ယခုဖြစ်ရပ်သည် ဖခင်တဦးနှင့် သမီးတဦးတို့၏ ဖြစ်ရပ်မှန်များဖြစ်သည်။ နှစ်ဦးစလုံးသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များဖြစ်ပြီး NLD ၏ စစ်ကောင်စီဆန့်ကျင်ရေး စိတ်ဓါတ်ပြတ်သားမှုကြောင့် ဖခင်နှင့် သမီး ခွဲပြီး ပုန်းအောင်းနေရကာ နောက်ဆုံးတွင် ပြန်လည်တွေ့ဆုံရန် မဖြစ်နိုင်တော့ပေ။
“ဒေါ်အောင်ဆန်းစုကြည်ကို ဒီအတိုင်းထားခဲ့ပြီး ပြန်မလာနဲ့။ သူတို့ ဘယ်လိုပဲ ခြိမ်းခြောက်ခြိမ်းခြောက် ကိုယ် လုပ်သင့်တာကို လုပ်” ဟု စစ်အာဏာသိမ်းပြီး နာရီအနည်းငယ်အကြာ ဖုန်းလိုင်းများ ပြန်လည်ရရှိသောအခါ ဒေါ်အောင်ဆန်းစုကြည်ကို အခိုင်အမာထောက်ခံသူ ဦးငွေမြင့်က နေပြည်တော်တွင်ရောက်နေသော သမီးဖြစ်သူကို မှာသည်။
ဒေါ်မြတ်သီတာထွန်းသည် ဖခင်ကဲ့သို့ပင် သူလည်း နိုင်ငံအား စစ်အာဏာရှင်စနစ်အောက် ပြန်ပို့နေသော စစ်တပ်ကို အာခံရာတွင် မည်သည့် အန္တရာယ်မဆို ရင်ဆိုင်ရန် ပြင်ဆင်ထားသည်။
ဖခင်ကို ကောင်းစွာနားလည်သောကြောင့် ဒေါ်မြတ်သီတာထွန်းသည် ယခုကဲ့သို့ အန္တရာယ်များသော အခြေအနေတွင် ဖခင်က သူ့ကိုပြောသည့် စကားများအတွက် အံ့သြခြင်းမရှိပေ။ ဖခင်ကဲ့သို့ပင် သူလည်း နိုင်ငံအား စစ်အာဏာရှင်စနစ်အောက် ပြန်ပို့နေသော စစ်တပ်ကို အာခံရာတွင် မည်သည့် အန္တရာယ်မဆို ရင်ဆိုင်ရန် ပြင်ဆင်ထားသည်။
လွှတ်တော်သစ်ကို စတင်ခေါ်ယူမည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်သည် နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးကာ နေပြည်တော်ရှိ အိမ်မှ ဖယ်ရှားပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများ အားလုံးကို သိမ်းယူလိုက်သည်။
အခြားရွေးကောက်ခံခေါင်းဆောင်များနှင့် အစိုးရအရာရှိများသည်လည်း နံနက်စောစော စီးနင်းမှုတွင် အဖမ်းခံရသူများတွင် ပါဝင်သည်။ ၎င်းတို့၏ စစ်ဆင်ရေးအတွင်း ဖုန်းနှင့်အင်တာနက်လိုင်းများကို ဖြတ်တောက်ထားသည်။
အသက် ၄၀ ရှိပြီဖြစ်သော ဒေါ်မြတ်သီတာထွန်းသည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ဖြင့် ဖွဲစည်းထားသည့် ပြည်ထောင်စုလွှတ်တော်သစ် ဖွင့်ရန် အာဏာမသိမ်းမီ ရက်ပိုင်းအလိုကမှ နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ဒေါ်မြတ်သီတာထွန်းသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အောက်မှ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်ကို ကိုယ်စားပြုရွေးကောက်ခံထားရသည်။ NLD သည် ၂၀၂၀ ခုနှစ်အထွေထွေ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုအနိုင်ရသော်လည်း စစ်တပ်က ထိုရလဒ်များကို ဖျက်သိမ်းလိုက်သည်။
