ဆောင်းပါး

သတင်းသမားများ ဖမ်းဆီးထောင်ချဆုံးတွင် စစ်ကောင်စီပါဝင်

ကိုယ့်အလုပ်ကိုယ်လုပ်သည့် ကမ္ဘာတဝန်းမှ သတင်းသမားများကို ဖမ်းဆီးထောင်ချမှုများသည် ၂၀၂၁ ခုနှစ်တွင် စံချိန်သစ်တင်လိုက်ပြီး မြန်မာနိုင်ငံသည် အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားများကို ဖမ်းဆီးထောင်ချသည့် နိုင်ငံများတွင် အဆိုးရွားဆုံးနိုင်ငံများ၌ ပါဝင်လာကြောင်း သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) ၏ နှစ်စဉ် ထုတ်ပြန်သော သတင်းသမားများ ဖမ်းဆီးခံရမှု စာရင်း ပြုစုချက်အရ သိရသည်။

ကမ္ဘာတဝန်း သတင်းသမားပေါင်း ၂၉၃ ဦး ဖမ်းဆီးထောင်ချခံရခြင်းသည် ၁၉၉၂ ခုနှစ်တွင် သတင်းသမားများ ထောင်ချခံရသည့် မှတ်တမ်းကို CPJ က စတင်ပြုစုပြီးနောက် အမြင့်မားဆုံး အရေအတွက် ဖြစ်ကြောင်း ဒီဇင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်သည့် အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်း ဖြစ်သည့် CPJ က ဖော်ပြသည်။

၂၀၂၁ ခုနှစ်တွင် သတင်းသမားအနည်းဆုံး ၂၄ ဦးသည် တာဝန်ထမ်းဆောင်စဉ် သေဆုံးခဲ့ပြီး အခြားသတင်းသမား ၁၈ ဦးမှာလည်း ပစ်မှတ်ထားခံရသောကြောင့် သေဆုံးခြင်း ဟုတ်၊ မဟုတ်နှင့် သေဆုံးသည်ဟု ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ရန် မဖြစ်နိုင်သော အခြေအနေတွင် ရှိကြသည်ဟု CPJ က ဖော်ပြသည်။

လွန်ခဲ့သောနှစ်က ထောင်အတွင်းတွင် သတင်းသမား မရှိသော မြန်မာနိုင်ငံသည် သတင်းသမားများကို ထောင်ချသည့် အဆိုးရွားဆုံး နိုင်ငံများစာရင်းတွင် ဒုတိယအများဆုံး နိုင်ငံဖြစ်လာပြီး ထိုစာရင်းမှ မြန်မာနိုင်ငံအထက်တွင် တရုတ်နိုင်ငံသာ ရှိတော့သည်။

အိမ်နီချင်း တရုတ်နိုင်ငံသည် သတင်းသမားများကို ထောင်ချသူများစာရင်းတွင် ၃ နှစ်ဆက်တိုက် အဆိုးရွားဆုံး ဖြစ်နေသည်။ အီဂျစ်၊ ဗီယက်နမ်နှင့် ဘယ်လာရုစ်တို့သည် အဆိုးရွားဆုံး ၅ နိုင်ငံစာရင်းတွင် ပါနေသည်။

ယခုအစီရင်ခံစာကို မထုတ်ပြန်မီ သတင်းသမားများကို အမည်ဆိုးကျော်ကြားသည့် စစ်ကြောရေး စခန်းများနှင့် ထောင်များတွင် လပေါင်းများစွာ ဖမ်းဆီးထားပြီးမှ ပြန်လွှတ်ပေးလိုက်သောကြောင့် မြန်မာနိုင်ငံ အခြေအနေသည် ထိုကိန်းဂဏန်းများက ပြသနေသည်ထက် ပိုမိုဆိုးရွားကြောင်း CPJ က ဖော်ပြသည်။

Myanmar Now မှ သတင်းထောက် မကေဇွန်နွေးကို ရန်ကုန်မြို့၊ မရမ်းကုန်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဖမ်းဆီးမှု မြင်ကွင်း / ဧရာဝတီ

မီဒီယာနှင့် ပတ်သက်ကြောင်းသိလျှင် စစ်ကောင်စီက ပိုမိုပြင်းထန်စွာ ဒဏ်ခတ်မည်ကို စိုးရိမ်သောကြောင့် သတင်းသမားအဖြစ် ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ဖမ်းဆီးခံထားရသူ အများအပြား ရှိနိုင်သေးကြောင်းလည်း CPJ က ဖော်ပြသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် ဒီမိုရေစီလိုလားသည့် ဆန္ဒပြသူများကို သတ်ဖြတ်နှိပ်နင်းမှုများကို ဖော်ပြခြင်းအား ဖိနှိပ်ရန် အားထုတ်မှုအနေဖြင့် သတင်းသမားများကို ဖမ်းဆီးရန်၊ တရားစွဲဆိုရန် ပစ်မှတ်ထားနေပြီး သတင်းရုံးခန်းများကို ဝင်ရောက်စီးနင်းမှုများ ပြုလုပ်သည်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် သတင်းသမား ၁၁၀ ခန့် အဖမ်းခံရသည်။ ၎င်းတို့အနက် အများအပြားသည် ကိုယ့်အလုပ် ကိုယ်လုပ်သော်လည်း ဆူပူအောင်လှုံ့ဆော်မှု၊ မတရားအသင်း ဆက်သွယ်မှုတို့ဖြင့် စွပ်စွဲခံကြရသည်။

