ဆောင်းပါး

တရုတ်ကုန်သွယ်ရေးစနစ် အပြောင်းအလဲကြောင့် မြန်မာ့ဖရဲ ဆုံးရှုံးမှု ကြုံနေ

တရုတ်- မြန်မာ နယ်စပ်ဂိတ်တွင် မြန်မာဘက်မှ ပို့မည့် သစ်သီးယာဉ်များမှ ဖရဲသီးတချို့ ပျက်စီးပြီး လမ်းတွင် စွန့်ပစ် ထားသည့် ဖရဲသီးများ၏ ဓာတ်ပုံများနှင့် ကားပေါ်မှနေ ဖရဲသီးအရည်များစီးကျနေသည့် ပုံတချို့ကို ကုန်သည်များက လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေခဲ့ကြသည်။

ထိုသို့ ဖြစ်ပေါ်ရခြင်းမှာ ယခင် တင်ပို့နေသည့်စနစ်မှ တရုတ်ဘက်က ကုန်သွယ်ရေးစနစ် ပြောင်းလဲလိုက်ခြင်းကြောင့် စစ်ဆေးရေး ဂိတ်တွင် ကြန့်ကြာကာ အသီးနှံများ ပျက်စီးဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

မူဆယ် ကုန်သည်တဦးက “ရက်ကြာတော့ တချို့ ဖရဲသီးတွေက အရည်အသွေးကျပြီးတော့ အရည်တွေ ထွက်လာတယ်။ ဒီအနေအထား ဖြစ်တော့ တချို့က ဆက်မလုပ်တော့ဘူး ပြန်လှည့်သွားတယ်။ ပြည်တွင်းရောင်းတဲ့ အနေအထားတွေ ရှိသွားတာပေါ့။ တချို့ကလည်း ပြန်သယ်တဲ့ စရိတ်နဲ့ မကာမိလို့ လမ်းမှာတင် စွန့်ပစ်ခဲ့တာတွေတောင် ရှိပါတယ်” ဟု ဆိုသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြဿနာသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်ပြီး ကာကွယ် ထိန်းချုပ် ရန် စစ်ဆေးမှုများကြောင့် ကြာမြင့်သည်ထက် ယခုလို တရုတ်အကောက်ခွန်စနစ် ပြောင်းလဲမှုအရ ပို၍ ကြန့်ကြာမှုများ ဖြစ်ပြီး မြန်မာကုန်သည်များ ကုန်ဖိုးငွေ ဆုံးရှုံးမှုများ ရှိလာနိုင်ကြောင်း သိရသည်။

တရုတ်အစိုးရက နယ်စပ်ကုန်သွယ်ရေးစနစ်ကို ယခင် Border Trade မှ ယခု Normal Trade အဖြစ် ပြောင်းလိုက်ပြန် သည်။

ယခင်က တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် မြန်မာဘက်မှ တင်ပို့သော ဖရဲ၊ သခွားများမှာ Border Trade ဖြင့် တရားဝင်သွားသော်လည်း တရုတ်ဘက်မှ တရားဝင် ကုန်စည် မဟုတ်ပေ။ ယခု ကုန်သွယ်ရေး ပြန်လည် ဖွင့်လှစ်ချိန်တွင် တရုတ်ဘက်က Normal Trade စနစ်ကို ကျင့်သုံး၍ တရားဝင် အကောက်ခွန်ကို စတင် ကောက်ခံခြင်း ဖြစ်သည်။

“အရင်ကတော့ Border Trade ဆိုတာ အလွတ်သဘောမျိုးပါပဲ။ ကုန်သွယ်မှုက ဝယ်တဲ့သူက ဒီအတိုင်း ဝယ်တယ်။ ရောင်းတဲ့သူက ဒီအတိုင်း ရောင်းတယ်။ ဘာမှ အခွန်အခတွေ၊ ဘာတွေ ပေးစရာ မလိုဘူး။ အခုကျတော့ တရုတ်အစိုးရက တရားဝင် သဘောမျိုးနဲ့ လက်ခံမှာ။ အဲဒီတော့ အခွန်ကောက်မှာ ဖြစ်တယ်။ ကျနော် ကြားတာတော့ ဖရဲ ၁ တန်ကို ငွေ ကျပ် နှစ်သိန်းလောက် ကျမယ်လို့ ခန့်မှန်းရတယ်။ အဲဒီတော့ ကားတစီးဆိုရင် ကျပ် ၃၅ သိန်း လောက်ကျမယ်။ ဒါက ခန့်မှန်းခြေပေါ့” ဟု မကွေးတိုင်းရှိ ဖရဲ၊ သခွား ကုန်သည်တဦးက ဆိုသည်။

