ဆောင်းပါး

စစ်တပ်ကို ဦးမညွှတ်သူ ကရင်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်

ဦးမညွှတ်ခြင်း၊ ဖီဆန်ခြင်းနှင့် ပွင့်လင်းပြတ်သားစွာ ပြောဆိုခြင်းတို့က ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရမှ နှစ်ရှည်ထောင်ချခံ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၏ ဝိသေသ လက္ခဏာများဖြစ်သည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီအာဏာသိမ်းသောအခါ အသက် ၆၇ နှစ်ရှိပြီဖြစ်သော နန်းခင်ထွေးမြင့်လည်း အခြားသော NLD အရာရှိများကဲ့သို့ ဖမ်းဆီးခံရသည်။ ဖေဖေါ်ဝါရီလက နေအိမ်တွင်ဖမ်းဆီးခံထားရစဉ်အတွင်း သူ့ကို ဖမ်းဆီးသည့် တပ်မှူးကို နန်းခင်ထွေးမြင့်က “မဲမသမာမှုရှိတယ်လို့ စစ်တပ်ကထင်ရင် ကျမက ရှင်နဲ့ ပြိုင်ပြီး လျှို့ဝှက်မဲမဟုတ်ဘဲ ဗြောင်မဲစနစ်နဲ့ မဲပေးရွေးချယ်ခံဖို့အဆင်သင့်ပဲ” ဟု ပြောဆိုစိန်ခေါ်ခဲ့ကြောင်း ဧရာဝတီသတင်းဌာနသို့ ပြောခဲ့ဖူးသည်။ ရွေးကောက်ပွဲ မသမာမှုကြောင့် စစ်ကောင်စီက အာဏာသိမ်းရသည်ဆိုပြီး အာဏာသိမ်းကြောင်း ကြေညာသည့် တရားဝင်အကြောင်းကြားစာကို စစ်ကောင်စီတပ်မှူးက ဖတ်ပြစဉ် ထိုသို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ ထိုတပ်မှူးသည် စိတ်မသက်မသာဖြင့် ပြုံးပြီးတုံ့ပြန်ခဲ့သည်။

နေအိမ်တွင် ဖမ်းဆီးထားခံရစဉ်အတွင်းတွင်ပင် နန်းခင်ထွေးမြင့်သည် စစ်ကောင်စီဆန့်ကျင်ရေး သပိတ်များကို စစ်ကောင်စီဆန့်ကျင်ရေးသင်္ကေတဖြစ်သည့် လက်ချောင်း ၃ ချောင်းထောင်ခြင်း ဖြင့်ဖြစ်စေ၊ အိုးခွက်များ တီးခြင်းဖြင့်ဖြစ်စေ၊ လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခြင်းဖြင့်ဖြစ်စေ ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ဆက်လက်လုပ်ကိုင်ရန် ပြည်သူများကို တိုက်တွန်းသည်။

သူကိုယ်တိုင်လည်း စစ်ကောင်စီဆန့်ကျင်ရေးဆန္ဒပြသည့် ထိုနည်းလမ်းအားလုံးတွင် ပါဝင်သည်။ ဖုန်းကို အသုံးပြုနေနိုင်ဆဲဖြစ်သောကြောင့် နန်းခင်ထွေးမြင့်သည် မီဒီယာနှင့် တွေ့ဆုံမေးမြန်းမှုများ ဆက်လက်ပြုလုပ်ပြီး စစ်ကောင်စီကို ထိုးနှက်မည့်နောက်ဆုံးအားထုတ်မှုကို ထောက်ခံကြရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူများ လွှတ်ပေးရေး တောင်းဆိုရန် ပြည်သူကို တိုက်တွန်းသည်။

စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ရာတွင် ပြည်သူများညီညွတ်ရေးတောင်းဆိုပြီး စစ်သားများအနေဖြင့် ပြည်သူကို ကာကွယ်ပြီး ပြည်သူနှင့် ပူးပေါင်းရန်တောင်းဆိုသော ဗီဒီယိုတခုကိုပင် လူမှုကွန်ရက်ပေါ် တင်ခဲ့သည်။

စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ရန် မြန်မာပြည်သူထောင်ပေါင်းများစွာ လမ်းမများပေါ်ထွက်မလာမီ ၂ ရက်အလို ဖေဖေါ်ဝါရီလ ၈ ရက်နေ့တွင် သူ့ကို ကရင်ပြည်နယ်မြို့တော် ဖားအံမှ ထောင်သို့ ခေါ်ဆောင်သွားကြသည်။

မေလတွင်မူ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအပြီး စစ်ကောင်စီကို သပိတ်မှောက်ရာတွင် ညီညွတ်ရန်ပြည်သူများကို တိုက်တွန်းသည့် ပြောကြားချက်ကြောင့် သူ့ကို ထောင် ၂ နှစ်ချလိုက်သည်။ ထိုသို့ပြောဆိုခြင်းသည် ဆူပူရန်လှုံ့ဆော်ခြင်းဖြစ်သည်ဟု စစ်ကောင်စီက သတ်မှတ်သည်။

ထိုနောက် နိုဝင်ဘာလ ၉ ရက်နေ့တွင် NLD ဗဟိုအလုပ်အမှုဆောင်ဖြစ်သော နန်းခင်ထွေးမြင့်ကို ဖားအံထောင်ပြင်ပတွင် တည်ထောင်ထားသည့် စစ်ကောင်စီ တရားရုံးက အဂတိလိုက်စားမှု စွဲချက်လေးခုဖြင့် ထောင် ၇၅ နှစ်ချလိုက်သည်။ ထိုအခါ သူသည် ထောင်စုစုပေါင်း ၇၇ နှစ်အချခံရပြီး ထိုလုပ်ရပ်သည် NLD အဖွဲ့ဝင်များ သံတိုင်နောက်တွင်ရောက်နေစေရန် လုပ်ဆောင်သော လုပ်ရပ်ဖြစ်သည်။

စစ်ကောင်စီက ထိုသို့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခြင်းသည် သူ၏ ပွင့်လင်းပြတ်သားစွာ ပြောဆိုခြင်းနှင့် ဦးမညွှတ်ခြင်းကြောင့် သူ့အပေါ် စစ်ကောင်စီက ထားသည့် အာဃာတကို ပြသနေကြောင်း မိသားစုများနှင့် သူနှင့် နီးစပ်သူများက ပြောဆိုကြသည်။

ဘဝကိုမြှုပ်နှံထားသော ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ

နန်းခင်ထွေးမြင့်သည် သူ၏ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားမှုနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်သည့် မိသားစုသမိုင်းကြောင်းကြောင့် စွန့်လွှတ်အနစ်နာခံမှု များစွာပြုလုပ်ခဲ့ရသည်။

NLD ပါတီခေါင်းဆောင်များကြားက နန်းခင်ထွေးမြင့်/ ဧရာဝတီ

ဗြိတိန်ထံမှ လွတ်လပ်ရေးမရမီနှင့် ရပြီးစကာလတွင် သူ၏ဖခင်သည် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ် (ဖဆပလ) ၏ ကရင်ပြည်နယ်မှ အကြီးအကဲဖြစ်သည်။ မိသားစုအတွင်း ပြောဆိုဆွေးနွေးမှုများမှတဆင့် နန်းခင်ထွေးမြင့်သည့် ဖက်ဒရယ်စနစ်အကြောင်း သာမက နိုင်ငံရေးနှင့် တိုင်းရင်းသားလူမျိုးစုများ သမိုင်းကို သိထားပြီးဖြစ်သည်။ စစ်အုပ်ချုပ်သူများအောက်တွင် သူ၏ မိသားစုသည် နိုင်ငံရေးနှင့်ပတ်သက်သည့် ကိစ္စများအတွက် ပစ်မှတ်ထား ဖိနှိပ်ခံရသည်။

