နိုင်ငံတဝှမ်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကြောင့် မြန်မာစစ်အုပ်စုမှ ဘက်ပြောင်းသွားသူ အရေအတွက်သည် စစ်ကောင်စီ ပြုတ်ကျလောက်အောင် မများသော်လည်း ကြီးထွားလာနေသည်။
ကိုအောင်မျိုးထက်သည် စစ်သားဖြစ်ရန် အမြဲတမ်းရည်မှန်းခဲ့ပြီး ဗိုလ်ကြီးအဆင့်အထိ ဖြစ်လာသည်။ စစ်တပ်သို့ ဝင်ရောက်စဉ်က သူသည် နိုင်ငံကို ကာကွယ်ရမည်ဟုထင်ခဲ့ပြီး ကိုယ့်နိုင်ငံသားများနှင့် ပြန်တိုက်ခိုက်ကာ ရှုံးနိမ့်မည်ဟု မထင်ခဲ့ပေ။
ဖေဖော်ဝါရီလက အာဏာသိမ်းလိုက်သော ဗိုလ်ချုပ်များကို ဆန့်ကျင်သည့် ခုခံတိုက်ခိုက်ရေးသမားများနှင့် လက်နက်ကိုင် ဆန္ဒပြသူများကို နှိမ်နင်းရန် ဇွန်လတွင် သူ့ကို ကယားပြည်နယ်သို့ စေလွှတ်လိုက်သည်။ သူ၏ စစ်သား သုံးယောက် သေသွားကြောင်း အသက် ၃၂ နှစ်ရှိပြီဖြစ်သော ကိုအောင်မျိုးထက်က ပြောသည်။
“ကျနော်တို့ဘက် ထိခိုက်သေဆုံးတာတွေ မြင်ရတာ ကျနော် အရမ်း စိတ်မကောင်းဖြစ်တယ်။ ကျနော်တို့က နိုင်ငံအတွက် မဟုတ်ဘဲ ဗိုလ်ချုပ်တွေအတွက် အသက်ကို စတေးနေရတယ်”
“ကျနော်တို့ဘက် ထိခိုက်သေဆုံးတာတွေ မြင်ရတာ ကျနော် အရမ်း စိတ်မကောင်းဖြစ်တယ်” ဟု သူက ပြောသည်။ “ကျနော်တို့က နိုင်ငံအတွက် မဟုတ်ဘဲ ဗိုလ်ချုပ်တွေအတွက် အသက်ကို စတေးနေရတယ်” ဟု သူက ဆက်ပြောသည်။
အောက်တိုဘာလ ၇ ရက်နေ့တွင် သူသည် တပ်စခန်းမှထွက်လာပြီး ဒီမိုကရေစီ ပြန်လည် ထိန်းသိမ်းရန်နှင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ဖြုတ်ချရန် ရည်ရွယ်သည့် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်လိုက်သည်။ အခြားစစ်သားနှင့် ရဲအနည်းဆုံး ၂,၀၀၀ ခန့်သည် အလားတူ လုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် အမည်ဆိုး အကျော်ကြားဆုံး အဖွဲ့အစည်းဖြစ်သည့် စစ်အုပ်စုကို တစိတ်တပိုင်းအားဖြင့် အင်အားချည့်နဲ့စေခဲ့သည်။
အင်အား ၂၈၀,၀၀၀ မှ ၃၅၀,၀၀၀ အကြားရှိသည်ဟု ခန့်မှန်းရသော မြန်မာစစ်အုပ်စုတွင် ဘက်ပြောင်းသွားသူ အရေအတွက်သည် သေးငယ်သော ရာခိုင်နှုန်းသာရှိသည်။ သို့သော် ထိုကိစ္စသည် သက်ရောက်မှု များစွာရှိပြီး စစ်သားများအကြား စိတ်ဓာတ်ရေးရာ အကျပ်အတည်းကို ပိုမိုကြီးထွားစေသည်။ စစ်အုပ်စုသည် လူသစ်ရှာရန် ရုန်းကန်နေပြီး စစ်တပ်အငြိမ်းစားများ စစ်တပ်တွင် ပြန်လည် တာဝန်ထမ်းဆောင်ရန် ခေါ်ယူကာ မလာရောက်ပါက အငြိမ်းစားလစာများ ဆိုင်းငံ့ထားမည်ဟု ခြိမ်းခြောက်နေသည်။ စစ်သားများ၏ ဇနီးများကို စစ်စခန်းများတွင် အစောင့်ချပြီး စစ်ဥပဒေကို ချိုးဖောက်နေသည်။
