အာဏာသိမ်း စစ်တပ်က တာဝန် ဆက်လက် ထမ်းဆောင်ပေးဖို့ တောင်းဆို ညှိနှိုင်းမှုကို ပြတ်ပြတ်သားသား ငြင်းပယ်ကာ ပြည်သူနဲ့အတူ ရပ်ပြခဲ့တဲ့ မန္တလေး မြို့ တော်ဝန် ဒေါက်တာ ရဲလွင်ဟာ အခုဆို မတရား ပြစ်ဒဏ် ချမှတ်မှုခံရပြီး သံတိုင် တွေကြားမှာ ရောက်ရှိနေပါတယ်။
ဒေါက်တာ ရဲလွင်ကို ဖမ်းဆီးခံရပြီး ၁၀ လအကြာမှာ ထောင်ဒဏ် ၂ နှစ် ချမှတ်တာ ခံလိုက်ရတာ ဖြစ်ပါတယ်။
“မန္တလေးနဲ့ ပတ်သက်ပြီး မြို့တော်စည်ပင်လို့ ပြောလိုက်ရင် မန္တလေးသားတွေရဲ့ ရင်ထဲမှာ ဒေါက်တာ ရဲလွင်ဆိုတဲ့ လူကြီးကို ပဲ အခုထိရှိနေ မြင်နေကြတုန်းပဲ။ သူတာဝန်ယူခဲ့တဲ့ ၅ နှစ်ကာလမှာ မြို့တော်က Smart City ဖြစ်လာတယ်။ မြို့တော်သူ မြို့ တော်သားတွေရဲ့ အသံကို နားထောင်ပြီး မြို့တော် တိုးတက်ဖို့ အစွမ်းကုန် ကြိုးစားပေးခဲ့တဲ့သူ၊ မိန်းမ သေတာတောင် ဝ အောင် မငိုလိုက်ရတဲ့သူ၊ အခုတော့ ပုလ္လင်ပေါ် ခွေးတက်ထိုင်တော့ ဆရာဟာ သံတိုင်တွေကြား ရောက်သွားရ ရှာတယ်။ ကမာ္ဘမကြေတဲ့ ဥဒါန်းတခု ထပ်တိုးသွားတာပေါ့” လို့ မန္တလေး မြို့ခံ ကဗျာဆရာတဦးက ဆိုပါတယ်။
မြို့တော်ဝန် တဦးရဲ့ တာဝန်တွေကို အကောင်းဆုံး လုပ်ဆောင်ပြနိုင်ပြီး မန္တလေး ပြည်သူတွေရဲ့ ချစ်ခင် လေးစားမှုကို အပြည့် ရခဲ့တဲ့ ဒေါက်တာ ရဲလွင်ဟာ စစ်တပ် အာဏာသိမ်းအပြီး ရက်အနည်းငယ် ရုံးတက်ခဲ့ပေမယ့် ဖေဖော်ဝါရီ ၈ ရက်မှာ “ပြည်သူနဲ့ အတူပါ” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးတင်ခဲ့ပြီး အကြမ်းမဖက် ပြည်သူ့ အာဏာဖီဆန်ရေး လှုပ်ရှား မှု (CDM) ကို ထောက်ခံတဲ့ သဘောထားနဲ့ လက်သုံးချောင်း ထောင်ထားတဲ့ပုံ တင်ခဲ့ပါတယ်။
အာဏာသိမ်းပြီး အရပ်သား အစိုးရ အဖွဲ့ဝင်တွေကို ထင်သလို ဖမ်းဆီးနေတဲ့ စစ်အုပ်စုဟာ ဒေါက်တာ ရဲလွင်ကိုလည်း ဖေဖော်ဝါရီလ ၁ ရက်မှာ ဖမ်းဆီးခဲ့ပေမယ့် နေ့ချင်း ပြန်လွှတ်ပေးခဲ့ကာ လူထုထောက်ခံယုံကြည်မှု အပြည့်အဝရှိနေတဲ့ သူ့ကို ဆက်လက် တာဝန်ထမ်းဆောင်စေပြီး အသုံးချဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
တကယ်တမ်းမှာလည်း ဒေါက်တာ ရဲလွင်ရဲ့ လုပ်ဆောင်မှုတွေကို ပြည်သူတွေက လက်ခံ ယုံကြည်ခဲ့ကြသလို အာဏာ သိမ်းစစ်အုပ်စုကလည်း လက်ခံယုံကြည်ခဲ့လို့သာ ဆက်လက်ပြီး တာဝန်ထမ်းဆောင်စေဖို့ ညှိနှိုင်းခဲ့တာလို့ ယူဆရမှာပဲ ဖြစ်ပါတယ်။
