ဆောင်းပါး

အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း - ၅)

၁၉၄၇ နှင့် ခွဲထွက်ခွင့်

မြန်မာပြည် ပြည်ထောင်စုအကြောင်း ပြောရလျှင်လည်း ခွဲထွက်ခွင့်ကို ချန်လှပ်၍ မဖြစ်ပေ။ ပြည်ထောင်စုကို အစပြုခဲ့ သည့် ၁၉၄၇ ပင်လုံဆွေးနွေးမှုများ၊ ပင်လုံကတိကဝတ်များနှင့် ၁၉၄၇ အခြေခံဥပဒေတို့တွင် ခွဲထွက်ခွင့်သည် ထင်ရှား ရှင်းလင်းစွာ ပါဝင်နေ၍ ဖြစ်သည်။

တောင်တန်းပြည်မ ပူးပေါင်း၍ လွတ်လပ်ရေး အတူတကွယူရန် ရယူခဲ့သည့် ၁၉၄၇ ပင်လုံ သဘောတူညီချက်၊ ပင်လုံ ကတိကဝတ်ကို ပြောလျှင် ခွဲထွက်ခွင့်ကို ထည့်သွင်းပြောဆိုမှသာ ဖြစ်ပေလိမ့်မည်။

မြန်မာပြည် ပြည်ထောင်စုအရေးကို ပြောမည်ဆိုလျှင် ၁၉၄၇ ပင်လုံစာချုပ်နှင့် ပင်လုံ ကတိကဝတ်ကို ဖယ်ထား၍ မရ။

ထို့ကြောင့်လည်း ရှေ့ပိုင်းတွင် မြန်မာပြည် ပြည်ထောင်စုအရေးကို ပြောမည်ဆိုလျှင် ၁၉၄၇ ပင်လုံစာချုပ်နှင့် ပင်လုံ ကတိကဝတ်ကို ဖယ်ထား၍ မရဟု ဆိုခဲ့သည်။

ပင်လုံစာချုပ် ချုပ်ဆိုရေးနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ပါဝင် ဆွေးနွေးကြသော တိုင်းရင်းသားလူမျိုး ခေါင်းဆောင်များက ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ခွဲထွက်ခွင့်ကို မူအရ ဆုပ်ကိုင်ထားခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ခွဲထွက်ခွင့် ဆိုသည်ကို မြန်မာခေါင်းဆောင် အများစုက လိုလားနှစ်သက်မှု မရှိကြဟု မှတ်တမ်း ပြုထားသည်ကို တွေ့ရပြီး နောက်ဆုံး ဆွေးနွေးပွဲတွင် တိုင်းရင်းသား လူမျိုးများဘက်က ရပ်တည်ပြီး ခွဲထွက်ခွင့်အား ထောက်ခံသည်မှာ ဗိုလ်ချုပ်အောင်ဆန်းသာ ရှိသည်ကို တွေ့ရသည်။

ခွဲထွက်ခွင့်ကို ပေးထားရမယ်။ ခွဲမထွက်ချင်အောင် လုပ်ရမှာက ကျုပ်တို့ တာဝန်။ ပေါင်းပြီးမှ ခွဲထွက်လာချင်တယ်ဆိုရင် ကျုပ်တို့ ဗမာတွေ သောက်သုံးမကျလို့ဘဲ

အဆိုပါ ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းက “ခွဲထွက်ခွင့်ကို ပေးထားရမယ်။ ခွဲမထွက်ချင်အောင် လုပ်ရမှာက ကျုပ်တို့ တာဝန်။ ပေါင်းပြီးမှ ခွဲထွက်လာချင်တယ်ဆိုရင် ကျုပ်တို့ ဗမာတွေ သောက်သုံးမကျလို့ဘဲ” ဟု ပြတ်ပြတ်သားသား ရပ်တည်မှ ခွဲထွက်ခွင့်ကို မလိုလားသူများ လက်လျှော့သွားခဲ့သည်။

