းများကို စွန့်ခွာ၍ ကြုံရာကျပန်း လုပ်ကိုင်ကာ အသက်မွေးဝမ်း ကျောင်းကို ဖြေရှင်းနေသည့် အခြေအနေပင် ဖြစ်နေသည်။
တချို့သော တုပ်တုပ် မောင်းသည့်သူများမှာ ရှိစုမဲ့စု ပစ္စည်းများအပြင် မိမိမောင်းနေသည့် မြင်းလှည်း၊ တုတ်တုတ်တို့ကိုပါ ရောင်းချရသည့် အခြေအနေများပင် ရှိနေသည်ဟု ဒေသခံများက ပြောသည်။
“တုပ်တုပ်မောင်းရဖို့ ဒီဒေသက လူအများစုက အကြွေးနဲ့ ဝယ်ထားတာဆိုတော့ ကိုဗစ်ကြောင့် ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တဲ့အချိန်မှာပဲ အာဏာ ထပ်သိမ်းလိုက်တော့ လမ်းစပါ ပျောက်သွားတယ်။ အခုကတော့ ပြန်စဖို့ လမ်းစက ပျောက်သလို ဖြစ်နေပြီ။ Microfinance ချေးပြီး ဝယ်ထားတဲ့ တုတ်တုတ်ဖိုးကလည်း ကြာပြီဆိုတော့ အကြွေးပြန်တောင်း နေပြီ။ ပေးစရာက မရှိ ဒီလမှာတော့ မပေးရင် အတိုး ထပ်တက်မယ်ဆိုတော့ ဘာတွေဆက်လုပ်ရမလဲ မသိတော့ဘူး” ဟု ကိုသက်ဦးက ပြောပြသည်။
ယခင်က အကြွေးနှင့် သိန်း ၃၀ တန် တုပ်တုပ် တစီးကို ဝယ်ယူခဲ့ပြီး မိသားစု စားဝတ်နေရေးအတွက် အလုပ်လည်း ရှိ သလို လစဉ် တုပ်တုပ်ဖိုး ခွဲဆပ်ရမည့် အကြွေးကိုလည်း ပေးနိုင်ခဲ့သော်လည်း ကိုဗစ်ကပ်ဘေးနှင့် အာဏာသိမ်းမှုတို့ ကြောင့်ပါ လက်ရှိတွင် စီးပွားရေးများ ကျပ်တည်းကာ စားဖို့ပင် အနိုင်နိုင် ရှာဖွေနေရသဖြင့် အခက်ကြုံ နေရခြင်း ဖြစ်သည်။
ထို့ပြင် ပုဂံ ဟိုတယ်တချို့မှာလည်း ကိုဗစ်ကာလကတည်းက ကြံ့ကြံ့ခံလာရမှ ယခု နိုင်ငံရေးအခြေအနေသည် မည် သည့်ကာလထိ သွားမည်ကို မရေရာသဖြင့် ဟိုတယ်လုပ်ငန်းကိုဆက်မလုပ်တော့ဘဲ ဟိုတယ် များကိုပါ ရောင်းချသည် အထိ မြင်တွေ့လာရသည်။
ပြောင်းလဲ လုပ်ကိုင်လာသော ခရီးသွားကဏ္ဍ
လက်ရှိတွင် ခရီးသွားလုပ်ငန်း ဆောင်ရွက်သော ကုမ္ပဏီများ၊ လုပ်ငန်းရှင်များနှင့် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းဆောင် ရွက်နေကြသော ဧည့်လမ်းညွှန် တချို့ ပြည်ပထွက်ခွာပြီး သွားရောက်လုပ်ကိုင်သူများ ရှိသလို ကျန်သည့်သူများကလည်း စားသောက်ကုန်လုပ်ငန်းများ၊ ဆေးဝါး တင်သွင်း ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းများ၊ ကုန်ပစ္စည်း ပို့ဆောင်သည့် လုပ်ငန်း များ အစရှိသည်တို့တွင် ပြောင်းလဲ လုပ်ကိုင်လာကြသည်။
မြန်မာ့ခရီးသွား ကဏ္ဍသည် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် ပိတ်ထားရသည်မှာ ၂ နှစ်ဝန်းကျင် ရှိလာပြီ ဖြစ် သည့်အပြင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာ၏ စီးပွားရေးအရ ပိတ်ဆို့မှု များ၊ လုံခြုံမှု မရှိသည့် မြန်မာနိုင်ငံသို့ ၎င်းတို့၏ နိုင်ငံသားများအား သွားရောက်ခြင်းကို တားမြစ်ထားခြင်းများနှင့် ဒေသတွင်း မတည်ငြိမ်မှုများကြောင့် ခရီးသွား လုပ်ငန်းများ ပြန်လည် နာလန်ထူရန်မှာ လမ်းစ ပျောက်နေပြီဖြစ်သည်။
