လမ်းအတွင်း အရှိန်ပြင်းစွာ မောင်းဝင်လာသည့် စစ်ရောင် Double Cap ကားတစီး၏ တဝေါဝေါ တဝူးဝူး အသံနှင့်အတူ အထပ်မြင့် တိုက်ခန်းများဆီက “ပြေး … ပြေး” ဟူသော ရင်ခေါင်းသံကြီးဖြင့် အော်ဟစ်သတိပေးသံများ၊ လမ်းမထက်မှ လူ များ၏ ဝရုန်းသုန်းကား ပြေးလွှားနေမှုများသည် ရန်ကုန် ဆောင်းနံနက်ခင်းကို အလန့်တကြား လှုပ်နိုးလိုက်သည်။
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီး လမ်းမထက်တွင် ဒီဇင်ဘာ ၅ ရက်၊ နံနက် ၈ နာရီခွဲခန့်က စစ်အာဏာရှင် အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ချီတက်ဆန္ဒဖော်ထုတ်နေကြသော လူငယ်များကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နောက်မှအလစ်အငိုက် ကားဖြင့် အရှိန်ပြင်းပြင်းဝင်တိုက်ခဲ့သည်။
အဆိုပါ ဖြစ်ရပ်နှင့် မြင်ကွင်းကို အမိအရ မှတ်တမ်းတင်ထားနိုင်ခဲ့သည့် ဓာတ်ပုံနှင့် ဗီဒီယိုများ လူမှုကွန်ရက်စာမျက်နှာပေါ် တမဟုတ်ချင်း ပျံ့နှံ့သွားခဲ့ပြီး မျက်မြင်တွေ့ရှိသူများသာမက နိုင်ငံတဝန်းရှိ ပြည်သူများနှင့် နိုင်ငံတကာကပါ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည်။
အဆိုပါရုပ်သံထဲတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံ ဆိုင်းဘုတ်များ၊ နှင်းဆီပန်းနှင့် သပြေပန်း များသာ ကိုင်ဆောင် ထားသည့် လက်နက်မဲ့ လူငယ်များအပေါ် စစ်တပ်က ရန်သူသဖွယ် ရက်ရက် စက်စက် ကားဖြင့်တိုက်သတ်၊ သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးမှုများက ပေါ်လွင်နေခဲ့သည်။
ကမ္ဘာ့သတင်းမီဒီယာများတွင် ထိပ်တန်းသတင်း ဖြစ်ခဲ့သလို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း ဖြစ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့သည်။
ဆန္ဒပြလူငယ်များကို ဝင်တိုက်သည့် Double Cap စစ်ကား၏ အရှိန်သည် ဗီဒီယို မှတ်တမ်းအရ အမြန်နှုန်း ကီလို ၇၀ ခန့် ရှိသည်ဟု ဆိုကြသည်။ မည်မျှထိ အရှိန်ပြင်းသနည်းဆိုလျှင် ကားနောက်ခန်းတွင် ပါလာသည့် စစ်သားတဦး ပြုတ်ကျပြီး ဒဏ်ရာရသည်အထိပင် ရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှ လွတ်မြောက်လာသူ တချို့၏ ပြောပြချက်အရလည်း အရှိန်ပြင်းစွာ မောင်းနှင်လာသော စစ်ကားဖြင့် အတိုက် ခံလိုက်ရသည့် လူငယ်တဦးမှာ ၈ ပေမှ ၁၀ ပေခန့်အထိ လမ်းမဘေးသို့ လွင့်စင် ထွက်သွားသည်ဟု ဆိုသည်။
ထို့ပြင် လူငယ် ၁ ဦးမှာလည်း စစ်ကား၏ အရှေ့ဘက် ကားဘီးအနီးတွင် ညပ်ပြီးပါသွားခဲ့သလို တခြား ၂ ဦးမှာလည်း လမ်းမပေါ် ပြန့်ကျဲပြီး မလှုပ်နိုင်သည့် အနေအထားကို ဓာတ်ပုံမှတ်တမ်းတခုတွင် တွေ့မြင်ရသည်။
စစ်ကားအတိုက်ခံရပြီး လွတ်မြောက်လာသည့် လူငယ်တဦးက “အဲဒီကားက တခုခု တက်ကြိတ်သွားတဲ့ အသံလည်း ကြား လိုက်ရတယ်။ ကျနော် တွေ့လိုက်ရတဲ့ နှစ်ယောက်ဆိုရင် လုံးဝကို မလှုပ်နိုင်တော့ဘူး။ အတိုက်ခံရတဲ့ လူတွေကို စစ်သားတွေက သေနတ်ဒင်နဲ့လည်း လိုက်ထုသေးတယ်” ဟု ၎င်းကြုံတွေ့ခဲ့ရသည့် မြင်ကွင်းကို ပြန်ရှင်းပြသည်။
