အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများ မပေါ်ပေါက်ရန် နည်းလမ်းမျိုးစုံသုံး၍ ဖိနှိပ်နေစဉ်မှာပင် မြန်မာပြည်သူသန်းနှင့်ချီက အသံတိတ်သပိတ် (Silent Strike) ဆင်နွှဲပြီး မြန်မာစစ်အုပ်စုကို အာခံခဲ့ကြသည်။
ပုံမှန်အားဖြင့် အာဏာသိမ်းပြီးနောက် ပြန်လည် လူစည်ကားနေသည့် မြန်မာနိုင်ငံ မြို့ကြီးများတွင် ရှင်းလင်းနေသော လမ်းမများ ရုတ်တရက်မြင်တွေ့ လိုက်ရပြီး အသံတိတ်သပိတ်သည် အောင်မြင်ခဲ့ကြောင်း သက်သေထူ ပြသနိုင်ခဲ့သည်။
အသံတိတ်သပိတ်ဆိုသည်မှာ ဒီမိုကရေစီလိုလားကြသူများက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေနှင့် အရေးပေါ် ကိစ္စမှအပ နေအိမ်ပြင်ပမထွက်ဘဲ မိမိနေအိမ်တွင် တိတ်ဆိတ်စွာနေရန် လူထုအားလှုံဆော် လုပ်ဆောင်သည့် အကြမ်းမဖက်အာဏာဖီဆန်သော လူထုလှုပ်ရှားမှုတခုဖြစ်သည်။
ဒီဇင်ဘာလ ၁၀ ရက်တွင် ပြုလုပ်သည့် အသံတိတ်သပိတ် မဖြစ်ပေါ်ရန် အာဏာသိမ်းစစ်ကောင်စီက သပိတ်မစမီ ရက်များတွင် နည်းမျိုးစုံသုံး၍ ပိတ်ပင်တားမြစ်ခဲ့သေးသည်။ ကိုဗစ်ကာကွယ်ဆေးထိုးမည့် အစီအစဉ်ကို သပိတ်စမည့်နေ့သို့ ရွှေ့ဆိုင်းခြင်း၊ ဈေးဆိုင်များကို သပိတ်စမည့်နေ့၌ မဖြစ်မနေဖွင့်ခိုင်းခြင်း၊ မဖွင့်ပါက ဆိုင် ၁ လယာယီပိတ်မည်ဟု ခြိမ်းခြောက်ခြင်း စသည့် ပိတ်ပင်ကန့်သတ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် စစ်ကောင်စီ၏ တားမြစ်ကန့်သတ်မှုများသည် အရာမထင်ဘဲ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်သည့် အာဏာသိမ်းမှုဆန့်ကျင်ရေး အသံတိတ်သပိတ်သည် ထိခိုက်ဆုံးရှုံးမှုနည်းစွာဖြင့် အောင်မြင်သွားခြင်းဖြစ်သည်။ ကမ္ဘာ့လူ့အခွင့်အရေးနေ့တွင် ပြုလုပ်သည့် အသံတိတ်သပိတ်၏ ကြွေးကြော်သံမှာ “ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေးကို တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ” ဆိုသည့် ကြွေးကြော်သံဖြစ်သည်။
အသံတိတ်သပိတ်သည် စစ်အာဏာသိမ်းမှုကို မြန်မာပြည်သူလူထုက အာဏာသိမ်းပြီး ၁၀ လကြာသည့်တိုင်အောင် ကြံ့ကြံ့ခိုင် ဆန့်ကျင်နေဆဲဟု ပြသနေခြင်းဖြစ်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ၏ ဒီဇင်ဘာလ ၁၀ ရက် မြန်မာ့အကြမ်းမဖက်လှုပ်ရှားမှုဆိုသည့် စာတမ်းတွင်ဖော်ပြထားသည်။
