တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်၍ ယေဘူယျသုံးသပ်ချက်
လက်ရှိ မြန်မာပြည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်း လူအင်အား၊ လက်နက်အင်အား တောင့်တင်းသည့် (သို့မဟုတ်) တစုံတရာ အင်အားရှိကြသည့် အဖွဲ့များမှာ အောက်ပါအတိုင်း ဖြစ်သည်။
“ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ/ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSP/UWSA)၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးကော်မတီ/ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (PSC/NDAA)၊ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့/ ကချင်အမျိုးသားလွတ်မြောက်ရေးတပ် (KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင်စစ်တပ် (ULA/AA) တို့ ဖြစ်သည်။
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ မြန်မာနိုင်ငံ အမှန် တရားနှင့် တရားမျှတသောပါတီ/ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA)၊ ကရင် အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNU/KNLA)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ/ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (NMSP/MNLA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ/ ကရင်နီတပ်မတော် (KNPP/KA)၊ ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုး သားတပ်မတော် (CNF/CNA) တို့ ဖြစ်သည်။
မြန်မာပြည်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ခန့် ရှိသည့်အနက် ၁၂ ဖွဲ့ခန့်က အင်အား အတန်အသင့်ရှိပြီး တိုက်ခိုက်နိုင်စွမ်း ရှိသည်ကို တွေ့ရသည်။ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အင်အား စုစုပေါင်းမှာ ၁ သိန်းခွဲခန့် ရှိပြီး အင်အား ၅ သောင်းခန့်မှာ ပြီးခဲ့သည့် ၁၀ နှစ်အတွင်းမှ တိုးလာခဲ့ခြင်း ဖြစ်သည်။
အထက်ပါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပြင် ကရင်အမျိုးသားအစည်းအရုံး/ ကရင်လွတ်မြောက်ရေး တပ်မတော် – ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ တိုးတက်သောဗုဒ္ဓဘာသာ ကရင့်တပ်မတော် (DKBA)၊ DKBA ခွဲထွက်၊ ရခိုင် လွတ်မြောက်ရေးပါတီ/ ရခိုင်လွတ်မြောက်ရေးတပ်မတော် (ALP/ALA)၊ ရခိုင်အမျိုးသားကောင်စီ/ ရက္ခိုင်စစ်တပ် (ANC/ AA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်/ ပအိုဝ်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ လားဟူဒီမိုကရက်တစ်တပ်ဦး (LDU) စသည့် အဖွဲ့များ လည်း ရှိသေးသည်။

ယင်းအဖွဲ့များအနက် ANC/AA နှင့် DKBA ခွဲထွက်တို့မှလွဲ၍ ကျန်အဖွဲ့များသည် တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားပြီး ထိုအဖွဲ့အားလုံးသည် စစ်အင်အား နည်းပါးကာ စစ်ရေးအရ ခြိမ်းခြောက်နိုင်စွမ်း နည်းသည်။
