မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ၁၀ လအကြာတွင် လူထုအာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှု၌ ပါဝင်လာသည့် လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား ၈,၀၀၀ ကျော် ရှိလာပြီ ဖြစ်ကြောင်း CDM လုံခြုံရေးတပ်ဖွဲ့ဝင်များကို ကူညီပေး နေသည့် အဖွဲ့တချို့ထံမှ သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် CDM ဝင်မည့် စစ်သားများအား ကူညီပေးနေသည့် People’s Soldiers (ပြည်သူ့စစ်သားများ) အဖွဲ့ နှင့် People’s Embrace (ပြည်သူ့ရင်ခွင်) အဖွဲ့ဟူသော တက်ကြွလှုပ်ရှားသည့် အဖွဲ့ ၂ ဖွဲ့ ရှိသည်။
CDM ဝင်လာသည့် တပ်မတော်သား အရာရှိတချို့က ဦးဆောင်သည့် အဆိုပါ အဖွဲ့ ၂ ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကလည်း အသိအမှတ် ပြုထားသည်။
ယင်းအဖွဲ့များ၏ ပြောကြားချက်အရ CDM ဝင်လာသည့် တပ်မတော်သား ၂,၀၀၀ ကျော် ရှိနေပြီး ရဲတပ်ဖွဲ့ဝင် အရေအတွက် မှာ ၆,၀၀၀ ကျော် ရှိနေကြောင်း သိရသည်။
ပြည်သူလူထုအပေါ် အင်အားသုံးပြီး အကြမ်းဖက် ဖိနှိပ်နေသည့် စစ်ကောင်စီ၏ သရုပ်သကန်အမှန်ကို ပိုမို သိရှိနားလည် လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စစ်တပ်ကို စွန့်ခွာကာ ပြည်သူလူထုနှင့်အတူ ပူးပေါင်းလာခြင်း ဖြစ်ကြောင်း CDM လုံခြုံရေးတပ်ဖွဲ့ဝင်များကို ကူညီပေးနေသူများက သုံးသပ်ပြောဆိုသည်။
အဆိုပါ CDM ဝင်လာသူ အများစုသည် လွတ်မြောက်နယ်မြေများတွင်လည်းကောင်း၊ အချို့မှာ ပြည်သူလူထုကြားတွင် လည်းကောင်း ခိုလှုံနေလျက် ရှိကြသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၁၀ လ ကြာလာပြီးနောက် ပေါ်ပေါက်လာသော ခုခံဆန့်ကျင်မှုများတွင် တဖြည်းဖြည်း များပြားလာသော CDM ဝင်လာသည့် တပ်မတော်သားများ အနေဖြင့် မည်သည့် အတိုင်းအတာအထိ မည်ကဲ့သို့သော ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နေကြသနည်း ဆိုသည့်အချက်မှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။
CDM တပ်မတော်သား ၂,၀၀၀