ဖေဖေါ်ဝါရီလ ၄ ရက်နေ့ နေပြည်တော်တွင် ဆက်လက်ကျန်ရှိနေသော မမြတ်သီတာထွန်းနှင့် NLD မှ အခြားလွှတ်တော် ကိုယ်စားလှယ် ၇၀ ခန့်တို့သည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၎င်းတို့သဘောအတိုင်း ကျမ်းသစ္စာ ကျိန်ဆိုကြသည်။ နေအိမ်များသို့ ပြန်သွားပြီးသူများက အွန်လိုင်းမှ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။
၎င်းတို့အနိုင်ရသော ကိုယ်စားလှယ်နေရာများတွင် ဝင်ထိုင်ရမည့်အစား မမြတ်သီတာထွန်းနှင့် အခြားအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၄၀၀ ခန့်သည် စစ်သားများက စောင့်ကြပ်နေသည့် နေပြည်တော်ရှိ ၎င်းတို့နေထိုင်သည့် အဆောင်များတွင် ချုပ်နှောင်ခံရသည်။ ထိုကိုယ်စားလှယ်များအနက် ၆၂ ရာခိုင်နှုန်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှဖြစ်ပြီး ကျန်သူများမှာ အခြားပါတီများမှဖြစ်သည်။ ထိုနောက်တွင် စစ်တပ်က ထိုရွေးကောက်ခံကိုယ်စားလှယ်များ ထိုအဆောင်များမှ ထွက်ခွာသွားရန်ပြောသည်။
ဒေါ်မြတ်သီတာထွန်းက စစ်တပ်ကိုအာခံသည့်အနေဖြင့် ထိုနေရာတွင် တတ်နိုင်သမျှ ကြာကြာဆက်လက် နေထိုင်သွားရန် ဆုံးဖြတ်သည်။ ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် ထိုအဆောက်အအုံများတွင် ဆက်လက်ကျန်ရှိနေသော မမြတ်သီတာထွန်းနှင့် NLD မှ အခြားလွှတ်တော် ကိုယ်စားလှယ် ၇၀ ခန့်တို့သည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၎င်းတို့သဘောအတိုင်း ကျမ်းသစ္စာ ကျိန်ဆိုကြသည်။ နေအိမ်များသို့ ပြန်သွားပြီးသူများက အွန်လိုင်းမှ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။
ထိုအခမ်းအနားအပြီးတွင် စစ်အာဏာသိမ်းမှုက ဖျက်သိမ်းလိုက်သော လွှတ်တော်မှ NLD ကိုယ်စားလှယ်များသည် စစ်အာဏာသိမ်းမှုကို အာခံရေး ပြည်ထောင်စုလွှတ်တော် ပုံမှန်လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် အဖွဲ့ဝင် ၁၇ ဦးပါဝင်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ကို ခန့်အပ်လိုက်သည်။
“ပြည်သူတွေက ပေးအပ်တဲ့ အာဏာကို ကျင့်သုံးဖို့ ဒီကော်မတီမှာ ပါ မပါ နှစ်ခါစဉ်းစားစရာ မလိုဘူး” ဟု ဒေါ်မြတ်သီတာထွန်း ပြောသည်။
၂၀၁၂ ခုနှစ်တွင် NLD ပါတီသို့ဝင်ရောက်ပြီး လွန်ခဲ့သောနှစ်က ရွေးကောက်ပွဲ အနိုင်ရခြင်းသည် ဒေါ်မြတ်သီတာထွန်းအတွက် ဒုတိယမြောက်ရွေးကောက်ပွဲ အနိုင်ရခြင်းဖြစ်သည်။ သူသည် ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲတွင်လည်း အလားတူ အနိုင်ရခဲ့သည်။ သူသည် ယခင် ၂၀၀၉ ခုနှစ်မှ NLD အနိုင်ရသည်အထိ ပြည်သူ့ဝန်ထမ်းအဖြစ် ၈ နှစ်လုပ်ကိုင်ခဲ့ဖူးသည်။ ရှေ့နေအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
CRPH အဖွဲ့ဝင်ဖြစ်သောကြောင့် စစ်ကောင်စီက ဒေါ်မြတ်သီတာထွန်းကို ဖမ်းဝရမ်း ထုတ်လိုက်သဖြင့် ထွက်ပြေးရသည်။