ချင်းတွင်းမြစ် အထက်ပိုင်း ဝဲယာတွင် ရှမ်းနီတပ်မတော် (SNA) အမည်ဖြင့် လှုပ်ရှားမှု တွေ့ရသော်လည်း တိုက်ပွဲအချို့သာ ရှိပြီး ယင်းအဖွဲ့အား စစ်တပ်က လက်ခံဆွေးနွေးရန် ငြင်းပယ်ထားသည်။
နာဂတောင်တန်းတွင် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကက်ပလန် (NSCN-K) တဖွဲ့ ရှိသေးသော်လည်း စစ်အင်အား နည်းပါးပြီး မြန်မာစစ်တပ်အား ဦးတည်တိုက်ခိုက်ခြင်း မရှိပါ။
မြန်မာပြည်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ခန့် ရှိသည့်အနက် ၁၂ ဖွဲ့ခန့်က အင်အား အတန်အသင့်ရှိပြီး တိုက်ခိုက်နိုင်စွမ်း ရှိသည်ကို တွေ့ရသည်။ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အင်အား စုစုပေါင်းမှာ ၁ သိန်းခွဲခန့် ရှိပြီး အင်အား ၅ သောင်းခန့်မှာ ပြီးခဲ့သည့် ၁၀ နှစ်အတွင်းမှ တိုးလာခဲ့ခြင်း ဖြစ်သည်။
အဓိက AA၊ MNDAA၊ TNLA တပ်ဖွဲ့အင်အားများ တိုးလာခြင်းဖြစ်ပြီး RCSS၊ SSPP နှင့် အခြားအဖွဲ့များ အင်အားအနည်း ငယ်စီ တိုးလာခြင်းလည်း ပါဝင်သည်။
ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း မြန်မာစစ်တပ်၏ အာဏာ ရယူမှုအား ပြင်းထန်သည့် ဆန့်ကျင်မှုများ ကယားပြည်နယ်တွင် တွေ့ရပြီးနောက် လှုပ်ရှားမှုများက လျော့မသွားခဲ့ဘဲ တဖြည်းဖြည်း မြင့်တက်လာသည်။
ထို့ပြင် လက်ရှိအချိန်တွင် ယင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် AA နှင့် KIA သည် စစ်အင်အား ထပ်တိုးလာနိုင်သည့် အခြေအနေတွင်ရှိပြီး UWSA ကလည်း လိုအပ်ပါက စစ်အင်အား အမြန်တိုးချဲ့ ဖွဲ့စည်းနိုင်သည့်အဖွဲ့ ဖြစ်သည်။
လောလောဆယ် ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်အင်အား ၁ သိန်းခွဲထဲမှ နောက်ချန်အင်အားများ ထုတ်နှုတ်က စစ်မြေပြင်တွင် တိုက်ခိုက်ရေးအင်အား ၁ သိန်းခန့် ရှိမည်ဟု ခန့်မှန်းရသည်။
ထို့ပြင် ၂၀၂၁ ခုနှစ်ထဲတွင် မြန်မာစစ်တပ်ကို တော်လှန်တိုက်ခိုက်သည့် အဖွဲ့များနှင့် စစ်အင်အားများလည်း ရုတ်ချည်း တိုးပွား လာနေသည်ကို တွေ့ရသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် တပြည်လုံး အနှံ့အပြား လူထုအုံကြွဆန္ဒပြပွဲများ ပေါ် ပေါက်လာပြီး ယင်းဆန္ဒပြပွဲများအား စစ်တပ်က အင်အားသုံး ဖြိုခွဲသည့်နောက်ပိုင်း လူထုက မခံမရပ်နိုင်ဖြစ်ပြီး ရရာလက် နက် စွဲကိုင်၍ ပြန်လည် တုန့်ပြန်ကြသည်။

ထို့ပြင်၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ဖွဲ့စည်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဖွဲ့ စည်းခြင်း၊ ခုခံစစ် စတင်ကြောင်း ကြေညာခြင်းတို့ ပြုလုပ်ပြီး မြန်မာစစ်တပ်အား တုန့်ပြန်ခဲ့ရာ တပြည်လုံးအနှံ့ လက်နက် ကိုင် တော်လှန်မှုများ ပေါ်ပေါက်ခဲ့ပြန်သည်။