ထိုကဲ့သို့ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်လုပ်ရပ်ကြောင့် လူငယ် ၅ ဦးခန့် အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပြီး ၁၅ ဦးဝန်းကျင် ဖမ်းဆီးခံခဲ့ရသည်။
စစ်ကောင်စီဘက်က အမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ထိုအထဲမှ အမျိုးသား ၂ ဦးသည် မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အမျိုးသမီး ၁ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သတင်းထုတ်ပြန် ခဲ့သည်။
ထို့ပြင် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ယူ၊ တာဝန်ခံရမည့်အစား တရားမဝင် ခွင့်ပြုချက်မဲ့ ဆူပူဆန္ဒပြမှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲ ထိန်းသိမ်းခဲ့ခြင်းသာ ဖြစ်သည်ဟု ဗီဒီယို၊ ဓာတ်ပုံမှတ်တမ်း သက်သေများကို လျစ်လျူရှုပြီး ၎င်းတို့လက်အောက်ခံ မီဒီယာများမှတဆင့် ပြောင်ပြောင်တင်းတင်း ငြင်းဆိုခဲ့သည်။
ကားနှင့် တိုက်ခံရသူများအနက် Myanmar Pressphoto Agency (MPA) မှ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက် လင်းနှင့် ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းတို့လည်း ပါဝင်ပြီး ၎င်းတို့မှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။
အဆိုပါ အကြမ်းဖက် ဖြစ်စဉ်သည် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ လမ်းမထက် ချီတက် ဆန္ဒပြခဲ့သည့် ပြည်သူများအား ရာနှင့်ချီ သေဆုံးစေသည်အထိ နည်းမျိုးစုံဖြင့် သတ်ဖြတ်ခဲ့သော မတ်လနှင့် ဧပြီလ နောက်ပိုင်း အဆိုးရွာဆုံး အကြမ်းဖက်မှုလုပ်ရပ် ဖြစ်သည်။
ထိုသို့ လူမဆန်စွာ ရက်စက်သည့် အကြမ်းဖက်လုပ်ရပ်အတွက် စစ်တပ်၏ အဆင့်ဆင့်သော အမိန့်ပေးစေခိုင်းသူ၊ ကျူးလွန်သူအားလုံး တာဝန်ခံရမည် ဖြစ်သည်။
ပန်းပင်ကြီးလမ်း အကြမ်းဖက်ဖြစ်စဉ် ဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် ယင်းဖြစ်စဉ်ကို ဦးစီးကွပ်ကဲခဲ့သည့် အာဏာသိမ်း စစ်တပ်မှ အရာရှိများနှင့် ရဲတပ်ဖွဲ့အရာရှိ တချို့၏ နာမည်စာရင်း ပါဝင်သော တပ်တွင်းသတင်းပို့ချက်တခုကို CDM (လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှု) ပြုလုပ်ထားသော Myanmar Police CDM အဖွဲ့က ထုတ်ပြန်လာသည်။
စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ ခြေလျင်တပ်ရင်း (ထောက်ကြန့်) ခလရ ၈၂ မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးနိုင်ဘိုဘို၊ ကြည့်မြင်တိုင်မြို့နယ်မှူး ယာယီရဲမှူး မောင်မောင်မြ၊ ရဲတပ်ရင်း ၈ မှ ဒုရဲအုပ် ဝင်းဇော် လွင်တို့က ဦးစီးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုအထဲမှ အကြမ်းဖက်ခဲ့သော စစ်ကားကို ကိုယ်တိုင်ဦးစီးကာ အမိန့်ပေးညွှန်ကြားခဲ့သူမှာ ခလရ ၈၂ မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးနိုင်ဘိုဘို ဖြစ်ကြောင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသော CDM စစ်သား အရာရှိများက ပြောဆိုသည်။