ဒီလို ညှိနှိုင်းတောင်းဆိုမှုကို ငြင်းပယ်ခံလိုက်ရတဲ့ အာဏာသိမ်း စစ်အုပ်စုအတွက် သူ့ရဲ့ လူသိရှင်ကြား ရပ်တည်ပြလိုက်မှု ဟာ ဒေါသူ ပုန်ထစေခဲ့အတွက် ညတွင်းချင်းပင် နေအိမ်ကနေ ဖမ်းဆီးပြီး ဆူပူအောင်လှုံ့ဆော်တယ်လို့ စွပ်စွဲပြီး ရာဇသတ် ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ နဲ့ တရားစွဲဆိုခဲ့ပါတယ်။
“ဆရာ ဦးရဲလွင်ကို မတရားတဲ့နည်းနဲ့ စွဲဆိုထားတဲ့ အမှုဆိုတော့ မတရားတဲ့နည်းလမ်းနဲ့ပဲ ထောင်ချခဲ့တာလို့ ပြောချင် တယ်။ သေနတ်ပြောင်းဝအောက်က တရားစီရင်ရေးက အခုလိုဖြစ်မယ်ဆိုတာ ကျနော်တို့ ကြိုတွက် ကြိုတွေးပြီးသားပါ” လို့ အောင်မြေသာစံမြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တဦးက ပြောပါတယ်။
တကယ်တမ်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ မန္တလေး စည်းပင်သာယာရေး ကော်မတီ ဝန်ထမ်း အများအပြားဟာ ဒေါက်တာ ရဲလွင် နုတ်မထွက် မမီကတည်းက CDM လှုပ်ရှားမှုမှာ ပါဝင်နေခဲ့ပြီးသားဖြစ်တဲ့အတွက် စည်ပင်ရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းလုနီးပါး ဖြစ်ခဲ့ပါတယ်။
စစ်အုပ်စုက စွပ်စွဲ ဖမ်းဆီးကာ တရားစွဲဆိုမှုမှာလည်း သက်သေလာရောက် ထွက်ဆိုခဲ့ကြတဲ့ စည်ပင်ဝန်ထမ်းတွေ ကိုယ် တိုင် ဒေါက်တာ ရဲလွင် အနေနဲ့ စည်ပင်ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုတွေ လုပ်ကြဖို့ တိုက်တွန်းခဲ့တာ မရှိဘူးလို့ ထွက် ဆိုပေမယ့် စစ်အုပ်စုစီမံမှုအောက်က တရားခွင်မှာတော့ အရာမထင်ခဲ့ဘဲ စွဲဆိုတဲ့ ပုဒ်မရဲ့ အမြင့်ဆုံး ပြစ်ဒဏ်ကို ချမှတ်ခံ လိုက်ရတာပဲ ဖြစ်ပါတယ်။
“နှစ်ဖက် အပြန်အလှန် စစ်ဆေးခဲ့တဲ့ သက်သေတွေ အားလုံးက ဆရာ ဦးရဲလွင်မှာ အပြစ်မရှိဘူး ဆိုတာပဲ ထွက်ဆိုခဲ့ကြ တာပေါ့။ စည်ပင်က သက်သေဆိုရင်လဲ ဆရာ ဦးရဲလွင်အနေနဲ့ ဝန်ထမ်းတွေကို CDM လုပ်ဖို့ တိုက်တွန်းတာ မရှိဘူး ဆိုပြီး ထွက်ခဲ့တာ။ ဒီလို အခြေအနေတွေ ရှိပေမယ့် ၅၀၅-ခ ရဲ့ အမြင့်ဆုံး ပြစ်ဒဏ်ကို ချမှတ်ခဲ့တဲ့အပေါ်မှာတော့ ဘာမှပြောစရာ မရှိတော့ဘူး” လို့ ရှေ့နေတဦးက ပြောပါတယ်။
ဒီလို ပြစ်ဒဏ် ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ မန္တလေးမြို့ခံ ပြည်သူအများစုကလည်း လက်မခံကြဘဲ စစ်အုပ်စုလက် အောက်က တရားစီရင်ရေးစနစ်ကို ရှုတ်ချကြောင်း ပြောဆိုကြပါတယ်။