ထိုသို့ အခွန်အကောက် ကိစ္စရပ်များကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် တန်းစီနေသော ကုန်ကားများမှာ လည်း ပိတ်မိပြီး ကြန့်ကြာနေခြင်း ဖြစ်ကြောင်း ကုန်သည်များက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ၂၆ ရက်က တရုတ်နယ်စပ် ကျင်စန်းကျော့၊ ချင်းရွှေဟော် ကုန်သွယ်ရေးဂိတ်များ ပြန်ဖွင့်ခဲ့ခြင်း ဖြစ်ပြီး၊ မြန်မာဘက်မှ တင်ပို့သည့် ကုန်ကားအစီးရေအတိုင်း တရုတ်ဘက်က ပြန်သွင်းသည့်စနစ်ကို ကျင့်သုံးနေရာ မြန်မာဘက်မှ ပိုးသတ်ပြီး ထွက်သွားသည့် ကုန်တင်ယာဉ်များကို တရုတ်စစ်ဆေးရေးဂိတ် တာဝန်ရှိသူများက စိတ်ကြိုက်စစ်ဆေးပြီးမှသာ ဝင်ခွင့်ပေးသည့် ပုံစံဖြစ်နေ၍ မြန်မာ့ဖရဲ၊ သခွားမွှေးတို့မှာ လမ်းတွင် ကြန့်ကြာပြီး ဈေးကွက်သို့ အချိန်မီ ရောင်းချနိုင်ခြင်း မရှိကြောင်း မူဆယ်နယ်စပ် ကုန်သည်များထံက သိရှိရသည်။

မြန်မာဘက်မှ အဓိက တင်ပို့နေသည့် ရာသီစာ သီးနှံဖြစ်သော ဖရဲသီး၊ သခွားမွှေး ကားများမှာ နယ်စပ်ဖြတ်ကျော်သည့် ဂိတ်တွင်ပင်ရှိနေပြီး တရုတ်ဈေးကွက် မရောက်သေးသော်လည်း တရုတ်ဘက်မှ သွင်းကုန်များဖြစ်သော လယ်ယာသုံး ပစ္စည်းများ၊ သွင်းအားစုများမှာ မြန်မာဘက်သို့ ဝင်ရောက်လျက် ရှိကြောင်း သိရသည်။

နယ်စပ်ဂိတ်တွင် ကြန့်ကြာမှုများကြောင့် ပျက်စီးသွားသည့် ဖရဲသီးတချို့နှင့် လမ်းတွင် စွန့်ပစ်ထားသည့် ဖရဲသီးတချို့ကို တွေ့ရစဉ် (ဓာတ်ပုံ – ခွာညိုပွဲရုံ၊ Sai Tun Kyaw)

မူဆယ် နယ်စပ်ကုန်သည်ကြီး တဦးက “တရုတ်ဘက်က ကိုဗစ်ကာကွယ်ရေးအတွက် ဆောင်ရွက်တာက ရှန်တိန်စနစ်တို့ ဂိတ်ဖြတ်တာတို့ လုပ်ရတယ်။ နှစ်ရက်လောက် ကွာရန်တင်း ထားရတာတွေ ရှိတယ်။ အခု ဒီ့ထက် ပိုပြီး တရုတ်အကောက် အခွန်ဂိတ်မှာ ကုန်သွယ်ရေးကို Normal Trade ပြန်ပြောင်းပေမယ့် တရုတ်ဘက်က ပြင်ဆင်ထားတာ ဘာမှမရှိတော့ တရုတ် အကောက်အခွန်ဘက်မှာ ကြန့်ကြာနေပြီး ကားတွေက ဝင်သွားတာ ဆယ်ရက်ကျော်နေပြီ မရောင်းရသေးဘူး” ဟု ၎င်းက ရှင်းပြသည်။