အမေရိကန် ဝက်စ်ပွိုင့် စစ်တက္ကသိုလ်ကဲ့သို့ဖြစ်သော မြန်မာစစ်တက္ကသိုလ်၏ ၆၇ နှစ်ကြာပြီဖြစ်သည့် သမိုင်းတွင် ပထမဆုံး အနေဖြင့် ယခုနှစ်အတွက် ဗိုလ်လောင်း သင်တန်းသားသစ် မရှိဖြစ်ရသည်။
“ဒီလောက်အထိ တပ်ကနေပြေးကြတာ တခါမှ မတွေ့ဖူးဘူး” ဟု စင်ကာပူရှိ အရှေ့တောင်အာရှ လေ့လာရေးဌာန မြန်မာနိုင်ငံလေ့လာရေး အစီအစဉ်မှ တွဲဖက်ညှိနှိုင်းရေးမှူး ဒေါ်မိုးသူဇာက ပြောသည်။
“ဒီလောက်အထိ တပ်ကနေပြေးကြတာ တခါမှ မတွေ့ဖူးဘူး” ဟု စင်ကာပူရှိ အရှေ့တောင်အာရှ လေ့လာရေးဌာန မြန်မာနိုင်ငံလေ့လာရေး အစီအစဉ်မှ တွဲဖက်ညှိနှိုင်းရေးမှူး ဒေါ်မိုးသူဇာက ပြောသည်။ “ဖေဖော်ဝါရီလနောက်ပိုင်း တွေ့နေရတာက လူတွေ ဆက်တိုက်ထွက်နေပြီး CDM မှာ လူသိရှင်ကြား ပါဝင်နေတာပဲ။ ဒါမျိုးမဖြစ်ဖူးဘူး” ဟု သူက ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိပ်တန်း စစ်ခေါင်းဆောင်များ၏ သစ္စာခံမှုကို ရယူနေထားဆဲဖြစ်ပြီး စစ်တပ်ကို ဖြုတ်ချနိုင်လောက်အောင် ဘက်ပြောင်းလာသူ မရှိသေးပေ။ ထိုသို့ ဘက်ပြောင်းလာသူများကို ခုခံရေးအင်အားစုများက အလျင်အမြန်ကြိုဆိုကြသည်။ ၁၉၄၈ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီး ကတည်းက စစ်အုပ်စုကို တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက် လေးခုက အစားအစာ၊ ခိုလှုံခွင့်နှင့် တပ်များဖွဲ့စည်းရန် အခွင့်အလမ်းများကို ပေးသည်။
“သူတို့ရဲ့ ဝါရင့်စစ်ရေးအတွေ့အကြုံက ကျနော်တို့ရဲ့ လက်နက်ကိုင်ခုခံမှုအတွက် အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးမားတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနအတွင်းဝန် ဦးနိုင်ထူးအောင်က ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သည်ဟု ကြေညာထားပြီး များပြားလာနေသည့် ဘက်ပြောင်းလာသူများကို မှတ်တမ်းတင်နေသည်။ “အခုက ကျနော်တို့အားလုံးမှာ ဘုံရည်မှန်းချက်ရှိနေပြီ” ဟုလည်း သူက ပြောသည်။
