မြန်မာစစ်တပ်၏ စစ်အင်အား
မြန်မာစစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ်ရုံးသည် နေပြည်တော်၌ အခြေပြုသည်။ စစ်တပ်အား ကြည်း၊ ရေ၊ လေ ဟူ၍ တပ်ဖွဲ့ ၃ ခုဖြင့် ဖွဲ့စည်းထားပြီး မြေပြင်စစ်ဆင်ရေးများတွင် အရေးပါသည်က ကြည်းတပ် ဖြစ်သကဲ့သို့ မြန်မာစစ်တပ်တွင် အရေးပါသည်ကလည်း ကြည်းတပ် ဖြစ်သည်။
လက်ရှိတွင်လည်း တိုင်းရင်းသား လက်နက်ကိုင်များအပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် မြေပြင်တွင် အဓိက ရင်ဆိုင်နေရသည်မှာ ကြည်းတပ် ဖြစ်သည်။
နယ်မြေရှင်းလင်း ထိန်းချုပ်ရာတွင် ကြည်းတပ်သည် အဓိက ဖြစ်သည်။ နေပြည်တော်အခြေစိုက် ကာကွယ်ရေးဝန်ကြီးဌာန (ကြည်း) – ကကကြည်းသည် မြန်မာပြည်တခုလုံးအား စစ်တိုင်း ၁၄ တိုင်းခွဲခြားပြီး ထိုစစ်တိုင်းများအား ကာကွယ်ရေးနှင့် စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ) ၆ ယောက် ခန့်ထားပြီး စစ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်သည်။
စစ်တိုင်း ၆ ခုတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) များ ထည့်သွင်း ဖွဲ့စည်းထားသည်။ စစ်တိုင်းတခုလျှင် တပ်ရင်း ၁၀ ရင်းခန့်မှ ၃၀ နီးပါးခန့်အထိ ရှိသည်။ ကကကြည်းမှ တိုက်ရိုက်ကွပ်ကဲသည့် တပ်မ ၁၀ ခု ရှိပြီး တပ်မ ၁ ခုလျှင် တပ်ရင်း ၁၀ ရင်း ပါဝင်သည်။
နယ်မြေရှင်းလင်း ထိန်းချုပ်ရာတွင် ကြည်းတပ်သည် အဓိက ဖြစ်သည်။ နေပြည်တော်အခြေစိုက် ကာကွယ်ရေးဝန်ကြီးဌာန (ကြည်း) – ကကကြည်းသည် မြန်မာပြည်တခုလုံးအား စစ်တိုင်း ၁၄ တိုင်းခွဲခြားပြီး ထိုစစ်တိုင်းများအား ကာကွယ်ရေးနှင့် စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ) ၆ ယောက် ခန့်ထားပြီး စစ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်သည်။
ထို့ပြင် စစ်တိုင်းများအလိုက် စစ်ဆင်ရေး ပြုလုပ်နိုင်ရန် ရည်ရွယ်ပြီး စစ်ဆင်ရေးနှင့် ကွပ်ကဲမှုဌာနချုပ် (စကခ) ၂၀ ဖွဲ့စည်း ထားသည်။ စကခ တခုလျှင် တပ်ရင်း ၁၀ ရင်း ပါဝင်သည်။ တပ်မနှင့် စကခများအား ကကကြည်းမှ တိုက်ရိုက်ကွပ်ကဲပြီး မြန်မာပြည် တပြည်လုံးရှိ လိုအပ်သည့် စစ်ဆင်ရေး နယ်မြေများသို့ စေလွှတ်သည်။
တိုင်းစစ်ဌာနချုပ်အလိုက် အခြေချစစ်ဗျူဟာ၊ လှုပ်ရှားစစ်ဗျူဟာများဖြင့် နယ်မြေကွပ်ကဲသည်။ တိုင်းတပ်များသည် မိမိတိုင်း အတွင်း၌သာ အများစု လှုပ်ရှားသည်။ သို့သော် လက်နက်ကိုင်ပုန်ကန်မှု မရှိသည့် စစ်တိုင်းများမှ တပ်များအား ထုတ်နုတ်၍ စစ်ဆင်ရေးနယ်မြေများသို့ ပို့ဆောင်ပြီး အင်အားဖြည့်တင်းလေ့ရှိသည်။

