၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်ဖြစ်ပွားခဲ့သော မြန်မာပြည်တွင် မြန်မာစစ်တပ် အခန်းကဏ္ဍသည် အရေးပါခဲ့သည်။ ထို့အပြင် ဖဆလပ အစိုးရအုပ်ချုပ်ခဲ့သော ၁၂ နှစ်ကာလမှအပ ကျန် နှစ် ၆၀ နီးပါးကာလတွင် မြန်မာစစ်တပ်က တိုင်းပြည်အာဏာကို ထိမ်းချုပ်ထားနိုင်ခဲ့သည်။
NLD အစိုးရသက်တမ်း ၅ နှစ်ကာလတွင်ပင် အစိုးရနှင့်လွှတ်တော်တွင် အရေးပါသော နေရာနှင့် ဆုံးဖြတ်ချက်များကို စစ်တပ်က ထိန်းချုပ်ထားခဲ့သည်ကို တွေ့မြင်နိုင်သည်။
သို့ဖြစ်ရာ မြန်မာအရေးနှင့် ပတ်သက်၍ သုံးသပ်သူများ၊ မြန်မာပြည်နှင့် ပတ်သက်နေသည့် ဒေသတွင်းနိုင်ငံများ၊ မြန်မာပြည်နှင့် စီးပွားကုန်သွယ်မှုပြုသည့်နိုင်ငံများ၊ မြန်မာပြည်ကို ကမ္ဘာလုံးဆိုင်ရာ သေနင်္ဂဗျူဟာအမြင်ဖြင့် ကြည့်မြင်ကြသည့် နိုင်ငံကြီးများသည် မြန်မာနိုင်ငံအရေးအား ထည့်သွင်းစဉ်းစားသည့်အခါတိုင်း မြန်မာစစ်တပ်အခန်းကဏ္ဍကို အလေးအနက်ထား၍ ထည့်သွင်းသုံးသပ်လေ့ရှိကြသည်။
ဤသို့သုံးသပ်ကြသည်မှာ မမှားသော်လည်း လိုအပ်သည်မှာ မှန်မှန်ကန်ကန် ကြည့်မြင်သုံးသပ်ဖို့ပင်ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် လူထုအုံကြွမှု မြင့်တက်နေသည့် ကာလတွင် မြန်မာ့အရေးကို ချဉ်းကပ်သုံးသပ်နေသူများသည် မြန်မာစစ်တပ်နှင့် ပတ်သက်၍ တွက်ချက်မှုများ မှန်ကန်မှုရှိပါ၏လော ဆိုသည်ကို သေချာသုံးသပ်ရန် လိုပါသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် လူထုအုံကြွမှု မြင့်တက်နေသည့် ကာလတွင် မြန်မာ့အရေးကို ချဉ်းကပ်သုံးသပ်နေသူများသည် မြန်မာစစ်တပ်နှင့် ပတ်သက်၍ တွက်ချက်မှုများ မှန်ကန်မှုရှိပါ၏လော ဆိုသည်ကို သေချာသုံးသပ်ရန် လိုပါသည်။
ယေဘုယျအားဖြင့် မြန်မာစစ်တပ်သည် ၁၉၄၈ ခုနှစ်မှစ၍ ရှိခဲ့သည့် မြန်မာ့နိုင်ငံရေးတွင် အရေးပါသည့် အင်စတီကျူးရှင်းတခု ဖြစ်သည်။
တိုင်းပြည်ဘဏ္ဍာကို စိတ်ကြိုက်သုံးစွဲ တည်ဆောက်ခွင့်ရသည့် တခုတည်းသော အင်စတီကျူးရှင်း ဖြစ်သည်။ အတွေ့အကြုံနှင့် အလေ့အကျင့်ရှိသော အင်စတီကျူးရှင်းဖြစ်သည်။ အမိန့်နာခံမှု အားကောင်းသော အင်စတီကျူးရှင်း ဖြစ်သည်။ မြန်မာပြည်ရှိ အခြားနိုင်ငံရေးပါတီများသည် အကြိမ်ကြိမ် ဖျက်သိမ်းခံရသည်ဖြစ်ရာ စစ်တပ်လောက် အင်စတီကျူးရှင်း မခိုင်မာ၊ အားမကောင်း၊ ဘဏ္ဍာရေးမကောင်း၊ လေ့ကျင့်သားမပြည့်ဝဟု ဆိုကြသည်။
