ကိုဖြိုးဇေယျာသော် (ခ) မောင်ကျော် အား ဖမ်းမိပြီးနောက် နိုင်ငံရေး၊ စစ်ရေး လေ့လာသူများအကြား ထွက်ပေါ်လာ သည့် မေးခွန်းမှာ “ရန်ကုန်ပြောက်ကျားစစ် ကျသွားပြီလား” ဆိုသည့် အမေး ဖြစ်သည်။
ထိုသို့ မေးမြန်း ဆန်းစစ်သည်မှာ မဆန်းပေ။ အောက်တိုဘာ ၂၄ ရက်က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ အား ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်တွင် လက်နက်များနှင့် ဖမ်းမိပြီးနောက် ဆက်တိုက်ဆိုသလို နိုဝင်ဘာလ တွင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် အဖမ်းခံခဲ့ရသဖြင့် ထိုသို့ သုံးသပ် မေးမြန်းမှု ထွက်လာ ခြင်း ဖြစ်သည်။
ကိုဖြိုးဇေယျာသော်ကို စစ်ကောင်စီက ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲ ဖျက်ဆီးခံရမှု ၁၇၈ ကြိမ်နှင့် သတ်ဖြတ်ခံရမှု ၃၆ ခုတို့နှင့် ပတ်သက်၍ စွပ်စွဲထားပြီး၊ သူ ဖမ်းဆီးခံရမှု နောက်ဆက်တွဲအဖြစ် လူပေါင်း ၂၉၃ ဦးလည်း အဖမ်းခံခဲ့ရသည်။
ထို့ပြင် လက်နက်မျိုးစုံ ၁၆၉ လက်၊ လက်လုပ် သေနတ်မျိုးစုံ ၂၃၁ လက်၊ လက်လုပ် စိန်ပြောင်း ၆ လက်ကိုပါ ကျည် အိမ်မျိုးစုံ ၃၁၂ ခု၊ ကျည်မျိုးစုံ ၁၈၈၁၀ တောင့်၊ ၄၀ မမဗုံးသီး ၄၃ လုံး၊ မိုင်းမျိုးစုံ ၁၆ လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၄၈ လုံး၊ လက်လုပ်မိုင်း မျိုးစုံ ၁၀၉၉ လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၇၅ လုံး၊ မီးခိုးဗုံး ၆၁ လုံး၊ ယမ်းစိမ်း ၅ ပိဿာ၊ ယမ်းပြင်း ၂၈ တောင့်၊ ယမ်းပျော့ ၁၁ တောင့်၊ လက်လုပ်ယမ်း ၄၃ ထုပ်၊ ယမ်းကြိုး(၁၀၀ ပေ) ၁ ခွေ၊ ဒီတိုနေတာ ၈၉၆ ချောင်း၊ ဒီတိုနေတာကြိုး ခွေ ၄ ခွေ၊ TNT ယမ်းမျိုးစုံ ၁၆၃ တောင့်၊ C4 ယမ်း (၁.၂၅) ပေါင် ၉ တောင့်၊ Transistor ၁၄ ဗူး၊ ကီး ပတ်ဖုန်း ၂၀ လုံး၊ လမ်းလျှောက် စကားပြောစက် ၁၆ လုံး၊ ဆက်သွယ်ရေး အထိုင်စက် ၅ လုံး၊ မှန်ပြောင်း ၂ ခု၊ ဂြိုလ် တုဖုန်း ၁၆ လုံး ကိုပါ ဖမ်းမိကြောင်း စစ်ကောင်စီက ကြေညာသည်။
စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ အဆိုအရ ထိုဖမ်းဆီးမှုအပြီး ရန်ကုန်ပြောက်ကျား စစ်ဆင်ရေး၏ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်လိုက်ပြီဖြစ်ပြီး ကောက်သင်းကောက်ရန်သာ ကျန်တော့သဖြင့် ရန်ကုန်ပြောက်ကျားစစ်မှာ ကျရှုံးသွားပြီဟု ယူဆကြောင်း စစ်ကောင်စီဘက်က သုံးသပ်သည်ဟု သိရသည်။
သို့သော် ရန်ကုန်၌ လှုပ်ရှားနေသော မြို့ပြပြောက်ကျားတချို့ ကမူ “ရန်ကုန်ပြောက်ကျားစစ် မကျရှုံးပါဘူး၊ ကျရှုံးစရာ အကြောင်းလည်း မရှိဘူး။ တော်လှန်ရေးက ဆက်သွားနေမှာပါ ဆိုသော စကားများ အခိုင်အမာပြောကြသော်လည်း ရန်ကုန်မြို့တွင်း လက်နက်ကိုင် ပစ်ခတ်မှုများ ကျဲပါးသွားပြီး စစ်ကောင်စီတပ်ဖွဲ့များ လှုပ်ရှားမှု ပိုများလာသည်က အမှန် ပင် ဖြစ်သည်။