ကုန်ဖိုး ဆုံးရှုံးမှု အခြေအနေ

မြန်မာနိုင်ငံ ဖရဲ၊သခွား ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းရုံးအဖွဲ့ဝင်တဦးက “အကောက်ခွန်က ပုံစံပြောင်းတော့ ကျနော်တို့ ဖရဲကားတွေ အခုချိန်ထိ မဝင်ရသေးဘူး။ ဖရဲသီး ၁၂ ဘီးကားတစီးကို ကုန်ဖိုးချည်း အရင်းအနှီးက ကျပ်သိန်း ၆၀ လောက်ရှိတယ်။ ဂျပ်ဖာတွေထဲ ထည့်ထားတာဆိုတော့ သူတို့က ဖွင့်ကြည့်မှာလား ကြည့်လို့ ကြိုက်တဲ့အလုံးယူ သွား ရင် သွားမှာလား၊ မကြိုက်တာကို ထားခဲ့မလား၊ ဈေးဘယ်လိုဖြတ်မလဲ ဒါကို ကျနော်တို့က မသိရသေးပါဘူး။ ပြည်တွင်း ဈေးကွက်ကတော့ အရည်အသွေးကောင်း တလုံးကို ၃၅၀၀ ကျပ်နဲ့ ၄၀၀၀ ဝန်းကျင်မှာရှိတယ်” ဟု ပြောပြသည်။

အရောင်းအဝယ် စတင်နိုင်ခြင်း မရှိသေးသဖြင့် ဈေးကွက် အခြေအနေကို အတိအကျ ပြောကြား၍ မရသေးသော်လည်း ယခုပုံစံအတိုင်း ဆက်သွားမည်ဆိုပါက ဖရဲကား တစီးလျှင် အနည်းဆုံး ကျပ်သိန်း ၃၀ အထိ ဆုံးရှုံးနိုင်ချေရှိကြောင်း ၎င်းက သုံး သပ်ပြောဆိုသည်။

“ကျနော်တို့ ပြည်တွင်းကနေ တရုတ်ကိုသွားဖို့ ဝယ်တဲ့ သီးနှံဖိုးချည်းပဲ ကားတစီး ဆိုရင် ကျပ် ဆယ်သိန်းနဲ့ ၁၅ သိန်းကြား မှာ ပေါက်ဈေးက ရှိတယ်။ နောက်ပြီး ကားခ ရှိသေးတယ်။ တကယ်လို့ အဆင်မပြေလို့ ပြန်သယ်ရင်တော့ ကားခက ရှုံးပြီ။ ပြည်တွင်း ဈေးကွက်ကလည်း အခုက ဆောင်းတွင်းဆိုတော့ ဖရဲသီးက အလုပ် မဖြစ်ဘူး” ဟု ရန်ကုန်မှ မူဆယ်သို့ တင်ပို့ နေသည့် ကုန်သည်ပွဲစား တဦးက ပြောသည်။

ပိတ်မိနေသည့် ဖရဲ၊ သခွားကားများ

လက်ရှိ တရုတ်ပြည်မဘက်တွင် ပိတ်မိနေသည့် ဖရဲကား အစီးရေ ၃၀ နှင့် တရုတ်ဘက်အခြမ်းရှိ ရွှေလွယ်အင်ကုန်ချကွင်း အတွင်း ပိတ်မိနေသည့် ကုန်ကားအစီးရေ ၁၀၀ ရှိပြီး မြန်မာဘက်အခြမ်း ကုန်သွယ်ရေးဇုန်တွင် ပိတ်မိနေသည့် ကုန်ကား အစီးရေမှာ ၁၅၀ ခန့် ရှိကြောင်း ကုန်သည်များထံက သိရသည်။