သူသည် တိုင်းရင်းသားအခွင့်အရေးနှင့် တန်းတူညီမျှရေးအတွက် လုပ်ကိုင်ရန် စိတ်ပိုင်းဖြတ်မှုကို ဖခင်ထံမှ အမွေရသည်။ သူသည် နိုင်ငံကို ဖက်ဒရယ်အခြေခံသည့် ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ရန် ဘဝကို မြှုပ်နှံလုပ်ကိုင်မည်ဖြစ်ကြောင်း ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း ဧရာဝတီသတင်းဌာနသို့ ပြောဖူးသည်။

သူသည် ၁၉၇၅ ခုနှစ်တွင် ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်သောကြောင့် ပထမဆုံးအကြိမ် အဖမ်းခံရပြီး ထောင် ၆ နှစ်ကျသည်။ ထိုနောက်တွင်လည်း သူသည် ဆက်လက်အဖမ်းခံနေရပြီး ၁၉၉၇ ခုနှစ်တွင် ထောင် ၂ နှစ်ချခံရပြီး ၁၉၉၀ ခုနှစ်များအတွင်းကလည်း စွဲချက်မရှိဘဲ အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှုများကို အကြိမ်ကြိမ်ခံရသည်။

၁၉၈၈ ခုနှစ်က နိုင်ငံတဝှမ်း အုံကြွမှုအပြီး NLD ကို ဖွဲ့စည်းသောအခါ သူသည် အမာခံအဖွဲ့ဝင်ဖြစ်လာသည်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် ဖားအံ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရသည်။ ထိုမဲဆန္ဒနယ်သည် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည်နှစ် ရွေးကောက်ပွဲများတွင် သူ ဆက်လက်ကိုယ်စားပြုသော မဲဆန္ဒနယ်ပင်ဖြစ်သည်။

စစ်အုပ်စုက သူ့ကိုပစ်မှတ်ထား ဖိနှိပ်မှုများတွင် ထောင်ချမှုများနှင့် အကြိမ်ပေါင်းများစွာသော အငြင်းပွားဖွယ် ဖမ်းဆီးမှုများပါဝင်သည်။ ယခုအခါ စစ်ကောင်စီက သူ့ကို အဂတိလိုက်စားမှု စွဲချက်များဖြင့် သိက္ခာချသည်။ နန်းခင်ထွေးမြင့်သည် ကရင်ပြည်နယ်ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ပြတ်ပြတ်သားသား ရပ်တည်သည်ဟု ကျော်ကြားသောကြောင့် ထိုစွပ်စွဲချက်များနှင့် ဖြောင့်ဖြောင့်ဆန့်ကျင်နေသည်။

သူ့ကိုကောင်းစွာသိသူများက နန်းခင်ထွေးမြင့်သည် ဝန်ကြီးချုပ်ဖြစ်သော်လည်း ကားတစီးပင် မပိုင်ပေ/ဧရာဝတီ

“ဒီလိုစွပ်စွဲချက်၊ စီရင်ချက်တွေကြောင့် ကျနော်တို့ အံ့သြရတယ်” ဟု ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာတွင် အနိုင်ရသော သူ၏မောင်တော်သည့် စောသန်းထွဋ်က ပြောသည်။

“အဂတိလိုက်စားမှု ကျူးလွန်တာကို ကျနော်တို့ကိုယ်တိုင်က မုန်းတီးတယ်။ သူလည်း ဘယ်တုန်းကမှ အဂတိလိုက်စားမှု မကျူးလွန်ဘူး။ ဒီစွပ်စွဲချက်တွေက အလိမ်အညာတွေဖြစ်တယ်” ဟု စောသန်းထွဋ် ပြောသည်။ “ သူဟာ ဆုံးဖြတ်ချက် ပြတ်သားပွင့်လင်း ရဲရင့်တဲ့ နိုင်ငံရေးသမားဖြစ်တဲ့အတွက် စစ်ကောင်စီက သူ့ကိုစွပ်စွဲနေတာတွေက အာဃာတအပေါ်မှာပဲ လုံးဝအခြေခံနေတယ်” ဟု သူပြောသည်။