ကယားပြည်နယ်
ကရင်နီပြည်နယ် (ခ) ကယားပြည်နယ် အတွင်းရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) သည် NCA မထိုးရသေးသော်လည်း အပစ်ရပ်လက်မှတ် ရေးထိုးထားရာ ပြီးခဲ့သည့် ၁၀ နှစ်တာ ကာလအတွင်း KNPP နှင့် ပဋိပက္ခ အနည်းငယ် ရှိသည်မှအပ ကယားပြည်သည် အေးချမ်းသော ပြည်နယ်တခု ဖြစ်သည်။
တိုက်ပွဲ၊ စစ်ရေးလှုပ်ရှားမှု မရှိသည့်အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အင်အားလည်း နည်းပါးခဲ့သည်။
သို့သော် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း အကြီးအကျယ် ပြောင်းလဲခဲ့သည်။ မြန်မာစစ်တပ်၏ အာဏာ ရယူမှုအား ပြင်းထန်သည့် ဆန့်ကျင်မှုများ ကယားပြည်နယ်တွင် တွေ့ရပြီးနောက် လှုပ်ရှားမှုများက လျော့မသွားခဲ့ဘဲ တဖြည်းဖြည်း မြင့်တက်လာသည်။

ဆန္ဒပြပွဲများကို အင်အားသုံး ဖြိုခွဲမှုအား ရရာလက်နက်ကိုင်ပြီး ပြန်လည် တိုက်ခိုက်လာကြသည်။ ပြည်နယ်များတွင် ကိုင်ဆောင်လေ့ရှိသည့် အမဲလိုက်ရာတွင် အသုံးပြုသော တူမီးသေနတ်သည် တော်လှန်ပုန်ကန်မှုတွင် အဓိက သုံးသည့် လက်နက် ဖြစ်လာခဲ့သည်။
ထိုမှစ၍ တိုက်ပွဲများ မြင့်တက်လာပြီး လက်နက်ကိုင် တော်လှန်သော ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အင်အားမှာ မြင့်တက်လာသည်။
ယခုအခါ KNDF အင်အား ၆၀၀၀ ခန့် ရှိလာပြီး တပ်ရင်း ၂၀ ဖွဲ့ထားသည်ဟု မြေပြင်သတင်းများအရ သိရသည်။ မူလ ရှိပြီးသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည့် KNPP နှင့်လည်း ဆက်စပ် လှုပ်ရှားသည်ကို တွေ့ရသည်။
လက်ရှိအချိန်တွင် ချင်းပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်အနက် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) အမည်ဖြင့် လည်းကောင်း၊ အခြားအမည်ဖြင့် လည်းကောင်း ဖွဲ့စည်းလာသည်ကို တွေ့ရသည်။ တပ်သားသစ် လေ့ကျင့်ရေးများအား CNF က တွဲဖက်လေ့ကျင့်ပေးသည့် သင်တန်းအပတ်စဉ် ၄၀ ကျော်ခဲ့ပြီဖြစ်ပြီး အင်အား ၄,၀၀၀ ကျော်ထိ လေ့ကျင့်ပေးခဲ့ ပြီဟု သိရသည်။
ချင်းပြည်နယ်
ချင်းပြည်နယ်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNF) သည် ပြီးခဲ့သော နှစ် များအတွင်း နိုင်ငံရေးလှုပ်ရှားမှုသာရှိပြီး စစ်ရေးလှုပ်ရှားမှု မရှိပေ။ ကရင်နီပြည်နယ်ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အင် အားလည်း များများစားစား မရှိချေ။
ချင်းပြည်နယ်တွင် ၁၉၄၈ လွတ်လပ်ရေး ရပြီးကတည်းက ၂၀၂၀ အထိ အစိုးရအား လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်မှု မရှိသလောက် ဖြစ်သည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းယူပြီးနောက် ချင်းပြည်နယ်ရှိ မြို့တိုင်းတွင် လူထုလှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့သည့်အပြင် အစောဆုံး လက်နက်ကိုင် တုန့်ပြန်တိုက်ခိုက်မှုများကို ချင်းပြည်နယ်နှင့် ချင်းလူမျိုးများ အခြေချ နေထိုင်ကြသည့် တမူး၊ ကလေးမြို့များတွင် ပေါ်ပေါက်ခဲ့သည်။

