တောင်အာဖရိကတွင် ပထမဆုံးတွေရသည့် မျိုးကွဲထက် ပိုမိုကူးစက်နိုင်သည့် ကိုဗစ်နိုင်တင်းဗိုင်းရပ်စ် ပေါ်ပေါက်လာခြင်းကြောင့် ဈေးကွက်များလှုပ်ခပ်သွားပြီး ခရီးသွားလာမှု ပိတ်ပင်ခြင်းများဖြစ်စေကာ ကာကွယ်ဆေးထုတ်လုပ်သူများကိုလည်း သတိပေးနှိုးဆော်လိုက်သည်။
ပဏာမအားဖြင့် B.1.1.529 ဟု သိပ္ပံအမည်ပေးထားသော ထိုမျိုးကွဲကို ဂရိအက္ခရာအားဖြင့် အိုမီခရွန် Omicron ဟု သတ်မှတ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကလည်း စိုးရိမ်စရာမျိုးကွဲအဖြစ် သတ်မှတ်ထားသည်။
ထိုသို့သတ်မှတ်ခြင်းသည် ပိုမိုကူးစက်လွယ် သို့မဟုတ် ပိုမိုပြင်းထန်သောမျိုးကွဲ သို့မဟုတ် ကာကွယ်ဆေးနှင့် အခြားအစီအမံများ၏ ထိရောက်မှုကို လျှော့နည်းစေသည့် သဘောဖြစ်သည်။ အိုမီခရွန်သည် လက်ရှိအချိန်အထိ စိုးရိမ်စရာဟု သတ်မှတ်ထားသောမျိုးကွဲများတွင် ပဉ္စမမြောက် ဖြစ်သည်။
မည်သည့်နေရာတွင် မည်သည့်အချိန်က စတင်ပေါ်ပေါက်သနည်း
အိုမီခရွန်မျိုးကွဲကို ယခုလအစောပိုင်းက တောင်အာဖရိကမှ နမူနာတခုတွင် ပထမဆုံးတွေ့သည်။ ထိုနိုင်ငံမှ ဂျိုဟန်နက်စ်ဘတ်နှင့် ပရီတိုးရီးယား အပါအဝင်ဖြစ်သော လူဦးရေအများဆုံးပြည်နယ်တွင် ထိုမျိုးကွဲကူးစက်မှု ဒါဇင်များစွာတွေ့ရသည်။ “ထိုမျိုးကွဲကူးစက်မှုသည် တောင်အာဖရိကမှ ပြည်နယ်အားလုံးနီးပါးတွင် မြင်းမားနေပုံရသည်” ဟု WHO ပြောသည်။
အခြားကူးစက်မှုအနည်းငယ်ကိုလည်း ဟောင်ကောင်အပါအဝင် နေရာများတွင်တွေ့ရပြီး ဟောင်ကောင်တွင် လေဆိပ်ဟိုတယ်တခုတွင် သီးခြားခွဲထားသော ကာကွယ်ဆေး အပြည့်အဝထိုးပြီးသည့် ခရီးသည်နှစ်ဦးတွင် တွေ့ရခြင်းဖြစ်သည်။ ထိုမျိုးကွဲကူးစက်မှုကို အာဖရိကတောင်ပိုင်းရှိ ဘော့ဆွာနာ၊ အစ္စရေးနှင့် ဘယ်လ်ဂျီယံတွင်လည်း တွေ့ရသည်။
ထိုမျိုးကွဲသစ်သည် မည်သည့်အတွက် အန္တရာယ်ရှိသနည်း
အိုမီခရွန်၏ ထူးခြားသော မျိုးဗီဇပြောင်းလဲမှုအများအပြားသည် ပိုမိုကူးစက်လွယ်ပြီး ကာကွယ်ဆေးများ၏ ထိရောက်မှုကို ကျဆင်းစေသည်ဟု ကျွမ်းကျင်သူများပြောသော်လည်း ပိုမိုရှင်းလင်းစွာ သိနိုင်ရန် ထပ်မံသုတေသန ပြုရန် လိုနေသေးသည်။
ထိုထူးခြားချက်များတွင် mRNA ကာကွယ်ဆေး၏ တစိတ်တပိုင်းဖြစ်သော ဆူးချွန်ပရိုတိန်းတွင် သိရှိပြီးသော မျိုးဗီဇပြောင်းလဲမှု ၃၂ ခုက ခန္ဓာကိုယ်၏ ရောဂါကာကွယ်ရေးများတွင် ဗိုင်းရပ်ကို ကာကွယ်မှု မြှင့်တင်ရန် က်ိုယ်ခံစွမ်းအားစနစ်ကို သင်ကြားပေးသည့် အချက်ပါဝင်သည်။
ကြာသပတေးနေ့က နေ့စဉ်ကူးစက်မှုသစ် ၂၄၆၅ ခုတွေ့ရသော တောင်အာဖရိကတွင် ကူးစက်မှုနှုန်း မြင့်မားလာခြင်းနောက်ကွယ်တွင် အိုမီခရွန် ရှိနေပုံရသည်။ ထိုအရေအတွက်သည် ယခင်တရက်ကထက် ၂ ဆ တိုးလာခြင်းဖြစ်သည်။ အခြားစိုးရိမ်စရာ မျိုးကွဲများနှင့်ယှဉ်ပါက ထပ်မံကူးစက်မည့် အန္တရာယ် ပိုမိုမြင့်မားကြောင်း WHO က မှတ်ချက်ချပြီး ယခင်ကူးစက်မှု မြင့်မားချိန်များထက် ပိုမိုမြန်ဆန်ကြောင်း ပြောကြားသဖြင့် ထိုမျိုးကွဲသည် တိုးပွားမှုနှုန်း ပိုမိုအားကောင်းနေသည့် သဘောဖြစ်သည်။