မြန်မာစစ်တပ်၏ စစ်အင်အားကို ၃ သိန်းမှ ၅ သိန်း ရှိသည်ဟုလည်းကောင်း၊ ၆ သိန်းခန့် ရှိသည်ဟုလည်းကောင်း အမျိုးမျိုး ခန့်မှန်းကြသော်လည်း အတိအကျ တွက်ဆရန် မလွယ်ပါ။
စစ်တပ်သည် လက်ရုံးတပ်များစွာ၊ ရုံးဌာနများစွာ၊ အုပ်ချုပ်ရေးယန္တရား များစွာဖြင့် ဖွဲ့စည်းထားသည်ဖြစ်ရာ တကယ့် ပြည်တွင်း စစ်မြေပြင်တွင် ရင်ဆိုင်ရမည့် အင်အားကို ထုတ်နုတ်တွက်ဆနိုင်ပါသည်။
နောက်ချန် ဌာနချုပ်အင်အားနှင့်ပါပေါင်းမှ တပ်ရင်းတရင်းလျှင် ၁၅၀ မှ ၂၅၀ ထိသာ ရှိနိုင်သည်။ သို့ ဖြစ်ရာ တိုက်ခိုက်ရေးတရင်းတွင် ပျမ်းမျှအင်အား ၂၀၀ ခန့်သာ ရှိနိုင်သည်ဟု တွက်ဆရသည်။ ထို့ကြောင့် စုစုပေါင်း တပ်ရင်း ၅၀၀ ကျော်ရှိရာ တိုက်ခိုက်ရေး အင်အားမှာ ၁ သိန်းကျော်သာ ရှိနိုင်သည်။
ပြည်တွင်းစစ် စစ်မျက်နှာတွင် ရင်ဆိုင်ရမည့် စစ်အင်အားများ
ကကကြည်းအောက်တွင် ခြေလျင်တပ်ရင်း ၂၁၄ ရင်း၊ ခြေမြန်တပ်ရင်း ၃၀၇ ရင်း ရှိသည်ဟု သိရသည်။ စုစုပေါင်း တိုက် ခိုက်ရေး တပ်ရင်း ၅၂၁ ရင်း ရှိသည်။ ၁၉၈၈ မတိုင်မီက တပ်ရင်းတရင်းလျှင် စစ်ထွက်အင်အား ၅၀၀ ခန့် ရှိခဲ့သော်လည်း ယခုအခါ စစ်ထွက်အင်အား ၁၀၀ မှ ၂၀၀ ဝန်းကျင်ထိသာ ရှိသည်ကို တွေ့ရသည်။
နောက်ချန် ဌာနချုပ်အင်အားနှင့်ပါပေါင်းမှ တပ်ရင်းတရင်းလျှင် ၁၅၀ မှ ၂၅၀ ထိသာ ရှိနိုင်သည်ဟု တွက်ဆရသည်။ သို့ ဖြစ်ရာ တိုက်ခိုက်ရေးတရင်းတွင် ပျမ်းမျှအင်အား ၂၀၀ ခန့်သာ ရှိနိုင်သည်ဟု တွက်ဆရသည်။
ထို့ကြောင့် စုစုပေါင်း တပ်ရင်း ၅၀၀ ကျော်ရှိရာ တိုက်ခိုက်ရေး အင်အားမှာ ၁ သိန်းကျော်သာ ရှိနိုင်သည်ဟု တွက်ဆရ သည်။

ဒုတိယအားဖြင့် ပြည်တွင်းစစ် စစ်မြေပြင်တွင် အသုံးပြုမည်က အမြောက်တပ် ဖြစ်သည်။ ကကကြည်းအောက်တွင် အမြောက်တပ် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ၁၀ ခု ဖွဲ့စည်းထားပြီး ၎င်းအောက်တွင် အမြောက်တပ်ရင်း ၁၀၅ ရင်း ဖွဲ့စည်း ထားသည်ကို တွေ့ရသည်။
အမြောက်တပ်ရင်းများအား ၁၀၅ မမ/ ၇၆ မမ/ ၇၅ မမ အမြောက်များ/ စက်အမြောက်များ တပ်ဆင်ထားသည့် တပ်ရင်းများ၊ ၁၅၅ မမ/ ၁၃၀ မမ/ ၁၂၂ မမ ဟော်ဝစ်ဇာ အမြောက်များ တပ်ဆင်ထားသည့် တပ်ရင်းများ၊ MLRS-Multiple Launch Rocket System ခေါ် အတွဲလိုက်ပစ်ဒုံးကျည် ၁၂၂ မမ/ ၂၄၀ မမ အမျိုးအစားများ တပ်ဆင်ထားသည့် တပ်ရင်း များအဖြစ် ဖွဲ့စည်းထားသည်။ ထိုအမြောက်တပ်ရင်းများအား စစ်မြေပြင်တွင် ပေါင်းစပ်၍ အသုံးပြုသည်။
