ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး လောကထဲဝင်လာတဲ့ ၁၉၈၈ ကတည်းက စစ်တပ်ဟာ သူတို့ အာဏာလုမယ့်သူဆိုပြီး ဘယ်တုန်းကမှ မကြည်ဖြူခဲ့ပါဘူး။ သူတို့ကို ဆန့်ကျင်နေတဲ့ ပြည်သူ က ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက်ထောက်ခံလာတဲ့ အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်နဲ့ နီးလွန်းတယ်၊ မယုံရဘူး၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဖြစ်ရဲ့သားနဲ့ အင်္ဂလိပ် နဲ့ ယူတယ်လို့ အမျိုးသား သစ္စာဖောက်သဖွယ် ပုံဖော်ပြီး ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်၊ ဝါဒဖြန့်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က်ို မြန်မာ့နိုင်ငံရေးလောကက ပျောက်ကွယ်သွားဖို့ နည်းလမ်းပေါင်းစုံ နဲ့ ကြိုးပမ်းခဲ့ကြပါတယ်။
စစ်တပ် အနေနဲ့ ဒီသဘောထား နှစ်ပေါင်း ၃၀ ကျော်ကြာတဲ့ အထိ မပြောင်းလဲဘူးဆိုတာကို ဒီဇင်ဘာ ၁၆ ရက်နေ့ စစ်တပ်ထုတ်မြဝတီသတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာ အတိုင်းသား ထပ်တွေ့ရပြန်တယ်။
ဒီအယ်ဒီတာ့အာဘော်မှာ နယ်ချဲ့အင်္ဂလိပ်တွေဟာ မြန်မာတွေကို ဖိနှိပ်အုပ်ချုပ်ခဲ့တယ်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေကို လုပ်ကြံသတ်ဖြတ်ရာမှာ အင်္ဂလိပ်တွေက လက်နက်ထုတ်ပေးခဲ့တယ်၊ လွတ်လပ်ရပြီးနောက် ပြည်တွင်းရောင်စုံသောင်းကျန်းမှုဖြစ်တာလည်း နယ်ချဲ့မွှေးတဲ့မီးပဲဖြစ်တယ်၊ ဒီ့ထက်ရင်နာဖို့ကောင်းတာက နယ်ချဲ့ကိုတော်လှန်ခဲ့တဲ့ ဖခင်ကြီးရဲ့သမီးဟာ အဲဒီလူမျိုးကို လက်ထပ်ပြီး မျိုးဆက်ပြတ်သွားခြင်းဖြစ်တယ်လို့ အပုပ်ချဖော်ပြခဲ့ပါတယ်။
အဲဒီ နည်းလမ်းဟောင်းကြီးကို အာဏာလက်မလွှတ်ချင်တဲ့ ဗိုလ်ချုပ်မှူးကြီစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့က ၈၈ နောက်ပိုင်းကတည်းက သုံးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူကြားသွေးခွဲခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးစောမောင်လက်ထက် စစ်ထောက်လှမ်းရေးကျောထောက်နောက်ခံ မြက်ခင်းသစ်မဂ္ဂဇင်းမှာ ကာတွန်းတကွက်ပါခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံနောက်ခံနဲ့ ဒီကာတွန်းမှာ အမျိုးသားနှစ်ယောက်က ခုနေဗိုလ်ချုပ်သာရှိရင် အင်္ဂလိပ်ကို သားမက်တော်နေရလို့ စိတ်ညစ်နေမှာသေချာတယ်။ အင်း တို့ဗိုလ်ချုပ်ကတော့ သွားရှာပြီမို့ ဒါတွေ သိမှာမဟုတ်ပါဘူးနော်လို့ ပြောဆိုနေကြပုံကို ရေးဆွဲခဲ့တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလန်နိုင်ငံသား မိုက်ကယ်အဲရစ်နဲ့လက်ထပ်ခဲ့တာကို စစ်တပ်က အပုတ်ချ ဝါဒဖြန့်တာ ဒေါ်အောင်ဆန်းစုကြည် အသက် ၄၃ နှစ်အရွယ် ကတည်းကဖြစ်ပြီး အခုဆိုဒေါ်အောင်ဆန်းစုကြည်တောင် အသက် ၇၆ ကျော်လာပြီဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ပထမဆုံးလူထုစည်းဝေးပွဲကြီးဖြစ်တဲ့ ရွှေတိဂုံဘုရားအနောက်ဘက်မုခ်မိန့်ခွန်းမှာ ကျမက နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒါလေးအတွက်ကြောင့်နဲ့ တိုင်းပြည်ပေါ်မှာထားတဲ့မေတ္တာဟာ ဘယ်လိုနဲ့မှ ပျက်ယွင်းမသွားနိုင်ပါဘူးလို့ မြန်မာပြည်သူတွေကို ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမယ့် စစ်အာဏာရှင်အသိုင်းအဝိုင်းက အဲဒီအချက်ကို အကြောင်းပြပြီး ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးကတော ဖယ်ထုတ်ဖို့ နည်းမျိုးစုံနဲ့ကြိုစားခဲ့ပါတယ်။ ၁၉၉၀ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဝင်ဖို့ အမည်စာရင်း တင်သွင်းခဲ့ပေမယ့် အာဏာရှင်ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)ပါတီ အသွင်ပြောင်းထားတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)က နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူများ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူများ သို့မဟုတ် ထိုအစိုးရ၏ နိုင်ငံသားဖြစ်သူများ သို့မဟုတ် ထိုအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများ နှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ စသည့် အချက်များပါဝင်သည့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ (င) အပါအဝင်၊ ဥပဒေပုဒ်မ ၈ (ခ)၊ ၁၈ (ဇ) တို့နှင့် ငြိစွန်းနေတယ်ဆိုပြီး ကန့်ကွက်လို့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မဝင်ခဲ့ရပါဘူး။
စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်ကလည်း သူ့ရဲ့သတင်းစာရှင်းလင်းပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ညီမတစ်ယောက်လို သဘောထားပါတယ်လို့ ပြောနေပေမယ့် နဝတ၊ နအဖခေတ် သတင်းစာ၊ ရုပ်မြင်သံကြား၊ ရေဒီယိုစတဲ့ မီဒီယာပေါင်းစုံမှာ အခု မြဝတီသတင်းစာ အယ်ဒီတာ့အာဘော်မှာပါသလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်စော်ကားတဲ့ ဆောင်းပါးတွေ၊ သီချင်းတွေ၊ ကာတွန်းတွေ၊ အငြိမ့်တွေ၊ ဗွီဒီယိုဇာတ်ကားတွေဟာ ပလူပျံအောင် နေ့စဉ်နဲ့အမျှ ထွက်ရှိနေခဲ့တာဖြစ်ပါတယ်။

ကုလားမယား၊ အမျိုးသားသစ္စာဖောက် စုကြည်၊ တိုင်းပြည်သစ္စာဖောက် စုကြည်၊ အမျိုးဖျက်၊ သာသနာဖျက် စတဲ့ ရိုင်းစိုင်းရင့်သီးတဲ့၊ စော်ကားတဲ့ အသုံးအနှုန်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူတွေ အထင်အမြင်လွှဲမှားအောင် အရှိန်အဟုန်နဲ့ ဝါဒဖြန့်ခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်တဲ့ စစ်အစိုးရဟာ ဒီလိုမီဒီယာပေါင်းစုံက ဝါဒဖြန့်နေတဲ့တချိန်တည်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ၃ ကြိမ်နဲ့ စုစုပေါင်း ၁၅ နှစ် နေအိမ်အကျယ်ချုပ် ဖမ်းဆီးထားခဲ့ပါသေးတယ်။ ဒါ့အပြင် ၂၀၀၃ ခုနှစ်မေလမှာ ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ်လုပ်ကြံသတ်ဖြတ်တဲ့ ဒီပဲရင်း လုပ်ကြံမှုကြီးဟာလည်း စစ်အစိုးရရဲ့လက်ချက်ပဲလို့ ပြည်တွင်းပြည်ပက ယုံကြည်ခဲ့ကြပါတယ်။ စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်ကတော့ ဥက္ကဋ္ဌ(ဦးသန်းရွှေ)က ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းကို ဖြစ်တဲ့နည်းနဲ့တားဆီးရမယ်လို့ သူအပါအဝင် လူကြီးပိုင်း လေးငါးခြောက်ယောက်ကို ခေါ်ပြောခဲ့တယ်လို့ သူ့ရဲ့ ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝအထွေထွေစာအုပ်မှာ ရေးသားခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်အောင် သူစိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာမှာလည်း