သူ့ကိုကောင်းစွာသိသူများက နန်းခင်ထွေးမြင့်သည် ဝန်ကြီးချုပ်ဖြစ်သော်လည်း ဘဝတွင် ကြီးကျယ်ခမ်းနားစွာမနေဘဲ လွန်စွာ ရိုးရှင်းစွာနေကြောင်း ပြောသည်။ သူသည် ကားတစီးပင် မပိုင်ပေ။

သူ့နှင့်ရင်းနှီးနေသည်မှာ နှစ်ပေါင်း ၃၀ ကျော်ပြီဖြစ်သည့် အမည်မဖေါ်လိုသော NLD ထိပ်တန်းခေါင်းဆောင်တဦးကလည်း သူသည် ပါတီနှင့် နိုင်ငံအပေါ် သစ္စာရှိပြီး ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် ပါတီတွင် စံပြပုဂ္ဂိုလ်ဖြစ်ကြောင်း ပြောသည်။

လုပ်ကြံစွပ်စွဲချက်များ

ဖေဖေါ်ဝါရီလ ဒုတိယပတ်တွင် ဖမ်းဆီးခံရပြီးနောက် နန်းခင်ထွေးမြင့်နှင့် NLD အစိုးရခေတ် စည်ပင်သာယာရေး ဝန်ကြီး ဦးသန်းနိုင်တို့ကို စစ်ကောင်စီက ကရင်ပြည်နယ်မှ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများနှင့်ပတ်သက်ပြီး တင်ဒါနှင့် ဘဏ္ဍာရေးစည်းမျဉ်းချိုးဖေါက်သည်ဟု စွဲချက်တင်သည်။ အဂတိလိုက်စားမှုများနှင့် ပုန်ကန်မှုအတွက် နန်းခင်ထွေးမြင့်ကို ထောင် ၇၅ နှစ်ချပြီး ဦးသန်းနိုင်ကို ၉၂ နှစ်ချသည်။

၎င်းတို့ နှစ်ဦးစလုံးက မည်သည့်ပြစ်မှုမျှ မကျူးလွန်ကြောင်း တရားရုံးသို့ပြောသည်ဟု သူတို့၏ ရှေ့နေ ဦးအောင်သိန်းကပြောသည်။

စီရင်ချက်များသည် တရားလိုက ပြောသည်များအပေါ်တွင်သာ အခြေခံပြီး ၎င်းတို့၏ အကျိုးဆောင်က ချေပသည်ကို လျစ်လျူရှုထားသောကြောင့် တရားမျှတမှု မရှိကြောင်း တရားရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။

ထိုသို့သောအမှုများကို ဌာနတွင်း စုံစမ်းစစ်ဆေးမှုဖြင့် ဖြေရှင်းနိုင်ပြီး တရားခွင်သို့ ပို့ဆောင်ရန် မလိုကြောင်း အချို့ရှေ့နေများပြောသည်။

“ဒီအမှုတွေက အာဃာတအပေါ် အခြေခံတယ်ဆိုတာ ရှင်းနေတာပဲ” ဟု ထိုအမှုများကို အကျွမ်းတဝင်ရှိသော ရှေ့နေတဦးပြောသည်။

သူ၏ ရိုးသားတည်ကြည်မှုကို သိသောကြောင့် တရားသူကြီးတဦးက တရားခွင်တွင် တောင်းပန်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့်သတင်းရင်းမြစ်တခုက ဆိုသည်။

စစ်ကောင်စီက NLD အပေါ်ထားသော အာဃာတ

NLD အဖွဲ့ဝင်များကို သံတိုင်နောက်တွင်ထားရန် ၎င်းတို့၏ ဆန္ဒကို ထင်ဟပ်သည့်အနေဖြင့် စစ်ကောင်စီက NLD ခေါင်းဆောင်များအပေါ်ထားသော အာဃာတသည် တနေ့ထက်တနေ့ ပိုမိုထင်ရှားလာသည်။ ဒေါ်နန်းခင်ထွေးမြင့်အမှုမှာ နောက်ဆုံးဥပမာ တခုသာဖြစ်သည်။