လက်ရှိအချိန်တွင် ချင်းပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်အနက် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) အမည်ဖြင့် လည်းကောင်း၊ အခြားအမည်ဖြင့် လည်းကောင်း ဖွဲ့စည်းလာသည်ကို တွေ့ရသည်။ တပ်သားသစ် လေ့ကျင့်ရေးများအား CNF က တွဲဖက်လေ့ကျင့်ပေးသည့် သင်တန်းအပတ်စဉ် ၄၀ ကျော်ခဲ့ပြီဖြစ်ပြီး အင်အား ၄,၀၀၀ ကျော်ထိ လေ့ကျင့်ပေးခဲ့ ပြီဟု သိရသည်။
ထို့ပြင် မြို့နယ်အလိုက် လေ့ကျင့်သည့် အင်အားများပါ ပေါင်းပါက လက်နက်ကိုင်တော်လှန်သူ စုစုပေါင်း အင်အား ၇,၀၀၀ ခန့်ထိ ရှိလာပြီဟု မြေပြင်သတင်းများအရ သိရသည်။
လမ်းဖြတ်တိုက်ပွဲများအပြင် စခန်းသိမ်းပွဲများပင် တိုက်ခိုက်လာနိုင်သည်ကို တွေ့ရပြီး ချင်း CDF နှင့်တွဲ၍ CNF/CNA လည်း တိုက်ပွဲများတွင် ပါဝင်လာသည်ကို တွေ့ရသည်။
ပြည်မမှ တော်လှန်ပုန်ကန်သူများ
ပြည်မမှ တော်လှန်ပုန်ကန်သူများအနက် အချို့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဒေသများသို့ စစ်သင်တန်း တက်ရောက်သူများ ရှိလာသည်။
KNU နယ်မြေသို့ ရောက်ရှိသော စစ်သင်တန်း တက်သူများနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူများ အင်အား ၆,၀၀၀ ခန့်ရှိနိုင်ပြီး KIA ဒေသသို့ ရောက်ရှိသည့် စစ်သင်တန်းတက်သူနှင့် CDM များမှာ အင်အား ၈,၀၀၀ မှ ၁၀,၀၀၀ ခန့်ထိ ရှိနိုင်သည်ဟု နယ်စပ်ဒေသမှလာသော သတင်းများအရ သိရသည်။
ပြည်နယ်များကဲ့သို့ပင် ရရာလက်နက်ကိုင် တိုက်ခိုက်နေသည့် အင်အားစုများကို စစ်ကိုင်းတိုင်းတွင် အများစု တွေ့ရပြီး ဒုတိယအနေဖြင့် မကွေးတိုင်း၊ တတိယအနေဖြင့် တနင်္သာရီတိုင်းနှင့် မန္တလေးတိုင်းတွင် တွေ့ရသည်။
ထို့ပြင် သတင်းထုတ်ပြန်ခြင်း မရှိဘဲ မြို့ပေါ်မှ လာသူများအား စစ်ရေးလေ့ကျင့်ပေးနေသော အခြား လက်နက်ကိုင်အဖွဲ့များ လည်း ရှိသေးသည်။ သို့သော် အင်အားကို မသိနိုင်ပေ။
KNU နှင့် KIA တွင် ရောက်နေသော အင်အားများအနက် အရပ်ဘက် CDM ဝန်ထမ်းများက လက်နက်ကိုင်တိုက်ပွဲအတွင်း တိုက်ရိုက် ပါဝင်သည်ထက် သွယ်ဝိုက်ပံ့ပိုးခြင်းသာ ပြုမည်ဟု ယူဆရပြီး အချို့က မြို့ပေါ်တိုက်ပွဲဖော်ရန် ပြန်ကြသည်။
အများစုကမူ လက်နက်ကိုင်တိုက်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အမည်ဖြင့် တပ်ဖွဲ့သည်ဟု သိရပြီး အချို့က အခြားအမည်နှင့် ဖွဲ့သည်လည်း တွေ့ရသည်။
ပြည်နယ်များကဲ့သို့ပင် ရရာလက်နက်ကိုင် တိုက်ခိုက်နေသည့် အင်အားစုများကို စစ်ကိုင်းတိုင်းတွင် အများစု တွေ့ရပြီး ဒုတိယအနေဖြင့် မကွေးတိုင်း၊ တတိယအနေဖြင့် တနင်္သာရီတိုင်းနှင့် မန္တလေးတိုင်းတွင် တွေ့ရသည်။