များပြားလှသော စစ်တပ်၏ လက်ရုံးတပ်နှင့် ရုံးဌာနများသည် စစ်မြေပြင်တွင် မပါဝင်သော်လည်း ထိုလက်ရုံးတပ် များပြားခြင်းသည် စစ်မြေပြင်အား ထောက်ပို့ပေးနိုင်သည်ကို ထည့်သွင်း တွက်ချက်ထားရမည့်အပြင် မြန်မာစစ်တပ်အတွက် နယ်မြေထိန်းချုပ်ရေးတွင် အထောက်အကူ ဖြစ်သည်က ရဲတပ်ဖွဲ့ ဖြစ်သည်။
တတိယအားဖြင့် ပြည်တွင်းစစ်မြေပြင်တွင် အသုံးပြုနိုင်သည်မှာ သံချပ်ကာနှင့် တင့်ကားတပ်ဖွဲ့များ ဖြစ်သည်။ ကကကြည်းအောက်တွင် သံချပ်ကာ စစ်ဆင်ရေးဌာနချုပ် ၅ ခုရှိပြီး တင့်ကားတပ်ရင်း ၁၁ ရင်း၊ သံချပ်ကာတပ်ရင်း ၁၁ ရင်း ရှိသည်။
လက်ရှိ ပြည်တွင်းစစ်တွင် စတင် အသုံးပြုနေပြီ ဖြစ်သော်လည်း မြေအနေအထား အကန့်အသတ်ကြောင့် အလုံးအရင်းနှင့် သုံးစွဲခြင်း မပြုနိုင်သေးဘဲ အကန့်အသတ်ဖြင့်သာ စမ်းသပ် သုံးစွဲနိုင်သေးသည်။
ယခု နောက်ပိုင်းတွင် ကကဒုံးဟူ၍ ထပ်မံဖွဲ့စည်းသည်ကို တွေ့ရပြီး တာတိုပစ် ဒုံးကျည်တပ်ဖွဲ့များဟု ယူဆရသည်။ လတ်တလော ပြည်တွင်းစစ် စစ်မျက်နှာတွင် သုံးစွဲခြင်း မရှိသေးသလို လေကြောင်းရန် ကာကွယ်ရေးနှင့် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ၅ ခု၊ ၎င်းကွပ်ကဲမှုအောက်ရှိ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်း ၅၃ ရင်းမှာလည်း ပြည်တွင်းစစ်တွင် သုံးစွဲခြင်း မပြုနိုင်ပါ။

ထို့ပြင် ဆက်သွယ်ရေးတပ်ရင်း ၃၃ ရင်း၊ ထောက်ပို့/ ဝန်တင်/ မော်တော်ယဉ်တပ်ရင်း ၂၃ ရင်း၊ စစ်ဆေးရုံနှင့် ဆေးတပ်ရင်း ၅၉ ခု၊ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၂၆ ရုံနှင့် စစ်လက်နက်ခဲယမ်းတပ်ရင်းများ၊ စစ်အင်ဂျင်နီယာ၊ ဆောက်လုပ်ရေး၊ လျှပ်စစ်တပ်ရင်းတပ်ဖွဲ့များ စသည့် လက်ရုံးတပ်များစွာသည် စစ်မြေပြင် တိုက်ခိုက်ရေးတပ်များ မဟုတ်ပါ။
ထို့ပြင် အခြား ရုံးဌာနများစွာလည်း ရှိသည်။ ဤသည်မှာ နိုင်ငံတနိုင်ငံ၏ အမြဲတမ်း စစ်တပ်များတွင် တွေ့ရလေ့ရှိသည့် ပုံသဏ္ဍာန် ဖြစ်သည်။ လက်ရုံးတပ်နှင့် ရုံးအဖွဲ့များက တိုက်ခိုက်ရေး အင်အားနှင့် ဆတူ သို့မဟုတ် ပိုများလေ့ ရှိသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မတူသည့်ပုံစံလည်း ဖြစ်သည်။ တိုင်းရင်းသားတပ်များတွင် လက်ရုံးတပ်နှင့် ရုံးအဖွဲ့က အနည်းငယ်သာ ရှိသည်။
သို့ဖြစ်ရာ မြန်မာစစ်တပ်၏ စစ်အင်အားသည် ကြည်းတပ်အနေဖြင့် တိုက်ခိုက်ရေးအင်အား ၁ သိန်းကျော်မှာ အဓိက ဖြစ်ပြီး အမြောက်တပ်သည် ၎င်းအတွက် အဓိက ထောက်ကူဖြစ်ကာ သံချပ်ကာနှင့် ဒုံးတပ်ဖွဲ့က အရန်ဖြစ်သည်။
များပြားလှသော စစ်တပ်၏ လက်ရုံးတပ်နှင့် ရုံးဌာနများသည် စစ်မြေပြင်တွင် မပါဝင်သော်လည်း ထိုလက်ရုံးတပ် များပြားခြင်းသည် စစ်မြေပြင်အား ထောက်ပို့ပေးနိုင်သည်ကို ထည့်သွင်း တွက်ချက်ထားရမည့်အပြင် မြန်မာစစ်တပ်အတွက် နယ်မြေထိန်းချုပ်ရေးတွင် အထောက်အကူ ဖြစ်သည်က ရဲတပ်ဖွဲ့ ဖြစ်သည်။