၎င်းနှင့် အတူ ဗိုလ်ကြီးမင်းသိန်းခန့်၊ တပ်သား ရဲနောင်စိုး တို့လည်း ပါဝင်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာ ထောက်ပံ့ပို့ဆောင်ရေး တပ်မှ တပ်သားတဦး ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း ဧရာဝတီက သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။
“သူတို့ သတင်းရလို့ သွားပြီး နှိမ်နင်းပြီဆိုရင် အပေါ်ကို (အထက်အရာရှိ) သတင်းပို့ရတယ်။ ယာယီ တပ်ရင်းမှူးတယောက် ပါရဲ့သားနဲ့ အခုလိုဖြစ်စဉ် ဖြစ်တယ်ဆိုတာက ဒီလိုမျိုး အကြမ်းဖက် ဖမ်းဆီး ပါဆိုတဲ့ အမိန့်ပါလာလို့ကို ဖြစ်တာ” ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က မှတ်ချက်ပြုသည်။
ထို့ပြင် စစ်တပ်၏ အမိန့်ပေးစေခိုင်းမှု စနစ်အရ အမိန့်တခုကို အောင်မြင်အောင် လုပ်ဆောင်ရန်အတွက် မဖြစ်ဖြစ်သည့် နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး လုပ်ဆောင်ရန် ဖိအားပေး ခိုင်းစေလေ့ ရှိသည် ဟုလည်း ၎င်းက ပြောသည်။
CDM ဗိုလ်ကြီး လင်းထက်အောင်က “ဒီ ပန်းပင်ကြီးလမ်း ဖြစ်စဉ်မှာကတော့ အနီးကပ်ပါလာတဲ့ ယာယီတပ်ရင်းမှူး ကတော့ အဓိက တာဝန်ရှိသူပေါ့။ သူရဲ့ အမိန့်အတိုင်း အောက်က လူတွေက လိုက်ပြီး လုပ်ရတာ” ဟု ပြောသည်။
ရန်ကုန်တိုင်းအတွင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြလူငယ်များနှင့် အများ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် လူမဆန်သော စစ်ဆင်ရေးများ အားလုံးကို အဓိက ကြီးကြပ်ကွက်ကဲနေသူများမှာ စစ်ကောင်စီခန့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့် နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန်းထူးဇော် ဖြစ်ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်တချို့က ပြောသည်။
ထိုသူများအပြင် ရန်ကုန်တိုင်းအတွင်း စစ်တပ်က လုပ်ဆောင်သော စစ်ဆင်ရေးများအားလုံးအတွက် အမိန့်ပေးညွှန်ကြားသူမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ ဖြစ်ပြီး ၎င်းတို့ အားလုံးသည်အများပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်များအတွက် အဓိက တာဝန်ရှိသူများ ဖြစ်သည်။
၎င်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၆ မှ ဖြစ်ကာ ယခင်က စစ်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်များကို ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး အာဏာမသိမ်းခင် ၈ လခန့်အလို၌ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရန်ကုန်တိုင်း၊ တိုင်းမှူးအဖြစ် ပြောင်းလဲ တာဝန်ပေးခံရသူ ဖြစ်သည်။