ဖရဲ၊ သခွား ပွဲရုံပိုင်ရှင် တဦးက “ခါတိုင်း အဝင်များတဲ့အချိန်နဲ့ ယှဉ်ရင်တော့ အခု ပိတ်မိတာက တရက်စာ ပမာဏပဲ ရှိ တယ်။ ဒါပေမယ့် ပိတ်မိနေတဲ့ ကားတွေကလည်း တအား ကြန့်ကြာသွားတော့ ဒီပို့ကုန်အတွက် အရည်အသွေးကို ပြန် လည် ဆန်းစစ်ရမယ့် သဘောတွေ ရှိနေတယ်။ တချို့ကားတွေက ပြည်တွင်း ပြန်လှည့်ရောင်းကြတယ်။ အလကားစွန့်ပစ် ရမှာထက်စာရင် ကျပ် ၁၅ သိန်း၊ သိန်း ၂၀ လောက်တော့ ပြန်ရကြတယ် ပြောတော့ နည်းနည်းတော့ ပြန်ရနိုင်တယ်။ ဒါပေမယ့် ပြည်တွင်း ဈေးကွက်က သိပ်ပြီး မျှော်လင့်လို့ မရဘူးလေ” ဟု ဖြစ်ပေါ် နေသည့် အခြေအနေကို ပြောပြသည်။

ယခု တရုတ်သို့ တင်ပို့နေသည့် ဖရဲသီးများမှာ မိုးဖရဲများ ဖြစ်သောကြောင့် အရည်အသွေးအားဖြင့် ရက်ကြာရှည် မခံသော ကြောင့် ယခုလို ရက်ကြာလာသည်နှင့်အမျှ အရည်အသွေးလျော့ကျလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အထက်ပါ အခြေအနေများအရ ဈေးကွက် ဆုံးရှုံးနိုင်ချေများ ရှိနေပြီး တရုတ်နိုင်ငံ ရွှေလွယ်အင်ကုန်ချကွင်းအတွင်း ရပ်နား စောင့်ဆိုင်း နေရသော ဖရဲသီး၊ သခွားမွှေးများ ကုန်ကားများက သစ်သီးများ အခြေအနေ သိပ်မကောင်းသော်လည်း စရိတ် စကနှင့် အချိန်ကြောင့် ပြန်လှည့်မည့် အခြေအနေနည်းပါးသော်လည်း မြန်မာဘက်အခြမ်းတွင် တန်းစီ ပိတ်မိနေသော ကုန်ကား ၁၀ ရာခိုင်နှုန်းခန့်က အရှုံးခံ ပြန်လှည့်မည့် အခြေအနေ ရှိကြောင်းလည်း ကုန်သည်များထံက သိရသည်။

“ကြန့်ကြာမှုတွေ ဖြစ်တော့ ဈေးကွက်အတွင်း ရောက်တဲ့ ဖရဲသီးတွေက အထားအသို သိပ်မခံတော့ဘူး။ အချင်းချင်း ညှိပြီး ရောင်းရတဲ့ အခြေအနေ။ မနေ့ကဖရဲကား ၄ စီးကို တရုတ်ယွမ် ၉ သောင်းနဲ့ ဈေးညှိပြီး တင်လိုက်ရတယ်။ ဒီလို ပေါက်ဈေး ပေါက်ဈေးအခြေအနေကို တွက်ချက်ရရင်တော့ အရည်အသွေးနဲ့ မာရေကျေရေကောင်းတဲ့ ဖရဲသီးဆိုရင် အခုထက် ဈေးပို ရမှာပါ” ဟု ရောင်းချခဲ့သည့် ကုန်သည်တဦးက ဆိုသည်။

ဂိတ်သို့ အရင်ဆုံး ရောက်လာသည့် ဖရဲ၊ သခွားများက ပိုမိုပျက်စီးမှု များနေပြီး ရွှေလွယ်အင်ကွင်းတွင် ရောက်ရှိနေသော ရက်ကြာ ဖရဲများ တရုတ်နိုင်ငံဘက်သို့ ဝင်ခွင့်ရရန် စောင့်ဆိုင်းလျက်ရှိ နေသည်။

တောင်သူများ၏ အခြေအနေ၊ ထုတ်လုပ်နိုင်မှု

မကွေးတိုင်း၊ ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ်သူ ဦးသန်းမြ (အမည်လွဲ) က “အခုက တရုတ်အကောက်ခွန် စနစ်ပြောင်း တာဆိုတော့ ဝင်ခွင့် ကုန်သွယ်မှုတွေက စရိတ်တအား များတယ်။ ကျနော်တို့ဆီက နိုဝင်ဘာ ၂၈ ရက်လောက်က ဝင်သွား တဲ့ ကားတွေက အခုထိ ရောင်းကွင်းဆီ မရောက်သေးဘူး။ ဒီအနေအထားဆိုတော့ အခုကတော့ ဘာမှကို မပြောနိုင်သေး ဘူးဗျ” ဟု ဧရာဝတီသို့ ပြောသည်။