မြန်မာစစ်တပ်ကို တော်လှန်ပုန်ကန်နေကြသော တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များသည်လည်း မြန်မာစစ်တပ်လောက် လူအင်အား၊ ဘဏ္ဍာအင်အား၊ လက်နက်ခဲယမ်းအင်အား မတောင့်တင်းဟု ဆိုကြသည်။
ထိုအခြေခံပေါ်မှ ထွက်လာသည့်သုံးသပ်ချက်မှာ မြန်မာပြည် တည်ငြိမ်ရေးအတွက် မြန်မာစစ်တပ်၏ အခန်းကဏ္ဍ လိုအပ်သည်၊ မြန်မာစစ်တပ်ကို ဖယ်ထုတ်၍မရဟူ၍ဟူသည့် သုံးသပ်ချက်ဖြစ်သည်။ ထိုသုံးသပ်ချက်သည် လွန်စွာ အရေးကြီးသည်။ မြန်မာစစ်တပ်နှင့် ပတ်သက်၍ ထိုသို့ရှုမြင်သည်နှင့် မြန်မာပြည် ဒီမိုကရေစီအရေး၊ နွေဦးတော်လှန်ရေးကို ထောက်ခံသည့် နိုင်ငံများသည်ပင် မြန်မာစစ်တပ်အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားလာကြရာ ဒေသတွင်းနိုင်ငံများ၊ မြန်မာပြည်အား သေနင်္ဂဗျူဟာအမြင်နှင့် ကြည့်သည့်နိုင်ငံများအဖို့ ပို၍ထည့်သွင်းစဉ်စားကြတော့သည်ကို တွေ့ရသည်။
ထိုအမြင်အခြေခံပေါ်မှနေ၍ မြန်မာစစ်တပ်အား ဖယ်ရှားရေးကို လက်မခံဘဲ မြန်မာစစ်တပ်နှင့် စေ့စပ်ညှိနှိုင်း ဆွေးနွေးရေးဆိုသည်ကို ဦးတည်လာကြသည်။ ထိုသို့တွေ့ဆုံဆွေးနွေး အဖြေရှာရေးအား တခုတည်းသော လမ်းကြောင်းဟု မြင်လာကြသည်။ ယနေ့ နိုင်ငံကြီးများ ကျောထောက်နောက်ခံ ပြုနေသည့် အာဆီယံလမ်းကြောင်းဆိုသည်မှာ ထိုအမြင်အခြေခံပေါ်မှ လာခြင်းဖြစ်သည်။
သို့သော် မြန်မာစစ်တပ်သည် မြန်မာပြည်တည်ငြိမ်ရေးကို ပေးစွမ်းနိုင်မှု မရှိဟု လေ့လာသုံးသပ်ရပါက အထက်ပါကောက်ချက်နှင့် ချဉ်းကပ်မှု လွဲချော်နေပြီဟု ဆိုရပေမည်။ မြန်မာစစ်တပ်သည် မြန်မာ့နိုင်ငံရေးကို တည်ငြိမ်အောင် ထိန်းနိုင်စွမ်းရှိသလော၊ မြန်မာစစ်တပ်သည် နိုင်ငံရေးစွမ်းဆောင်မှု၊ စစ်ရေးစွမ်းဆောင်မှု၊ လုံခြုံရေးစွမ်းဆောင်မှုများဖြင့် မြန့်မာပြည်တည်ငြိမ်မှုအား ပေးနိုင်စွမ်းရှိသလောဆိုသည်ကို ပြီးခဲ့သော သမိုင်းကာလများမှသည် ယနေ့ကာလအထိ အကြမ်းဖျဉ်း ပြန်လည်သုံးသပ်ကြည့်ရန် လိုအပ်သည်။
မြန်မာစစ်တပ်နှင့် မြန်မာနိုင်ငံ အခြေခံအဆောက်အုံများ
၁၉၆၂ ခုနှစ် မြန်မာပြည်တွင် ပါလီမန်ဒီမိုကရေစီစနစ် ဖျက်သိမ်းခံရပြီး စစ်အာဏာရှင်စနစ် အစပြုသည်။ တပါတီအာဏာရှင်စနစ်ကို စတင်အသက်သွင်းခဲ့သည်။ ၁၉၇၄ အခြေခံဥပဒေ အသက်ဝင်သည်ကစ၍ တပါတီအာဏာရှင်စနစ် အစပြုသည်။ ဈေးကွက်စီးပွားရေးနေရာတွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) က ချုပ်ကိုင်သည့် ဗဟိုချုပ်ကိုင်မှုကြီးသည့် ဆိုရှယ်လစ် စီးပွားရေးဆိုသည်နှင့် အစားထိုးသည်။