မြို့ပေါ်တိုက်ခိုက်မှုများကို ရန်ကုန်နှင့် မန္တလေးတို့တွင် အများစု တွေ့ရပြီး စစ်ကောင်စီက ထုတ်ပြန်သည့် သတင်းအရ ပင်လျှင် ၂၀၂၁ ဖေဖော်ဝါရီမှစ၍ စက်တင်ဘာ ၉ ရက်ထိ ဖောက်ခွဲမှု စုစုပေါင်း ၂,၃၉၀ ကြိမ် ရှိပြီဟု သိရသည်။
သို့သော် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်၊ မန္တလေးတို့တွင် လှုပ်ရှားနေကြသော အင်အား စုစုပေါင်းအား တွက်ဆရန် မလွယ်ပါ။ အင်အား သောင်းဂဏန်းအချို့ ရှိမည်ဟု ခန့်မှန်းရသည်။
သို့ဖြစ်ရာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီး ထပ်တိုးလာသော လက်နက်ကိုင် တော်လှန်ပုန်ကန်သူများမှာ အင်အား ၄၀,၀၀၀ ထက် မနည်းနိုင်ဟု သုံးသပ်ရသည်။
ထိုအဖွဲ့များ၏ စည်ရုံးဖွဲ့စည်းမှု၊ လေ့ကျင့်မှု၊ တိုက်ရည်ခိုက်ရည်၊ လက်နက်ခဲယမ်းတပ်ဆင်မှု၊ ဘဏ္ဍာရေးနှင့် ထောက်ပို့ စသည့် အချက်များတွင် အားနည်းချက်များ ရှိသည်ကတော့ မလွှဲမရှောင်သာ ဖြစ်သည်။
ထို့ပြင် ယင်းအင်အားစုများသည် ဒေသအလိုက် အမည်အမျိုးမျိုးဖြင့် အဖွဲ့ ရာနှင့်ချီ၍ ဖွဲ့စည်းထားသည်ကို တွေ့ရပြီး တစုတစည်းတည်းဖြစ်ရန်၊ ဟန်ချက်ညီညီ လှုပ်ရှားနိုင်ရန် အချိန်ယူ စုစည်းရဦးမည် ဖြစ်သည်။

သို့သော် ထိုအင်အားစုများသည် စိတ်ဓာတ် အမြင့်မားဆုံး အခြေအနေတွင် ရှိသလို တိုက်ပွဲဝင်ရန်လည်း စိတ်ဓာတ် ပြင်းပြနေသည်။ အသေခံ၍ တိုက်ရဲကြသည်။
လောလောဆယ် ကယား၊ ချင်းပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်းတွင်း တိုက်ပွဲများတွင် စွန့်လွှတ်စွန့်စား တိုက်ခိုက်နေကြပြီး ၎င်းတို့တွင် တိုက်ခိုက်နိုင်စွမ်း ရှိသည်ကို တွေ့ရသည်။
ဤအတိုင်းဆိုလျှင် လေ့ကျင့်သား မပြည့်ဝမှုနှင့် တိုက်ခိုက်ရေး အတွေ့အကြုံအား အချိန်တိုအတွင်း ကျော်လွှားနိုင်လိမ့်မည်ဟု သုံးသပ်ရသည်။ ၎င်းတို့အတွက် စည်းရုံးကွပ်ကဲမှု၊ တစုတစည်းတည်းဖြစ်မှုနှင့် လက်နက်ခဲယမ်းမီးကျောက် ပြဿနာ အား ဖြေရှင်းသွားရန်သာ လိုပေလိမ့်မည်။
သို့ဖြစ်ရာ လက်ရှိအချိန်တွင် စစ်တပ်အတွက် တော်လှန်တိုက်ပွဲဝင်သူများနှင့် စစ်မျက်နှာသစ်များ တိုးလာသည်။ ယခင်က ကချင်၊ ရှမ်း၊ ကရင်၊ မွန်၊ ရခိုင် ပြည်နယ် ၅ ခုတွင်သာ စစ်မျက်နှာဖွင့်ရန် လိုအပ်သော်လည်း ယခုအခါ ချင်းနှင့် ကယား ပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများတွင်ပါ စစ်မျက်နှာဖွင့်၍ စစ်အင်အား အသုံးပြုရန် လိုအပ်ပြီ ဖြစ်သည်။
လက်ရှိအချိန်တွင် စစ်တပ်အတွက် တော်လှန်တိုက်ပွဲဝင်သူများနှင့် စစ်မျက်နှာသစ်များ တိုးလာသည်။ ယခင်က ကချင်၊ ရှမ်း၊ ကရင်၊ မွန်၊ ရခိုင် ပြည်နယ် ၅ ခုတွင်သာ စစ်မျက်နှာဖွင့်ရန် လိုအပ်သော်လည်း ယခုအခါ ချင်းနှင့် ကယား ပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများတွင်ပါ စစ်မျက်နှာဖွင့်၍ စစ်အင်အား အသုံးပြုရန် လိုအပ်ပြီ ဖြစ်သည်။