သို့သော် ရဲတပ်ဖွဲ့သည် တိုက်ရည်ခိုက်ရည် နိမ့်သည်။ ထို့ပြင် လိုအပ်လျှင် လက်ရုံးတပ်များမှ အင်အားများ ထုတ်နုတ် သုံးစွဲနိုင်သည်။ ဒေသအလိုက် ဖွဲ့စည်းထားသော နယ်ခြားစောင့်တပ်ရင်း ၂၀ ကျော်နှင့် ပြည်သူ့စစ်များအား စစ်ဆင်ရေး နယ်မြေ အလိုက် အသုံးချနိုင်သည်ကိုလည်း ထည့်သွင်းတွက်ချက်ရန် လိုသည်။
မြန်မာစစ်တပ်၏ အားနည်းချက်မှာ တပ်ထဲဝင်ရောက်လိုသည့် တပ်သားသစ် နည်းပါးပြီး စစ်အင်အား လိုသလောက် ဖြည့်တင်းရန် ခက်ခဲသည်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်သင်တန်းတက်မည့်သူပင် နည်းပါးသွားသည်။ မြေပြင်တပ်ရင်းများ၏ စစ်အင်အားမှာလည်း အလွန်အမင်း ကျဆင်းနေသည်။ စစ်မြေပြင်တွင်လည်း တိုက်စိတ်ခိုက်စိတ် လျော့ပါးနေသည်။
လေတပ်
ပြည်တွင်းစစ်တွင် မြန်မာစစ်တပ် ဒုတိယအားကိုးသည်မှာ လေတပ်ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဌာန (လေ)- ကက လေအား နေပြည်တော်တွင် အခြေစိုက်သည်။ ကကလေအောက်တွင် လေတပ်စခန်းဌာနချုပ် ၁၀ ခု ရှိသည်။
ကကလေတွင် တိုက်ခိုက်ရေး/ ဗုံးကြဲလေယာဉ် စုစုပေါင်း ၈၀ ကျော်ရှိပြီး မှာယူဆဲလေယာဉ် ၁၆ စီး ရှိသည်။ သယ်ယူ ပို့ဆောင်ရေးယာဉ် ၂၅ စီး၊ လေ့ကျင့်ရေးလေယာဉ် ၈၅ စီး (မှာယူဆဲ ၃၄ စီး)၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၈ စီးနှင့် ဘက်စုံသုံး ရဟတ်ယာဉ် ၇၈ စီး ရှိသည်။

လက်ရှိ ပြည်တွင်းစစ်တွင် မြေပြင်တိုက်ပွဲများ၌ လေကြောင်းအကူအညီ အများဆုံး သုံးသည်ကို တွေ့ရပြီး လေကြောင်းမှ ကင်းထောက်ခြင်း၊ တိုက်ခိုက်ခြင်း၊ စစ်အင်အားနှင့် ရိက္ခာ လက်နက်ခဲယမ်းများ သယ်သူပို့ဆောင်ခြင်းတို့ကို ပြုလုပ်သည်။
ရေတပ်
ပြည်တွင်းစစ်တွင် အသုံးဝင်မှု အနည်းဆုံး ဖြစ်သည်ဟု ဆိုနိုင်သော်လည်း အနီးခေတ်၌ ရခိုင်စစ်ပွဲတွင် စတင်သုံးသည်ကို တွေ့ရပြီး ၂၀၂၁ ထဲတွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အတွင်း၌ပါ ရေတပ်အား အသုံးပြုသည်ကို တွေ့လာရသည်။
ကာကွယ်ရေးဝန်ကြီးဌာန (ရေ)- ကကရေ၏ လက်အောက်၌ မြန်မာ့ပင်လယ်ပြင် ကမ်းရိုးတန်း တလျှောက်တွင် ရေတပ် စခန်းဌာနချုပ် ၈ ခု၊ ရေတပ်ဗျူဟာ စစ်ရေယာဉ်စုနှင့် လက်အောက်ခံ ရေတပ်ရင်းများ ဖွဲ့စည်းထားသည်။