“ခွဲထွက်ခွင့် ရှိတယ်ဆိုပြီး ခုပေါင်း၊ ခုခွဲလုပ်ရင်လည်း မကောင်းဘူး။ ကျုပ်တို့ လွတ်လပ်ရေးရပြီးရင် တိုင်းပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ၊ အလုပ်တွေ အများကြီး ရှိတယ်။ ၅ နှစ်စီမံကိန်း နှစ်ကြိမ် ၁၀ နှစ်လောက်တော့ ပေါင်းကြည့်ကြပါ။ ဒါမှလည်း ကျုပ်တို့ဗမာတွေရဲ့ စေတနာကို ခင်ဗျားတို့ သိမယ်။ အဲဒီနောက် မကြိုက်ရင်ခွဲပေါ့” ဟု ဗိုလ်ချုပ်အောင်ဆန်း ပြောဆိုခဲ့သည်ကို ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် တောင်ကြီး ဦးထွန်းမြင့်က မှတ်တမ်းပြုထားသည်ကို တွေ့ရသည်။

ပင်လုံစာချုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း လက်မှတ်ရေးထိုးစဉ်

ဤဆွေးနွေးချက်များကို အခြေပြု၍ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ အခန်း (၁၀) တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။

အခန်း (၁၀) ခွဲထွက်နိုင်သော အခွင့်အရေး

ပုဒ်မ ၂၀၁ တွင် ဤအခြေခံဥပဒေ၌သော်လည်းကောင်း၊ ပုဒ်မ ၁၉၉ အရ ပါလီမန်ကပြုသော အက်ဥပဒေ၌သော် လည်းကောင်း၊ အခြားပြဋ္ဌာန်းချက် ပြဋ္ဌာန်းထားခြင်း မရှိလျှင် အောက်၌ပြဋ္ဌာန်းထားသော စည်းကမ်းချက်များနှင့်အညီ ပြည်ထောင်စုနိုင်ငံမှ ခွဲထွက်ရန် ပြည်နယ်တိုင်း၌ အခွင့်အရေး ရှိရမည်။

ပုဒ်မ ၂၀၂ ဤအခြေခံဥပဒေ အာဏာတည်သည့်နေ့မှ ၁၀ နှစ်အတွင်း ခွဲထွက်နိုင်သော အခွင့်အရေးကို အသုံးမပြုရ၊ ပုဒ်မ ၂၀၃ (၁) ခွဲထွက်နိုင်သော အခွင့်အရေးကို သုံးစွဲလိုသည့် ပြည်နယ်သည် ခွဲထွက်လိုကြောင်း အဆိုကို မိမိပြည်နယ် ကောင်စီတွင် တင်သွင်းအတည်ပြုရမည်၊ ပြည်နယ်ကောင်စီရှိ အမတ် စုစုပေါင်းအနက် သုံးပုံနှစ်ပုံအောက် မလျော့သော အမတ်များက ထိုအဆိုကို ထောက်ခံ၍ မဲပေးခြင်း မပြုလျှင် အတည်ပြုသည်ဟု မမှတ်ယူရ။

ပုဒ်မ ၂၀၃ (၂) သက်ဆိုင်ရာ ပြည်နယ်၏ ဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီ၏ ဆုံးဖြတ်ချက်ကို နိုင်ငံတော် သမ္မတအား အကြောင်းကြားရမည်။ ထို့ပြင် အတည်ပြုလိုက်သော ကောင်စီ၏ သဘာပတိက ဟုတ်မှန်ကြောင်း လက်မှတ်ရေးထိုးသော ဆုံးဖြတ်ချက် မိတ္တူတစောင်ကို နိုင်ငံတော်သမ္မတထံသို့ ပြည်နယ်ဥက္ကဋ္ဌက တင်ပြရမည်။

ပုဒ်မ ၂၀၄ ထိုအခါ နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ ပြည်နယ်၏ လူထုဆန္ဒခံယူပွဲကို ကျင်းပစေရန် အမိန့်ထုတ်ရမည်၊ လူထုဆန္ဒခံယူပွဲ ကျင်းပခြင်းမှာ သက်ဆိုင်ရာ ပြည်နယ်ရှိ ပြည်သူတို့၏ ဆန္ဒအမှန်ကို သိရှိနိုင်ရန် ဖြစ်သည်။

