မြို့ပြများကို အဓိကပစ်မှတ်ထားခြင်း

ဆလိုင်းဟင်နရီလျန်
လူထုက သပိတ်မှောက်ထားသည့် မြန်မာပလာဇာတွင် လုံခြုံရေး ယူထားကြသည့် စစ်ကောင်စီတပ်ဖွဲ့များကို နိုဝင်ဘာ ၂၆ ရက်နေ့က တွေ့မြင်ရခြင်းဖြစ်သည် / ဧရာဝတီ

တိုင်းပြည်၏အာဏာကို ပြည်သူများလက်မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အဓမ္မ သိမ်းယူလိုက်ခြင်းဖြင့် နွေဦးတော်လှန်ရေး မွေးဖွား ပေါ်ပေါက်လာပါသည်။ အာဏာသိမ်းပြီးနောက် မြန်မာပြည်သူလူထု တရပ်လုံးသည် နိုင်ငံတဝန်း အာဏာသိမ်းအုပ်စုကို လမ်းမများပေါ် ချီတက်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်။

အာဏာသိမ်းစစ်အုပ်စုသည် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ပြည်သူတို့ကို အခွင့်ကောင်းယူကာ ရိုက်နှက် ဖမ်းဆီးကြသည်။ ပြည်သူတို့ကို ခြိမ်းခြောက်သည်။ လက်နက်မဲ့ပြည်သူတို့ကို ကြောက်ရွှံ့ တုန်လှုပ်စေရန် ပစ်သတ်သည်။ သေဆုံးသူတို့၏ မျက်နှာများနှင့် ဝမ်းဗိုက်များကို ခွဲစိတ်ကာ စိတ်ပိုင်း ဆိုင်ရာ စစ်ပွဲကိုဆင်နွှဲသည်။ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုကို ကွယ်ဝှက်ထားရန် အင်တာနက် ဆက်သွယ်ရေးကို ဖြတ်တောက်သည်။ လက်နက်အားကိုးဖြင့် လူထုအပေါ် ရူးသွပ်ရိုင်းစိုင်းမှုကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်။

ငြိမ်းချမ်းစွာ ဆန္ဒပြသည့် မြန်မာပြည်သူလူထုသည် ရိုင်းစိုင်းခက်ထန်သည့် အာဏာသိမ်း စစ်တပ်ကို လူထုမနာခံမှု အာဏာဖီဆန် ရေးလှုပ်ရှားမှု (Civil Disobedience Movement) ဖြင့် တုံ့ပြန်သည်။ အစိုးရဝန်ထမ်းများ ဦးဆောင်ကာ စစ်အာဏာရှင်တို့ လည်ပတ်လှုပ်ရှားစေလိုသည့် အစိုးရ ယန္တရားကြီးကို ချက်ခြင်း တုံ့နှေးရပ်တန့်လာအောင် ပြုလုပ်နိုင်ခဲ့ပါသည်။ “ရုံးမတက်နဲ့ ရုန်းထွက်” ဟူသည့် ပဲ့တင်ကြွေးကြော် သံသည် မြန်မာတဝှမ်းလုံး မြည်ဟိန်းသွားလေသည်။

လူထုမနာခံမှု အာဏာဖီဆန် ရေးလှုပ်ရှားမှု (CDM) သည် နူးညံ့သိမ်မွေ့ပြီး ထိရောက်မှု ပြင်းထန်သည်။ ငြိမ်းချမ်းပြီး သက်ရောက်မှုအားကောင်းသည်။ နိုင်ငံတကာမှ အသိအမှတ်ပြုပြီး နိုင်ငံတနိုင်ငံကို ပြောင်းလဲပေးနိုင်သည့် အစွမ်းတန်ခိုးရှိပါသည်။ ထို့ကြောင့် အာဏာသိမ်း စစ်အုပ်စုသည် တိုင်းပြည်ကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေသော်လည်း အာဏာ သိမ်းယူသည့် ဖေဖော်ဝါရီလမှစ၍ ယနေ့ (၁၀) လတိုင် အောင်မြင်မှု မရရှိသေးချေ။