ယခုနှစ်တွင် ကုန်သွယ်ရေး ပုံမှန်မဖြစ်ခြင်းနှင့် နိုင်ငံရေး အနေအထားအရ စိုက်ပျိုး ထုတ်လုပ်သူများတွင် အဟန့်အတား များ ရှိသလို စိုက်ပျိုးစရိတ် ကုန်ကျမှုတွင်လည်း သွင်းအားစု ဈေးများမြင့်တက်သဖြင့် ယခင်က ဖရဲ ၁၀ ဧက စိုက်ပျိုးသူက ယခုနှစ်တွင် ၁ ဧက၊ ၂ ဧက သာ စိုက်ပျိုးမှု ရှိတော့ကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက “သွင်းအားစုတွေ ဈေးတက်တာရော တခြားအရာတွေ ဈေးတက်ရောကြောင့် ကုန်ကျစရိတ်တွေက မြင့်တယ်။ ရောင်းမယ့် အနေအထားမှာလည်း လမ်းပန်းဆက်သွယ်ရေးတို့ ပြည်တွင်းကနေ ပြည်ပကို ရောက်ဖို့ ဂိတ်ပေါက် တွေရဲ့ အနေအထားအရရောပေါ့။ တောင်သူ တော်တော်များများက မစိုက်ကြတာ များတယ်” ဟု ရှင်းပြသည်။

ယခု ဒီဇင်ဘာလသည် ဆောင်းဖရဲစိုက်ပျိုးသည့် ရာသီအစဖြစ်သော်လည်း သွင်းအားစုဖြစ်သော ဓာတ်မြေသြဇာ တအိတ် လျှင် ယခင် ကျပ် ၄၅၀၀၀ မှ ယခု ကျပ် ၉ သောင်းကျော် ပေးဝယ်ရသလို ကုန်ဈေးနှုန်းက ယခင်ထက် နှစ်ဆနီးပါးတက် လာသဖြင့် လုပ်အားခမှာလည်း ယခင်က တရက် ၇၀၀၀ ကျပ်မှ အခု ၁၂၀၀၀ ကျပ်အထိ ဈေးမြင့်ပေးရကြောင်း ဖရဲစိုက် တောင်သူများက ဆိုသည်။

မုံရွာမြို့ရှိ ဖရဲစိုက်တောင်သူတဦးက “ဒါကြောင့် တောင်သူကတော့ အကြွေးနွံကကို မထွက်နိုင်ပါဘူး။ ကျန်းမာရေး၊ နိုင်ငံ ရေး အခြေအနေတွေကြောင့် စိုက်ဧကကတော့ တော်တော့်ကို နည်းတယ်” ဟု ပြောသည်။

နယ်စပ်ဂိတ်တွင် ကြန့်ကြာမှုများကြောင့် ပျက်စီးသွားသည့် ဖရဲသီးတချို့နှင့် လမ်းတွင် စွန့်ပစ်ထားသည့် ဖရဲသီးတချို့ကို တွေ့ရစဉ် (ဓာတ်ပုံ – ခွာညိုပွဲရုံ၊ Sai Tun Kyaw)

ဖရဲ တဧက စိုက်ပျိုးစရိတ်မှာ ယခင်နှစ်က ငွေကျပ် ၁၅ သိန်း ကုန်ကျရာမှ ယခုနှစ်တွင်၂၅ သိန်း ဝန်းကျင်ကုန်ကျပြီး သခွား မွှေး တဧကလျှင် ယခင်က ကျပ်သိန်း ၆၀ ကုန်ကျရာမှ ယခုနှစ်တွင် ကျပ်သိန်း ၇၀ အထိ (နေရာအလိုက် ကွာခြားမှုရှိ) ကုန်ကျမှုရှိကြောင်း သိရသည်။