“ဒီလှုပ်ရှားမှုမှာ ပြည်သူ့ပါဝင်မှု အရေအတွက်သာမက အရည်အသွေးအရလည်း မြင့်မားပါတယ်။ အဓိက အရည်အသွေးတရပ်ကတော့ မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ အာဏာကိုင်စွဲ အုပ်ချုပ်ပိုင်ခွင့် Legitimacy ကို လက်မခံဘူးဆိုတဲ့ အပေါ် ပြသလိုစိတ် ပြင်းပြနေခြင်းပါပဲ” ဟု ISP-Myanmar ၏ စာတမ်းတွင် ပါရှိသည်။
ဒီဇင်ဘာလ ၁၀ ရက်တွင် အသံတိတ်သပိတ် (Silent Strike) အောင်မြင်ခဲ့သဖြင့် လူထုအများအပြားပါဝင်သည့် အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများသည် တကျော့ပြန်အားကောင်းလာပြီလောဟု စူးစမ်းစရာ ရှိလာသည်။

အာဏာသိမ်းမှုဆန့်ကျင်ရေး အကြမ်းမဖက်အာဏာဖီဆန်သည့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများကမူ လူထုလှုပ်ရှားမှုများသည် တကျော့ပြန်အားကောင်းလာနေပြီ ဖြစ်ကြောင်း၊ ထိုသို့အားကောင်းလာရခြင်းမှာ စစ်ကောင်စီဘက်က အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်မှုများ ပိုတိုးလာသောကြောင့် ဖြစ်ကြောင်း ပြောဆိုကြသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၃၀၀ ကျော်တိုင်အောင် မပျက်မကွက်ဆန္ဒပြလာသည့် ပြောက်ကျား သပိတ်ခေါင်းဆောင်တဦးကလည်း ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ၊ ပန်းပင်ကြီးလမ်း သပိတ် ကားဖြင့်တိုက်၍ ဖြိုခွဲခံရခြင်း နှင့် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောရွာတွင် အရပ်သားပြည်သူ ၁၁ ဦးကို စစ်ကောင်စီဘက် မီးရှို့သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ပြည်သူလူထု၏ မခံမရပ်နိုင်ဖြစ်မှု ပိုများလာကြောင်း ပြောသည်။
၎င်းက “ဆားလင်းကြီး ဒုန်းတော ဖြစ်စဉ်ကို တနိုင်ငံလုံးကနေကြားတယ်။ ကျနော်တို့ဘက်ကလည်း ကြားတယ်။ ပြည်သူတွေ ပိုပြီး ဖိနှိပ်ကျဆုံးခံရတာဖြစ်တယ်ဆိုရင် လူက နောက်နေ့ဆိုရင် မခံချင်စိတ်နဲ့ ပိုတောင်များတယ်ပေါ့။ ရတဲ့နည်းနဲ့ စစ်ကောင်စီကို ဆန့်ကျင်နေတာက တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုများလာတယ်ပေါ့။ အထူးသဖြင့် မုံရွာနယ်ဘက်တွေမှာဆိုရင် လူအင်အား များများနဲ့ ကျေးလက်သပိတ်တွေ ပိုပြီးအားကောင်းလာတာပေါ့။ တချို့ရပ်နေတဲ့ သပိတ်တွေတောင် ပြန်ထွက်လာတာ တွေရှိတယ်” ဟု ဆိုသည်။