နေပြည်တော်မှတဆင့် သူ၏မဲဆန္ဒနယ်သို့ပြန်လာပြီးနောက် ဒေါ်မြတ်သီတာထွန်းသည် ဖခင်နှင့် ရက်အနည်းငယ်သာ တွေ့ရပြီး ခွဲနေကြရသည်။ ထိုစဉ်က ဦးငွေမြင့်သည် မွန်ပြည်နယ်မှ စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် တနေကုန် ပါဝင်နေသည်။ အလွန်ပူသောအချိန်တွင် နားနေရန် မိသားစုက သူ့ကိုပြောထားသည့်တိုင် ထိုသို့ တနေကုန် ဆန္ဒပြပြီး ဆန္ဒပြသူများနှင့် သပိတ်မှောက်နေသော ပြည်သူ့ ဝန်ထမ်းများကို ကူညီနေခဲ့သည်။
“အဖေက လူငယ်မျိုးဆက်တွေ သူတို့မျိုးဆက်လိုမျိုး ဒုက္ခမခံစားစေချင်ဘဲ စစ်အာဏာရှင်စနစ်အောက်က နိုင်ငံလွတ်မြောက်ပြီး တိုးတက်တဲ့ နိုင်ငံဖြစ်လာတာကို လိုချင်တာ” ဟု ဒေါ်မြတ်သီတာထွန်းပြောသည်။
ဖခင်တဦး၏ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲ
အသက် ၇၇ နှစ်ရှိပြီဖြစ်သော ဦးငွေမြင့်သည် အငြိမ်းစား ဥပဒေအရာရှိတဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ထိုစဉ်က ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ရန် NLD က မှတ်ပုံတင်သောအခါ သူသည် NLD ပါတီသို့ ဝင်ရောက်ခဲ့သည်။ ထိုမတိုင်မီက မဲလိမ်လည်မှု အများအပြားရှိသည်ဟု ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားသည့် ၂၀၁၀ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ခဲ့သည်။ ထိုနောက် သူသည် မွန်ပြည်နယ်ပါတီအလုပ်အမှုဆောင် အဖွဲ့အတွင်းရေးမှူးဖြစ်လာသည်။
သူသည် တခါက မန္တလေးနန်းတွင်းရှိ စစ်စခန်းတခုတွင် တပ်ကြပ်ကြီးစာရေး လုပ်ခဲ့သော်လည်း လွန်ခဲ့သော ၃၇ နှစ်ကပင် နုတ်ထွက်ခဲ့ပြီး ဥပဒေအရာရှိအဖြစ် အသက်မွေးဝမ်းကြောင်းသစ် စတင်သည်။
သူသည် ဥပဒေတာဝန်ထမ်းဆောင်စဉ်အတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများကြောင့် ဆုတံဆိပ်နှစ်ခု ရရှိခဲ့သည်။ သူသည် ပါတီအတွက် ဘဝကို မြှုပ်နှံလုပ်ကိုင်သောကြောင့် အခြားပါတီဝင်များကြားတွင်လည်း ကျော်ကြားသည်။
၁၉၆၂ နှင့် ၁၉၈၈ စစ်အာဏာသိမ်းမှုများနှင့် ဖိနှိပ်သော စစ်အုပ်ချုပ်ရေးကို ကြုံတွေ့ဖူးသူအနေဖြင့် ဦးငွေမြင့်သည် သူချစ်သော နိုင်ငံကို စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်စေလိုသည်။
ဦးငွေမြင့်၏ ပထမဦးစားပေးမှာ တောတွင်းသို့ ထွက်ပြေးပြီး စစ်သင်တန်းတက်နေသော လူငယ်များအတွက် အစားအစာ လုံလောက်စွာ ရရှိရေးနှင့် စစ်ကောင်စီကို ဖြုတ်ချရေးဖြစ်သည်။
“အဖေက လူငယ်မျိုးဆက်တွေ သူတို့မျိုးဆက်လိုမျိုး ဒုက္ခမခံစားစေချင်ဘဲ စစ်အာဏာရှင်စနစ်အောက်က နိုင်ငံလွတ်မြောက်ပြီး တိုးတက်တဲ့ နိုင်ငံဖြစ်လာတာကို လိုချင်တာ” ဟု ဒေါ်မြတ်သီတာထွန်းပြောသည်။
စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ ဆန့်ကျင်မှုကြောင့် အာဏာသိမ်းပြီး မကြာမီ ဦးငွေမြင့်သည် စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားနှင့် မပတ်သက်ရန် စစ်အုပ်စုက တောင်းဆိုခြင်းကို ငြင်းဆန်သည့် အခြားပါတီဝင်များကဲ့သို့ ပုန်းအောင်းရသည်။
ဖခင်ဖြစ်သူ တောတွင်းသို့ ထွက်ပြေးရသောအခါ ဒေါ်မြတ်သီတာထွန်းမှာ မိသားစုနှင့် ခွဲနေရပြီးဖြစ်သည်။ သူသည်လည်း မိသားစုနှင့် အဆက်အသွယ်ဖြတ်ကာ ပုန်းအောင်းနေရသည်။
စစ်ကောင်စီသည် CRPH အဖွဲ့ဝင်များကို ဖမ်းဝရမ်းထုတ်ပြီး ၎င်းတို့ကို ဆူပူအောင်လှုံ့ဆော်မှုနှင့် နိုင်ငံတော် သစ္စာဖေါက်မှုများဖြင့် တရားစွဲသည်။ ထိုအမှုသည် ထောင်တသက်တကျွန်းအထိ ကျနိုင်သည်။ စစ်ကောင်စီသည် CRPH နှင့် ထိုကော်မတီက ဖွဲ့စည်းထားသည့် စင်ပြိုင်အစိုးရကိုလည်း အကြမ်းဖက် အဖွဲ့အစည်းများအဖြစ်ကြေညာကာ ထိုအုပ်စုများနှင့် ပတ်သက်သူ အားလုံးကို အရေးယူမည်ဟု ခြိမ်းခြောက်သည်။
ဒေါ်မြတ်သီတာထွန်းသည် ဖခင်ဖြစ်သူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခု ထိန်းချုပ်ထားသည့် တောတွင်းသို့ ထွက်ပြေးရခြင်းကို အခြားပါတီဝင်များမှ တဆင့်သိခဲ့ရသည်။
မတူညီသောနေရာများသို့ ရောက်သွားသော ဖခင်နှင့် သမီးတို့သည် စစ်ကောင်စီဆန့်ကျင်ရေး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခဲ့ကြသည်။
ပထမဆုံးနှင့် နောက်ဆုံး စကားပြောခွင့်ရခြင်း
၅ လကြာ ခွဲခွာနေထိုင်ပြီးနောက် ၎င်းတို့နှစ်ဦးသည် ဇူလိုင်လတွင် ဖုန်းဖြင့်ပြန်လည်ပြောဆိုဆက်သွယ် နိုင်ခဲ့သည်။ ထိုသို့ စကားပြောခွင့်ရခြင်းသည် နောက်ဆုံးစကားပြောခွင့်ရခြင်းဖြစ်ကြောင်း နောင်တွင် သိလာရသည်။ ဆက်သွယ်ရေးလိုင်းက ညံ့ဖျင်းသည်။ ခဏတာ စကားပြောခွင့်ရသည့် အချိန်အတွင်း သမီးဖြစ်သူအခြေအနေကို စုံစမ်းခြင်းနှင့် နှစ်ဦးစလုံး အခြေအနေများကို ဖလှယ်ခြင်းသည် သူ၏ ပထမ သိလိုသည်များဖြစ်သည်။
သူ၏ ပထမဦးစားပေးမှာ တောတွင်းသို့ ထွက်ပြေးပြီး စစ်သင်တန်းတက်နေသော လူငယ်များအတွက် အစားအစာ လုံလောက်စွာ ရရှိရေးနှင့် စစ်ကောင်စီကို ဖြုတ်ချရေးဖြစ်သည်။
“အဖေက သူနဲ့အတူရှိနေတဲ့ လူငယ်တွေကို ကူညီဖို့ ပြောတယ်။ စစ်အုပ်စု ဖြုတ်ချရေး သူ့အတွေ့အကြုံတွေကို ပြောပြပြီး အဲဒါတွေကို ခေါင်းဆောင်တွေကို မျှဝေဖို့ အဖေပြောတယ်” ဟု ဒေါ်မြတ်သီတာထွန်းပြောသည်။
ထိုအချိန်တွင် သူ၏ကျန်းမာရေးသည် ယိုယွင်းနေပြီဖြစ်သည်။ ဆိုးရွားသောအစားအစာနှင့် အမိုးအကာအောက်တွင် လအတန်ကြာ ရုန်းကန်ရှင်သန်ရပြီး ကျန်းမာရေးသည် တစတစ ယိုယွင်းလာသည်။ သူ၏ ဆီးချိုရောဂါသည် မျှတမှုမရှိသော အစားအသောက်နှင့် နိုင်ငံ့အကျပ်အတည်းအတွက် စိတ်ဖိစီးမှုများကြောင့် အခြေအနေပိုမိုဆိုးရွားလာပြီး နောက်ဆုံး သြဂုတ်လ ၈ ရက်နေ့တွင် သူမြတ်နိုးလှသော ခေါင်းဆောင်များနှင့် နိုင်ငံကို စွန့်ခွာသွားခဲ့သည်။