လက်ရှိ အချိန်အထိ တပ်မတော်သား CDM ဝင်လာသူ ၂,၀၀၀ ကျော် ရှိနေကြောင်း CDM ဝင်မည့် စစ်သားများအား ကူညီပေးနေသည့် အဖွဲ့များ၏ စာရင်းများက ဖော်ပြနေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကောင်စီအား ခုခံရေးစစ် ကြေညာလိုက်သည့် နောက်ပိုင်း CDM ဝင်လာ သည့် တပ်မတော်သားများ ပိုများလာခြင်း ဖြစ်ကြောင်း CDM ဝင်မည့် စစ်သားများအား ကူညီပေးနေသော People’s Soldiers မှ ဗိုလ်ကြီး ညီသုတက ပြောသည်။
တပ်မတော်သား CDM ထဲတွင် စာရင်းပေးသွင်းထားသော အမြင့်ဆုံးရာထူးအဆင့်မှာ ဗိုလ်မှူးအဆင့်ဖြစ်ပြီး ဗိုလ်ကြီး၊ ဒုဗိုလ်နှင့် အခြားအဆင့်ရှိ တပ်မတော်သားများ ပါဝင်ကြောင်း သိရသည်။
ပြည်သူ့ရင်ခွင်အဖွဲ့ထံမှ သိရသည့် အချက်အလက်များအရ CDM ဝင်လာသည့် တပ်မတော်သားများထဲတွင် ဗိုလ်မှူးအဆင့် ရှိသူ ၁၀ ဦးထက်မနည်းရှိပြီး ဗိုလ်နှင့် ဗိုလ်ကြီးအဆင့်ရှိသူ ရာဂဏန်းခန့် ပါဝင်သည်ဟု ဆိုသည်။
CDM ဝင်လာသည့် အမျိုးသမီး စစ်သည်များအနက် ဗိုလ်ကြီးရာထူး ရှိသူမှာ အမြင့်ဆုံးဖြစ်ပြီး အခြားအဆင့်များလည်း ပါဝင်ကြောင်း၊ အမျိုးသမီးစစ်သည် CDM ဝင်လာသည့် ပမာဏမှာ အမျိုးသားများထက် နည်းပါးနေကြောင်း ပြည်သူ့ရင်ခွင် အဖွဲ့မှ ဗိုလ်ကြီးဖြစ်သူ ကပ္ပတိန်ဇီးရိုးက ပြောသည်။
“အမျိုးသမီးပါဝင်မှုက တော်တော်လေး နည်းနေတယ်။ ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ စာရင်းအရဆိုရင် ၁၀၀ တောင် မပြည့်ဘူးပေါ့။ ဒီလို ဖြစ်ရတာကလည်း တပ်ထဲမှာက အရင်ကတည်းက အမျိုးသမီး စစ်သည်တွေက အမျိုးသားထက် ပါဝင်မှု အရမ်းနည်း တယ်။ ဒါကြောင့်လည်း ဖြစ်နိုင်တယ်။ နောက်တချက်က CDM ဝင်မယ်ဆိုရင် အမျိုးသမီးတွေက အမျိုးသားတွေ ထက် နေရေးထိုင်ရေး၊ လုံခြုံရေး ပိုခက်ခဲနိုင်တယ်။ ဒီအချက်တွေကြောင့် CDM မှာ နည်းတာလို့ ထင်တယ်” ဟု ၎င်းက ဆိုသည်။
တော်လှန်ရေးတွင် CDM စစ်သားများ၏ အခန်းကဏ္ဍ
လက်ရှိတွင် တပ်မတော်သား CDM ဝင်လာသူများအနက် စစ်ကောင်စီကို ဆန့်ကျင်ရာ၌ တက်ကြွစွာ ပါဝင်လာသူများ ရှိ သကဲ့သို့ လုံခြုံရေးနှင့် အခြားသော အခက်အခဲများကြောင့် စစ်ကောင်စီကို ဆန့်ကျင်ရာတွင် အပြည့်အဝ မပါဝင်နိုင် ဘဲ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေသူများလည်း ရှိသည်။