အခုလို တရားမျှတမှုမရှိဘဲ ပြစ်ဒဏ်ချမှတ်မှုအပေါ်လည်း ဒေါက်တာ ရဲလွင်အနေနဲ့ အပြစ်မရှိကြောင်းကို ခရိုင်တရားရုံး အထိ အယူခံ ဆက်လက် တက်နိုင်ဖို့အတွက် သူ့ရဲ့ ရှေ့နေအဖွဲ့က ကြိုးစားနေကြပါတယ်။
မန္တလေးသား ဒေါက်တာ ရဲလွင်ဟာ ဇာတိမြေမှာပဲ အောင်မြင်ထင်ရှားတဲ့ မျက်စိ အထူးကုဆရာဝန်ကြီးအနေနဲ့ ရပ်တည် ခဲ့ပြီး၊ အရင်းနှီး ဆုံး သူငယ်ချင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရဲ့ အဆိုပြုတိုက်တွန်းမှုနဲ့ NLD အစိုးရလက် ထက်မှာ မြို့တော်ဝန် ရာထူးတာဝန်ကို ထမ်းဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒေါက်တာ ရဲလွင်အနေနဲ့ အင်တာနက်နဲ့ ကွန်ပျူတာ နည်းပညာတွေကို သုံးစွဲပြီး မြို့ခံလူထုနဲ့ စည်ပင်ဌာန ကော်မတီတွေ ကြား တုံ့ပြန်မှု မြန်မြန်နဲ့ အကောင်းဆုံး ချိတ်ဆက်ဆောင်ရွက်ပြနိုင်ခဲ့သလို မြို့ပြအင်္ဂါရပ်နဲ့အညီ လမ်းနဲ့ဈေး တွေ သန့်ရှင်းမှု၊ ရေပေးဝေနဲ့ အမှိုက်စီမံခန့်ခွဲမှု၊ သယ်ယူ ပို့ဆောင်ရေး စတဲ့ ကဏ္ဍစုံမှာ နိုင်ငံတကာက နည်းပညာတွေကို ဒေသနဲ့ ကိုက်ညီအောင် အကောင်းဆုံး ဆောင်ရွက်ပြနိုင်ခဲ့တယ်လို့လည်း လူထုက အသိအမှတ်ပြုခဲ့ရပါတယ်။
ဒီအတွက် စတုရန်း ကီလိုမီတာ ၉၀၀ ကျော် ကျယ်ဝန်းပြီး လူဦးရေ တသန်းကျော်နေထိုင်တဲ့ မြန်မာဘုရင်တို့ရဲ့ နောက်ဆုံး နန်းစိုက်ရာ မန္တလေးမြို့ တော်ဟောင်းကြီးဟာ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ အချိန်တိုအတွင်း ပိုမို လင်းလက်လာသလို ခေတ်မီစောင့်ကြည့် ကင်မရာတွေနဲ့ လုံခြုံတဲ့ ရပ်ဝန်းတခု၊ ခေတ်မီမြို့တော်သစ်တခုအဖြစ် လျှင်လျှင်မြန်မြန် ပြောင်းလဲလာ နေတာကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပါတယ်။
နိုင်ငံရေးသမားတဦး မဟုတ်ဘဲ အောင်မြင်တဲ့ အထူးကု ဆရာဝန်ဘဝကို စွန့်လွှတ်ပြီး ဝေဖန်မှုတွေကြားကပဲ မြို့တော်ဝန် အဖြစ်နဲ့ အကောင်းဆုံး ဦးဆောင်ကာ မန္တလေးမြို့ကို Smart City အဖြစ် အဘက်ဘက်က တိုးတက်အောင် လုပ်ဆောင်နိုင် ခဲ့တဲ့အတွက် ပြည်သူတွေကရော နိုင်ငံတကာ အဖွဲ့အစည်းတွေကပါ အသိအမှတ်ပြုခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒေါက်တာ ရဲလွင်ရဲ့ ဦးဆောင်မှုအောက်က မန္တလေးမြို့ဟာ၂၀၁၈ ခုနှစ်မှာ အရှေ့တောင်အာရှရဲ့ Smart City အဖြစ် အလား အလာအကောင်းဆုံး ထိပ်တန်း ၁၀ မြို့မှာ အဆင့် ၅ နေရာ ရပ်တည်နိုင်ခဲ့သလို ၂၀၁၉ ခုနှစ်မှာလည်း ကွန်ပျူတာ စက်မှု လက်မှုအဖွဲ့အစည်း (ASOCIO) က ချီးမြင့်တဲ့ Smart City 2019 ဆုကိုလည်း ရရှိခဲ့ပါသေးတယ်။