သို့ဖြစ်၍ ပြည်သူလူထု တရပ်လုံးက လူထုမနာခံမှု အာဏာ ဖီဆန် ရေးလှုပ်ရှားမှု (CDM) ကို ဆက်လက် အရှိန်အဟုန်မြှင့်တင်ကြရမည်။ ၎င်းလူထုမနာခံမှု အာဏာဖီဆန် ရေးလှုပ်ရှားမှုသည် ဝန်ထမ်းများသာ ဆောင်ရွှက်ကြရမည့် တာဝန်မဟုတ်။ ပြည်သူ တရပ်လုံး တက်တက် ကြွကြွ ပါဝင် ဆောင်ရွှက်ကြရမည့် တော်လှန်ရေးတာဝန် ဖြစ်ပါသည်။ ပြည်သူလူထု၏ တာဝန်မှာ အာဏာသိမ်း စစ်ကောင်စီ၏ အမိန့်ဟူသမျှကို အကြမ်းမဖက်၊ ငြိမ်းချမ်းစွာဖြင့် ငြင်းဆို ဖီဆန်ရန်ဖြစ်ပါသည်။

နိုင်ငံရေးအပြောင်းအလဲကို အမှန်တကယ်အလိုရှိပါက ခိုင်မာသည့် ဆုံးဖြတ်ချက်နှင့် ရပ်တည် ချက်တို့ကို တည်ဆောက်ရန် အစဉ်အသင့်ဖြစ်နေရပါမည်။ ပြည်သူလူထုသည် မိမိတို့တာဝန်ကျေရန် ကြိုးစားကြရမည်။ ဆိတ်ဆိတ်နေခြင်းနှင့် သွေးအေးသွားခြင်းတို့က ပြည်သူတစ်ရပ်လုံးကို စစ်ကျွန် ဘဝသို့ မျက်စိတစ်မှိတ်အတွင်း ရောက်သွားစေနိုင်သည်။ ဖက်ဒရယ် ဒီမိုကရေစီရရေး မရရှိရေးသည် မြန်မာပြည်သူလူထုပေါ်တွင်သာ မူတည်နေပါသည်။ ပြည်သူသည်သာ အင်အား၊ ပြည်သူသည်သာ နိုင်ငံတစ်နိုင်ငံ၏ မူလအခွင့်အာဏာကို ပိုင်ဆိုင်သည်။

လူထုက သပိတ်မှောက်ထားသည့် မြန်မာပလာဇာတွင် လုံခြုံရေး ယူထားကြသည့် စစ်ကောင်စီတပ်ဖွဲ့များကို နိုဝင်ဘာ ၂၆ ရက်နေ့က တွေ့မြင်ရခြင်းဖြစ်သည် (ဓာတ်ပုံ – ဧရာဝတီ)

နှစ်ပေါင်းခုနှစ်ဆယ်ကျော် စစ်အာဏာရှင်များလက်အောက်တွင် အကြောက်တရားဖြင့် အသက် ရှင်နေထိုင်ခဲ့ဖူးသည့် အမိမြန်မာနိုင်ငံသူ/သားအပေါင်းတို့သည် အကြောက်တရားကို အနိုင်ယူပြီး တရား မျှတခြင်းနှင့် လွတ်လပ်မှုကို ရရှိရန် မိမိတို့၏ ဆန္ဒကို လူထုမနာခံမှု အာဏာဖီဆန် ရေးလှုပ်ရှားမှု နည်းလမ်းဖြင့် အကြမ်းမဖက်၊ ငြိမ်းချမ်းစွာဖြင့် ဆက်လက်ချီတက် ထုတ်ဖော်ကြရမည်။ မြန်မာနိုင်ငံရှိ မြို့ပြကြီးများကို အဓိကပစ်မှတ်ထားကာ လူထုမနာခံမှု အာဏာဖီဆန် ရေးလှုပ်ရှားမှုကို လုပ်ဆောင် ကြရမည်။

အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက် ရိုက်နှက်၊ ဖမ်းဆီး၊ ပစ်ခတ်ဖြိုခွင်းမှုများကြောင့် ပြည် သူများသည် မိမိကိုယ်ကို ခုခံကာကွယ်ရန် လက်နက်ကိုင်တော်လှန်မှု အသွင်ပြောင်းလိုက်ကြရသည်။ ဤသို့ဖြင့် မြန်မာပြည်သူများသည် ခုခံတွန်းလှန်စစ်ကို ဆင်နွှဲရန် စစ်ရေးလေ့ကျင့် သင်တန်းကို မိမိတို့ မြို့ရွာများကို စွန့်ခွာကာ တက်ရောက်ခဲ့ကြရပါသည်။ ပြည်သူ့ကာကွယ်ရေး စစ်သည်တော်များသည် စစ်ရေးလေ့ကျင့်မှု ပြုလုပ် ခြင်း၊ လက်နက်စုဆောင်းခြင်း၊ စခန်းချခြင်း၊ မဗျူဟာရေးဆွဲခြင်း၊ အစရှိ သည်တို့ကို အချိန်တိုအတွင်း ပြင်ဆင်ကြရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စက်တင် ဘာလ ၇ ရက်နေ့မှစ၍ စစ်စတင်ကြောင်း ကြေညာပြီးနောက် ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် အခြားပြည်နယ်နှင့် တိုင်း အသီးသီးတွင် မြန်မာ ပြည်သူများသည် တရားမျှတသော ခုခံတွန်းလှန်စစ်ကို ဆင်နွှဲလာရာ ယခုဆိုလျှင် တရားသော စစ်မီး သည် တနိုင်ငံလုံးအတိုင်းအတာဖြင့် တဟုန်းဟုန်း တောက်လောင်နေပြီ ဖြစ်ပါသည်။

သို့ရာတွင် လက်ရှိအခြေအနေတွင် ဖြစ်ပွားနေသည့် တွန်းလှန်စစ်သည် ခံစစ်အသွင်၊ အနေ အထားအဖြစ်သာ တွေ့မြင်နေရစဲဖြစ်ပြီး ပထဝီဝင်အနေအထားအရ မြို့ပြများနှင့်ဝေးသည့် ပြည်သူ့ ကာကွယ်ရေး တပ်မတော်စခန်းများရှိရာ ဒေသများတွင် စစ်အာဏာရှင်တပ်များက ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ပါသည်။

စစ်အာဏာရှင်များသည် မိမိတို့ အာဏာအစဉ်ထာဝရ တည်တံ့ခိုင်မြဲစေရေးအတွက် အသုံးပြုသည့် နည်းဗျူဟာများစွာထဲမှ တခုမှာ မြန်မာနိုင်ငံရှိ မြို့ကြီးများကို ထိန်းသိမ်း အုပ်ချုပ် ထားခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ အာဏာရှင်စစ်အုပ်စုကို တော်လှန်ရာတွင် မြို့ပြများကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နိုင်မှသာ ထိရောက်မှုရှိမည်ဖြစ်ပြီး အာဏာရှင်စစ်အုပ်စုကို ထိတ်လန့် တုန်လှုပ် ချေက်ချား စေမည်ဖြစ်ပါသည်။

မြို့ပြနှင့်ဝေးကွာသော စစ်မြေမျက်နှာတွင်မူ သမာရိုးကျစစ်ပွဲ အတွေ့အကြုံရှိသည့်အပြင် တင့်ကားများ၊ ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များ၊ စစ်သုံးဒရုန်းများနှင့် အမြောက်များကဲ့သို့သော လက်နက်ကြီးများကို ပိုင်ဆိုင် အသုံးပြုနိုင်သည့် အာဏာရှင်စစ်အုပ်စုတို့က အသာစီးမှ တိုက်ခိုက် နိုင်စွမ်းရှိသည်။