ဘက်ပြောင်းလာသူ အများအပြားက ၎င်းတို့၏ လူမှုကွန်ရက်အကောင့်များတွင် အများပြည်သူသို့ကြေညာပြီး အခြားစစ်သည်များလည်း သူတို့နောက် လိုက်လာရန် အားပေးကြသည်။ ဘက်ပြောင်းလာသူ အများစုသည် ရာထူးနိမ့်သူများ ဖြစ်သော်လည်း အရာရှိများလည်း ပါဝင်သည်။
ဘက်ပြောင်းလာသူ အများစုသည် စစ်ကောင်စီတပ်များ ပိုမိုခွဲထွက်လာစေရန် လျှို့ဝှက် အွန်လိုင်းလှုပ်ရှားမှုတွင် နည်းပညာနားလည်သော တက်ကြွလှုပ်ရှားသူများနှင့်အတူ လုပ်ဆောင်နေသည်။
ဘက်ပြောင်းလာသူ အများစုသည် စစ်ကောင်စီတပ်များ ပိုမိုခွဲထွက်လာစေရန် လျှို့ဝှက် အွန်လိုင်းလှုပ်ရှားမှုတွင် နည်းပညာနားလည်သော တက်ကြွလှုပ်ရှားသူများနှင့်အတူ လုပ်ဆောင်နေသည်။ စစ်သားများနှင့် ဆွဲဆောင်မှု ရှိသော အမျိုးသမီးများ၏ ပုံများဖြင့် ထိုအဖွဲ့သည် စစ်သားများနှင့် မိတ်ဆွေဖွဲ့ရန် Facebook စာမျက်နှာ တဒါဇင်ကျော် ဖွင့်ထားသည်။
ထိုအကောင့်များက တိုက်ရိုက်စာတိုများပေးပို့ပြီး အပြစ်မဲ့ပြည်သူများကို ထိခိုက်အောင်မလုပ်ရန် စစ်သားများကို မေတ္တာရပ်ခံသည်။ အခြားအုပ်စုတခုကလည်း စစ်သားဇနီးများ အနေဖြင့် ၎င်းတို့ယ၏ ယောက်ျားများ စစ်တပ်မှ ထွက်ပြေးပြီး စစ်ကောင်စီကို ဆန့်ကျင်ရန် ဖျောင်းဖျရေးကို တိုက်တွန်းနေသည်။
“အခုဖြစ်နေတဲ့ ဝါဒဖြန့်ချိရေးစစ်ပွဲမှာ ထူးခြားချက်ရှိတယ်” ဟု နိုင်ငံတကာအကျပ်အတည်း ဖြေရှင်းရေးအဖွဲ့ (ICS) မှ မြန်မာရေးရာအဆင့်မြင့် အကြံပေး ရစ်ချတ်ဟိုဆေးက ပြောသည်။ “ဒါအတွက် ခုခံမှုကို ရဲတင်းယုံကြည်မှု ရှိစေတယ်လို့ ကျနော်ထင်တယ်” ဟု သူက ပြောသည်။
အာဏာသိမ်းပြီးနောက် ၎င်းတို့အထက်အရာရှိများက အရပ်သားများအား ပစ်မိန့်ပေးခြင်းကို ဆန့်ကျင်သောကြောင့် ဘက်ပြောင်းလာရခြင်းဖြစ်ကြောင်း ဘက်ပြောင်းလာသော စစ်သားများက ပြောသည်။ စစ်ကောင်စီက အရပ်သားများကို တိုက်ခိုက်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ဖြစ်ကြောင်း မြန်မာနိုင်ငံမှ စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးနေသည့် ကုလသမဂ္ဂအဖွဲ့တခုက နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြောသည်။