တက်ကြွစွာ ဆက်လက် ပါဝင်နေသူများသည် အများအားဖြင့် CDM ဝင်ချင်သည့် တပ်မတော်သားများအား ကူညီပေး သည့်အလုပ်လုပ်ခြင်း၊ စစ်ကောင်စီကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် ပူးပေါင်းကာ ပြန်လည်ခုခံ တိုက်ခိုက် ခြင်း၊ စစ်လက်နက် ထုတ်လုပ်ရာတွင် ပါဝင်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။
လက်ရှိ စစ်အာဏာသိမ်းမှု ခုခံဆန့်ကျင်ရေး၌ ပါဝင်နေသည့် CDM တပ်မတော်သား အရေအတွက်မှာ အနည်းစုသာ ဖြစ်သည်ဟု ဗိုလ်ကြီးဟောင်းဖြစ်သူ ကပ္ပတိန်ဇီးရိုးက ပြောပြသည်။
၎င်းက “ပုန်းနေတဲ့သူတွေက တချို့ကျတော့ နောက်မှာကျန်ခဲ့တဲ့ မိသားစု ဒုက္ခရောက်မှာကို ငဲ့နေတာလည်း ရှိတယ်။ တချို့ ကျတော့ နဂိုကတည်းက တပ်ထဲမှာ မနေချင်ကြဘဲနဲ့ CDM ဆိုပြီး ဝင်လာတာလည်း ရှိတယ်။ နဂိုကတည်းက တပ်ထဲမှာ မနေချင်တာ အာဏာသိမ်းလိုက်တော့ အပြင်ကို ထွက်ခွင့်ရသွားတာပေါ့။ သူတို့ကတော့ နိုင်ငံရေး၊ စစ်ရေးတွေမှာ မပါတော့ဘဲနဲ့ ဒီတိုင်းပဲ နေလိုက်တာပေါ့” ဟု ဆိုသည်။
People’s Soldiers မှ ဗိုလ်ကြီး ညီသုတကမူ တပ်မတော်သားများအား စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက် ရန် ပြည်သူလူထုက ဆန္ဒရှိကြသော်လည်း တပ်မတော်သားများ အနေဖြင့် လက်ရှိ အခြေအနေအရ လက်နက် ကိုင်တော်လှန်ရေးတွင် ပါဝင်ရန် အခွင့်မသာသေးကြောင်း ပြောသည်။
၎င်းက “အဓိကက လုပ်ခွင့်က မလွယ်ဘူး။ ယုံကြည်မှု တည်ဆောက်ရမှာတွေ ရှိတယ်။ တော်ရုံတန်ရုံ PDF တွေက အစပေါ့။ စစ်ရေးအရ ပူးပေါင်းဖို့ ယုံကြည်မှုပြဿနာ အခက်အခဲ ရှိတယ်။ တချို့ကလည်း ဒီတော်လှန်ရေးထဲမှာ ဘယ်နေရာက ပါမလဲ ဆိုတာ မသိကြသေးတာ ရှိတယ်။ သူတို့မှာ စိတ်အားကတော့ ရှိတယ်။ အခြေအနေပေးမယ်ဆိုရင် ဝင်တိုက်ကြမယ့်လူတွေ ရှိတယ်။ လက်နက်ကောင်းကောင်း မရှိတာလည်း ပါတယ်” ဟု ရှင်းပြသည်။
ဆက်လက်၍ ၎င်းက တော်လှန်ရေးတွင် တပ်မတော်သားဟောင်းများအား ပါဝင်ပြီး တာဝန်ထမ်းခွင့် ပြုနိုင်ရေး စီစဉ်ပေး ရန် ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်က အွန်လိုင်းမှတဆင့် ပြုလုပ်သည့် NUG အစိုးရအဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲ၌ တင်ပြခဲ့သည်ဟု ဆိုသည်။
“တကယ်လည်း လုပ်နိုင်တယ်။ PDF တွေကလည်း ယုံတဲ့သူတွေကတော့ မြေပြင်မှာ တိုက်နေတယ်။ ဒီပမာဏကတော့ အတိုင်းအတာ တခုအထိ ရှိနေတယ်။ သမ္မတကတော့ ဒီဟာတွေကို သူတို့ ပြန်သုံးသပ်ပြီးတော့မှ သူတို့ တာဝန်ပြန်ပေး နိုင်ရေး စီစဉ်မယ်လို့တော့ ပြောပါတယ်။ အဲဒီတော့ မကြာခင်မှာ အခုပါဝင်နိုင်တဲ့ အနေအထားထက် ပိုမြင့်လာနိုင်တဲ့ အနေ အထား ရှိပါတယ်” ဟု ၎င်းက ပြောသည်။