စစ်ကောင်စီသည် အစောပိုင်းတွင် ဆန္ဒပြပွဲများ၌ သတင်းယူနေသော သတင်းသမားများကို ဖမ်းဆီးပြီး နောင်တွင် သတင်းသမားများကို အလုပ်လုပ်မနေသော အချိန်တွင်ပင် ဖမ်းဆီးလာကာ သတင်းသမားဟောင်းများကိုလည်း စောင့်ကြည့်နေကြောင်း ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရခေတ်က မြန်မာစာနယ်ဇင်းကောင်စီဝင် တဦးဖြစ်သော ဦးမြင့်ကျော်က ပြောသည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများ၊ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ထိုအစိုးရ၏ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ၏ လှုပ်ရှားမှုများနှင့် အယူအဆများအား သတင်းဖော်ပြခြင်း မပြုနိုင်အောင် သတင်းမီဒီယာလုပ်ငန်းကို နှုတ်ပိတ်ထားလိုကြောင်း ထိုအငြိုးတကြီး ဖမ်းဆီးမှုများက ပြသနေသည်။

စစ်ကောင်စီက NUG နှင့် ၎င်းနှင့်ဆက်စပ် အဖွဲ့အစည်းများကို အကြမ်းဖက်အဖွဲ့များအဖြစ် တံဆိပ်ကပ်ထားသည်။

စစ်ကောင်စီက မီဒီယာကို အကြမ်းဖက်သည့် နောက်ဆုံးဖြစ်ရပ်တခုအဖြစ် ရန်ကုန်မှ ပြောက်ကျားဆန္ဒပွဲတခုကို စစ်ကောင်စီတပ်က ပစ်ကပ် စစ်ထရပ်ကားဖြင့် ဝင်တိုက်ပြီးနောက် သတင်းယူနေသည့် သတင်းသမား နှစ်ဦးကို အပြင်းအထန်ဒဏ်ရာရစေပြီး ဖမ်းဆီးလိုက်သည်။ Myanmar Pressphoto Agency (MPA) သတင်းဌာနမှ အမျိုးသမီး ဗီဒီယိုသတင်းသမား မမှူးရတနာခက်မို့မို့ထွန်းသည် ဦးခေါင်းတွင် ပြင်းထန်သော ဒဏ်ရာရပြီး စိုးရိမ်ရသော အခြေအနေတွင် ရှိနေသည်။ ထိုသတင်းဌာနမှ ကိုကောင်းဆက်လင်းလည်း ဒဏ်ရာရသည်။

စစ်ကောင်စီက မီဒီယာကို ဖြိုခွဲနှိမ်နင်းနေသောကြောင့် လွတ်လပ်သော သတင်းသမား အားလုံးနီးပါး ပုန်းအောင်းနေရပြီး ကျန်သတင်းသမားများသည်လည်း စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို မှတ်တမ်းတင်ရင်း လူမသိအောင်နေကြသည်။

မြေအောက်တွင်နေထိုင်ရသော သို့မဟုတ် ပြည်ပသို့ သွားရောက်နေထိုင်ရသော သတင်းသမားများသည်လည်း ဖြုတ်ချခံ NLD အစိုးရခေတ်က ရရှိခဲ့သော လွတ်လပ်သော မီဒီယာများ၏ အကျိုးကျေးဇူးဖြစ်ပြီး ယခုအခါ ပြင်းထန်သော ထိုးနှက်ခံရခြင်း ဖြစ်ကြောင်း သတင်းသမားဖမ်းဆီးခံရမှု နှစ်ပတ်လည် အစီရင်ခံစာတွင် CPJ က ဖော်ပြသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Among the World’s Worst Offenders For Jailing Journalists ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ရခိုင်အခြေစိုက် သတင်းဌာနတချို့ကို စစ်ကောင်စီ ရှာဖွေ

နိုင်ငံရေးသမား စာရေးဆရာ မုံရွာအောင်ရှင် ကွယ်လွန်ခြင်း

အမှောင်ကမ္ဘာထဲက မြန်မာ့သတင်းမီဒီယာ

စစ်ကောင်စီ၏ သတ်ဖြတ်ခံရသူ ၁၂၈၁ ဦးအထိ ရှိလာ

Loading