“ကျနော့်ကို ပစ်မိန့်ပေးတော့ ကျနော်က လူတွေထွက်ပြေးကြဖို့ အော်ပြောရတယ်” ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည့် မြန်မာနိုင်ငံမြောက်ပိုင်း ဗန်းမော်တွင် စခန်းချနေခဲ့သော ဗိုလ်ကြီး ထက်မြတ်က ပြောသည်။ “ပြည်သူ့အသက်တွေကို ကယ်နိုင်ခဲ့တယ်။ ဒါပေမယ့် အဲဒီလိုလူမဆန်တဲ့ နေရာမှာ ကျနော် ဆက်မနေနိုင်တော့ဘူး” ဟု သူက ပြောသည်။
သို့သော် ဘက်ပြောင်းခြင်းသည် စစ်မြေပြင်ကဲ့သို့ပင် အန္တရာယ်များသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အတွက် မိန့်ခွန်းရေးပေးသူ ဗိုလ်ကြီးဟောင်းတဦး ထူထောင်ထားသည့် ပြည်သူ့စစ်သားများအဖွဲ့က ထိုသို့ ဘက်ပြောင်းလာသော စစ်သားများကို ကူညီရန် ကြိုးစားနေသည်။
သြဂုတ်လ ညတညတွင် အသက် ၂၉ နှစ်အရွယ် တပ်ကြပ်ကြီး တဦးဖြစ်သူ ကိုကောင်းထက်အောင်သည် ပြည်သူ့စစ်သားများအဖွဲ့က ပြုလုပ်သည့် Zoom တွေ့ဆုံဆွေးနွေးပွဲတွင် ဘဝတူ စစ်သားတယောက်နှင့် မတ်လက ထွက်ပြေးလာသော ဗိုလ်မှူးတဦးတို့ ပုန်းအောင်းနေရာမှ ဆွေးနွေးသည်ကို ကြည့်ခဲ့သည်။ သူသည် စစ်တန်းလျားတွင် လဲလျောင်းပြီး ထိုဗီဒီယိုကို လျှို့ဝှက်စွာကြည့်ရင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်ရန် ထိုဗိုလ်မှူး မည်မျှ စွန့်လွှတ်ရသည်ကို စဉ်းစားနေမိသည်။
နောင်တွင် သူသည် ပြည်သူ့စစ်သားများအဖွဲ့နှင့် ဆက်သွယ်ခဲ့ပြီး ထိုအဖွဲ့သို့ ဘက်ပြောင်းထွက်ပြေးရန် ကူညီမည် ဖြစ်ကြောင်းပြောသဖြင့် စိတ်ပင်ပန်း ဆင်းရဲစရာ ခရီးကို စတင်နိုင်ခဲ့သည်။ မေလ ၉ ရက်နေ့တွင် သူသည် စခန်းမှထွက်လာပြီးနောက် မော်တော်ဆိုင်ကယ် မတော်တဆမှု ဖြစ်သည်။ သူအကူအညီ တောင်းခံသည့်အခါ သူ့ကို စစ်ထောင်တွင် ထည့်ထားလိုက်ကြောင်း သူပြောသည်။ စက်တင်ဘာလ ၆ ရက်နေ့တွင် သူထောင်မှလွတ်မြောက်ပြီး တောတွင်းသို့ ခြေလျင်သွားခဲ့ကြောင်း ပြောပြသည်။
စစ်လက်နက်ပစ္စည်းတပ်တွင် လက်နက်ခဲယမ်းများ လုပ်ခဲ့ဖူးသော ထိုတပ်ကြပ်ကြီးသည် လွတ်မြောက်နယ်မြေသို့ ဘတ်စ်ကားဖြင့် ထွက်လာခဲ့သည်။ လွတ်မြောက်နယ်မြေဆိုသည်မှာ နယ်စပ်ဒေသမှ တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နယ်မြေများကို ဆိုလိုခြင်းဖြစ်သည်။ “ကျနော် လွတ်လပ်သွားလို့ အရမ်းပျော်တယ်။ အခုတော့ ပြည်သူတွေကို သတ်ဖို့ ကျည်ဆံတွေကို ကျနော်ထုတ်လုပ်စရာ မလိုတော့ဘူး” ဟု သူက ပြောသည်။