မြန်မာစစ်တပ်ထက် ဘဏ္ဍာရေးသုံးစွဲနိုင်မှု မယှဉ်သာအောင် မြင့်မားသည့်အပြင် ကမ္ဘာပေါ်တွင် နည်းပညာ အမြင့်ဆုံး လက်နက်များ ပိုင်ဆိုင်ထားသည့် အမေရိကန် စစ်တပ်သည်ပင် ခလုတ်တချက်နှိပ်ရုံနှင့် စစ်ပွဲ မအောင်နိုင်သည်ကို အာဖဂန်နစ္စတန်တွင် ထပ်မံတွေ့ခဲ့ရပြီ ဖြစ်သည်။ မြန်မာစစ်တပ်သည် ဝါးလုံးခေါင်းထဲ လသာနေပုံရသည်။
ကကရေတွင် ရေငုပ်သင်္ဘော ၁ စီးနှင့် စစ်ရေယာဉ်ကြီးငယ် ၁၇၀ ကျော် ရှိသည်။ ရေယာဉ်အများစုမှာ ရေယာဉ်ငယ်များ ဖြစ်ပြီး အများစုမှာ ပြည်တွင်းထုတ်များ ဖြစ်သည်။ ရေတပ်သုံး ကင်းထောက်လေယာဉ် ၆ စီးနှင့် ရေတပ်သုံး ရဟတ်ယာဉ် ၅ စီး ရှိသည်။
ပြည်တွင်းစစ်တွင် ရေတပ်အသုံးပြုရန် အကန့်အသတ် ရှိသော်လည်း လက်ရှိ စစ်ပွဲအခြေအနေတွင် တွေ့ရသည်မှာ စစ်ပွဲ ဖြစ်ပွားသည့် နေရာများတွင် ရေကြောင်းအသုံးပြု၍ ရရှိပါက ပစ်ကူနှင့် ထောက်ပို့လုပ်ငန်းများတွင် အသုံးပြုသည်ကို တွေ့ရသည်။
မြန်မာစစ်တပ်၏ အားသာချက်၊ အားနည်းချက်
လေ့ကျင့်သားရှိသည့် စစ်တပ်ရှိခြင်း၊ လက်နက်ခဲယမ်းမီးကျောက် ပြည့်စုံခြင်း၊ လက်နက်ကြီး၊ လေကြောင်း၊ ရေကြောင်း ပစ်ကူတို့တွင် တိုင်းရင်းသား လက်နက်ကိုင်များထက် သာလွန်ခြင်း၊ တပ်ရွှေ့ပြောင်းရာတွင်လည်းကောင်း၊ လက်နက်ခဲယမ်း ရိက္ခာ ထောက်ပို့ရာတွင်လည်းကောင်း ကြည်းကြောင်း၊ ရေကြောင်း၊ လေကြောင်း အသုံးပြုပို့ဆောင်နိုင်သည်။

စစ်တပ်၏ လိုအပ်ချက်များအား တိုင်းပြည်ဘဏ္ဍာကို စိတ်ကြိုက်သုံး၍ ဖြည့်တင်းနိုင်ခြင်း၊ ဗဟိုမှ တစုတစည်းတည်း အမိန့်ပေးနိုင်ခြင်း၊ ဒေသအုပ်ချုပ်ရေးယန္တရား ရဲ၊ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ် စသည့် အရန်အင်အားများကို အသုံးပြုနိုင်ခြင်း စသည်တို့သည် မြန်မာစစ်တပ်၏ အားသာချက် ဖြစ်သည်။
မြန်မာစစ်တပ်၏ အားနည်းချက်မှာ တပ်ထဲဝင်ရောက်လိုသည့် တပ်သားသစ် နည်းပါးပြီး စစ်အင်အား လိုသလောက် ဖြည့်တင်းရန် ခက်ခဲသည်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်သင်တန်းတက်မည့်သူပင် နည်းပါးသွားသည်ကို တွေ့ရသည်။
တပ်သားသစ်များ ဝယ်ယူဖြည့်တင်းနေရသည် ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသလို မြေပြင်တပ်ရင်းများ၏ စစ်အင်အားမှာလည်း အလွန်အမင်း ကျဆင်းနေသည်။ စစ်မြေပြင်တွင်လည်း တိုက်စိတ်ခိုက်စိတ် လျော့ပါးနေ သည်။
မြန်မာစစ်တပ်သည် ဖွဲ့စည်းပုံတိုးချဲ့ခြင်း၊ ခေတ်မီနည်းပညာမြင့် လက်နက်များ ငွေကုန်ကြေးကျခံ၍ တပ်ဆင်ခြင်း များ ရှိသော်လည်း လက်တွေ့ စစ်မြေပြင်ရလဒ်မှာ အနုတ်လက္ခဏာ ပြနေသည်။ တိုက်ခိုက်ရေး စွမ်းရည်၊ စစ်စွမ်းရည် ကျဆင်းနေသည်ကို လက်တွေ့မြေပြင် စစ်ပွဲများတွင် တွေ့နေရသည်။