သို့သော် မြို့ပြစစ်ဆင်ရေးတွင်မှု အထူးသဖြင့် ပြောက်ကျား စစ်ဆင်ရေးဗျူဟာကို အဓိက အသုံးပြုရမည့် ပြည်သူ့ကာကွယ် ရေးစစ်သည်များအတွက် အရေးသာမှုများစွာရှိပါသည်။ မြို့ပြ စစ်ဆင်ရေးသည် အန္တရာယ်ကြီးမားလှသည်။ သို့သော် ထိရောက်မှုရှိပြီး အာဏာသိမ်းစစ်အုပ်စုကို ကောင်းစွာ အနှောင့်အယှက်ပေးနိုင်မည်။ အာဏာရှင်စစ်အုပ်စု၏ စစ်တိုက်လိုသော စိတ်ဆန္ဒ အားလျော့ပါးသွားစေရန် ပြုလုပ်နိုင်သည့် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ မြို့ပြများကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်ပါသည်။

လူထုက သပိတ်မှောက်ထားသည့် မြန်မာပလာဇာတွင် လုံခြုံရေး ယူထားကြသည့် စစ်ကောင်စီတပ်ဖွဲ့များကို နိုဝင်ဘာ ၂၆ ရက်နေ့က တွေ့မြင်ရခြင်းဖြစ်သည် (ဓာတ်ပုံ – ဧရာဝတီ)

ထို့အပြင် မြို့ပြစစ်ဆင်ရေးသည် အကြမ်းမဖက် လူထုမနာခံမှု အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ကို တိုက်ရိုက် အထောက်အကူပြုလိမ့်မည်။ အကာအကွယ်ပေးနိုင်မည်။ အာဏာရှင်များက လူထုကို လက်နက်အားကိုး အနိုင်ကျင့် စော်ကားမှုများ လျှော့နည်းလာစေမည်။ လူထုနှင့် ပူးပေါင်းမှု ပို၍ အားကောင်းလာပြီး ပြည်သူများ၏ ကူညီမှုကို ရရှိမည်ဖြစ်ပါသည်။

တဘက်တွင် အာဏာသိမ်းစစ်အုပ်စုသည် မြို့ပြများကို ထိန်းသိမ်း အုပ်ချုပ်နိုင်ရန် ဆန္ဒထုတ်ဖော်သည့် ပြည်သူများကို မြို့ပြကြီးများမှ နယ်စပ်ဒေသများဆီ သို့သော်လည်းကောင်း၊ နယ်ခြားမြေခြား ဒေသများဆီသို့ သော်လည်းကောင်း၊ ထွက်ပြေး တိမ်းရှောင်စေရန် စစ်ဆေးမှု တင်းကျပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ အကြမ်းဖက် သတ်ဖြတ်ခြင်းများကို ရည်ရွှယ်ချက်ရှိရှိ ပြုလုပ်နေပါသည်။

ပညာတတ်လူကြီး၊ လူငယ်နှင့် ခေါင်းဆောင်များ ထွက်ပြေးတိမ်းရှောင်သွားပြီဆိုလျှင် မြို့ကြီး များတွင် ကျန်ရှိနေသည့် ပြည်သူများကို ချော့တခါ ခြောက်တလှည့်ဖြင့် အုပ်ချုပ်သည်။ ဧည့်စာရင်းကို တင်းကျပ်စွာ စစ်ဆေးသည်။ ထွက်ပြေးတိမ်းရှောင်သည့်သူတို့ အိမ်ပြန်မလာနိုင်စေရန် နည်းလမ်း မျိုးစုံသုံးကာ တားဆီးပိတ်ပင်သည်။ ဤနည်းဗျူဟာဖြင့် အာဏာတခါသိမ်းလျှင် ဆယ်စုနှစ် နှစ်ခု ကျော်မျှ တိုင်းပြည်ကို အုပ်ချုပ်လေ့ရှိပါသည်။