လက်နက်ထုတ်ရန် ကြိုးပမ်းနေ
CDM ဝင်လာသည့် တပ်မတော်သားများထဲတွင် စစ်လက်နက်ပစ္စည်း ထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေကြသူများလည်း ရှိသည်။
လက်ရှိတွင် လက်နက်ထုတ်လုပ်ရေးကို People’s Soldiers အဖွဲ့မှ CDM ဝင်လာသည့် လက်နက်ရေးရာ ကျွမ်းကျင်သော တပ်မတော်သား တချို့က တာဝန်ယူ လုပ်ဆောင်နေကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
“လေးလပိုင်း လက်နက်ကိုင်လမ်းစဉ်ကို စပြောင်းပြီဆိုတဲ့ အချိန်ပေါ့။ အဲဒီနောက်ပိုင်း ကျနော်တို့ စဉ်းစားတယ်။ အဲဒီအချိန် တုန်းကဆိုရင် လက်နက်ကို ဘယ်လိုသွားပြီး ဘယ်မှာဝယ်ရမလဲ ဆိုတာတောင် မသိသေးဘူး။ အဲဒီ အချိန်ကတည်းက စပြီး ကြိုးစားနေတာ ရှိတယ်ဗျ။ အခု ဒီကာလမှာ တချို့ပရောဂျက်တွေက အတန်အသင့် ပြီးသွားတယ်။ ထုတ်လုပ်ဖို့က ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းလောက် ရှိလာတယ်။ လက်ရှိမှာတော့ ကျနော်တို့ ပရောဂျက်တွေ ၈ ခုထက်မနည်း နိုင်ငံရဲ့ မတူ ညီတဲ့ ဒေသတွေမှာ ကျနော်တို့ အဖွဲ့သားတွေ လုပ်ဆောင်နေပါတယ်” ဟု People’s Soldiers မှ ဗိုလ်ကြီးဟောင်း ညီသုတ က ပြောသည်။
၎င်းတို့အဖွဲ့ အနေဖြင့် မည်ကဲ့သို့သော လက်နက်အမျိုးစားကို ထုတ်လုပ်နိုင်ရေး ကြိုးပမ်းနေသည်ကိုမူ ထုတ်ပြောခြင်း မရှိ ပေ။
ယင်းအဖွဲ့သည် လူမှုကွန်ရက်စာမျက်နှာတွင် People’s Soldiers Production Team ဆိုသည့် စာမျက်နှာတခုကို ဖွင့်ထား ပြီး ၎င်းတို့ လုပ်ဆောင်နေသည့် ပရောဂျက်အချို့နှင့် ပတ်သက်၍ ယေဘူယျ ရေးသားဖော်ပြထားသည်။
ထို့ပြင် အဆိုပါ လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားသော ရုပ်သံဖိုင်တခုအရလည်း မော်တာကဲ့သို့သော လက်နက်ကြီး ဟု ယူဆရသည့် လက်နက်တမျိုး ဖောက်ခွဲစမ်းသပ်နေကြောင်း တွေ့ရသည်။
ဗိုလ်ကြီး ညီသုတက ၎င်းတို့၏ လက်နက်ထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေသည့် အစီအစဉ် အပြည့်အဝ အောင် မြင်ပါက နောက်ပိုင်းတွင် သတင်း ထုတ်ပြန်ပေးသွားမည်ဟု ဆိုသည်။