လက်ရှိအချိန်အထိ ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးဖိနှိပ်မှုများ ရှိနေသဖြင့် ဆန္ဒပြသပိတ် စစ်ကြောင်းများကို ပြောက်ကျားပုံစစ်ဖြင့် လျှက်တပြက်လုပ်ဆောင်နေရသော်လည်း စစ်ကောင်စီထုတ်ကုန်များကို မသုံးစွဲရေး ကလေးမြို့ခံများ၏ လှုပ်ရှားမှုမှာ အားနည်းမသွားဘဲ ဆက်ရှိနေဆဲဖြစ်ကြောင်း ကလေးမြို့မှ ပြောက်ကျားသပိတ်ခေါင်းဆောင်တဦးက ရှင်းပြသည်။
၎င်းက “ဘွိုင်းကောက် (သပိတ်မှောက်ခြင်း) ကလည်း ကျနော်တို့မြို့အနေနဲ့ဆိုရင် ဆက်ရှိနေတယ်။ ထုတ်ကုန်တွေ မရောင်းရတော့ ဘယ်လိုဖြစ်လာသလဲဆိုရင် မြန်မာဘီယာလိုဟာမျိုးကို ဆိုင်တဆိုင်မှာဆိုရင် တလုံးဝယ်ရင် တလုံး လက်ဆောင် ပေးတာမျိုးနဲ့ ဆွဲဆောင်တာမျိုးရှိတယ်။ ဒါက ဘာကို ပြသလဲဆိုရင် သူတို့လုံးဝ ရောင်းအားကျနေပြီ မရောင်းရဘူးဆိုတဲ့ပုံစံ ပေါ့။ ပြည်သူတွေက ရတဲ့နည်းနဲ့ ဆက်ပြီးတွန်းလှန်နေတယ်” ဟု မှတ်ချက်ပေးသည်။
ရန်ကုန်မြို့တွင် အာဏာသိမ်းမှုဆန့်ကျင်ရေး ပြောက်ကျားသပိတ်များကို ဆောင်ရွက်နေသည့် တက္ကသိုလ်ကျောင်းသား ဟောင်းများ အင်အားစုမှ ကိုနန်းလင်းကလည်း ရန်ကုန်တွင် လူထုလှုပ်ရှားမှုများသည် ပြီးခဲ့သည့် နိုဝင်ဘာလ နှောင်းပိုင်းမှစတင်ကာ ပြန်လည် အားကောင်းလာသည်ကိုတွေ့ရကြောင်းဆိုသည်။

လွန်ခဲ့သည့် လများကတည်းက မြန်မာပြည်အရပ်ရပ်ရှိ တော်လှန်ရေးအင်အားစုများအကြား ချိတ်ဆက်ပြီး လမ်းပေါ်ထွက်ဆန္ဒပြသည့် သပိတ်များ အရှိန်မြှင့်ရန်နှင့် စစ်တပ်၏ ထုတ်ကုန်များကို မသုံးရေး၊ စစ်ကောင်စီထံ အခွန်မဆောင်ရေး လှုပ်ရှားသည့် “ဘူး” သပိတ်များ အရှိန်မြှင့်ရန် ဆွေးနွေးထားကြောင်း ၎င်းကပြောပြသည်။
ထို့သို့ ဆွေးနွေးထားချက်အရ စစ်တပ်ထောက်ခံသူနှင့် စစ်တပ်ပိုင် ဘတ်စ်ကားများ မစီးကြရေး လှုံ့ဆော်သည့် ဘတ်စ်ကားသပိတ် လုပ်ဆောင်ခဲ့သော်လည်း ဘတ်စ်ကားသပိတ်သည် ထင်သလောက်မအောင်မြင်ဘဲ အခြားတနေရာတွင် လူထု၏ စည်းရုံးညီညွတ်မှုကို သွားတွေ့ရကြောင်း ၎င်းက ပြောပြသည်။
ဘတ်စ်ကားသပိတ် ထင်သလောက်မဖြစ်လာရခြင်းမှာ အခြေခံလူတန်းစားများအတွက် စစ်တပ်နှင့် စစ်တပ်ထောက်ခံသူပိုင်ဘတ်စ်ကားများကို မစီးဘဲ အခြားဘတ်စ်ကားများစီးရန် ရွေးချယ်စရာ ဘတ်စ်ကားလိုင်းများနည်းပါးသောကြောင့်ဖြစ်ကြောင်း ကိုနန်းလင်းက ပြောသည်။