မြို့ပေါ်တွင် လုံခြုံရေး ယူနေသော တပ်ဖွဲ့များသည်ပင် အချိန်ကြာလာသောအခါ စိတ်ဓာတ်ကျလာသည်ကို တွေ့ရသည်။ ယခုတခေါက် လှုပ်ရှားမှုတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်၍ တပ်ကိုစွန့်ခွာလာသည့် စစ်သားနှင့်ရဲ အတော်များများကိုလည်း တွေ့လာရသည်။
ခြေလျင်နှင့် ခြေမြန်တပ်ရင်းများတွင် တပ်သားအင်အား များစွာကျဆင်းနေရာ ဦးစီးကွပ်ကဲသည့် တပ်ရင်းမှူးများ၏ ကွပ်ကဲမှုစွမ်းရည် ကျလာနေသည်။ ယခင် စစ်သည် ၅၀၀ ခန့် ဦးစီးရသည့် တပ်မှူးတဦး၏ စွမ်းဆောင်ရည်နှင့် ယခု စစ်သည် ၁၀၀ မှ ၂၀၀ ခန့်သာ ဦးစီးရသည့် တပ်မှူးတဦး၏ စွမ်းဆောင်ရည် ကွာခြားခဲ့ပြီ ဖြစ်သည်။
ထို့ပြင် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူကို အားကိုးလွန်းသဖြင့် ပစ်ကူမပါလျှင် စစ်တိုက်ရန် မဝံ့မရဲ ဖြစ်လာသည်ကိုပင် တွေ့ရသည်။
ကြည်းတပ်အပြင် လေတပ်၊ ရေတပ်များ အကူအညီဖြင့် ၂၀၁၉၊ ၂၀၂၀ အတွင်း ရခိုင်တွင် အလုံးအရင်း ထိုးစစ်ဆင်ခဲ့သော်လည်း ရက္ခိုင်စစ်တပ် (AA) အား ချေမှုန်းနိုင်ခြင်း မရှိသည့်အပြင် ရခိုင်ပြည်နယ်၌ AA အခိုင်အမာ ရပ်တည်လာနိုင်ခဲ့သည်။
စစ်လက်နက်စွမ်းအား သာလွန်သော်လည်း လူထုထောက်ခံမှု မရပါက အောင်မြင်မှု မရနိုင်သည်ကို တွေ့ရသည်။
မြန်မာစစ်တပ်သည် ပြီးခဲ့သည့်နှစ် ၃၀ မှစ၍ စစ်တပ်ဖွဲ့စည်းပုံကို အများအပြား တိုးချဲ့ထားခဲ့သော်လည်း ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် တပြည်လုံးတွင် စစ်တပ်အင်အား အများအပြား ဖြန့်ခွဲရရာ စစ်အင်အား မလုံလောက်ပေ။
ရန်ကုန်၊ မန္တလေး ကဲ့သို့သော မြို့ကြီးများတွင် လက်ရုံးတပ်ဖွဲ့မှ စစ်သားများအား ထုတ်နုတ် တာဝန်ပေးနေရသည်ကို တွေ့ရသည်။ ကြိုတင်ပြင်ဆင်မထားလျှင် စစ်ကူ အလွယ်တကူပို့ရန် အရန်အင်အား မရှိသည်ကို တွေ့ရသည်။

ပြီးခဲ့သော လပိုင်းအတွင်း မိုးဗြဲရဲစခန်းအား ကယားလူထု ဝင်ရောက်စီးနင်းသည်။ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အခြေစိုက်ရာ လွိုင်ကော်၊ စစ်ဆင်ရေးနှင့် ကွပ်ကဲမှုဌာနချုပ် (စကခ) အခြေစိုက်ရာ ဖယ်ခုံတို့နှင့် အနီးလေး ဖြစ်သော်လည်း အရန်ပြင်ဆင်ထားသည့် တပ်မရှိ၍ တနေကုန် ထိထိရောက်ရောက် စစ်ကူပေးနိုင်ခြင်း မရှိခဲ့။
ယခုလည်း မုံးကိုးဒေသ၌ ကိုးကန့်အဖွဲ့နှင့် ဖြစ်ပွားနေသော စစ်ပွဲတွင် တိုက်နေသော တပ်များမှာ စကခ ပေါင်းစုံမှ တပ်ရင်း တရင်းစီကို ထုတ်နုတ်ပို့နေပြီး စုပေါင်းစပ်ပေါင်း တပ်ထုတ်နုတ် စုစည်းနေရသည်ကို တွေ့ရသည်။