PCR စမ်းသပ်မှုများတွင် ပစ်မှတ်ထားရှာဖွေသည့် မျိုးဗီဇတခုကို အိုမီခရွန်မျိုးကွဲတွင် မတွေ့ရသောကြောင့် ထိုမျိုးကွဲကို ရှာဖွေရန် ပိုမိုလွယ်ကူစေနိုင်ကြောင်း ဓါတ်ခွဲခန်း စမ်းသပ်မှုများက ပြသနေသည်။
ဆေးဝါး ကုမ္ပဏီများ၏ တုံ့ပြန်မှု
လက်ရှိအချိန်အထိ ကာကွယ်ဆေးများသည် အခြားစိုးရိမ်စရာမျိုးကွဲများကို ကာကွယ်ရာတွင် အထောက်အကူ ပြုနေသော်လည်း ကာကွယ်ဆေးထုတ်လုပ်သူများသည် လိုအပ်ပါက ကာကွယ်ဆေးများကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန် ပြင်ဆင်နေသည်။
ဘော့ဆွာနာနှင့် အက်စ်ဝက်တီနီတွင် သုတေသနများ လုပ်ဆောင်ခြင်းအပါအဝင် အိုမီခရွန် မျိုးကွဲကို ပိုမိုနားလည်ရန်နှင့် ကာကွယ်ဆေးအပေါ်သက်ရောက်မှုကို လေ့လာနေကြောင်း AstraZeneca က သောကြာနေ့တွင်ပြောသည်။ ထိုမျိုးကွဲသစ်အတွက် ခုခံအား ကုထုံးကိုလည်း လေ့လာနေကြောင်း AstraZeneca ကဆိုသည်။
ထိုမျိုးကွဲသစ်ကို ၎င်းတို့၏ကာကွယ်ဆေးက အာနိသင် ရှိမရှိကို နှစ်ပတ်အတွင်း သိမည်ဖြစ်ကြောင်း Pfizer နှင့်အတူ mRNA ကာကွယ်ဆေးကိုဖေါ်ထုတ်ခဲ့သည့် BioNTech ကပြောသည်။ လိုအပ်ပါက ထိုမျိုးကွဲသစ် အတွက် ကာကွယ်ဆေးကို ၆ ပတ်အတွင်း ထုတ်လုပ်နိုင်ပြီး ပထမဆုံးအသုတ်ကို ရက်ပေါင်း ၁၀၀ အတွင်း တင်ပို့နိုင်မည်ဟုလည်း ပြောသည်။
နိုင်ငံများ၏တုံ့ပြန်မှုများ
ထိုမျိုးကွဲသစ်တွေ့ပြီးနောက် အာဖရိကတောင်ပိုင်းခရီးစဉ်များအားလုံးကို ဆိုင်းငံ့ထားရန် ဥရောပ နိုင်ငံများ သဘောတူကြသည်ဟု ဥရောပသမဂ္ဂဥက္ကဌက သောကြာနေ့တွင်ပြောသည်။ တူရကီကလည်း နိုင်ငံ ၅ နိုင်ငံမှ ခရီးသည်များအတွက် နယ်စပ်များပိတ်လိုက်သည်။
အာဖရိကတောင်ပိုင်း နိုင်ငံ ၇ နိုင်ငံမှ နိုင်ငံသားများ ဝင်ရောက်ခြင်းကို ပိတ်ပင်မည်ဟု ကနေဒါ နိုင်ငံက ပြောပြီး အမေရိကန်နိုင်ငံက တနင်္လာနေ့မှစတင်ပြီး တောင်အာဖရိကနှင့် အိမ်နီးချင်းနိုင်ငံများမှ ခရီးသည်များအား ပိတ်ပင်မည်ဟုပြောသည်။
ခရီးသွားလာမှုထိန်းချုပ်ခြင်း သို့မဟုတ် ရောဂါရှာဖွေစစ်ဆေးခြင်းကို တင်းကျပ်လိုက်သော အခြားနိုင်ငံများတွင် အိန္ဒိယ၊ အစ္စရေး၊ ဆွစ်ဇာလန်နှင့် အာရပ်စော်ဘွားများနိုင်ငံတို့ ပါဝင်သည်။
ထိုသို့ကန့်သတ်ပိတ်ပင်မှုများသည် ကျိုးကြောင်းဆီလျှော်မှုမရှိကြောင်း ပြောဆိုကာ တောင်အာဖရိက က ကန့်ကွက်သည်။
ကိုးကား။ ။ Nikkei Asia မှ New ‘omicron’ COVID virus variant: 4 things to know
You may also like these stories:
သန်းနှင့်ချီသော အမေရိကန် J&J ကိုဗစ်ကာကွယ်ဆေးများ ထိုင်း-မြန်မာ နယ်စပ် ပို့မည်
စစ်ကောင်စီက ပြည်သူ့ကျန်းမာရေးကို လက်နက်အဖြစ် သုံးနေသည်
မြို့ကြီးများ၌ ကိုဗစ်ကူးစက်မှု ကျဆင်းသည်ဆိုသော်လည်း နယ်များတွင် ဖြစ်ပွားမြင့်နေ
မြန်မာနှင့် နိုင်ငံတချို့ ၌ ကိုဗစ်ကာကွယ်ဆေးအတုများ တွေ့သဖြင့် WHO သတိပေး