ထိုစစ်သားပြောသည့် အချက်များကို နယူးယောက်တိုင်းမ်က သီးခြားအတည်ပြုနိုင်ခြင်း မရှိသော်လည်း ဘက်ပြောင်းထွက်ပြေးခြင်း၏ အန္တရာယ်မှာ လွန်စွာများကြောင်း ထင်ရှားသည်။ ထောင် သုံးနှစ်အထိ ချနိုင်ပြီး မိသားစုဝင်များကိုလည်း လက်စားချေနိုင်သည်။ နယ်စပ်ဒေသသို့ မရောက်မီ မြို့ကြီးများတွင် အကြိမ်ကြိမ် ပုန်းအောင်းနေထိုင်ရသည်။
ဘက်ပြောင်းထွက်ပြေးခြင်းကြောင့် အကျိုးအမြတ်များစွာရနိုင်သည့် အနာဂတ်ကိုလည်း စွန့်လွှတ်လိုက်ရသည်။ ရာထူးအဆင့်ဆင့် တက်နိုင်သော အရာရှိများသည် သြဇာကြီးမားသော လုပ်ငန်းစုကြီးနှစ်ခုပါဝင်သည့် စစ်တပ်၏ ကြီးမားသော စီးပွားရေးလုပ်ငန်းများမှ အကျိုးအမြတ်များ ခံစားကြရသည်။
“စစ်အုပ်စုထဲက လူအများစုက ဦးနှောက်ဆေးခံထားရပြီး အမှန်ကို မမြင်နိုင်ဘူး” ဟု မတ်လက ဘက်ပြောင်းလာသော ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။ “တချို့တွေက အမှန်ကိုမြင်ပေမယ့် ရာထူးကို မစွန့်လွှတ်နိုင်ကြဘူး” ဟုလည်း သူက ပြောသည်။
“စစ်တပ်ထဲက လူအများစုက ဦးနှောက်ဆေးခံထားရပြီး အမှန်ကို မမြင်နိုင်ဘူး” ဟု မတ်လက ဘက်ပြောင်းလာသော ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။ “တချို့တွေက အမှန်ကိုမြင်ပေမယ့် ရာထူးကို မစွန့်လွှတ်နိုင်ကြဘူး” ဟုလည်း သူက ပြောသည်။
မြန်မာနိုင်ငံမှ ဖရိုဖရဲအခြေအနေများ
မြန်မာနိုင်ငံသည် ကြီးမားသော ပြည်တွင်းစစ်နှင့် ရင်ဆိုင်ရတော့မည့် အခြေအနေ ရောက်နေသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းပြီးနောက် မတည်ငြိမ်မှု တိုးလာနေသည်။ ငြိမ်းချမ်းစွာ ဒီမိုကရေစီ တောင်းဆိုသော ဆန္ဒပြပွဲများသည် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချသည့် စစ်ကောင်စီကို ပုန်ကန်မှုအဖြစ် ပြောင်းလဲကုန်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အငြင်းပွားဖွယ်ရာ ခေါင်းဆောင်ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေး သူရဲကောင်း၏ သမီးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်းတွင် အလွန်လူကြိုက်များသည်။ နိုင်ငံတကာတွင်မူ သူသည် သူ့ကို ဖြုတ်ချခဲ့သော ဗိုလ်ချုပ်များနှင့် မကြာသေးမီက ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် ဂုဏ်သတင်း ထိခိုက်နေသည်။