ထို့ကြောင့်လည်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများမှာ ပြည်ပထွက်ခွာခြင်း၊ တခြားလုပ်ငန်းများသို့ ပြောင်းလဲ လုပ်ကိုင်ခြင်း များ ရှိနေပြီး အနည်းငယ် ကျန်ရှိနေသောခရီးသွား လုပ်ငန်းများအနေနှင့်လည်း လုပ်ငန်း ပြန်လည်စတင်ချိန်တွင် လည်ပတ် နိုင်ရေး အတွက်သာ ဝန်ထမ်း အနည်းငယ်ကို ဆက်လက် ခန့်ထားနေသော်လည်း လုပ်ငန်းအများစုမှာ ရပ်တန့်နေကြောင်း သိရသည်။
ပြည်တွင်း ခရီးသွား ကုမ္ပဏီပိုင်ရှင်တဦးက “ကျနော်တို့ဆိုရင် အရင်က ဝန်ထမ်း ၁၀ ယောက်လောက်ရှိတဲ့ ခရီးသွား အေး ဂျင့် တခု ထောင်ထားတာ အခုကတော့ လုပ်ငန်းစရင် လုပ်နိုင်ဖို့ တယောက်လောက်ပဲ လစာပေးပြီး ခန့်ထားနိုင်တယ်။ ပြန်စဖို့သာ စလုပ်နေပေမယ့် ရေရာသေချာမှုကတော့ ဒီအချိန်မှာ မရှိသေးဘူး” ဟု ပြောပြသည်။
လက်ရှိတွင် ပြည်တွင်း ဘုရားဖူး လုပ်ငန်းများ စတင်ရန် ပြင်ဆင်နေသော်လည်း စစ်ကောင်စီနှင့် တိုက်ပွဲများ ပြင်းထန် နေ သည့် ချင်း၊ စစ်ကိုင်း၊ မကွေးနှင့် ကယားပြည်နယ်မှ ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးကလည်း ပြည်သူ များ ထိခိုက်မှု မရှိစေရေးအတွက် ယခုကာလအတွင်း ခရီးသွားလာခြင်း မပြုရန် အကြိမ်ကြိမ် သတိပေး ထုတ်ပြန်ထားကြ သည်။
ယခုလို နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသည့်အတွက် ပြည်တွင်းခရီးသွားလုပ်ငန်းမှာ ပြန်လည်စတင်စပြုသော်လည်း အောင်မြင်နိုင်ချေ နည်းပါးသဖြင့် ပြည်တွင်းခရီးသွား မအောင်မြင်ပါက စစ်ကောင်စီမျှော်မှန်းသည့် ပြည်ပ ခရီးသွားများ ဝင်ရောက်ရန်မှာလည်း မည်သို့မှ မဖြစ်နိုင်ကြောင်း အဆိုပါ ခရီးသွား လုပ်ငန်းရှင်က သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီ၏ မျှော်မှန်းမှု
လာမည့် ၂၀၂၂ ခုနှစ် အစောပိုင်းတွင် မြန်မာ၏ ပြည်ပခရီးသွားကဏ္ဍကို ပြန်လည်ဖွင့်လှစ်ရန်အတွက် စစ်ကောင်စီက လုပ် ဆောင်နေပြီး အရှေ့တောင်အာရှမှ ခရီးသွားများကို ကနဦး ပစ်မှတ်ထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စစ်ကောင်စီ၏ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် က ပြောသည်။