“သို့သော် ကျနော်တို့ ဘာကိုသွားမြင်ရလဲဆိုတော့ မြန်မာပလာဇာကိစ္စကို သွားတွေ့ရတယ်။ မြန်မာပလာဇာ ကိစ္စမှာဆိုရင် သွားတာက လူ ၅ ယောက်၊ ၆ ယောက်ပဲ။ ဘတ်စ်ကားသပိတ်လှုံဆော်တဲ့ ဒီလူ ၄ ၊ ၅ ၊ ၆ ယောက်ကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ဖိနှိပ်လိုက်တဲ့အတွက် ရန်ကုန်လူထုက မြန်မာပလာဇာကို ဘွိုင်းကောက်လုပ်ကြမယ်ဟေ့ ဆိုပြီး ကျယ်ကျယ်လောင်လောင်ဖြစ်သွားတယ်။ မြန်မာပလာဇာကိစ္စဆိုရင် ဘယ်နိုင်ငံ ရေးအင်အားစု၊ ဘယ်သူကမှစ လိုက်တဲ့ လှုပ်ရှားမှုမဟုတ်ဘူး။ လူထုက လူထုချင်း လှုံ့ဆော်သွားတဲ့ လှုပ်ရှားမှုဖြစ်တယ်။ အခုအချိန်အထိ မြန်မာပလာဇာမှာ လူစည်ကားတာမရှိဘူး။ ဆိုင်တွေပါပိတ်ကြတယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ကိုနန်းလင်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနှင့် ပြည်သူ့ခုခံတော်လှန်စစ်ကြေညာလိုက်သည့် စက်တင်ဘာ ၇ ရက်နောက်ပိုင်းတွင် မြန်မာပြည်သူအများစုသည် လက်နက်ကိုင်တော်လှန်ရေး (Armed Struggle) ဘက်ကို အာရုံစိုက်မှု ပိုများခဲ့ကြောင်း ပြောသည်။
သို့သော်လည်း ကိုဖြိုးဇေယျာသော်နှင့် ကိုဂျင်မီတို့ ရန်ကုန်တွင် စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီးနောက် ရန်ကုန်တိုင်း၌ လက်နက်ကိုင်လှုပ်ရှားမှု အားနည်းသွားသည်ဟု လူထုက ယူဆလာပြီး အကြမ်းမဖက်အာဏာဖီဆန်သည့် လှုပ်ရှားမှုများဘက်သို့ လမ်းကြောင်း ပြောင်းလာခြင်းဖြစ်ကြောင်း ၎င်းသုံးသပ်သည်။
ထို့နောက် ကြည့်မြင်တိုင်ရှိ ပန်းပင်ကြီးလမ်းသပိတ် ကားဖြင့်တိုက်၍ ဖြိုခွဲခံရပြီးနောက်တွင် လူထုက ပိုမိုမခံမရပ်နိုင်ဖြစ်လာပြီး အကြမ်းမဖက်နည်းဖြင့် ဆန္ဒထုတ်ဖော်သည့် သံပုံးတီးဆန္ဒပြမှုများလည်း တကျော့ပြန်ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း ကိုနန်းလင်းက ဆိုသည်။

မန္တလေးမြို့မှ သပိတ်ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာတေဇာစန်းကမူ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာစသိမ်းလိုက်ကတည်းကပင် မြန်မာပြည်သူများသည် အာဏာသိမ်းမှုနှင့် အာဏာရှင်စနစ်ကိုလက်မခံခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ အကြမ်းဖက်ဖိနှိပ်မှုများကြောင့် ဆန္ဒပြသပိတ်များသည် တစုံတရာ နည်းသွားသည်ဟု ထင်ရခြင်း ဖြစ်ကြောင်း ပြောသည်။