ယခင် ဘန်ကာများ နောက်တွင်သာ ခိုအောင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ယခုဆိုလျှင် ပြင်ပသို့ထွက်ကာ ဆန္ဒပြခဲ့သူများကို ကားနှင့်တိုက်ကာ သတ်ဖြတ်ခဲ့သည့် ဒီဇင်ဘာ ၅ ရက် အဖြစ်အပျက်က သက်သေခံလျက် ရှိသည်။

ကိုဇေယျာသော်နှင့်အဖွဲ့ ဖမ်းဆီးခံရသည့်အတွက် ရန်ကုန်ပြောက်ကျားစစ်၏ ပုံသဏ္ဍာန်မှာ အမှန်တကယ် ဖရိုဖရဲ ဖြစ် ခဲ့ပြီး၊ မြို့ ပြတွင် ခိုအောင်းနေသည့် အဖွဲ့တချို့ နေရာ ပြောင်းရွှေ့ရခြင်း ပြန်လည်ထွက်ခွာရခြင်း၊ ကွန်ရက်ပြန်လည် တည်ဆောက်ရခြင်း၊ ရည်မှန်းချက်အသစ်၊ ပစ်မှတ်သစ်များ သတ်မှတ်ရခြင်း စသည့် ဗျူဟာနှင့် လုပ်ငန်းစဉ်များ အား လုံးကို ကတိုက်ကရိုက် ပြောင်းလဲပစ်ရကြောင်း မြို့ပြပြောက်ကျားလှုပ်ရှားမှုများ လုပ်ကိုင်နေသည့်အဖွဲ့များက ပြော သည်။
ရန်ကုန်နှင့် မြို့ကြီးများတွင် စစ်ရေးလှုပ်ရှားမှု လုပ်နေသည့် အဖွဲ့ပေါင်းများစွာ ရှိသော်လည်း ကိုဂျင်မီကဲ့သို့ ကိုဇေယျာ သော်ကဲ့သို့ လူသိများ ထင်ရှားသူတဦး အဖမ်းခံရသည်က ကျန်အဖွဲ့များအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်စေ သည်မှာ အမှန်တကယ်ပင် ဖြစ်ကြောင်း ထိုအဖွဲ့များက ဆိုသည်။
“Mission တော်တော်များများ ပျက်သွားတာပေါ့။ အလုပ် လုပ်ဖို့ရာအတွက် ကူညီထောက်ပံ့မှုတွေ ပျက်သွားတာပေါ့။ ပျက်သွားတဲ့ အတွက်ကြောင့် တော်တော်လေးတော့ လုပ်ရကိုင်ရတာ ကျပ်တည်းသွားပြီးတော့ frame work တွေ အကုန်လုံး ပြောင်းလိုက်ရတာပေါ့” ဟု ရန်ကုန်မြို့တွင် ပြောက်ကျား လုပ်ငန်းစဉ်များ ဆောင်ရွက်နေသူ တဦးက ဆို သည်။
စစ်ကောင်စီ အနေဖြင့် လူထုနှင့် တော်လှန်ရေးအဖွဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်စေရန်၊ နိုင်ငံတကာတွင် တိုင်းပြည် အေးချမ်းသာယာမှုကို လူတစုက ဖျက်ဆီးနေသည်ဆိုသော အမြင်ရောက်စေရန် ဖမ်းမိသည့် လက်နက်အရည် အတွက်ကို ရှိသင့်သည်ထက် ပိုမို ဖော်ပြခြင်း၊ ပြောက်ကျား စစ်ဆင်ရေးနှင့် မဆိုင်သည့် သာမန်အရပ်သားများကို အမှု အတွင်း ဆွဲသွင်းကာ ပုံကြီးချဲ့ ပုံဖော်နေသည်ဟု မြို့ပြပြောက်ကျားအဖွဲ့များက သုံးသပ်သည်။
ထို့အတွက် ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့ဝင် တဦးက “ဒီအချိန်မှာ ပြင်ဆင်ဖို့အတွက် အချိန်ခဏယူတာ။ အလွှဲ အပြောင်း အချိတ်အဆက်လေးတွေအတွက် ပြင်ဆင်နေတဲ့ သဘောရှိတယ်။ ရပ်ထားတဲ့ သဘောမျိုး မဟုတ်ဘူး။ အချိန်ခဏ ပြန်ယူတဲ့သဘော ရှိပါတယ်” ဟု ပြောသည်။