ယခုအချိန်တွင် ပြည်နယ်အချင်းချင်း ခရီးသွားလာမှု တားမြစ်ချက်များကို ရုပ်သိမ်းလိုက်ခြင်း၊ ဖြေလျှော့ခြင်းနှင့် အားလပ် ရက်များတွင် ဒေသခံအချို့အား အပန်းဖြေ ခရီးထွက်ရန် လှုံ့ဆော်ပေးနေပြီး လာမည့် ၂၀၂၂ ခုနှစ် ပထမ သုံးလပတ်တွင် ကမော္ဘဒီးယား၊ လာအို၊ ဗီယက်နမ်တို့ကို ပြန်လည်ဖွင့်လှစ်ရန် ရည်မှန်းထားကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် အာဆီယံနိုင်ငံများ ဖြစ်သော ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ လာအို အစရှိသည့် နိုင်ငံများက မိမိတို့နိုင်ငံတွင်းသို့ ခရီးသွား ဧည့်သည်များ ပြန်လည်ဝင်ရောက်ရန်အတွက် အစီအမံများ ချမှတ်ပြီး လက်ခံရန် စတင်နေပြီဖြစ်သည်။

မြန်မာနိုင်ငံအနေနှင့်က လက်ရှိအခြေအနေအရ ပြည်ပ ခရီးသည်များ လက်ခံရန် မဆိုထားနှင့် ပြည်တွင်းဘုရားဖူးများ လည်ပတ်နိုင်ရေးကိုပင် ဆောင်ရွက်နိုင်သည့် အနေအထားပင် မရှိသေးကြောင်း ခရီးသွား လုပ်ငန်းရှင်များက သုံးသပ် ပြောဆိုသည်။
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး စစ်အာဏာရှင်တက်လာသည့် အချိန်မှစ၍ နိုင်ငံရေး မတည်ငြိမ်မှုများ၊ ကပ်ရောဂါနှင့် ၎င်း၏ ဘေးထွက်ဆိုးကျိုးကို ရုန်းကန်ရမှုများက ပြည်သူများအတွက် ထပ်တိုးလာခဲ့သည်။
ကမာ္ဘ့အစီရင်ခံစာများက မီးမောင်းထိုးပြနေသည့် မြန်မာ့ခရီးသွား
အာရှဖွံ့ဖြိုးရေးဘဏ်၏ နောက်ဆုံး အစီရင်ခံစာအရ “မသေချာ မရေရာသော အခြေအနေကြောင့် ၂၀၂၂ ခုနှစ်အတွက် ခန့်မှန်းချက်ပင် မပေးနိုင်သည့် အခြေအနေဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စီးပွားရေးသည် ၁၈ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျူံ့သွားနိုင်ကြောင်း ဖော်ပြထားသည်။
ကမာ္ဘ့ဘဏ်၏ အစီရင်ခံစာကမူ စီးပွားရေးအခြေအနေများနှင့် သင့်တော်သည့် တုံ့ပြန်ကာကွယ်ဆောင်ရွက်မှုများ ပြုနိုင်ရန် ပြည်သူ့ကျန်းမာရေးစနစ်တွင် စွမ်းဆောင်နိုင်စွမ်း လတ်တလောအခြေအနေတွင် မရှိသည့်အတွက် ၂၀၂၀ ပြည့်နှစ်က ကြုံတွေ့ခဲရသည့် အခြေအနေထက် သိသိသာသာ ဆိုးရွားနိုင်ကြောင်း ဆိုသည်။
ခရီးသွား လုပ်ငန်းသည် ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှု၏ ၆ ရာ ခိုင်နှုန်းခန့်ကို ပံ့ပိုးပေးခဲ့ကြောင်း ကမာ္ဘ့ခရီးသွားလုပ်ငန်းနှင့် ခရီးသွားလာရေးကောင်စီ (WTTC) က သိရသည်။
ထို့ပြင် ကိုဗစ်ရောဂါကြောင့် မြန်မာနိုင်ငံကို ခရီးမသွားသင့်သော နိုင်ငံအဆင့်အဖြစ် အမေရိကန် ရောဂါကာကွယ် ထိန်းချုပ် ရေး စင်တာ (CDC) က အမြင့်ဆုံး သတ်မှတ်သတ်မှတ်ထားသလို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများကလည်း ဆက်တိုက် ရှိနိုင်ကြောင်း သုံးသပ်ထားသည်။
အိမ်နီးချင်းနိုင်ငံများက ခရီးသွားလုပ်ငန်းများ စတင်လာကြ