“ကျနော်ထင်တယ် ကျနော်တို့လူထုရဲ့တောင်းဆိုမှု တိုက်ပွဲတွေကတော့ ပုံစံမျိုးစုံနဲ့ဆက်ရှိနေမှာပဲ။ တစုံတရာ အားနည်းသွားတာရှိမယ်။ အားပြန်ကောင်းလာတာရှိမယ်။ သေချာတာကတော့ကျနော်တို့မျှော်ရည်တဲ့ပန်းတိုင်ကို မရောက်မချင်း နည်းလမ်းအစုံ ပုံစံမျိုးစုံနဲ့ တော်လှန်ရေးက ရှေ့ကို သွားနေမယ်။ ခုဆိုလည်း ကျနော်တို့တော်လှန်ရေး အရှိန်အဟုန်ကောင်းစွာနဲ့ရှိနေတယ်။ သပိတ်တိုက်ပွဲရော ကျနော်တို့ရဲ့ လက်နက်ကိုင်ခုခံ တိုက်ပွဲရော အားကောင်းကောင်းနဲ့ဆက်ရှိနေမှာမလွဲဘူး” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ဒေါက်တာတေဇာစန်းက မြန်မာနိုင်ငံတွင် စစ်ကောင်စီကို ဆန့်ကျင်သည့် ခုံခံတွန်းလှန်မှုများသည် ပြောက်ကျား ဆန္ဒပြသပိတ်များ၊ စစ်ကောင်စီ၏ ထုတ်ကုန်များကို မသုံးရေး ၊ စစ်ကောင်စီထံ အခွန်မဆောင်ရေး ဘူးသပိတ်များ၊ စစ်ကောင်စီနှင့် ပူးပေါင်းသူများကို အဆက်အဆံမလုပ်ဘဲ ဝိုင်းပယ်သည့် Social Punishment လှုပ်ရှားမှုများ၊ စစ်ကောင်စီ၏ အုပ်ချုပ်မှုကို လက်မခံသည့် လူထုအာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုများနှင့် လက်နက်ကိုင်ခုခံတော်လှန်ခြင်းစသည့် ပုံစံမျိုးစုံဖြင့် ရှိနေခြင်း ဖြစ်ကြောင်း ပြောသည်။
ထို့သို့ ပုံစံမျိုးစံကွဲပြားနေသော်လည်း ခုခံတော်လှန်သည့် လူထုလှုပ်ရှားမှုအားလုံး၏ ရည်ရွယ်ချက်မှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးဆိုသည့် ပန်းတိုင်တခုတည်း တခုတည်းသာ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ မြန်မာနိုင်ငံတွင် လူထုလှုပ်ရှားမှုများ တကျော့ပြန် ပိုမိုအားကောင်းလာခြင်းမှာ စစ်ကောင်စီ၏ အကြမ်းဖက်ဖိနှိပ်မှုများကြောင့် ဖြစ်ကြောင်း ဒေါက်တာတေဇာစန်းက ဆိုသည်။
“သူလုပ်တတ်တဲ့တခုတည်းသောနည်းနာဖြစ်တဲ့ ဖြိုခွဲမယ် ဖိနှိပ်မယ် အကြမ်းဖက်မယ် ဒါကိုပဲ ဆထက်တပိုးလုပ်နေတယ်။ ပြည်သူတွေကို အရှင်လတ်လတ်မီးရှို့သတ်တယ်။ မြို့တွေရွာတွေထဲမှာဆိုလည်း ကားနဲ့တိုက်သတ်တယ်။ မဲမဲမြင်ရာ ကိုက်နေတဲ့ ခွေးရူးလိုဖြစ်နေတာပေါ့။ သို့သော် သေချာတာက ကျနော်တို့ပြည်သူက ဒီ ၂၁ ရာစုမှာ ဘယ်လိုခေါ်မလဲဆို ပစ်တိုင်းထောင်လူ့အဖွဲ့အစည်းပေါ့။ ဘယ်လိုပဲဖိနှိပ်ဖိနှိပ် ကြောက်ပြီးတော့ ငြိမ်သွားမယ့် ကုပ်သွားမယ့်အထဲမှာ ကျနော်တို့ ၂၁ ရာစု ပြည်သူတွေမပါဘူး။ စပရိန်အားလိုပေါ့ များများဖိလေ များများရုန်းကန်လေ ဖြစ်တယ်လို့ ကျနော် ပြောလိုတယ်။ ကြောက်လို့ငြိမ်သွားရင်ဒီတော်လှန်ရေးက ၁၀ လ၊ ၁၁ လကျော်ထိ ကြာလာစရာမရှိဘူး” ဟု ၎င်းက ဆိုသည်။