ရန်ကုန်တွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သလို၊ ပိုမိုလုပ်ဆောင်နိုင်ရန် စီစဉ်နေကြကြောင်း အများစုက အတည်ပြုသည်။ လွတ်မြောက်နယ်မြေများသို့ ပြန်လည် ဆုတ်ခွာမှုသည် အနည်းအကျဉ်းသာ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ တိုက်ခိုက်ရေး အင်အားစု၏ ထက်ဝက်ခန့် ဖမ်းဆီးခံရခြင်း ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း အစားထိုးရန်၊ ထပ်မံ ဖြည့်တင်းရန် လူအင်အားက အသင့်ရှိနေသလို လက်နက် ထုတ်လုပ်ရေးနေရာများ လည်ပတ်နေဆဲဖြစ်ပြီး ဖမ်း ဆီးခံရသည့် ဖြစ်စဉ်များကို နမူနာယူပြီး ပြန်လည် ပြင်ဆင်မှုများ ပြုလုပ်နေကြခြင်းလည်း ဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများက ဆိုကြသည်။
ဤသို့ ကိုဖြိုးဇေယျာသော် ဖမ်းဆီးခံရသည့် ဖြစ်စဉ်တခုလုံးကို စစ်ရေး လေ့လာသူတချို့က ခြုံငုံ သုံးသပ်ရာတွင် အား နည်းချက်များ အမှန်တကယ် ရှိနေကြောင်း ထောက်ပြသည်။
ကိုဂျင်မီ အပါအဝင် ကိုဖြိုးဇေယျာသော် တို့သည် နိုင်ငံရေးတွင် ထင်ရှားသူများဖြစ်ပြီး မြေအောက် လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲရန် မသင့်တော်သလို ပြောက်ကျားစစ်အတွက် သေချာလေ့ကျင့်ထားသူများ မဟုတ်ကြောင်း၊ ကိုဖြိုးဇေယျာသော် ပုန်းခိုရာအိမ်၊ လက်နက် သိုလှောင်ထားသည့် နေရာများသည် လုံခြုံရေးအရ သေသပ်မှုမရှိဘဲ ခြေ ရာခံရ လွယ်ကူသည့် အခြေအနေတွင် ရှိသည့်အပြင် သတင်းယိုဖိတ် စီးဆင်းမှုလည်း များပြားကြောင်း ၎င်းတို့က သုံး သပ်ကြသည်။
ထို့ပြင် ပစ်ခတ်တိုက်ခိုက်သည့် ရုပ်သံများကို လူမှုကွန်ရက်သို့ တင်ကာအဖွဲ့အား ဖြန့်ဝေခြင်းကလည်း တဖက်မှ ခြေရာ ခံနိုင်ရန် လမ်းကြောင်း ပေးသကဲ့သို့ ဖြစ်နေပြီး နောက်တကြိမ် ပစ်ခတ်မှုကို ကာကွယ်နိုင်ရန်အတွက် နမူနာယူရန် လည်း လမ်းကြောင်းပေးသကဲ့သို့ ဖြစ်နေသည်ဟု ထောက်ပြသည်။
NUG နှင့် နီးစပ်သည့် လေ့လာသုံးသပ်သူတဦးက “ကိုဂျင်မီ ဖမ်းခံရတဲ့ သတင်း စကစဘက်က ထုတ်ပြန်ကတည်းက ကျနော် သိလိုက်တာက။ ကိုဂျင်မီဟာ တော်လှန်ရေးနဲ့ ဆက်စပ်တဲ့သူတွေကို တရက်တည်းနဲ့ အကုန်ထုတ်ပြောသ လား။ ကျနော် မထင်ဘူး။ အစကတည်းက သတင်း ကြိုပေါက်နေတာတွေ ရှိနိုင်တယ်” ဟု ဆိုသည်။

ထို့ပြင် ကိုဇေယျာသော် ဖမ်းဆီးခံရပြီး ထွက်ပေါ်လာသည့် အချက်အလက်ဖိုင်အချို့အရ သတင်း အချက်အလက် သိမ်း ဆည်းမှု မသေသပ်မှုများလည်း ရှိကောင်း ရှိနိုင်သလို လက်ကိုင်ဖုန်း အသုံးပြုကာ ဆက်သွယ်ထားသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ပြောဆိုချက်များကို လုံခြုံရေး အသိဖြင့် ဖယ်ရှား ဖျက်ဆီးခြင်းများ မရှိကြောင်း သိရသည်။
ရန်ကုန် PDF အဖွဲ့မှ နည်းပညာ ကျွမ်းကျင်သူတဦးက “သတင်းအချက်အလက်တွေ Presentation တွေက အစပြင် ရင် အွန်လိုင်းမှာပဲ တခါတည်းပြင်၊ တခါတည်း သိမ်းတာမျိုး လုပ်သင့်တယ်။ ကွန်ပျူတာထဲမှာ Memories လေး တစွန်းတစတောင် မကျန်စေချင်ဘူး။ ကွန်ပျူတာ တလုံးရသွားလို့ လူအားလုံး ဖမ်းမိတယ်ဆိုတာမျိုးက တအား နစ်နာ တယ်” ဟု ပြောသည်။