နိုင်ငံခြားသားကြောက်တဲ့စိတ်ကြောင့်ရော၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်နိုင်အောင် ကြိုတင်တားမြစ်တဲ့အနေနဲ့ရော နိုင်ငံတော်သမ္မတသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တရားဝင်သားသမီး တဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီး တဦးဦး၏ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ ၊ နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ၊ တိုင်းတပါး န်ိုင်ငံသားမဖြစ်စေရဆိုတဲ့ ပုဒ်မ ၅၉ (စ) ကို ထည့်သွင်းခဲ့ပါတယ်။ ဒီပုဒ်မကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ သူဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့တာ တောင် သမ္မတဖြစ်ခွင့် မရရှိခဲ့ပါဘူး။

၂၀၁၅ ကနေ ၂၀၂၀ အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အရပ်သားအစိုးရဦးဆောင်နေချိန်မှာလည်း ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပေါ်လာပြီး စစ်တပ်နဲ့ကြံ့ခိုင်ရေးကျောထောက်နောက်ခံ “မဘသ”အဖွဲ့ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးဘာသာသာသနာစောင့်ရှောက်ကာကွယ်ရေး အားနည်းတယ်ဆိုပြီး အမြဲလိုလိုဝေဖန်ပုပ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်းထောင်ဒဏ် ၁၀၂ ထိပြစ်ဒဏ်ချမှတ်နိုင်မယ့် ပုဒ်မပေါင်း ၁၁ ခုနဲ့ တရားစွဲဆိုခံထားပါတယ်။ ဒီအချိန်မှာပဲ စစ်ကောင်စီဝါဒဖြန့်သတင်း စာတွေ၊ ရုပ်သံမီဒီယာတွေဟာ ယခင် ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ခင်ညွန့်တို့ခေတ်တုန်းကအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်အပုပ်ချတာတွေပြုလုပ်လာတာဖြစ်ပါတယ်။
ဒီနေရာမှာ အသိအမှတ်ပြုရမှာကတော့ စစ်တပ်ရဲ့ ဒေါ်အောင်ဆန်ကြည်ကို ၃၃ နှစ်တိုင် မဆုတ်မနစ် အပုတ်ချ တိုက်ခိုက်မှုအတွက် အားထုတ်မှုဘဲဖြစ်တယ်။ ဒါပေမယ့်လည်း သူတို့ အဲဒီလို ဆယ်စုနှစ် သုံးခု ကျော်ကျော် အားထုတ်မှုတွေဟာ အောင်မြင်လား မအောင်မြင်လားဆိုတာ ၁၉၉၀၊ ၂၀၁၅၊ ၂၀၂၁ ရွေးကောက်ပွဲတွေမှာ NLD က အပြတ်အသတ် အနိုင်ရခဲ့တာတွေက အကောင်းဆုံးသက်သေတွေ ဖြစ်ပါတယ်။ သနားစရာ ကောင်းတာက စစ်တပ်ဟာ အဲဒီ failed mission ကို အခုထိ အဟုတ်ထင်ပြီး တစိုက်မတ်မတ် လုပ်နေတာဘဲဖြစ်တယ်။
ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်း ၃၀ ကျော်ကြာ ထောက်ခံနေကြတာက ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်နဲ့ ပတ်သက်ရင် သူ့မိသားစုကိုပါ စွန့်လွှတ်ပြီး အနစ်နာခံခဲ့တာ၊ ဒီ့ထက်အဓိကျတာက ပြည်သူတွေအပေါ် စေတနာထားတာဆိုတာကို မင်းအောင်လှိုင် အပါအဝင် သူ့အောက်ကလူတွေ နားမလည်ချင်ယောင်ဆောင်နေတာ ဖြစ်နိုင်ပါတယ်။ သူတို့ မှာ ဒေါ်အောင်ဆန်းစုကြည်လိုမျိုး ပြည်သူအပေါ် စေတနာ ထားတဲ့စိတ် ဘယ်တုန်းကမှ မရှိခဲ့တာမို့ နားမလည်တာလည်းဖြစ်နိုင်ပါတယ်။ လမင်းကို ခွေးဟောင်၊ ကိုယ်နဲ့အဆင့်မတူတာကို ဝေဖန်အပုပ်ချနေတာဟာ အဆန်းတော့လည်း မဟုတ်ဘူးပေါ့။
You may also like these stories:
ကရင်စစ်ပွဲများက ထွက်ပေါ်လာတဲ့ ဘန်းစကားများ
ကြည့်မြင်တိုင် အကြမ်းဖက်မှု တရားခံ