“ကျနော်တို့က လက်နက်နဲ့ ပတ်သက်လို့ နည်းပညာရသွားရင် နည်းပညာဖြန့်ဖို့ကိုပဲ အဓိက ရည်ရွယ်ထားတဲ့ အဖွဲ့ပေါ့။ နည်းပညာ ရသွားရင် ဒီနည်းပညာနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက် (Manual Instruction) တခြားသူတွေ လိုက်လုပ်ရ လွယ်မယ့်ဟာကို MOD (NUG ကာကွယ်ရေးဝန်ကြီးဌာန) ကို နည်းပညာ အပ်မယ်။ သူတို့ကတဆင့် PDF တွေကို ဖြန့်ပြီး မြန်မြန်ဆန်ဆန် လက်နက်ခဲယမ်းရဖို့ ကျနော်တို့ ရည်မှန်းပါတယ်” ဟု ၎င်းက ရှင်းပြသည်။
CDM ဝင်ရန် လွယ်ကူစေမည့် Task Force 5
CDM ဝင်ချင်သည့် တပ်မတော်သားများအား CDM ဝင်ရာတွင် ပိုမိုလွယ်ကူ အဆင်ပြေစေရန် ကူညီပေးမည့် အဖွဲ့တဖွဲ့ တိုးချဲ့ဖွဲ့စည်းနိုင်ရေး CDM ဝင်မည့် စစ်သားများအား ကူညီပေးနေသော အဖွဲ့များနှင့် NUG အစိုးရကြား ဆောင်ရွက်နေ သည်လည်း ရှိသည်။
အဆိုပါ အဖွဲ့ကို Task Force 5 ဟု အမည်ပေးထားကြောင်း သိရသည်။
ပြည်သူ့ရင်ခွင်အဖွဲ့မှ ဗိုလ်ကြီးဟောင်းဖြစ်သူ ကပ္ပတိန်ဇီးရိုးက “လက်ရှိ ရှိနေတဲ့ Task Force 1,2,3,4 ကလည်း အများကြီး မြေပြင်မှာ သက်ရောက်မှု ရှိပါတယ်။ အခုက CDM ဝင်မယ့်သူတွေကို ပိုပြီး အဆင်ပြေပြေနဲ့ လွတ်မြောက်နယ်မြေကို ပို့နိုင် ဖို့အတွက် Task Force 5 ကို တိုးချဲ့ဖွဲ့လိုက်တာပါ” ဟု ပြောသည်။
ယခင်က CDM ဝင်မည့်သူအား လွတ်မြောက်နယ်မြေ ပို့ရာတွင် လမ်းကြောင်း ပိုမို ရှည်လျားပြီး အခက်အခဲ အမျိုးမျိုး ရှိ သည်ဟု ဆိုသည်။
“ဥပမာ – အရင်တုန်းက မြန်မာပြည်အရှေ့ပိုင်းက CDM ဝင်ချင်တဲ့သူဆိုရင် လွတ်မြောက်နယ်မြေ မပို့ခင် ပြည်တွင်းထဲက Safe House ရှိတဲ့ တနေရာမှာ ခဏထိန်းထားပြီးမှ လွတ်မြောက်နယ်မြေ ပို့တာပေါ့။ ဆိုတော့ လမ်းကြောင်းက ရှည်တော့ ကြားမှာ မိနိုင်ခြေ ပိုများတယ်။ အခုကတော့ အဲဒီလို မဟုတ်တော့ဘူး။ CDM ဝင်ချင်ရင် သက်ဆိုင်ရာ ဒေသအလိုက် ကိုယ် စားလှယ်တွေကို ချိတ်။ ပြီးရင် လွတ်မြောက်နယ်မြေကို တိုက်ရိုက်ပို့တာပေါ့” ဟု ၎င်းက ပြောပြသည်။
လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီ ဘက်ကလည်း CDM ဝင်ထားသည့် စစ်သားများကို စစ်တပ်ထဲ ပြန်လာရန် အချိုသတ် ခေါ်နေခြင်းမျိုးလည်း ရှိကြောင်း CDM ဝင်ထားသည့် တပ်မတော်သားအချို့က ပြောသည်။