လက်နက်ကိုင် တိုက်နေသော တိုင်းရင်းသား လက်နက်ကိုင်များအတွက် အားဖြစ်စေခဲ့ပြီး မြန်မာစစ်တပ်၏ အင်အားကို ပြန့်ကျဲသွားစေခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အားသာချက်၊ အားနည်းချက်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အဓ်ိက အားသာချက်မှာ လူထုထောက်ခံမှု ဖြစ်သည်။ လူထုအား အခြေပြု ပြီး ပြောက်ကျားစစ်ဆင်နေသည့် လက်နက်ကိုင်အဖွဲ့များအတွက် လူထုထောက်ခံမှုသည် အရေးပါဆုံးအချက် ဖြစ်သည်။
တိုင်းရင်းသား လူထုသည် ဥပဒေတွင်း နိုင်ငံရေးကို စိတ်ပျက်နေကြသည့်အပြင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာ သိမ်းမှု ထပ်ဆင့်လိုက်သောအခါ လူထုသည် မြန်မာစစ်တပ်အားလည်းကောင်း၊ ဥပဒေတွင်း နိုင်ငံရေးဆိုသည်ကို လည်းကောင်း ပို၍ စိတ်ပျက်သွားကြသည်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များသည် သူ၏တပ်ဖွဲ့များအား အတိုင်းအတာတခုထိ လေ့ကျင့်ထားပေးနိုင်ပြီး တိုက်စိတ်ခိုက်စိတ် မြင့်မားအောင် တည်ဆောက်ထားနိုင်သည်။ တိုက်ပွဲအတွေ့အကြုံ ရှိကြပြီး တိုက်ရည်ခိုက်ရည်ရှိသည့် တပ်များလည်း ဖြစ်သည်။ အခြေခံလက်နက်ငယ် တပ်ဆင်နိုင်မှု ရှိသည်။
အချို့တပ်များ လက်နက်ခဲယမ်း ထောက်ပံ့မှု အခက်အခဲ အနည်းငယ် ရှိသော်လည်း အကန့်အသတ်ဖြင့် တိုက်ခိုက်နိုင်သည်။ သို့သော် အချို့တပ်ဖွဲ့များက လက်နက်၊ ကျည်ဆံ စက်ရုံများ တည်ထောင်ထားနိုင်သည်။
တိုင်းရင်းသားတပ်များသည် လက်နက်ကြီးနှင့် လေကြောင်း ပစ်ကူမပါလျှင် စစ်မြေပြင်တွင် စစ်တပ်အား ယှဉ်နိုင်စွမ်း ရှိလာသည်။ တိုင်းရင်းသား လက်နက်ကိုင် အချို့သည် စစ်ရေးမဟာမိတ်ဖွဲ့နိုင်ရာ စစ်ရေးအရ လက်ဦးမှုရှိသည့် တိုက်ပွဲများ၊ စစ် ဆင်ရေးများ ပြုလုပ်လာနိုင်သည်။

မြောက်ပိုင်းအဖွဲ့များသည် တရုတ်နှင့် နီးကပ်သော ဆက်ဆံရေးရှိရာ တရုတ်ထံမှ နိုင်ငံရေး၊ စစ်ရေး အကူအညီ ရနိုင်သည် ဟု ယုံကြည်ဖွယ်ရာ အခြေအနေများ ရှိသည်။ ထို့ပြင် အချို့အဖွဲ့များသည် ဘဏ္ဍာရေး တောင့်တင်းလာသလောက် တပ်သားသစ် စုဆောင်းတိုးချဲ့နိုင်သည့် အနေအထား ရှိကြသည်။
ဤပြောက်ကျား တိုက်ခိုက်မှုက စစ်အင်အား အမြောက်အမြားကို မချေမှုန်းနိုင်သော်လည်း မြန်မာစစ်တပ်အား ရေရှည်တွင် စိတ်ဓာတ်ခြောက်ခြားမှု၊ ထိတ်လန့်မှုများ ဖြစ်လာပြီး တပ်ဖွဲ့အား စိတ်ဓာတ် ကျဆင်းစေသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အတွက် ပို၍ အားသာစေသည့် အခြေအနေ တရပ်မှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ဖြစ်ပေါ်လာသည့် အခြေအနေ ဖြစ်သည်။ လက်ရှိအချိန်တွင် ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် ဗုံးပေါက်ကွဲမှုများ၊ လူပုဂ္ဂိုလ် ပစ်မှတ်ထား တိုက်ခိုက်မှုများ နေ့စဉ် ဆက်တိုက် ဖြစ်ပေါ်လာနေသည်။