ကျမတို့က နောက်မျိုးဆက်အတွက် စစ်အာဏာရှင်စနစ်ကို အမြစ်က လှန်ချင်နေတာ မှန်ပေမယ့် အဖေ့လို ကျမတို့ထက် အသက်ကြီးတဲ့ မျိုးဆက်တွေ ဖိနှိပ်တဲ့ စစ်အုပ်စုတွေအောက်မှာ တသက်လုံးနီးပါး နေခဲ့ရပြီး ဒီမိုကရေစီအပြည့်အဝရဲ့ အရသာကို မမြည်းစမ်းနိုင်ခင် လူ့အခွင့်အရေးကို မခံစားနိုင်ခင်မှာ သေဆုံးခဲ့ကြတယ်။ အဲဒီအတွက်တော့ အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်
မပြီးဆုံးသေးသော တိုက်ပွဲတွင် ရဲဘော်တဦး ဆုံးရှုံးခြင်း
စည်းကမ်းတင်းကျပ်သည့် ဖခင်တဦးဖြစ်သော ဦးငွေမြင့်သည် သားသမီးများအနက် အငယ်ဆုံး ဒေါ်မြတ်သီတာထွန်းအပါအဝင် သူ၏သားသမီးများနှင့် ရောရောနှောနှောနေခြင်း မရှိပေ။ သို့သော် ဒေါ်မြတ်သီတာထွန်း နိုင်ငံရေးသို့ ဝင်ရောက်လာပြီးနောက် ၎င်းတို့နှစ်ဦးသည် စကားပိုမိုပြောဖြစ်လာပြီး အမှတ်တရများကို ပြောဖြစ်လာကြသည်။
“ကျမတို့က နောက်မျိုးဆက်အတွက် စစ်အာဏာရှင်စနစ်ကို အမြစ်က လှန်ချင်နေတာ မှန်ပေမယ့် အဖေ့လို ကျမတို့ထက် အသက်ကြီးတဲ့ မျိုးဆက်တွေ ဖိနှိပ်တဲ့ စစ်အုပ်စုတွေအောက်မှာ တသက်လုံးနီးပါး နေခဲ့ရပြီး ဒီမိုကရေစီအပြည့်အဝရဲ့ အရသာကို မမြည်းစမ်းနိုင်ခင် လူ့အခွင့်အရေးကို မခံစားနိုင်ခင်မှာ သေဆုံးခဲ့ကြတယ်။ အဲဒီအတွက်တော့ အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်” ဟု မမြတ်သီတာထွန်း ပြောသည်။
သို့သော် NLD လွှတ်တော်ကိုယ်စားလှယ်နှင့် CRPH အဖွဲ့ဝင် ဒေါ်မြတ်သီတာထွန်းအနေဖြင့် ဝမ်းနည်းကြေကွဲမှုများအား ရင်ဆိုင်ဖြတ်သန်းရာတွင် အခြားရဲဘော်များ၏ စွန့်လွှတ်အနစ်နာခံခြင်းနှင့် စစ်အုပ်စုကို ဆန့်ကျင်တိုက်ရာတွင် ပြည်သူအတွက် အသက်စွန့်ရဲသော လူငယ်များ၏ ဆုံးဖြတ်ချက်က အထောက်အကူပြုစေကြောင်း သူပြောပြီး ထို့ကြောင့်ပင် အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်ရန် သူ့အတွက် တွန်းအားဖြစ်စေကြောင်း သူပြောသည်။
“အသက်ဆုံးရှုံးခဲ့ရသူတွေ မရောက်ခဲ့တဲ့ ပန်းတိုင်ကို ရောက်အောင် သူတို့ကိုယ်စား လုပ်ပေးဖို့ ကျမတို့ တာဝန်ရှိတယ်လို့ ခံယူပါတယ်” ဟု သူပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Ousted Myanmar MP Vows to Continue Anti-Junta Struggle to Which Her Father Gave His Life ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
စစ်တပ်ကို ဦးမညွှတ်သူ ကရင်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်
ဒေါက်တာဇော်မြင့်မောင်ကို ပုဒ်မနှစ်ခုဖြင့် ထပ်မံ တရားစွဲ
စုဖွဲ့ခေါင်းဆောင်မှုနှင့် NUCC ၏ ခြေလှမ်း
ဦးဖြိုးဇေယျာသော်အား ဖမ်းမိကြောင်း စစ်ကောင်စီထုတ်ပြန်