ထို့ပြင် တပ်အင်အားကို တလုံးတခဲတည်း ဖြည့်တင်းနိုင်ခြင်း မရှိဘဲ မထိန်းနိုင်မှ တရင်းစီ ထပ်၍ဖြည့်တင်းနေသည်ကို တွေ့ ရပြီး တပ်မအလိုက်၊ စကခအလိုက် စစ်ဆင်ရေးနယ်မြေ သတ်မှတ်ဆောင်ရွက်ရန်ပင် ခက်ခဲနေသည့် အခြေအနေကို တွေ့ နေရသည်။
စစ်တပ် ပြောရေးဆိုခွင့်ရှိသူက တိုင်းရင်းသားအချင်းချင်းမို့ အလျှော့ပေးထားသယောင်၊ ၎င်းတို့ တိုက်ချင်ပါက တိုင်းရင်းသား လက်နက်ကိုင် စခန်းများကို ခလုတ်တချက်နှိပ်ရုံဖြင့် ချေမှုန်းနိုင်သယောင် ကြွားလုံးထုတ်လေ့ ရှိသည်။
၎င်းတို့ စစ်တပ်ထက် ဘဏ္ဍာရေးသုံးစွဲနိုင်မှု မယှဉ်သာအောင် မြင့်မားသည့်အပြင် ကမ္ဘာပါ်တွင် နည်းပညာ အမြင့်ဆုံး လက်နက်များ ပိုင်ဆိုင်ထားသည့် အမေရိကန် စစ်တပ်သည်ပင် ခလုတ်တချက်နှိပ်ရုံနှင့် စစ်ပွဲ မအောင်နိုင်သည်ကို အာဖဂန်နစ္စ တန်တွင် ထပ်မံတွေ့ခဲ့ရပြီ ဖြစ်သည်။
အမေရိကန်နှင့် နှိုင်းစာလျှင် နည်းပညာအဆင့်အရ များစွာနိမ့်ပါးသည့် မြန်မာစစ်တပ်သည် ကိုယ့်ဝါးလုံးခေါင်းထဲ လသာနေပုံရသည်။
မြန်မာစစ်တပ်သည် ၁၉၈၉ နောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့အား အပစ်ရပ်၍ အချို့အား ဖိတိုက်သည့်၊ ခွဲခြားတိုက်ခိုက်သည့် ပေါ်လစီကို ကျင့်သုံးသည်။
၁၉၈၉ နောက်ပိုင်း ရှမ်းနှင့်ကချင်ရှိ တိုင်းရင်းရင်းသား အဖွဲ့များအား အပစ်ရပ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) အား ဖိတိုက်ခဲ့သည်။ စစ်ရေးအရ တိုက်ပွဲအချို့ အနိုင်ရခဲ့သည် ဆိုသော်လည်း မြန်မာစစ်တပ်သည် KNU အား စစ်ရေးအရ အပြတ်အသတ် အသာစီးရခဲ့သည် မဟုတ်ပေ။
၁၉၉၄ ခုနှစ် KNU မှ ကရင်ဗုဒ္ဓဘာသာအင်အား ၄,၀၀၀ ကျော် ခွဲထွက်သည့်အပေါ် နိုင်ငံရေးအရ အမြတ်ထုတ် အသာစီး ယူနိုင်ခဲ့ခြင်းသာ ဖြစ်သည်။
၂၀၀၉၊ ၂၀၁၀ UWSA ဝ တပ်ဖွဲ့၊ NDAA မိုင်းလားတပ်ဖွဲ့တို့နှင့် တင်းမာမှု အမြင့်ဆုံးအချိန် ရောက်လာသည့်အခါ မြန်မာစစ်တပ်သည် စစ်မျက်နှာသစ်ဖွင့်ရန် မဝံ့ရဲသဖြင့် လေသံလျှော့ပြီး နောက်ဆုတ်ခဲ့ရသည်ကို တွေ့ရသည်။
၂၀၁၁ ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် တကျော့ပြန်စစ်ပွဲတွင်လည်းကောင်း၊ ၂၀၁၅ ကိုးကန့် ဒေသတွင် ဖြစ်ပွားသော မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) နှင့် တိုက်ပွဲများတွင် လည်းကောင်း စစ်တပ်သည် ကြည်းတပ်စစ်အင်အား အလုံးအရင်း သုံးသည့်အပြင် လေကြောင်းမှပါ ပစ်ကူ စစ်ကူ အင်အားဖြည့်ပေးခဲ့သော်လည်း မြန်မာစစ်တပ်သည် အကျအဆုံး များခဲ့ပြီး အထိနာခဲ့သည်။ ရည်မှန်းချက် ထင်တိုင်း မပေါက်ခဲ့သည်ကို တွေ့ရသည်။