ဒါအပြင်လူ့အဖွဲ့အစည်းအတွင်း အကျိုးပြုသူတွေ၊ အမှန်တရားအတွက် ရပ်တည်သူတွေ၊ လူမှုဘဝပတ်ဝန်းကျင်အပေါ် ရလဒ် ကောင်း ဖန်တီးနိုင်သူတွေကို နှစ်စဉ် ဆုချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆု (၂၀၁၉) ကိုလည်း စည်ပင်သာယာရေး ကော်မတီ အနေနဲ့ ရရှိခဲ့သလို့ အမေရိကန်၊ နယူးယောက် အခြေစိုက် The Rockefeller Foundation က တည်းထောင်ထားတဲ့ 100 RC(100 Resilient Cities Network) ရဲ့ ဦးဆောင် မြို့တော်ဝန် ၁၂ ဦးစာရင်းမှာလည်း ဒေါက်တာရဲလွင် ရွေးချယ်ခံခဲ့ရပါ တယ်။
နည်းပညာတွေနဲ့ ပေါင်းစပ်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ မြို့ပြအဖြစ် အရှိန်ကောင်းကောင်း သွားနေတဲ့ မန္တလေးမြို့ကို တခြား မြို့တွေက အားကျရလောက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါ့ပြင် လူထု အသံကိုလည်း အမြဲနားစွင့်ပြီး၊ လူမှုကွန်ရက် မီဒီယာ ကနေတဆင့်လည်း လူထုရဲ့ဝေဖန်ထောက်ပြမှုတွေ၊ အကြံပေးပြောဆိုမှုတွေကို ပြန်လည်တုံ့ပြန် ကွင်းဆင်းကာ စဉ်းစား ပေး လုပ်ဆောင်ပေးတတ်တဲ့ ရှားရှားပါးပါး မြို့တော်ဝန် တဦးလည်း ဖြစ်ခဲ့ပါတယ်။
“လက်ရှိ မန္တလေး တိုးတက်ပြောင်းလဲမှုတွေက မြို့တော်ဝန် ဒေါက်တာ ရဲလွင် ဦးဆောင်တဲ့ စည်ပင်ရဲ့ အောက်ခြေအဆင့် ဆင့် လုပ်သားတွေကနေ မြို့တော်ဝန်ကြီးအထိ စီမံခန့်ခွဲမှု ကောင်းခြင်း တခုအောက်မှာ ညီညီညွတ်ညွတ် ပူးပေါင်းဆောင် ရွက်ကြခြင်းရဲ့ အကျိုးရလဒ်တွေပဲ။ ဒေါက်တာ ရဲလွင်လက်ထက်မှာ မန္တလေးကို နိုင်ငံတကာကနေတောင် အသိအမှတ်ပြခဲ့ တာတွေက အလကား ဖြစ်မသွားပါဘူး၊ နောင်တချိန် သမိုင်းက စကားပြောပါလိမ့်မယ်” လို့ မန္တလေးမြို့ခံ စာရေးဆရာ တဦးက ဆိုပါတယ်။
ဒါအပြင် ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်က တရုတ်နိုင်ငံမှာ ပိတ်မိနေတဲ့ မြန်မာကျောင်းသားများကို ကယ်ထုတ်ရာမှာ ဒေါက်တာရဲလွင်ဟာ မန္တလေးတိုင်း အစိုးရအဖွဲ့နဲ့အတူ အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်တွေကို ဦးဆောင်စေလိုတဲ့ အသက် ၆၈ နှစ် ကျော်လာအရွယ် ဒေါက်တာ ရဲလွင်ဟာ ပြီးခဲ့တဲ့၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကမ်းလှမ်းမှုတွေ ရှိခဲ့ပေမယ့် ငြင်းဆန်ပယ်ချကာ နောင် တက်လာမယ့် အစိုးရအဖွဲ့မှာလည်း မြို့တော်ဝန် တာဝန်ကို ထမ်းဆောင်တော့မှာ မဟုတ်ဘူးလို့ အတိအလင်း ပြောကြားခဲ့ ပါတယ်။