သို့ဖြစ်ရာ ၁၉၄၈ ခုနှစ် ပါလီမန်ဒီမိုကရေစီစနစ်နှင့်အတူ အစပြုခဲ့သည့် စီးပွားရေး၊ တရားရေး၊ လူမှုရေးနှင့် ပတ်သက်သည့် ဥပဒေများ၊ အင်စတီကျူးရှင်းများသည် စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ဖျက်ဆီးခံလိုက်ရသည်။ ၁၉၆၂ ခုနှစ်မှစ၍ တပါတီစနစ်နှင့် ဗဟိုချုပ်ကိုင်မှုကို အစားထိုးသည့် ဥပဒေများ၊ အင်စတီကျူးရှင်းများ တစတစ ဝင်ရောက်လာခဲ့သည်။ သို့နှင့် ၁၉၄၈ မှစတင်ခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ တရားစီရင်ရေးစနစ်များ၊ ဥပဒေများ၊ အင်စတီကျူးရှင်းများစသည့် မြန်မာနိုင်ငံအခြေခံ ဆောက်အအုံများသည် ၁၄ နှစ်သာ သက်တမ်းရှိခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် အဆုံးသတ်ခဲ့သည်။
သို့သော် မြန်မာစစ်တပ်၏ ၁၉၆၂ ခုနှစ်မှစခဲ့သည့် တပါတီအာဏာရှင်စနစ်အောက်မှ နိုင်ငံရေး၊ စီးပွားရေး၊ တရားစီရင်ရေးဆိုင်ရာ စနစ်များ၊ ဥပဒေများ၊ အင်စတီကျူးရှင်းများစသည့် နိုင်ငံအခြေခံ အဆောက်အအုံများသည်လည်း ၁၉၈၈ လူထုလှုပ်ရှားမှုကြောင့် အဆုံးသတ်ခဲ့ရသည်။ ၁၉၆၂ ခုနှစ်မှ စတင်ခဲ့သည့် မြန်မာစစ်တပ်သည် ၂၆ နှစ်အကြာတွင် တိုင်းပြည်၏ စီးပွားရေးအား ချုံးချုံးကျအောင် ဆွဲချခဲ့ပြီး တိုင်းပြည်လည်း အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ခဲ့သည်။
၁၉၈၈ တွင် မြန်မာစစ်တပ်ကပင် “နဝတ” (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) အမည်ဖြင့် အာဏာသိမ်းခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ တရားစီရင်ရေးဆိုင်ရာ စနစ်များ၊ ဥပဒေများ၊ အင်စတီကျူးရှင်းများ အသစ်စတင်ပြန်သည်။ ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ၂၂ နှစ်ကာလသည် မြန်မာစစ်တပ်က “နဝတ”၊ “နအဖ” (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) အမည်များဖြင့်အုပ်ချုပ်သည့် စစ်အာဏာရှင်ကာလဖြစ်ခဲ့သည်။ ကာကွယ်ဦးစီးချုပ်၏အမိန့်သည် ဥပဒေဖြစ်ခဲ့သည်။
နဝတ/နအဖ ခေါင်းဆောင် စစ်ဗိုလ်ချုပ်များ၊ စစ်တိုင်းမှူးများ၏ အမိန့်အာဏာနှင့်အုပ်ချုပ်သော ကာလဖြစ်သည်။ ထိုခေတ်ကာလက တရားဥပဒေအထက်တွင် စစ်ဗိုလ်ချုပ်ကြီးများ ရှိခဲ့သည်။ သို့သော် ထိုကာလတွင် တိုင်းပြည်တွင်း၌ စီးပွားရေးအရ ချောင်လည်မှုနှင့် လှုပ်သာလှည့်သာရှိသော အခြေအနေများသည် အောက်ပါ အကြောင်းအချက်များကြောင့်ဖြစ်သည်ကို တွေ့ရသည်။