ပုဒ်မ ၂၀၅ နိုင်ငံတော်သမ္မတသည် လူထုဆန္ဒခံယူပွဲ ကော်မရှင်တဖွဲ့ကို ခန့်ရမည်။ ထိုအဖွဲ့တွင် ပြည်ထောင်စုမှ လည်းကောင်း၊ သက်ဆိုင်ရာ ပြည်နယ်မှလည်းကောင်း ကိုယ်စားလှယ်ဦးရေ အညီအမျှ ပါဝင်ရမည်။ ထိုအဖွဲ့သည် လူထု ဆန္ဒခံယူပွဲကို ကြီးကြပ်စီမံရန် ဖြစ်သည်။

ပုဒ်မ ၂၀၆ ဤအခန်းရှိ ပြဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ အဆိုပါ ခွဲထွက်နိုင်သော အခွင့်အရေး အသုံးပြုခြင်းနှင့် စပ်လျဉ်းသော ကိစ္စအားလုံးကို ဥပဒေဖြင့် စည်းမျဉ်းသတ်မှတ်ရမည်။

အထက်ပါအတိုင်း ခွဲထွက်ရေး၊ ခွဲထွက်နိုင်ခွင့်နှင့် ပတ်သက်၍ ၁၉၄၇ ခုနှစ် အခြေခံဥပဒေ၊ အခန်း ၁၀ တွင် ပုဒ်မ ၂၀၁ မှ ၂၀၆ အထိ ပုဒ်မ ၆ ခုဖြင့် ဖော်ပြ ပြဋ္ဌာန်းထားခဲ့ပါသည်။

၁၉၄၇ အခြေခံဥပဒေတွင် ခွဲထွက်ခွင့်အား ဥပဒေကြောင်းအရ လူထုအများစုဆန္ဒအပေါ် အခြေပြု ဆုံးဖြတ်ရန် ရေးဆွဲထား သည်ကို တွေ့ရပြီး ခွဲထွက်နိုင်သော အခွင့်အရေးသည် သက်ဆိုင်ရာ ပြည်နယ်၏ လူထုဆန္ဒအပေါ်တွင်သာ တည်မှီသည်။

၁၉၄၇ အခြေခံဥပဒေတွင် ခွဲထွက်ခွင့်အား ဥပဒေကြောင်းအရ လူထုအများစုဆန္ဒအပေါ် အခြေပြု ဆုံးဖြတ်ရန် ရေးဆွဲထား သည်ကို တွေ့ရပြီး ခွဲထွက်နိုင်သော အခွင့်အရေးသည် သက်ဆိုင်ရာ ပြည်နယ်၏ လူထုဆန္ဒအပေါ်တွင်သာ တည်မှီသည်။

ပြည်ထောင်စုတွင် ပါဝင်သော အခြားလူမျိုးများပေါ်တွင်လည်းကောင်း၊ လူတစု၊ တပါတီ၊ အုပ်စုတစု၊ အင်အားစုတစုပေါ် တွင်လည်းကောင်း မတည်မှီခဲ့ပေ။ သက်ဆိုင်ရာ ပြည်နယ်ရှိ လူမျိုး၊ လူထုအများစု၏ ဆန္ဒသဘောထားအပေါ်၌သာ အခြေပြု၍ ခွဲထွက်ခွင့်ကို အသိအမှတ် ပြုပေးသည်။

ဤသည်ပင်လျှင် လူမျိုးတမျိုး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြု လေးစားခြင်း ဖြစ်ပေသည်။

သို့ဖြစ်ရာ ၁၉၄၇ ပင်လုံနှင့် ၁၉၄၇ အခြေခံဥပဒေသည် တိုင်းရင်းသား လူမျိုးများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ခွဲထွက်ခွင့်အား အသိအမှတ် ပြုခဲ့သည့် သမိုင်းမှတ်တမ်း ဖြစ်သည်။ သမိုင်းဆိုင်ရာ အချက်အလက်များကို ဖယ်ရှားဖျောက်ဖျက် ဖုံးကွယ်ပစ်ရန် မဖြစ်နိုင်ပေ။