တရုတ်နှင့် လက်ရှိ နယ်စပ် ကုန်သွယ်ရေး အခြေအနေ

တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ကျင်စန်းကျော့ဂိတ်တွင် ဖရဲ၊ သခွားကုန်ကား ပိတ်မိနေသလို ဒီဇင်ဘာလ ၇ ရက်က ဖွင့်လှစ်မည်ဟု ကြေညာထားသော ကချင်ပြည်နယ်ရှိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်များ ဖြစ်သော ကန်ပိုက်တီးနှင့် လွယ်ဂျယ် နယ်စပ်ဂိတ်ပေါက်များလည်း ယနေ့အထိ ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။

ထို့ကြောင့် ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးတွင်လည်း တရုတ်နိုင်ငံသို့ တင်ပို့မည့် ငှက်ပျော ကား ရာနှင့်ချီ၍ စောင့် ဆိုင်းလျက် ရှိနေကြောင်း သိရသည်။

ကန်ပိုက်တီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ကိုဗစ်-၁၉ ကြောင့် တရုတ်အစိုးရဘက်က ဇူလိုင်လ ၁၁ ရက်မှ စတင် ပိတ်ထားခြင်းဖြစ်သည်။

ကုန်သွယ်ရေးနှင့် ပတ်သက်၍ စစ်ကောင်စီ လျစ်လျူရှု

ပြီးခဲ့သည့် NLD အစိုးရ လက်ထက်က တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ပြဿနာများ ရှိလာပါက အစိုးရ၊ ကုန်သည်၊ တောင်သူ ဆွေးနွေး ညှိနှိုင်း အဖြေရှာခြင်းနှင့် အခက်အခဲ အခြေအနေများကို ကျယ်ကျယ်လောင်လောင် ပြောဆို တင်ပြ ခြင်းများ ရှိခဲ့သည်။

ယခုအချိန်တွင် လက်ရှိ နယ်စပ်ကုန်သွယ်ရေး အခင်းအကျင်းတွင် ကြုံတွေ့နေရသော အခက်အခဲများနှင့် ပတ်သက်၍ မူဆယ်နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းနှင့် သစ်သီးဝလံ ကုန်စည်ဒိုင်၊ ပဲပြောင်းနှမ်းကုန်စည်ဒိုင်၊ ဆန် စပါးကုန်စည်ဒိုင်တို့ တွေ့ဆုံ ဆွေးနွေးခြင်းများရှိသော်လည်း စစ်ကောင်စီ၏ လုပ်ဆောင်ပေးမှု၊ ဆွေးနွေးပေးမှု တစုံတရာ ထုတ်ပြန်ခြင်းကို မတွေ့ရပေ။

“မနေ့က သူတို့ ဆွေးနွေးတယ်ပဲ ကြားတယ်။ ကျနော်တို့ ဘာမှ မသိရသေးဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ကုန်သွယ် ရေးမှာ အဆင်ပြေတယ်၊ မပြေဘူးဆိုတာ ကုန်သည် ပွဲစား၊ တောင်သူ အကုန်ဆွေးနွေးပြီး အဖြေရှာကြတာပေါ့ဗျာ။ ဒါက ကိုဗစ် ကာလ မတိုင်ခင်ကပေါ့။ ကိုဗစ်ဖြစ်တဲ့ နောက်ပိုင်းမှာလည်း ကျနော်တို့ က အွန်လိုင်းနဲ့ ထိုင်ပြီး ဆွေးနွေးလို့ ရတယ်။ အခုတော့ ကျနော်တို့က ကြိတ်မှိတ်ပြီး နေရသလို ဖြစ်နေတာပေါ့ဗျာ၊ ဆွေးနွေးပိုင်ခွင့် မရှိဘူး။ အဲဒီတော့ ထိခိုက်ဆုံးရှုံး မှုက များလာတယ်။ ဘယ်သူ့ကို အကူအညီတောင်းပြီး ဘယ်သူက လုပ်ပေးလို့ ရမယ် မသိတဲ့ ခေတ်ကာလကြီး ရောက် သွားတာ” ဟု ပွဲစားတဦးက ဆိုသည်။