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းမှာပင် အာဆီယံ ဒေသတွင်း နိုင်ငံများက၂၀၂၁ မကုန်မီအတွင်း နိုင်ငံတကာ ခရီးသွား များကို ပြန်လည်လက်ခံမယ့် အစီအစဉ်များကို အပြိုင်အဆိုင် ချပြနေကြပြီး ထိုင်း၊ စင်ကာပူ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ ကမော္ဘဒီးယား တို့ပင် တရားဝင်ချပြထားသည့် အခြေအနေ ဖြစ်သည်။
အခြား အာဆီယံနိုင်ငံများကလည်း မကြာမီ ကြေညာရန်အတွက် ပြင်ဆင်နေကြသလို ယခုနိုဝင်ဘာလတွင်လည်း ဗီဇာ ထုတ်ပေးရေး အစီအစဉ် အသစ်များ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေး လုပ်ငန်းများကို ဖွံ့ဖြိုးစေမည့် နေထိုင်ခွင့် ပုံစံ အသစ် များကို အပြိုင်အဆိုင် တင်ပြနေကြပြီဖြစ်သည်။
မြန်မာနိုင်ငံတွင်မူ ပြည်တွင်း နိုင်ငံရေးနှင့် လုံခြုံရေး မတည်ငြိမ်ခြင်း၊ ဘက်စုံစီးပွားရေး ကျဆင်းခြင်း၊ ဘဏ်နှင့် ငွေကြေး စနစ် မတည်ငြိမ်ခြင်း တို့ကြောင့် ကိုဗစ်ကပ်ရောဂါ ကူးစက်မှု သက်သာလာပြီး ကာကွယ်ဆေးထိုးပြီးသူများ များပြားလာ သည့်တိုင်အောင် ခရီးသွားလုပ်ငန်းများ လည်ပတ်ရန် မလွယ်သေးကြောင်း သိရသည်။
ခရီးသွားလုပ်ငန်းရှင် တဦးက “ပြည်တွင်းခရီးသွားတွေ အောင်မြင်အောင် မလည်ပတ်နိုင်သေးရင် ပြည်ပခရီးသွားများကို လက်ခံဖို့ တော်တော် ခက်ခဲဦးမှာပါ။ နိုင်ငံ ဝင်ပေါက်များကိုဖွင့်ပြီး ဗီဇာ ပေးမယ်ဆိုရင်တောင် လေကြောင်းလိုင်းများ ပုံမှန် ပျံသန်းမှု မရှိသေးဘဲ Relief Flight များ အဖြစ်နဲ့သာ ဆက်လက်ရှိနေသေးရင် နိုင်ငံတကာက ခရီးသည်များကို သယ် ဆောင် မပေးနိုင်သေးပါဘူး။ တဆင့်ခံပြီး လာရမယ့် Transit ခရီးသည်များဆို ပိုမိုခက်ခဲပါဦးမယ်” ဟု သုံးသပ်ထားသည်။
အရပ်သား အစိုးရထံမှ အာဏာသိမ်းသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (နစက) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် က ပြီးခဲ့သည့် ဇွန်လ ရုရှားနိုင်ငံ မော်စကိုခရီးစဉ်တွင် ရုရှားကမာ္ဘလှည့် ခရီးသွားများ မြန်မာနိုင်ငံကို လာလည်ရေး ဆွေးနွေးခဲ့သည် ပြောနေသော်လည်း တကယ်တမ်း မြန်မာသို့ လာ ရောက်လည် ပတ်ကြသူများမှာ အနောက်နိုင်ငံသား များနှင့် တရုတ်န်ိုင်ငံသားများသာဖြစ်သည်။
လက်ရှိအချိန်တွင်မူ ခရီးသွားလုပ်ငန်း အပါအဝင် စီးပွားရေး လုပ်ငန်းများ ကောင်းမွန်စေမည့် အစီအစဉ်များက မြန်မာ ပြည်သူများအတွက် အလှမ်းဝေးနေဆဲ အချိန်ဖြစ်သည်ဟု ခရီးသွားလုပ်ငန်းရှင်တဦးက မှတ်ချက်ပြု ပြောဆိုသည်။
You may also like these stories:
ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်စရန် အခက်ကြုံ
မြန်မာ့ခရီးသွားကဏ္ဍ ဆိတ်သုဉ်းသွားခြင်း