အလားတူစွပ်စွဲချက်များဖြင့် ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံနှင့် အခြားဝန်ကြီးချုပ်များအပါအဝင် အခြားဝါရင့်ခေါင်းဆောင်များကိုလည်း စွပ်စွဲထားသည်။

NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် နန်းခင်ထွေးမြင့်က ပါတီတွင် စံပြပုဂ္ဂိုလ်ဖြစ်ကြောင်း ပြောသည်/Facebook

စစ်ကောင်စီသည် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပုန်ကုန်မှု၊ ကိုဗစ်နိုင်တင်း စည်းကမ်းချိုးဖေါက်မှု၊ နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်ဥပဒေ ချိုးဖေါက်မှုနှင့် အဂတိလိုက်စားမှုအပါအဝင် စွဲချက်ပေါင်း ၁၁ ခု စွဲဆိုထားသည်။ ထိုစွဲချက်များအားလုံးသည် လုပ်ကြံစွပ်စွဲချက်များဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆကြသည်။

အသက် ၇၆ နှစ်ရှိပြီဖြစ်သော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပါက ထောင် ၁၀၂ အထိ ကျနိုင်သည်။

အာဏာသိမ်းပြီး ဆယ်လတာ ကာလအတွင်း နိုင်ငံတဝှမ်းမှ စစ်ကောင်စီတရားရုံးများသည် စစ်ကောင်စီဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများတွင် ပါဝင်သည့် NLD အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောင်းသားများနှင့် အရပ်သား ၂၈၆ ယောက်ကို ထောင်ချခဲ့ကြောင်း လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် သတ်ဖြတ်မှုများကို မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အဆိုအရ သိရသည်။

အရပ်သားတရားရုံးများက ထိုသူများကို အနည်းဆုံးထောင် ၂ နှစ်မှ တသက်တကျွန်းအထိ ချပြီး စစ်ခုံရုံးက အရပ်သား တဒါဇင်ခန့်ကို သေဒဏ်ချထားသည်။

နှစ်ရှည် ထောင်ချခံရသူများတွင် အသက် ၈၀ အရွယ် NLD နာယက ဦးဝင်းထိန်လည်း ပါဝင်ပြီး စစ်အာဏာသိမ်းမှုကို ဝေဖန်သောကြောင့် သူ့ကို နိုင်ငံတော်သစ္စာဖေါက်မှုဖြင့် နေပြည်တော်ထောင်တွင်း တရားရုံးက အောက်တိုဘာလ ၂၉ ရက်နေ့တွင် ထောင် နှစ် ၂၀ ချသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ဆူပူအောင်လှုံ့ဆော်မှုဖြင့် စစ်တွေတရားရုံးက အောက်တိုဘာလ ၈ ရက်နေ့တွင် ထောင် ၂ နှစ်ချသည်။ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကိုလည်း ဇွန်လ ၈ ရက်နေ့တွင် ထောင် ၂ နှစ်ချသည်။ NLD ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်ကိုလည်း ဆူပူအောင်လဆော်မှုနှင့် အဂတိလိုက်စားမှုများဖြင့် စွပ်စွဲထားပြီး တရားခွင်ကို စောင့်နေရသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Jailed Karen Chief Minister Has Long History of Standing Up to Myanmar’s Military ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲက ရှေ့တန်းရောက် အမျိုးသမီးများ

ကောင်းကင်ဆီ ခုန်ချသွားတဲ့ ပန်းသီး

သတို့သမီးလောင်း တဦး၏ မလေးရှားသို့ ခရီးကြမ်း

ကျွန်ဝယ်ရာအဆစ်ပါရတဲ့ စစ်သားမယားများ

Loading