စစ်အာဏာသိမ်းမှုသည် တိုတောင်းလှသော ဒီမိုကရေစီ တဝက်တပျက်ကာလကို အဆုံးသတ်လိုက်သည်။ ၂၀၁၁ ခုနှစ်တွင် စစ်တပ်သည် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပပြီး အခြား ပြုပြင်ပြောင်းလဲရေးများကိုလည်း လုပ်ဆောင်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အာဏာရ လာသောကြောင့် နိုင်ငံ့ခေါင်းဆောင်ဖြစ်လာသည်။
စစ်အာဏာသိမ်းမှု မတိုင်မီက အငြင်းပွားရသော ရွေးကောက်ပွဲကျင်းပခဲ့သည်။ ထိုနိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ပါတီက လွှတ်တော်ကိုယ်စားလှယ်နေရာများ အားလုံး၏ ၈၃ ရာခိုင်နှုန်းကို အနိုင်ရသည်။ ၎င်းတို့၏ လက်ဝေခံပါတီ အပြတ်အသတ် ရှုံးနိမ့်သွားသော စစ်တပ်က ထိုရွေးကောက်ပွဲ ရလဒ်များကို လက်မခံပေ။
ဒေါ်အောင်ဆန်းစုကြည် ထောင်ကျနိုင်သည်။ သူ့ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး လျှို့ဝှက် တရားစီရင်နေသည်။ ဆူပူအောင်လှုံ့ဆော်မှု အပါအဝင် စွပ်စွဲထားသည့် စွဲချက်အားလုံးအတွက် စီရင်ခံရပါက ထောင် ၁၀၂ နှစ်အထိ ကျနိုင်သည်။
ဘက်ပြောင်း ထွက်ပြေးလာသူများက အခြားသူများလည်း ထွက်ပြေးရန် စည်းရုံးသည့် အကြောင်းအရာတခုမှာ သာမန်စစ်သားများကို ဆိုးရွားစွာ ဆက်ဆံခြင်းဖြစ်သည်။
၂၁၀၆ ခုနှစ် နိုင်ငံတောင်ပိုင်း မြို့ကြီးတမြို့တွင် ချီတက်လာသော စစ်သားများကို ပြည်သူများက ပန်းကုန်းများစွပ်ပေးသည်ကို မြင်ပြီး စစ်သားဖြစ်လိုခဲ့ကြောင်း တပ်ကြပ်ဇွဲမာန်က ပြောသည်။
“ကျနော်က နိုင်ငံကိုကာကွယ်တဲ့၊ ပြည်သူကချစ်တဲ့ စစ်သားဖြစ်ချင်လို့ စစ်တပ်ထဲဝင်ခဲ့တာ။ ဒါပေမယ့် စစ်တပ်ထဲရောက်တော့ တပ်ဆိုတာ အဆင့်နိမ့်စစ်သားတွေကို ညှင်ပမ်းနှိပ်စက်တဲ့နေရာဖြစ်ကြောင်း သိလိုက်ရတယ်”
နောက်တနှစ်ကြာသောအခါ စစ်သင်တန်းဆင်းပြီး လက်ဖြောင့်တပ်သား ဖြစ်လာကြောင်း သူက ပြောသည်။ သူသည် တလလျှင် အမေရိကန် ဒေါ်လာဖြင့် တွက်လျှင် ၁၀၅ ဒေါ်လာခန့်သာ ရကြောင်း အစားအသောက် ညံ့ဖျင်းကြောင်း ပြောသည်။ “ကျနော်က နိုင်ငံကိုကာကွယ်တဲ့၊ ပြည်သူကချစ်တဲ့ စစ်သားဖြစ်ချင်လို့ စစ်တပ်ထဲဝင်ခဲ့တာ။ ဒါပေမယ့် စစ်တပ်ထဲရောက်တော့ တပ်ဆိုတာ အဆင့်နိမ့်စစ်သားတွေကို ညှင်ပမ်းနှိပ်စက်တဲ့နေရာဖြစ်ကြောင်း သိလိုက်ရတယ်” ဟု သူက ပြောသည်။