စာရိုက်၊ စာရင်းသွင်း၊ အစီရင်ခံစာရေး စသည့် လုပ်ငန်းစဉ်အားလုံးကို အွန်လိုင်းပေါ်တွင်ပင် တခါတည်း အပြီးလုပ်ပြီး အပြီး သိမ်းဆည်းထားခြင်း၊ အသုံးပြုပြီးသည်နှင့် တခါတည်း History ရှင်းခြင်း စသည်တို့ကအစ ဂရုစိုက်ရန် လိုအပ် ကြောင်း ၎င်းက အကြံပြုသည်။
အလားတူ ယခင် နဝတ နအဖ စစ်အစိုးရများ လက်ထက် တပ်မတော် ထောက်လှမ်းရေးအဖွဲ့တွင် ဗိုလ်မှူးအဖြစ် တာ ဝန် ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က မြို့ပြ ပြောက်ကျားများအနေဖြင့် မြေအောက်လှုပ်ရှားမှု Under Ground (UG) စနစ် ကျင့်သုံးရာတွင် တန်ပြန်ထောက်လှမ်းရေး နည်းနာတခုဖြစ်သည့် အသိပေးသင့်သူကိုသာ အသိပေး (Need to Know)၊ အကန့်စနစ် (Compartment System) တို့ကို တိတိကျကျ လိုက်နာကျင့်သုံးရန် လူမှု ကွန်ရက်မှနေ၍ အသိပေး စကားပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ကွင်းဆက် လိုက်လံ ဖမ်းဆီးမှုများကြောင့် ရန်ကုန်မြို့ပြပြောက်ကျား ထက်ဝက်ခန့် စစ်ကောင်စီ လက်အောက်သို့ ကျရောက်ခဲ့ရသည်ကတော့ ငြင်းဆန်၍ မရသည့် အမှန်တရား ဖြစ်သည်။
မြန်မာနိုင်ငံ အထက်ပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ထိပ်တိုက် တိုက်ပွဲဝင်နေသည့် စစ်ကိုင်း ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်တဦးကလည်း နောက်နောင် ဖမ်းဆီးခံရသူများသည် သေခြင်းတရားနှင့် အသားနာခြင်းကို ကြောက်ရွံ့ရုံ မျှဖြင့် ရဲဘော်ရဲဘက်များ၏ အချက်အလက်များကို ထုတ်ဖော် မပြောခြင်းဖြင့် ကာကွယ်ရန် တိုက်တွန်းသည်။
“ရန်သူ့လက်ထဲ ရောက်သွားတဲ့ ရဲဘော်တွေအနေနဲ့တော့ သေရမှာခြင်း အတူတူ နောက်က ရဲဘော်တွေအပေါ် သစ္စာရှိ ဖို့ လိုလိမ့်မယ်။ သေခြင်းနဲ့ ရှင်ခြင်း နှစ်ခုပဲ ရှိတဲ့အထဲမှာ သူတို့ဆီရောက်မှ နာကျင်မှုကို ရဲဘော်တွေကို သစ္စာဖောက် တာမျိုး တော်လှန်ရေးရဲ့ အသက်သွေးကြောတွေကို ထိုး မအပ်ဖို့ လိုမယ်” ဟု ၎င်းက ဆိုသည်။
မည်သို့ပင် ဆိုစေကာမူ ရန်ကုန်မြို့ပြ ပြောက်ကျား စစ်ဆင်ရေးသည် ထိခိုက် ကျဆုံးမှုများကြားမှ ရှေ့ဆက်နေဆဲ ဖြစ်ပြီး အားနည်းချက်၊ အားသာချက်များကို သုံးသပ်ကာ ပိုမိုကောင်းမွန်သည့် စစ်ဆင်ရေး တရပ်အဖြစ် ပြောင်းလဲ ဖော် ဆောင်နိုင်ရန် ကြိုးပမ်းနေကြောင်း မြို့ပြပြောက်ကျားအဖွဲ့ အသီးသီးက ပြောဆိုကြသည်။
You may also like these stories:
စစ်ခေါင်းဆောင်သားနှင့် ဗိုလ်ချုပ်ဟောင်းများက ဒလန်လုပ်မှုဖြင့် သတ်ခံရသူများအတွက်ငွေလှူ
မန္တလေး၌ အင်အားသုံး ကျူးကျော်ရှင်းလင်းမှုကြောင့် နေထိုင်ရေး အခက်တွေ့နေ