အကြမ်းမဖက်အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုများအကြောင်း သင်တန်းများပေးနေသည့် Freedom Fighter အဖွဲ့မှ သင်ကြားရေးမှူး ကိုရဲထက်ကလည်း ယခင်က အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုများသည် လူအုပ်စုတစုကသာ ဦးဆောင်လုပ်သည်ကို တွေ့ရသော်လည်း ယခုအခါတွင် Silent Strike မှစတင်ကာ လူထုတရပ်လုံးပါဝင်ရန် စဉ်းစားလုပ်ကိုင်လာသည်ကို တွေ့ရကြောင်း သုံးသပ်သည်။
“အဲဒီမတိုင်ခင် ၂ လ၊ ၃ လတုန်းက လူထုလှုပ်ရှားမှု အများစုက လူငယ်တစုကပဲ ဦးဆောင်ပြီး လုပ်ကြတာများတယ်။ အခုက လူထုပါဝင်နိုင်မှုကို ပိုစဉ်းစားတာမျိုးတွေ့ရတယ်။ အကြမ်းမဖက်လှုပ်ရှားမှု ရှုထောင့်ကကြည့်ရင် လူထုပါဝင်မှပဲ ဒါက ရေရှည်သွားလို့ရတာကိုး။ အဲဒီအပိုင်းတွေမှာ ထင်ထင်ရှားရှားတွေ့နိုင်တယ်။ လူထုကတော့ တွေ့တဲ့နည်းနဲ့ ခုခံအံတုမယ်ဆိုပြီး လုပ်ကြတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံရှိ လူထုလှုပ်ရှားမှုများကို လေ့လာကြည့်ပါက လွယ်ကူရိုးရှင်းသည့် ညွှန်ကြားချက်များသည် ပိုမိုအောင်မြင်ရန် လွယ်ကူသည်ကိုတွေ့ရကြောင်း ကိုရဲထက်က ပြောသည်။
“ညွှန်ကြားမှုက လွယ်ကူပြီး ရိုးရှင်းတဲ့ဟာမျိုး ဘွိုင်းကောက်ပေါ့။ မြန်မာပလာဇာမသွားနဲ့ ။ အဲဒီလိုဟာမျိုး အဲဒီလိုလှုပ်ရှားမှုမျိုးကျတော့ အောင်မြင်တယ်။ စနစ်တကျပေါင်းစည်းလုပ်မှာပဲ ထိရောက်နိုင်မယ်။ လက်ရှိက ဘယ်လိုဖြစ်နေသလဲဆိုတော့ လူထုက လုပ်ချင်ပေမယ့် စနစ်တကျလမ်းကြောင်းချဖို့ကနည်းတယ်။ လူအုပ်ပုံစံဖြစ်နေတယ်။ အဲဒီကနေ လူထုပုံစံ စနစ်တကျစုဖွဲ့မှုနဲ့ လူထုရဲ့ အင်အားကို စနစ်တကျစုဖွဲ့မယ်ဆိုရင် ပိုပြီးထိရောက်မယ်မြင်ပါတယ်” ဟု ၎င်းက သုံးသပ်သည်။
ဆက်လက်၍ ကိုရဲထက်က အကြမ်းမဖက်အာဏာဖီဆန်သည့် လူထုလှုပ်ရှားမှုများသည် စစ်ကောင်စီကိုတိုက်ခြင်းဆိုသည့် ရည်ရွယ်ချက်တခုတည်းဖြင့် လုပ်ဆောင်ခြင်းမဟုတ်ဘဲ စစ်ကောင်စီ၏ အာဏာထောက်တိုင်များကို တိုက်နေစဉ်မှာပင် လူထု၏ စုဖွဲ့မှု ၊ ညီညွတ်မှုနှင့် ပေါင်းစည်းနိုင်စွမ်းဆိုသည့် လူထုအင်အားကို တည်ဆောက်သွားခြင်းဖြစ်ကြောင်း ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၊ မတ်ကို ပြန်ကြည့်မယ်ဆိုရင်လည်း လူအများစုထင်ကြတာက လူထုလှုပ်ရှားမှု ကျရှုံးခဲ့တယ်ပေါ့။ အကြမ်းမဖက်တော်လှန်ရေးက ကျရှုံးခဲ့တယ်ပေါ့။ ဒါပေမယ့် ပြန်သုံးသပ်ကြည့်မယ်ဆိုရင် အဲဒီကာလတွေမှာ လူထုက အရင်ကနဲ့မတူဘူး။ တယောက်နဲ့ တယောက် နားလည်မှုတွေပိုကောင်းလာတယ်။ အချင်းချင်းကူညီရိုင်းပင်းကြတယ်။ နွေးထွေးမှုကို ခံစားလာရတယ်။ ဒါက လူထုတော်လှန်ရေးရဲ့ အနှစ်သာရပဲ” ဟု ရှင်းပြသည်။