၂၀၁၉၊ ၂၀၂၀ အတွင်း ရခိုင်ပြည်နယ် စစ်ပွဲများ အတွင်း၌လည်း မြန်မာစစ်တပ်သည် ကြည်း၊ ရေ၊ လေ အင်အား အလုံးအရင်း သုံးစွဲခဲ့သည်။ ဖြတ်တောက်မှု၊ ပိတ်ဆို့မှုမျိုးစုံ ပြုလုပ်ခဲ့သည်။ ၂ နှစ်ကြာ စစ်ပွဲ၏ ရလဒ်မှာ ရခိုင်တွင် အင်အား ကောင်းသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ ပေါ်လာခြင်း ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာစစ်တပ်သည် ဖွဲ့စည်းပုံတိုးချဲ့ခြင်း၊ ခေတ်မီနည်းပညာမြင့် လက်နက်များ ငွေကုန်ကြေးကျခံ၍ တပ်ဆင်ခြင်း များ ရှိသော်လည်း လက်တွေ့ စစ်မြေပြင်ရလဒ်မှာ အနုတ်လက္ခဏာ ပြနေသည်။
၎င်းတို့ ကြွားလုံးထုတ်နေသကဲ့သို့ တိုင်းရင်းသား အချင်းချင်းဖြစ်၍ အလျှော့ပေးနေသည် မဟုတ်ဘဲ တိုက်ခိုက်ရေး စွမ်းရည်၊ စစ်စွမ်းရည် ကျဆင်းနေသည်ကို လက်တွေ့မြေပြင် စစ်ပွဲများတွင် တွေ့နေရသည်။
သို့ဖြစ်ရာ ယခုကဲ့သို့ မြန်မာပြည်အနှံ့ စစ်မျက်နှာများစွာ ဖြန့်ခွဲရမည့် အခြေအနေမျိုးအောက်တွင် မြန်မာစစ်တပ်၏ တိုက်ခိုက်နိုင်စွမ်းသည် မေးခွန်းထုတ်ဖွယ် ဖြစ်လာပေတော့သည်။
ထို့ပြင် မြန်မာစစ်တပ်အတွက် အလွန်အားနည်းသွားစေသည့် နိုင်ငံရေး အကြောင်းအချက်မှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းလိုက်ခြင်း ဖြစ်သည်။ ထိုအာဏာသိမ်းပွဲကြောင့် တိုင်းပြည်သည် အကျပ်အတည်းထဲ ရောက်သွားသကဲ့သို့ နိုင်ငံတကာ၏ ပစ်တင်ရှုတ်ချခြင်း ခံရပြီး အထီးကျန် ဖြစ်သည်။
စစ်တပ်သည်လည်း လူထု၏ တူးတူးခါးခါး နာကျည်းမုန်းတီးခြင်းကို ခံလိုက်ရသည်။ ၂၀၁၁ ဦးသိန်းစိန် အစိုးရလက်ထက်မှ အစပြုခဲ့သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပျက်စီးသွားခဲ့သည်။
ထို့ပြင် မြန်မာစစ်တပ်အား ညှိနှိုင်းရမည့်၊ ရင်ကြားစေ့ရမည့် အင်အားစုတစုအဖြစ် မလွှဲမရှောင်သာ သတ်မှတ်ထားသည့် အချက်လည်း ပျက်စီးသွားသည်။ အရပ်ဘက်စစ်ဘက် ဆက်ဆံရေး ဆိုသည်လည်း ပျက်စီးသွားသည်။ မြန်မာစစ်တပ် သည် ထိုအခြေအနေကို ပြန်လည် အဖတ်ဆယ်ရန် ခက်ခဲနေပြီ ဖြစ်သည်။
ဆက်ရန်ရှိသည်။
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦးဖြစ်သည်။)
You may also like these stories:
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၁)
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၂)
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၃)
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း -၄ )
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၅)
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၆)
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၇)