ယခု ပုံစံအတိုင်းသာ ရှေ့ဆက်သွားမည်ဆိုလျှင် ဖရဲ၊ သခွားတောင်သူတင်မကဘဲ မြန်မာနိုင်ငံမှာ လယ်ယာထွက်ကုန် စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသည့် နိုင်ငံဖြစ်သောကြောင့် အားလုံးက အကြွေးနွံနစ်ပြီး တိုင်းပြည်ဆင်းရဲတွင်းနက် သွားနိုင်မည့် အခြေအနေသာ ဦးတည်နေကြောင်း လုပ်ငန်းရှင်၊ ကုန်သည်၊ ပွဲစား၊ တောင်သူများက မှတ်ချက်ပြုထား သည်။

ကုန်သည်ကြီး တဦးကလည်း “လောလောဆယ်တော့ သူတို့ (စီးပွား ကူးသန်း ဝန်ကြီးဌာန) စောင့်ကြည့်နေရတာပဲ ရှိပါ တယ်။ ပြောရမယ်ဆိုရင်တော့ သူ့တာဝန်နဲ့သူ ရှိတယ်။ ဒါပေမယ့် လောလောဆယ် အောက်မှာ တရုတ်နဲ့ မြန်မာ ညှိနှိုင်း မှုက အားနည်းတဲ့ အပိုင်းရှိသလား။ ဆိုလိုတာတော့ ညှိနှိုင်းဖြေရှင်းမှုကတော့ လိုအပ်နေတယ်” ဟု သုံးသပ်ပြောဆို သည်။

လတ်တလော ကုန်သွယ်မှုအရ တရုတ်ကားနှင့် ပြောင်းပြီး တရုတ်နိုင်ငံအတွင်း ဝင်သွားသည့် ဖရဲကားအချို့မှာ SOP (Standard Operating Procedure) ကျန်းမာရေးဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းစဉ် အတိုင်း ခက်ခဲကြန့်ကြာစွာ တင်ပို့ရခြင်း သာမက တရုတ် အကောက်ခွန်စနစ် အပြောင်းအလဲကြောင့် ပိုမိုကြန့်ကြာပြီး တရုတ်နိုင်ငံ၏ စမ်းသပ်ကာလတွင် အခက် အခဲနှင့် ဆုံးရှုံးမှုများ ကြုံတွေ့နေရခြင်းဖြစ်သည်။

ထို့ကြောင့် ကုန်သည်၊ ပွဲစား၊ တောင်သူများအနေနှင့် သတိနှင့်ထားကာ တရုတ်နိုင်ငံသို့ ကုန်စည်များ တင်ပို့သင့်ကြောင်း၊ လတ်တလောတွင် အွန်လိုင်းပေါ်တွင် ဖရဲသီး ၁၂ ဘီးကားတစီးလျှင် ၂၂၅၀၀ ယွမ်၊ ၁ ကီလိုလျှင် ၁ ဒသမ ၄ ယွမ် ပေါက်ဈေး ရှိသည်ဟု သတင်းများလည်း ထွက်ပေါ် နေသည်။

တရုတ်နိုင်ငံ ရွှေလွယ်အင်ကွင်းအတွင်း ရောက်ရှိနေသည့် ဖရဲကားများအနက် တချို့အစီးများမှာ တရုတ်ဈေးကွက်သို့ ဝင်ရောက်သွားနိုင်ပြီ ဖြစ်သော်လည်း ဝယ်သူ၏ ရက်ကြာမှုကြောင့် ကျဆင်းလာသော ဖရဲအရည်အသွေးအပေါ် ဈေးပေးမှု အခြေအနေကို စောင့်ကြည့်ရမည့်အပိုင်း ရှိနေသဖြင့် မြန်မာကုန်သည်များ သတိနှင့် ယှဉ်၍ ကုန်သွယ်ရမည့် ကာလမျိုး ဖြစ် ကြောင်း ကုန်သွယ်များက ပြောဆိုကြသည်။

You may also like these stories:

ကျင်စန်းကျော့ဂိတ် ပြန်ဖွင့်သော်လည်း ကွန်တိန်နာစနစ်ကြောင့် အခက်ကြုံ

တရုတ်ပိုင် ငှက်ပျောစိုက်ခင်းများက မြန်မာနှင့် လာအိုကို ဂုတ်သွေးစုပ်

စစ်အာဏာသိမ်းမှုက လူ ၂၅ သန်းကို ဆင်းရဲတွင်းထဲ တွန်းချခဲ့သည်

Loading