သို့သော် တဆက်တည်း တွေ့ရှိရသည်မှာ ၁၉၄၇ ပင်လုံမှစ၍ ယနေ့အထိ တိုင်းရင်းသား လူမျိုးတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ခွဲထွက်ခွင့်ကို ရဲရဲတင်းတင်း အသိအမှတ် ပြုခဲ့သည့် ဗမာလူမျိုးခေါင်းဆောင်မှာ ဗိုလ်ချုပ်အောင်ဆန်း တယောက်သာ ရှိခဲ့သည်ကို တွေ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းသည်လည်း ပင်လုံစာချုပ်လက်မှတ်ထိုးပြီး ၅ လအကြာတွင် လုပ်ကြံခံခဲ့ရသည်ဖြစ်ရာ သူ၏ လက်တွေ့ အကောင်အထည်ဖော်မှုကို မမြင်ခဲ့ရပေ။

နောက်ပိုင်း ပြည်မမှ ခေါင်းဆောင်များက ခွဲထွက်ရေးကို ဆန့်ကျင်ခဲ့သည်ကို တွေ့ရသည်။ ၁၉၆၁-၁၉၆၂ ဖက်ဒရယ်အရေး ပြင်းထန်စွာ လှုပ်ရှားချိန်တွင် စစ်တပ်ခေါင်းဆောင်များသာမက ပြည်မမှ နိုင်ငံရေးခေါင်းဆောင်များ ဖြစ်သည့် ပထစ အစိုး ရရော၊ အတိုက်အခံများ ဖြစ်သည့် တည်မြဲဖဆပလရော၊ ပမညတပါ ဖက်ဒရယ်စနစ်ကို ဆန့်ကျင်ခဲ့ကြသည်ကိုတွေ့ရသည်။

ဖြစ်စဉ်များကို ပြန်ပြောင်းသုံးသပ်လျှင် ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ပိုင်း မြန်မာလူမျိုး ခေါင်းဆောင်များသည် တိုင်းရင်းသား လူမျိုးများ၏ ခွဲထွက်ခွင့်ကို မလိုလား လက်မခံကြပေ။

ဤဖြစ်စဉ်များကို ပြန်ပြောင်းသုံးသပ်လျှင် ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ပိုင်း မြန်မာလူမျိုး ခေါင်းဆောင်များသည် တိုင်းရင်းသား လူမျိုးများ၏ ခွဲထွက်ခွင့်ကို မလိုလား လက်မခံကြပေ။

တကယ်က ၁၉၄၇ ပင်လုံတုန်းကလည်း ခွဲထွက်ခွင့်အား ဗိုလ်ချုပ်အောင်ဆန်းမှအပ ကျန်မြန်မာခေါင်းဆောင်များ လက်မခံနိုင်ဘဲ ဆန့်ကျင်ကြသည်ကို တွေ့ရသည်။ နောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်း၏ ဩဇာကို မလွန်ဆန်နိုင်ဘဲ လက်ခံခဲ့ရသည်ကို တွေ့ရသည်။

ဤသို့ မြန်မာခေါင်းဆောင်များ တိုင်းရင်းသားလူမျိုးများ၏ ခွဲထွက်ခွင့်ကို လက်မခံနိုင်ခြင်းသည် အဘယ်ကြောင့်ပါနည်း။ စုစည်းမှသာ အင်အားရှိမည်ဆိုသည့် အခြေခံပေါ်က စဉ်စားချက်လည်း ဖြစ်နိုင်သည်။ ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင် ငံတော်တို့ကဲ့သို့ စတုတ္ထ မြန်မာနိုင်ငံတော် ထူထောင်လိုသည့် စဉ်းစားမှုကြောင့်လည်း ဖြစ်နိုင်သည်။

ပြည်ထောင်စုဆိုသည်မှာ ပြည်ထောင်စုတွင် ပါဝင်သည့် ပြည်နယ်များ၊ တိုင်းရင်းသား လူမျိုးများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အား အသိအမှတ် ပြုထားသည့်အပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်ကို မေ့လျောပြီး ပြည် ထောင်စု အဓိပ္ပာယ်အား လွဲချော်ဖွင့်ဆိုနေ၍လည်း ဖြစ်နိုင်သည်။

ထို့ပြင် ခွဲထွက်ခွင့်နှင့် ပတ်သက်၍ ကြည့်မြင်ပုံ၊ ကိုင်တွယ်ဖြေရှင်းပုံ မှားယွင်းသည်ဟု ဆိုရမည်။