အာဏာသိမ်းစစ်အုပ်စု၏ ထိပ်ပိုင်းခေါင်းဆောင်တဦး ဖြစ်သည့် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင် ကလည်း အာဏာသိမ်း မှု ၁၀ လ ဝန်းကျင်အထိ မြို့ပြသပိတ်များကို ပပျောက်အောင် မဆောင်ရွက် နိုင်ခြင်းကြောင့် အပြတ်ရှင်းရန် သက်ဆိုင်ရာ တိုင်းမှူးများအား အမိန့်ပေးစေခိုင်းမှုများ ရှိကြောင်း တပ်တွင်း သတင်းရင်းမြစ်တချို့က ပြောသည်။
ရန်ကုန်တိုင်းအတွင်း လူအခွင့်အရေးချိုးဖောက်ခံရမှုများအတွက် စစ်ဘက်ဆိုင်ရာ အရာရှိများအပြင် စစ်ကောင်စီက ခန့်အပ်ထားသော ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်သူ ဦးလှစိုး သည်လည်း ထိုလုပ်ရပ်များ အတွက် တာဝန်ရှိသူ ဖြစ်သည်။
စစ်တပ် အနေဖြင့် ထိုသို့သော အကျည်းတန် စက်ဆုပ်ဖွယ် ပြစ်မှုမျိုးကို ကျူးလွန်ခဲ့သည်မှာ ကြည့်မြင်တိုင်၊ ပန်းပင်ကြီး လမ်းဖြစ်စဉ်မှာ ပထမဆုံးအကြိမ် မဟုတ်ပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မှတ်တမ်းတင်ထားသည့် အချက်အလက်များ အရ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း အလားတူ ဖြစ်စဉ်မျိုးကို မြိတ်၊ ရွှေဘို၊ ချောင်းဆုံ၊ မြစ်ကြီးနား၊ မန္တလေး၊ မုံရွာ စသည့် မြို့နယ်များတွင် ၁၀ ကြိမ်တိုင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့သည်။
ထိုသူများအားလုံး၏ အများပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် တည်ဆဲ ဥပဒေ များကို ကျော်လွန်လုပ်ဆောင်သော လုပ်ရပ်တခုစီတိုင်းအတွက် အာဏာသိမ်းစစ်အုပ်စု၏ ခေါင်းဆောင် များဖြစ်သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူး ကြီး စိုးဝင်း အပါအဝင် စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်ပိုင်း အားလုံးသည် တာဝန်ခံရမည်ဖြစ်သည်။
ဥပဒေပညာရှင် ဦးအောင်ထူးက “အခုက ပြစ်မှုကျူးလွန်တာတွေက ရိုးရိုးလူထုအချင်းချင်းကြားမှာ ကျူးလွန်တာ မဟုတ်ဘူး။ အခုက တိုင်းပြည်တခုရဲ့ လုံခြုံရေးအဖွဲ့အစည်းက ကျူးလွန်တာ တနည်းပြောရရင် တိုင်းပြည်ကကို ကျူးလွန် တာပေါ့။ ပြည်တွင်းမှာ အာဏာသိမ်းတာတော့ တရားစီရင်ရေးမလွတ်လပ်မှုနဲ့ ဘယ်လောက်ပဲ တည်ဆဲ ဥပဒေတွေရှိရှိ ပြည်တွင်းမှာတော့ အရေးယူလို့ ရနိုင်ဖွယ်မရှိဘူး” ဟု ပြောဆိုသည်။
သို့သော်လည်း အာဏာသိမ်းပြီးနောက် စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြသူများကို ဦးခေါင်းကို ချိန်ရွယ် ပစ်ခတ်သတ် ဖြတ်ခြင်း၊ စစ်မြေပြင်သဖွယ် ဖြိုခွင်းများ အပါအဝင် ယခုနောက်ဆုံးဖြစ်ပွားခဲ့သော ကြည့်မြင်တိုင်ဖြစ်စဉ် နှင့် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် လူ ၁၀ ဦးကို မီးရှို့သတ်ဖြတ်သည့် လုပ်ရပ် အားလုံးသည် နိုင်ငံတကာဥပဒေအရ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု (Crime Against Humanity) ကို ကျူးလွန်နေခြင်းကြောင့် နိုင်ငံတကာဥပဒေများဖြင့် အရေးယူနိုင်ကြောင်း ၎င်းက ဆိုသည်။