၁။ ဈေးကွက်စီးပွားရေးစနစ်ကို ဖွင့်ပေးခြင်းနှင့် နိုင်ငံခြားကုန်သွယ်မှု ဖွင့်ပေးမှုကြောင့် လယ်ယာထွက် သီးနှံများ ဈေးကောင်းရပြီး မြန်မာလူထု အများစုဖြစ်သည့် လယ်သမားများ အသက်ရှုချောင်သွားခဲ့သည်။
၂။ ပြည်တွင်းသယံဇာတများဖြစ်သော သစ်၊ ကျောက်မျက်၊ သတ္တု၊ သဘာဝဓာတ်ငွေ့များ ထုတ်ယူရောင်းချခြင်းကြောင့် တိုင်းပြည် စီးပွားရေး အသက်ရှုချောင်သွားသည်။
၃။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုများ ပိုမိုကျယ်ပြန့်လာရာ မြန်မာပြည်လည်း ဈေးကွက်တခု ရလာခဲ့သည်။
၄။ ၁၉၈၀ လောက်မှစ၍ နိုင်ငံခြား သင်္ဘောသား အလုပ်အကိုင်မှ အစပြုလာခဲ့သည် ပြည်ပ အလုပ်အကိုင် ရရှိမှုများမှသည် ၁၉၉၀ ခန့်မှစ၍ ဒေသတွင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ တရုတ်တို့သို့ သွားရောက် အလုပ်လုပ်ကိုင်မှုများ တစတစ ပေါများလာသည်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ပြည်ပထွက် အလုပ်လုပ်ကိုင်သူ ပို၍ပေါများလာသည်။ ယခင် ပညာတတ်များသာ နိုင်ငံရပ်ခြား အလုပ်အကိုင်အခွင့်အလမ်း ရှိရာမှ ကျေးလက် တောင်တန်းဒေသနေပြည်သူ သန်းနှင့်ချီ၍ နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်ရာမှ တစုံတရာ ချောင်လည်လာကြသည်။
တိုင်းပြည်သယံဇာတများ ထုတ်ယူရောင်းချမှု၊ နိုင်ငံခြားကုန်သွယ်မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မဆလခေတ်ထက် မြင့်တက်လာသောလည်း မြန်မာစစ်တပ်၏ နဝတ/နအဖ ခေတ် ၂၂ နှစ်အတွင်း တိုင်းပြည်သည် အဆင်းရဲဆုံး နိုင်ငံအဆင့်မှ မတက်ခဲ့ပေ။
တိုင်းပြည်သယံဇာတများ ထုတ်ယူရောင်းချမှု၊ နိုင်ငံခြားကုန်သွယ်မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မဆလခေတ်ထက် မြင့်တက်လာသောလည်း မြန်မာစစ်တပ်၏ နဝတ/နအဖ ခေတ် ၂၂ နှစ်အတွင်း တိုင်းပြည်သည် အဆင်းရဲဆုံး နိုင်ငံအဆင့်မှ မတက်ခဲ့ပေ။ အကြောင်းမှာ စစ်ဗိုလ်ချုပ်များ၏ ကိုယ်ကျိုးရှာမှု၊ တရားဥပဒေ အထက်မှ အုပ်ချုပ်မှုများကြောင့် ဖြစ်သည်ကိုတွေ့ရသည်။ တိုင်းပြည်၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး မှအစ တိုင်းပြည်၏ အခြေခံအဆောက်အအုံများ မဖွံ့ဖြိုးနိုင်ခဲ့ပေ။
အခြားနိုင်ငံများကဲ့သို့ နည်းပညာ၊ အတတ်ပညာ၊ ကုန်ထုတ်လုပ်မှုတို့ကြောင့် ချမ်းသာကြွယ်ဝလာသည် မဟုတ်ဘဲ လုပ်ပိုင်ခွင့်အာဏာနှင့် တိုင်းပြည်၏ သယံဇာတများပေါ်မှ ကိုယ်ကျိုးရှာခြင်းတို့ကြောင့် ချမ်းသာကြွယ်ဝလာကြခြင်း ဖြစ်သည်။