ဤနေရာတွင် ခွဲထွက်ခွင့်နှင့် ပတ်သက်၍ ရှင်းလင်းစွာ ကြည့်မြင်ရန် လိုသည်။ ပထမအချက်မှာ ခွဲထွက်ခွင့်အား လူမျိုးတမျိုး၏ မွေးရာပါ အခွင့်အရေးအဖြစ် ကြည့်မြင်ခြင်း ဖြစ်ပြီး ဒုတိယအချက်မှာ ခွဲထွက်ရန် မလိုသည့် ပြည်ထောင်စု ပုံစံအား အဖြေရှာခြင်း ဖြစ်သည်။

တတိယအချက်မှာ ခွဲထွက်ခွင့်အား လက်တွေ့ တောင်းဆိုလာပါက စနစ်တကျ ငြိမ်းချမ်းစွာ ဖြေရှင်းခြင်း ဖြစ်ပြီး စတုတ္ထ အချက်မှာ ခွဲထွက်ခွင့် ရှိသည်ဆိုတိုင်း လက်တွေ့တွင် ခွဲထွက်ရန် မဖြစ်နိုင်သည့် အခြေအနေများ ရှိသည်ဆိုသည်ကို သဘောပေါက်ရန် လိုခြင်း ဖြစ်သည်။

ပင်လုံစာချုပ်ရေးထိုးပွဲ တက်ရောက်ကြသော တိုင်းရင်းသားခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ

သို့ဖြစ်ရာ မြန်မာနိုင်ငံ ပြည်ထောင်စုပြဿနာကို ဖြေရှင်းရာတွင် ၁၉၄၇ ပင်လုံ၌ အသိအမှတ် ပြုခဲ့သော တိုင်းရင်းသား လူမျိုးများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ခွဲထွက်ပိုင်ခွင့်အား ဦးစွာ အသိအမှတ်ပြုရန် လိုသည်။

ထိုအချက်ကို လက်ရှိအချိန်ထိ မြန်မာတို့၏ အမျိုးသားခေါင်းဆောင်အဖြစ် ယနေ့တိုင် အသိအမှတ် ပြုထားသော ဗိုလ်အောင်ဆန်း ကိုယ်တိုင် အသိအမှတ် ပြုထားသည့် အချက်ဖြစ်သည်ကို လေးနက်ရန် လိုသည်။

မြန်မာတို့နှင့် တိုင်းရင်းသားလူမျိုးတို့ကြား ပထမဆုံးအကြိမ်နှင့် တခုတည်းသော သဘောတူညီချက်အဖြစ် ရှိနေသော စာချုပ်နှင့် ပတ်သက်၍ မြန်မာတို့သည် ကတိတည်သော လူမျိုးဖြစ်ရန် လိုအပ်ပါသည်။

သို့မှသာ တိုင်းရင်းသား လူမျိုးများ၏ ယုံကြည်မှု ပိုရပေမည်။ မြန်မာပြည် ပြည်ထောင်စုသည် ခွဲထွက်ခွင့်အား အသိအမှတ် ပြုထားသည်မှ အစပြုထားသည်ဖြစ်ရာ ခွဲထွက်ခွင့်အား ပစ်ပယ် ဖုံးကွယ်၍ ဖြေရှင်းရန် မဖြစ်နိုင်ပေ။ ခွဲထွက်ခွင့်အား အသိအမှတ်ပြု ဖြေရှင်းရန် လိုအပ်သည်။

ခွဲထွက်ခွင့် ပြဿနာသည် မြန်မာတနိုင်ငံတည်း ရင်ဆိုင်နေရသည့် ပြဿနာ မဟုတ်ဘဲ ကမ္ဘာအနှံ့ ပေါင်းစည်းထားသည့် နိုင်ငံတိုင်း ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာ ဖြစ်သည်။ ခွဲထွက်ခွင့်အား အသိအမှတ် မပြုရုံမျှနှင့် ထိုပြဿနာကို ဖြေရှင်း နိုင်မည် မဟုတ်ပါ။

အသိမှတ် ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ရင်ဆိုင်ဖြေရှင်းရန် လိုအပ်မည်သာ ဖြစ်သည်။ အသိမှတ်ပြု၍ ဖြေရှင်းသည်က ပို၍ နှစ်ဦးနှစ်ဖက် နားလည်မှုရပြီး ပြေလည်အောင် ဖြေရှင်းနိုင်ရန် အခွင့်အလမ်း ပိုသည်ကို သဘောပေါက်ရန် လိုပါသည်။