သို့ဖြစ်၍ ဤတကြိမ် အာဏာရှင်တော်လှန်ရေးတွင် အောင်မြင်မှုပန်းတိုင်ရောက်ရှိရန်မူ မြို့ပြများကို အဓိကပစ်မှတ်ထား တော်လှန်တိုက်ခိုက်ကြရမည်။ အကြမ်းဖက် အာဏာသိမ်း စစ်အုပ်စုကို တွန်းလှန်အနိုင်ယူနိုင်ရန် ၎င်းတို့ ခြေကုတ်ယူရာ မြို့ပြများတွင် ထိုးစစ်ဆင် တွန်းလှန်ကြရမည်။ ထိုမှသာလျှင် အာဏာသိမ်း စစ်အုပ်စု၏ တရားဝင် အစိုးရတည်ဆောက်ရန် ကြိုးပမ်းအားထုတ်မှုသည် အလျှင်အမြန် ပြိုကွဲသွားမည် ဖြစ်ပါသည်။

မြို့ပြများကို အဓိကပစ်မှတ်ထား တိုက်ခိုက်နိုင်မှသာလျှင် အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကို တွန်းလှန် အနိုင်ယူနိုင်မည်။ ထိုသို့တိုက်ခိုက်ရာတွင် လူထုမနာခံမှု အာဏာဖီဆန် ရေးလှုပ်ရှားမှု (CDM) နှင့် PDF တို့အတူတကွ ပူးပေါင်း တိုက်ပွဲဝင်မှသာလျှင် အာဏာသိမ်း စစ်အုပ်စု၏ အစိုးရတည်ဆောက်ရန် ကြိုးပမ်းမှု ယန္တရား နှေးကွေး ရပ်တန့်သွားမည်ဖြစ်ပါသည်။ သို့မှသာ မြန်မာပြည်သူတို့ လိုလားတောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီ အိမ်မက်ကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်နိုင်မည်။

အာဏာဖီဆန်၍ အာဏာသိမ်းခြင်းမဟုတ်။ အာဏာသိမ်း၍ တော်လှန်ခြင်းသာဖြစ်ပါသည်။ စစ်ကို ခေါ်ခြင်းမဟုတ်။ စစ်ကိုဖန်တီးသည့်သူတို့အား ခုခံကာကွယ်ခြင်း သာဖြစ်ပါသည်။ ဥပဒေကို ချိုးဖောက်ခြင်းမဟုတ်။ မတရားမှုကို တိုက်ဖျက်ခြင်းသာဖြစ်ပါသည်။

၎င်းမတရားမှု၊ ဥပဒေမဲ့ အဓမ္မ အာဏာသိမ်းယူမှုကို လူထုမနာခံမှု အာဏာဖီဆန် ရေးလှုပ်ရှားမှု (Civil Disobedience Movement) နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တို့အတူတကွ အားဖြည့်ပူးပေါင်းကာ အာဏာရှင်ကို အမိမြေမှ အပြီးတိုင် ရှင်းလင်းဖယ်ရှားကြရမည်။ ဤသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရှိ မြို့ပြကြီးများကို အဓိက ပစ်မှတ်ထားကာ တိုက်ပွဲဝင်ချီတက် ကြရပါမည်။ ဤတကြိမ်တွင်ဖြင့် ကျူပင်ခုတ် ကျူငုတ်မ ကျန်စေရ။

(ဆလိုင်းဟင်နရီလျန်သည် အမေရိကန်ပြည်ထောင်စု Kentucky ပြည်နယ် Louisville မြို့တွင် နေထိုင်လျက်ရှိပြီး Southern Baptist Theological School ၏ Ph.D candidate တဦးဖြစ်သည်။)

You may also like these stories:

ချင်းတောင်တန်းအတွက် တာဝန်ကျေခဲ့တဲ့ ဦးနိန်ကီးယော

ချင်းတွေကို လူမျိုးသုဉ်းသတ်ဖြတ်နေပြီလား

Loading