စစ်ဗိုလ်များနှင့်ပေါင်း၍ စီးပွားရှာသူများသာ ကျိကျိတက် ချမ်းသာကြွယ်ဝလာခဲ့သည်။ အခြားနိုင်ငံများကဲ့သို့ နည်းပညာ၊ အတတ်ပညာ၊ ကုန်ထုတ်လုပ်မှုတို့ကြောင့် ချမ်းသာကြွယ်ဝလာသည် မဟုတ်ဘဲ လုပ်ပိုင်ခွင့်အာဏာနှင့် တိုင်းပြည်၏ သယံဇာတများပေါ်မှ ကိုယ်ကျိုးရှာခြင်းတို့ကြောင့် ချမ်းသာကြွယ်ဝလာကြခြင်း ဖြစ်သည်။ တိုင်းပြည်က ဆင်းရဲပြီး အုပ်ချုပ်သူ မြန်မာစစ်ခေါင်းဆောင်များ ချမ်းသာကြွယ်ဝလာခဲ့သည်။
နအဖသည် ၂၀၀၈ ခုနှစ်တွင် အခြေခံဥပဒေတခု ပြဌာန်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ တရားစီရင်ရေးစနစ်၊ ဥပဒေနှင့် အင်စတီကျူးရှင်းစသည့် နိုင်ငံရေးအဆောက်အအုံတခု စတင်ပြန်သည်။ ၁၉၈၈ ခုနှစ်က စတင်ခဲ့သည် မြန်မာစစ်တပ်၏ အင်စတီကျူးများ၊ စနစ်များသည် ၂၂ နှစ်အကြာ ၂၀၁၀ ပြည့်နှစ်တွင် တစခန်းရပ်ပြန်ပါသည်။

သို့နှင့် ၂၀၁၁ ခုနှစ်မှသည် ၂၀၂၀ ပြည့်နှစ်အထိ ၂၀၀၈ အခြေခံဥပဒေအောက်မှ ၁၀ နှစ်ခန့် ခရီးဆက်သည်။ ထိုဥပဒေသည်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် ပြိုင်ဖက်မရှိ စစ်တပ် ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနိုင်ရစဉ်က ပြဿနာမရှိသော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရလာသောအခါ ပြဿနာရှိလာသည်။
အစိုးရအဖွဲ့အတွင်း အရေးပါသော ရာထူးနေရာအချို့နှင့် လွှတ်တော်ကို ထိန်းကျောင်းနိုင်သည့် အနေအထားလောက်နှင့် မြန်မာစစ်တပ်ခေါင်းဆောင်များ မကျေနပ်နိုင်ကြတော့ပေ။ နိုင်ငံတော်အာဏာကို လက်ဝါးကြီးအုပ်ချုပ်ကိုင် ချယ်လှယ်လိုသည့် ၎င်းတို့၏ သရုပ်မှန်ကို ထုတ်ပြလာကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်၏ အာဏာသိမ်းမှု ထပ်မံဖြစ်ပွားခဲ့သည်။
မြန်မာစစ်တပ်က “နစက” (နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ) အမည်ဖြင့် အာဏာသိမ်းခြင်းသည် ၂၀၀၈ အခြေခံဥပဒနှင့်အညီ စစ်တပ်က အာဏာထိန်းသိမ်းခြင်းဖြစ်သည်ဟု ပြောဆိုနေသည်။ သို့သော်လည်း မဲစာရင်းမှားယွင်းသည်ဟုဆိုကာ စစ်တပ်က အာဏာသိမ်းခြင်းသည် သူတို့စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ အခြေခံဥပဒေအား သူတို့ကိုယ်တိုင် ဖောက်ဖျက်လိုက်ခြင်းလည်း ဖြစ်သည်။
၂၀၀၈ အခြေခံဥပဒေအခန်း ၉၊ ပုဒ်မ ၄၀၂ တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
“ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့်ဆောင်ရွက်ချက်များ
၄၀၂။ အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ်အတည်ဖြစ်စေရမည် –
(က) ရွေးကောင်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများ၊
(ခ) ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ၊
(ဂ) နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရဆောင်ရွက်သောကိစ္စရပ်များ။”
၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၀၂ အရ ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ဆောင်ရွက်ချက်များ အပြီးအပြတ် အတည်ဖြစ်ရမည်ဆိုသည်ကို ဗြောင်အတိအလင်း ဆန့်ကျင်၍ အာဏာသိမ်းသည့် စစ်တပ်သည် ၂၀၀၈ အခြေခံဥပဒေကို လိုက်နာခြင်း မရှိခဲ့သည်ဖြစ်ရာ ၂၀၀၈ အခြေခံဥပဒေမှာ ပျက်ပြယ်ခဲ့ပြီဖြစ်သည်။
၂၀၀၈ အခြေခံဥပဒေအား မြန်မာစစ်တပ်က အချိန်ယူ၍ စိတ်ကြိုက် အချိန်ယူရေးဆွဲထားခဲ့သော်လည်း တိုင်းပြည်အကျိုးနှင့် တရားမျှတမှုကို ရှေးရှုရေးဆွဲခဲ့ခြင်း မဟုတ်ဘဲ စစ်တပ်အခန်းကဏ္ဍ အားကိုသာ အလေးထားခဲ့သည်ဖြစ်ရာ ဟာကွက်မြောက်များစွာရှိသည်။
၂၀၀၈ အခြေခံဥပဒေအား မြန်မာစစ်တပ်က အချိန်ယူ၍ စိတ်ကြိုက် အချိန်ယူရေးဆွဲထားခဲ့သော်လည်း တိုင်းပြည်အကျိုးနှင့် တရားမျှတမှုကို ရှေးရှုရေးဆွဲခဲ့ခြင်း မဟုတ်ဘဲ စစ်တပ်အခန်းကဏ္ဍ အားကိုသာ အလေးထားခဲ့သည်ဖြစ်ရာ ဟာကွက်မြောက်များစွာရှိသည်။ မြန်မာပြည်၏ အနာဂတ်အား ၂၀၀၈ အခြေခံဥပဒေနှင့် ရှေ့ဆက်မည်ဆိုပါက အပေါစားပြက်လုံးတခု ဖြစ်နေပေလိမ့်မည်။

သို့ဖြစ်ရာ ၁၉၆၂ ခုနှစ်မှ စတင်ခဲ့သည့် မြန်မာစစ်တပ်၏ အုပ်စိုးချုပ်ကိုင်မှုသမိုင်းကို ကြည့်ပါက ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ၂၆ နှစ်ကာလ၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ၂၂ နှစ်ကာလ၊ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ၁၀ နှစ်ကာလတွင် နိုင်ငံရေး၊ စီးပွားရေး၊ တရားစီရင်ရေးအရ စနစ်များ၊ ဥပဒေများ၊ အင်စတီကျူးရှင်းများ စသည့် နိုင်ငံအဆောက်အအုံများ တည်ငြိမ်မှုမရှိခဲ့ဘဲ ၃ ကြိမ်တိုင် ပြောင်းလဲခဲ့ပြီ ဖြစ်သကဲ့သို့ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်ကြား ၁၄ နှစ်ကာလရှိ ပါလီမန်ဒီမိုကရေစီစနစ်က စနစ်များ၊ ဥပဒေများ၊ အင်စတီကျူးရှင်းများကိုလည်း ဖျက်ဆီးခဲ့ပြီဖြစ်သည်။