မေလတွင် ဇွဲမာန်သည် ပြည်သူ့စစ်သားများ Facebook စာမျက်နှာကို မမျှော်လင့်ဘဲတွေ့ရပြီး ပြောဆိုရေးသားချက်များကို စတင်ဖတ်ရှုသည်။
“စစ်တပ်က ကိုယ့်ပြည်သူကို ပြန်သတ်နေတယ်။
“စစ်တပ်က သူခိုးအကြီးစား။”
“စစ်တပ်ဟာ ကိုယ်ကျိုးအတွက် တိုင်းပြည်ကိုအုပ်ချုပ်ဖို့ ကြိုးစားနေတယ်” စသည့် ပြောဆိုရေးသားမှုများဖြစ်သည်။
ဇူလိုင်လက ကိုဗစ်နိုင်တင်း ကူးစက်မှု အကြီးအကျယ်မြင့်မားနေစဉ် စစ်တပ်သည် ကူးစက်ခံရသူများကို သီးခြားခွဲထားခြင်း မရှိသောကြောင့် စစ်တန်းလျားတွင် သေဆုံးမှု အများအပြားဖြစ်ရကြောင်း ကိုဇွဲမာန်က ပြောသည်။ အာဏာသိမ်းပြီးနောက် တွေ့ရသည့် အကြမ်းဖက်မှုများကြောင့်လည်း သူ တုန်လှုပ်နေသည်။ ပြည်သူများကို ဖမ်းဆီးပြီး နေအိမ်များကို မီးရှို့သည်ကို သူတွေ့ခဲ့သည်။
စစ်တပ်သည် အရပ်သားများကို သတ်ဖြတ်နေကြောင်း သူ၏ ချစ်သူက သူ့ကိုပြောပြီး လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ရန် တိုက်တွန်းသည်။ “ကျနော်လုပ်ဖို့လိုနေတာက အမှန်တရားဘက်က ရပ်တည်ဖို့ပဲလို့ ကျနော်ဆုံးဖြတ်လိုက်တယ်” ဟု သူက ပြောသည်။ “ပြည်သူတွေက မှားတယ်လို့ သတ်မှတ်တဲ့ဘက်မှာ မရပ်တည်ဖို့ပဲ” ဟု ပြောသည်။
စက်တင်ဘာလ ၁၇ ရက်နေ့တွင် သူသည် စခန်းမှအပြင် ထွက်ခွင့်ရရန် အထက်အရာရှိကို ခွင့်တောင်းသည်။ သူ၏တောင်းဆိုမှုကို ခွင့်ပြုခဲ့ကြောင်း သူက ပြောသည်။ ထိုစခန်းသို့ သူ မည်သည့်အခါမျှ ပြန်မသွားတော့ပေ။
(နယူးယောက်တိုင်းမ် သတင်းစာမှ Sui-Lee Wee ၏ As Soldiers Abandon Notorious Myanmar Army, a Morale Crisis Looms ကို ဘာသာပြန်ဆိုသည်။ Sui-Lee Wee သည် နယူးယောက်တိုင်းမ်၏ အရှေ့တောင်အာရှ ဗျူရိုအကြီးအကဲဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် သတင်းများကို တင်ပြကာ အများအကျိုး ဆောင်သောကြောင့် ၂၀၂၁ ခုနှစ်က ပူလစ်ဇာဆုရသည်။)
You may also like these stories:
စစ်တပ်က အတိုင်ပင်ခံပုဂ္ဂိုလ် နာမည်သုံးပြီး တပ်တွင်းစည်းရုံးရေး လုပ်ခဲ့သလား
စစ်တပ် လူသစ် စုဆောင်းရေး ပိုခက်ခဲလာနေ
ဆန္ဒပြသူတွေကို သူတို့က ရာဇဝတ်သားတွေလို မြင်ကြတယ်
လေတပ်မှ အရာရှိ၊ စစ်သည် ၈၀ ကျော် အာဏာသိမ်း စစ်တပ်ကို စွန့်ခွာ