အသိမှတ် ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ရင်ဆိုင်ဖြေရှင်းရန် လိုအပ်မည်သာ ဖြစ်သည်။ အသိမှတ်ပြု၍ ဖြေရှင်းသည်က ပို၍ နှစ်ဦးနှစ်ဖက် နားလည်မှုရပြီး ပြေလည်အောင် ဖြေရှင်းနိုင်ရန် အခွင့်အလမ်း ပိုသည်ကို သဘောပေါက်ရန် လိုပါသည်။

စစ်အာဏာသိမ်း ဆန့်ကျင်ရေး ရန်ကုန်တွင် တိုင်းရင်းသားလူငယ်များ ဆန္ဒပြကြစဉ်

ဦးစွာအားဖြင့် ခွဲထွက်ခွင့်ကို အသိအမှတ်ပြုရန် လိုသည်၊ ခွဲထွက်ခွင့်ရော ပေါင်းစည်းခွင့်ပါ တိုင်းရင်းသား လူမျိုးတိုင်း၏ မွေးရာပါ အခွင့်အရေး ဖြစ်သည်။ ဤသို့ ခွဲထွက်ခွင့်ကို အသိအမှတ် ပြုခြင်းသည် တိုင်းရင်းသားလူမျိုးများ၏ မွေးရာပါ အခွင့် အရေးအား အသိအမှတ် ပြုခြင်းသာဖြစ်ပြီး ခွဲထွက်ခွင့်ကို အားပေးသည် အဓိပ္ပာယ် မသက်ရောက်။

ပြည်ထောင်စုအား ဖြိုခွဲသူအဖြစ် စွပ်စွဲ ပြစ်တင်ခြင်း မပြုရန် လိုသည်။ မတူသော နိုင်ငံရေးအမြင်များအား စွပ်စွဲ ပြစ်တင် တိုက်ခိုက်မှု မပြုလုပ်ရန် လိုသည်။ ထို့သို့ပြုလုပ်က ပဋိပက္ခသည် ပိုမိုကြီးမားပြီး ထိပ်တိုက်ရင်ဆိုင်ရမှုများ ဖြစ်ပေါ်ကာ ဖြေ ရှင်းရန် ပိုမိုခက်ခဲသွားမည် ဖြစ်ပါသည်။

ထို့ပြင် အနှစ် ၇၀ ကျော် ပြည်တွင်းစစ်နှင့် နပန်းလုံးနေရသော တိုင်းရင်းသား လူမျိုးများအရေး၊ ပြည်ထောင်စု အရေးကို အမြန်ဆုံး ဖြေရှင်းရန် လိုအပ်နေသော မြန်မာပြည်တွင် တိုင်းရင်းသား လူမျိုးများ အရေးကို ဖြေရှင်းရန်အတွက် သမရိုးကျ နည်းလမ်းများ၊ အစဉ်အလာ လမ်းဟောင်းများမှ ဖောက်ထွက်ရန် လိုအပ်သည်။

တိုင်းရင်းသား လူမျိုးအရေးကို ဖြေရှင်းရာတွင် အသုံးပြုသည့် နည်းလမ်းအားလုံးကို ထည့်သွင်းစဉ်းစားရန် လိုသည်။ ယခင်က မစဉ်းစားခဲ့သည့် နည်းလမ်းများအားလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပေလိမ့်မည်။

လက်မခံ ထည့်သွင်း စဉ်းစားခြင်းမပြု သို့မဟုတ် ပြောင်းလဲခြင်း မပြုပါက လျင်မြန်စွာ ပြောင်းလဲနေသော အခြေအနေက လက်မခံ သို့မဟုတ် ပြောင်းလဲခြင်း မပြုလိုသူများအား တိုက်စားဖြတ်ကျော် ဝါးမြိုသွားပေလိမ့်မည်။

ဆက်ရန်ရှိသည်။

(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦးဖြစ်သည်။)

You may also like these stories:

အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၁)

အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၂)

အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၃)

အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း -၄ )

Loading