ဦးအောင်ထူးက “နိုင်ငံတာကဥပဒေမှာက Jus cogens ဆိုတာရှိတယ်၊ ရှုထောင့်ကနေ ချဉ်းကပ်မယ်ဆိုရင် အဲဒါက တိုင်းပြည်တွေရဲ့ တာဝန်ရှိမှုဖြစ်တယ်။ နိုင်ငံတွေတိုင်း မဖြစ်မနေကို လိုက်နာရတယ်။ အင်မတန် ကြီးမားတဲ့ ပြစ်မှုမျိုးတွေ ဥပမာ- Crime Against Humanity၊ War Crimes တို့လိုမျိုး ရာဇဝတ်မှု တွေမှာ နိုင်ငံတွေမှာ တာဝန်ပိုရှိတယ်၊ နိုင်ငံတခုချင်းစီကို ပြောတာ ပြစ်မှုကျူးလွန်ရင် အပြစ်ပေးကို ပေးရတယ်” ဟု သုံးသပ်ပြောဆိုသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ကားဖြင့်တိုက်၍ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းသည် ငြိမ်းချမ်းစွာ စုဝေးစီ တန်းလှည့်လည်ခွင့် ဆိုသည့် လူ့အခွင့်အရေးကို ချိုးဖောက်ရုံသာမက အကြမ်းဖက်လုပ်ရပ် ဖြစ်သော ကြောင့် ပြင်းထန်စွာ ရှုတ်ချကြောင်း NUG အစိုးရက ထုတ်ပြန်ထားသည်။
လူ့အခွင့်အရေး ချိုးဖောက်မှု တခုစီအတွက် ကျူးလွန်သူ တဦးချင်းစီတိုင်းကို အပြစ်ပေး အရေး ယူနိုင် ရေး အချက်အလက် အထောက်အထားများ ရှာဖွေခြင်း၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး၊ တရားရုံး များမှ တဆင့် အရေးယူနိုင်ရန် ကြိုးစားခြင်းဖြင့် တရားမျှတမှုကို ပြည်သူနှင့်လက်တွဲ၍ ဖော်ဆောင်သွား မည် ဖြစ်ကြောင်းလည်း NUG က ဆိုထားသည်။
ထို့ပြင် ကမ္ဘာ့ကုလသမဂ္ဂ (UN)၊ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာကလည်း ကြည့်မြင် တိုင် ဆန္ဒပြပွဲ အပေါ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်လုပ်ရပ်အား အပြင်းအထန် ကန့်ကွက် ရှုတ်ချခဲ့ကြပြီး ပြင်သစ်သံရုံးကမူ ထိုကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် တမင်တကာ လုပ်ရပ်များ အတွက် ဥပဒေအရ အရေးယူ အပြစ်ပေးရမည်ဟု ဆိုသည်။
မြန်မာ့မဟာ ဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP-Myanmar) မှ ဦးမင်းဇင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ကြည့်မြင်တိုင် ပန်းပင်ကြီး အကြမ်းဖက်မှု ဖြစ်စဉ်တွင် စစ်တပ်၏ အဓိက စွမ်းရည်တရပ်ဖြစ်သည့် အကြမ်းဖက်မှုကို စီမံခန့်ခွဲ နိုင်သောကျွမ်းကျင်မှု ချွတ်ခြုံကျပြီး တာဝန်ယူမှု ကျင့်ဝတ် ခေါင်းပါးသည့် အမူအကျင့်ဟု သတ်မှတ်နိုင်ကြောင်း မှတ်ချက်ပြု ရေးသားထားသည်။
You may also like these stories:
ကြည့်မြင်တိုင် သပိတ်ဖြိုခွင်းမှု စက်ဆုပ်ဖွယ် လုပ်ရပ်ဟု AA စစ်ဦးစီးချုပ် ပြော
ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ကားဖြင့်တိုက်သတ် ဖြိုခွင်းမှု နိုင်ငံတကာ ရှုတ်ချ
ကြည့်မြင်တိုင်သပိတ်ဖြိုခွဲမှု ဥပဒေကို ကျော်လွန်ဆောင်ရွက်သည့် လူသတ်မှုဟု ဟုဆို