သို့ဖြစ်ရာ မြန်မာစစ်တပ်၏ အာဏာသိမ်းမှု၊ ထိန်းချုပ်အုပ်စိုးမှုအောက်တွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းက အနှစ် ၇၀ ကျော်အတွင်း တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ တရားစီရင်ရေး စနစ်များ၊ အင်စတီကျူးရှင်းများ လေးကြိမ်တိုင်အောင် ပြောင်းလဲခဲ့ရပြီဖြစ်သည်ကို ရှင်းလင်းစွာ တွေ့မြင်နိုင်သည်။
တိုင်းပြည်တခုတွင် အခြေအနေနှင့် ကိုက်ညီသည့် အပြောင်းအလဲများ ပြုလုပ်ရန် လိုအပ်ပါသည်။ သို့သော် မြန်မာစစ်တပ်ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်တယောက် လုပ်ပိုင်ခွင့်အာဏာ ခိုင်မာတိုင်း တိုင်းပြည်၏ စနစ်များ၊ အင်စတီကျူးရှင်းများ၊ ဥပဒေများကို အရင်းအမြစ်မှ ပြောင်းလဲပစ်သော နိုင်ငံတခုဖြစ်နေသည့် မြန်မာနိုင်ငံသည် နိုင်ငံရေးအရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း၊ လူမှုရေးအရလည်းကောင်း၊ တရားစီရင်ရေးအရသော်လည်းကောင်း တည်ငြိမ်သည့်တိုင်းပြည် မဖြစ်နိုင်ပေ။ ထို့ကြောင့်လည်း နိုင်ငံရေးပညာရှင်များ၊ လေ့လာသုံးသပ်သူများက မြန်မာပြည်အား တည်ငြိမ်သည့် နိုင်ငံတည်ဆောက်ရေး (State building) မှ အစချီရန် လိုအပ်နေသည်ဟု သုံးသပ်နေကြခြင်းဖြစ်သည်။
သို့ဖြစ်ရာ မိမိအာဏာ အကျိုးစီးပွားအပေါ် အခြေပြု၍ အပြောင်းအလဲများသည့် မြန်မာစစ်တပ်သည် တိုင်းပြည်တည်ငြိမ်အောင် မထိန်းသိမ်းနိုင်သည်သာမက ရှေ့လျှောက် မတည်ငြိမ်မှုများကိုသာ တွေ့ရမည်မှာ ဧကန်မလွဲပေ။ မြန်မာစစ်တပ်သာ ဆက်လက်လုပ်ပိုင်ခွင့်ရနေပါက မြန်မာပြည်သည် ကာကွယ်ရေး ဦးစီးချုပ်တယောက် လုပ်ပိုင်ခွင့် ခိုင်မာသွားတိုင်း ထင်ရာစိုင်းသည့် မတည်ငြိမ်သော တိုင်းပြည်သာ ဖြစ်နေပေလိမ့်မည်။
ထိုသို့ ဖြစ်ခဲ့သည်ကို ပြီးခဲ့သော နှစ် ၇၀ အတွင်း အကြိမ်ကြိမ်တွေ့ခဲ့ရပြီဖြစ်သည်။ သို့ဖြစ်ရာ မြန်မာစစ်တပ်သည် တိုင်းပြည်တည်ငြိမ်အောင် နိုင်ငံအဆောက်အအုံများကို တည်ငြိမ်အောင် လုပ်နိုင်စွမ်းမရှိ။ ရေရှည်တွင် တိုင်းပြည်မတည်ငြိမ်မှုကိုသာ ပေးမည်သာဖြစ်ပေသည်။
ဆက်လက်ဖော်ပြပါမည်။
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦးဖြစ်သည်။)
You may also like these stories:
တနိုင်ငံလုံးက မြန်မာစစ်တပ်ကို မုန်းနေကြတာ
မြန်မာ့ပြည်တွင်းစစ်တွင် မည်သူနိုင်ခြေများသနည်း
အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ
ကရင်စစ်ပွဲများက ထွက်ပေါ်လာတဲ့ ဘန်းစကားများ