ထိုသို့ ပြန်ခေါ်မှုကြောင့် CDM ဝင်ထားသည့် တပ်မတော်သားအချို့ စစ်တပ်ထဲ ပြန်ရောက်သွားပြီးနောက် စစ်ကြောရေး အပို့ခံရပြီး အခြားရှောင်တိမ်းနေသည့် တပ်မတော်သား CDM များအကြောင်း စစ်မေးခံရသည်မျိုးလည်း ရှိကြောင်း ကပ္ပတိန်ဇီးရိုးက ပြောသည်။
၎င်းက “စစ်သားမှာ CDM မရှိဘူး။ စစ်ပြေးပဲ ရှိတယ်လို့ တပ်ဘက်က အမြဲသုံးတယ်။ ပြန်လာပြီး အဖမ်းခံရင် ရာထူးလည်း ရမယ်၊ လစာ ရမယ်၊ အဆင်ပြေမယ် ပြောတာတွေ ရှိတယ်။ CDM မှာ အများစုက စားဝတ်နေရေး ခက်ခဲတော့ သူတို့ကို ဆက် သွယ်ပြီး ပြောတဲ့အခါမှာ စိတ်မခိုင်လို့ ပြန်ပါသွားတာတွေလည်း ရှိတယ်။ ဒါပေမဲ့ အဲဒီလို ပြန်ပါသွားကြတာက အနည်းစုပါ” ဟု ရှင်းပြသည်။
ထို့အတွက် CDM ဖြုတ်သွားသည့် တပ်မတော်သားအချို့ကြောင့် CDM ဝင်ထားသူ အားလုံးကို လူထုက မယုံကြည်တော့ ခြင်းမျိုး မဖြစ်စေလိုကြောင်း၊ ဆက်လက် ကူညီပံ့ပိုးပေးစေလိုကြောင်း ကပ္ပတိန်ဇီးရိုးက တိုက်တွန်းပြောဆိုသည်။
နိုဝင်ဘာ ၂၉ ရက်က အွန်လိုင်းမှတဆင့် ပြုလုပ်သည့် NUG အစိုးရအဖွဲ့ခေါင်းဆောင်များနှင့် CDM ဝင်လာသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပထမဆုံးအကြိမ် တွေ့ဆုံပွဲတွင်လည်း NUG ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းက ယခုကဲ့သို့ ပြည်သူ့ရင်ခွင် ခိုလှုံသည့် အခန်းကဏ္ဍသည် နွေဦးတော်လှန်ရေး ထိခိုက်နစ်နာမှု အနည်းဆုံးနှင့် အောင်မြင်ရန် အရေးကြီးသောကဏ္ဍ ဖြစ် ကြောင်း၊ အခက်အခဲများ ကြားထဲမှ ပြည်သူ့မျက်နှာကြည့်ပြီး ပြည်သူ့ဘက် ဝင်လာသူများကို ကျေးဇူးတင်ကြောင်း ပြော ကြားခဲ့သည်။
အကြမ်းဖက် စစ်ကောင်စီ ဘက်ကလည်း ပြည်သူ့ရင်ခွင် ခိုလှုံရေး အစီအစဉ်ကို အင်မတန် ကြောက်ရွံ့ပြီး ဖျက်လိုဖျက်ဆီး လုပ်နေသဖြင့် လက်ရှိ ကာလတွင် သတိကြီးကြီးထား ဆောင်ရွက်ရမည့် အခြေအနေ ဖြစ်နေကြောင်း ဝန်ကြီးချုပ်က သတိပေး ပြောဆိုသည်။ ။
You may also like these stories:
မြန်မာဘီယာထုတ်သည့် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီ ဖျက်သိမ်းတော့မည်
မစ္စတာ ဆာဆာကာဝါ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရရန် ကြိုးပမ်းသော်လည်း မအောင်မြင်
ဂျပန်အစိုးရ ငွေစိုက်ထုတ်သည့် ဟိုတယ်က စစ်တပ်သို့ မြေငှားခပေးနေသောအခါ