ထို့အပြင် စစ်တပ်ဘက်က ဘက်ပြောင်းလာသည့် CDM စစ်သားအများစု၏ ရပ်တည်ချက်ကို လေ့လာကြည့်ပါကလည်း လက်နက်ကိုင်တော်လှန်ရေးကြောင့် အကြောက်တရားဖြင့် ဘက်ပြောင်းလာသည်ထက် စစ်ကောင်စီဘက်က ပြည်သူလူထုကို အကြမ်းဖက်ဖိနှိပ်သဖြင့် လက်မခံနိုင်သဖြင့် ဘက်ပြောင်းလာသည်က များကြောင်း ကိုရဲထက်က ဆိုသည်။
၎င်းက “အကြမ်းမဖက်တော်လှန်ရေးက အရမ်းညင်သာတယ်။ ကြည့်ရတာက ခက်တယ်။ ပန်းချီကားလိုပဲ စုတ်ချက်ဆွဲတာ များလာမှ မြင်လာတာပေါ့။ ချက်ချင်းကြီးတော့ မမြင်သာဘူး။ သူက Soft Power ဆိုတော့ လူတွေရဲ့ ရင်ဘတ်ထဲက အင်အားကိုသုံးတာဆိုတော့ တွေ့ရတာချက်ချင်းတော့ ခဲယဉ်းတယ်။ ဒီဟာကို ကျနော်တို့ စနစ်တကျတည်ဆောက်မယ်ဆိုရင် နိုင်ငံအသစ်အတွက်ရော။ တော်လှန်ရေးအတွက်ရော အရမ်းကို အထောက်အကူဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ပြည်သူလူထုက အကြမ်းမဖက်တော်လှန်ရေးတွင် ပါဝင်ရန်အသင့်ဖြစ်နေပြီး သပိတ်ခေါင်းဆောင်များအနေ နှင့် ဗျူဟာမြောက်လှုပ်ရှားမှုများ ချမှတ်ပေးမည်ဆိုပါက ပိုမိုအောင်မြင်နိုင်ကြောင်း ကိုရဲထက်က အကြံပြုသည်။
၎င်းက “အရေးကြီးတာက ဘာလိုနေတာလဲဆိုတော့ သပိတ်ကော်မတီတွေတော့ရှိတယ်။ သပိတ်ကော်မတီတွေထက်ပိုတဲ့ စနစ်တကျ လှုပ်ရှားမှုတွေ လမ်းကြောင်းဖော်ပေးနိုင်တဲ့ ချိတ်ဆက်ပေးနိုင်တဲ့ ညွန့်ပေါင်းကော်မတီလိုဟာမျိုး ရှိမယ်ဆိုရင် ပိုကောင်းမယ်။ ကျနော်တို့ကြားရသလောက် အခုတော့ လူထုပါဝင်နိုင်အောင်ဘယ်လိုလုပ်ကြမလဲစဉ်းစားနေကြပါပြီ။ အကြမ်းမဖက်လှုပ်ရှားမှုနဲ့ ပတ်သက်လို့လည်း ဗျူဟာတခုထွက်အောင် စပြီးစဉ်းစားနေကြပြီလို့လည်း ကျနော်တို့ ကြားပါတယ်။ ရှေ့မှာလည်း ပုံစံအသစ်တွေ ထွက်လာဖို့ မျှော်လင့်လို့ရပါတယ်” သုံးသပ်သည်။
You may also like these stories:
အသံတိတ်သပိတ်လှုပ်ရှားမှုနေ့က ပိတ်ခဲ့သည့် ဆိုင်များကို အကျပ်ကိုင်နှိပ်ကွပ်နေ
တိတ်ဆိတ်ခြောက်ခြားသွားစေတဲ့ ပြည်သူ့ အသံတိတ်သပိတ်
အသံတိတ်သပိတ်မှ မြည်ဟိန်းသော သတင်းစကားများ