“မန္တလေးကို ချစ်လွန်းတဲ့ ဒေသစွဲကြီးတဲ့သူ၊ မန္တလေးဆေးတက္ကသိုလ်မှာ အလုပ် လုပ်တုန်းက ရာထူးတိုး မယူ၊ နေရာ မပြောင်းဘဲကို နေခဲ့တာ။ ပြီးတော့ အများနဲ့ဆိုင်တဲ့ အလုပ်တွေမှာ ဝင်လုပ်လိမ့်မယ်လို့ လုံးဝကို မထင်ခဲ့တာ၊ အောင်မြင် နေတဲ့ မျက်စိအထူးကုဆရာဝန် အလုပ်ကို စွန့်လွှတ်ပြီး မြို့တော်ဝန်ဘဝနဲ့ သူချစ်တဲ့ မန္တလေးမြို့ကြီး တိုးတက်ဖို့အတွက် အစွမ်းကုန် ကြိုးစားပေးခဲ့တာတွေဟာ မန္တလေးသမိုင်းမှာ မှတ်တမ်း ထင်ကျန်ရစ်ခဲ့ပြီ။ အဲဒီလိုလူမျိုးကို အခုလို လုပ်ရက်ကြ တာတော့ ရင်နာရတယ်ဗျာ” လို့ မန္တလေးမြို့ခံ တဦးက ပြောပါတယ်။
လက်ရှိမှာတော့ ဒေါက်တာ ရဲလွင် ထုဆစ်ခဲ့တဲ့ ခေတ်မီဖွံ့ဖြိုးတဲ့ မန္တလေးမြို့တော်ကြီးရဲ့ ပုံရိပ်တွေဟာ စစ်တပ်က အာဏာ သိမ်းလိုက်တဲ့ အချိန်ကစလို့ နေ့စဉ်နီးပါး စစ်အာဏာရှင်ကို တော်လှန် ဆန္ဒပြမှုတွေ၊ သေနတ်ကိုင် စစ်အုပ်စုရဲ့ အကြမ်း ဖက် ပစ်ခတ် သတ်ဖြတ်တာတွေကြောင့် ဝမ်းနည်းကြေကွဲရတဲ့ ပုံရိပ်တွေ၊ လုံခြုံမှုကင်းမဲ့တဲ့ လူထုရဲ့ စိုးရိမ်ထိတ်လန့်မှုတွေ သာ နေရာယူလိုက်ကြပါပြီ။
ခေတ်မီပြီး လူထုရဲ့ နေထိုင်မှုဘဝတွေ မြှင့်မားရေး၊ စီးပွားရေး လုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးရေး၊ သဘာဝ ပတ်ဝန်းကျင်အပေါ် အလေးထား ထိန်းသိမ်းရေး စတဲ့ မျှော်လင့်ချက် အိမ်မက်တွေနဲ့ Smart City မြို့တော် မန္တလေးအတွက် ကြိုးပမ်းခဲ့တာတွေ ဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ လက်အောက်မှာ တစစ ယုတ်လျော့ ပျက်ယွင်းလာနေတယ်လို့ မန္တလေးမြို့ခံတွေက မချိတင်ကဲ ပြောဆိုနေကြပါတယ်။
You may also like these stories:
မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်အမှု မကြာမီ အမိန့်ချဖွယ်ရှိ
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား ထောင်ဒဏ် ၄ နှစ် ချမှတ်
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ပြည်သူ့ဂုဏ်ရည်ဆု ရရှိ
၂၀၂၀ ရွေးကောက်ပွဲ ဝင်မပြိုင်ဟု မန္တလေးမြို့တော်ဝန် ပြော
ခြေချုပ်မိနေသည့် ဝူဟန်ပြန် ကျောင်းသူအတွက် မန္တလေးမြို့တော်ဝန် မွေးနေ့လက်ဆောင်ပို့
ဝူဟန်တွင် ပိတ်မိနေသည့် မြန်မာကျောင်းသား ၆၀ ကျော်ကို ယနေ့ သွားခေါ်မည်
၂၀၁၈ ခုနှစ်နှင့် သူ၏ ဇာတ်လိုက်များ