ဤပြောက်ကျား တိုက်ခိုက်မှုက စစ်အင်အား အမြောက်အမြားကို မချေမှုန်းနိုင်သော်လည်း မြန်မာစစ်တပ်အား ရေရှည်တွင် စိတ်ဓာတ်ခြောက်ခြားမှု၊ ထိတ်လန့်မှုများ ဖြစ်လာပြီး တပ်ဖွဲ့အား စိတ်ဓာတ် ကျဆင်းစေသည်။
ထို့ပြင် မြန်မာစစ်တပ်အတွက် ယခင်ကထက် စစ်မျက်နှာများစွာ တိုးလာပြီး ကယား၊ ချင်းပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ တိုင်း၊ တနင်္သာရီတိုင်းတို့တွင် စစ်မျက်နှာအသစ်များ ပေါ်လာသည်။
ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း ဖြိုးဖြိုးဖြောက်ဖြောက် ကြားနေရရာ လုံခြုံရေးအရ စိတ်ချရသော နေရာများ မဟုတ်ပေ။
ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင်လည်း နေ့စဉ်ဗုံးကွဲခြင်း၊ ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ ဖြစ်ပေါ်နေသည့် အပြင် မြို့လယ်ခေါင် ရပ်ကွက်ရုံး၊ မြို့နယ်အုပ်ချုပ်ရေးရုံး၊ ရဲစခန်း စသည်တို့တွင် သဲအိတ်ဘန်ကာ ကတုတ်များ၊ သံဆူးကြိုး အရံအတားများဖြင့် လုံခြုံရေး စိတ်မချရတော့ဘဲ တပ်အင်အားများ ဖြန့်ချထားရသည်။

ထို့ကြောင့် တပြည်လုံးကို စစ်မျက်နှာဖွင့်နေရသော မြန်မာစစ်တပ်အတွက် စစ်အင်အား မလုံလောက်နိုင်တော့ပေ။
တိုင်းရင်းသားတပ်ဖွဲ့များ၏ အားနည်းချက်များမှာ လက်နက်ခဲယမ်း မပြည့်စုံခြင်း၊ အကူပစ်လက်နက်ကြီး အားနည်းခြင်း၊ လေကြောင်း ရေကြောင်း ပစ်ကူများအား တုန့်ပြန်ရန် အားနည်းခြင်းတို့ ဖြစ်သည်။ တပ်သားသစ်အား ကိုယ့်ဆန္ဒနှင့် ဝင်သည် မဟုတ်ဘဲ စုဆောင်းထားသည့် တပ်အချို့အဖို့ တိုက်စိတ်ခိုက်စိတ်နှင့် တိုက်ရည်ခိုက်ရည် အားနည်းနိုင်သည်။
ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံးအား စစ်ဆင်ရေးအတွင်း တစုတစည်းတည်း စုစည်းညွှန်ကြားရန် အကန့်အသတ်ရှိပြီး တိုင်းရင်းသားနယ်မြေများ တဆက်စပ်ထဲ မရှိခြင်းမှာလည်း စုစည်းသည့် စစ်ဆင်ရေးလုပ်ရန် အကန့်အသတ် ရှိသည်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအတွက် ယခုကာလတွင် ပြောင်းလဲလာသည့် အားသာသော နိုင်ငံရေး အကြောင်း အချက်မှာ ယခင်က မိမိတိုင်းရင်းသားလူမျိုး၏ ထောက်ခံမှုသာ ရခဲ့သော်လည်း ယခုအခါ စစ်တပ်ကိုသာ တိုက်မည်ဆိုပါက ဗမာဒီမိုကရက်တစ် လူထုကပါ တက်တက်ကြွကြွ ထောက်ခံလာကြခြင်း ဖြစ်သည်။
ဆက်ရန်ရှိသည်။
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦးဖြစ်သည်။)
You may also like these stories:
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၁)
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၂)
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၃)
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း -၄ )
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၅)
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၆)