မြန်မာစစ်တပ်နှင့် ပြည်တွင်းနိုင်ငံရေး အခန်းကဏ္ဍကို သုံးသပ်ကြည့်ရန်လိုသည်။ ၁၉၆၂ ခုနှစ်မှစတင်သည့် မြန်မာစစ်တပ်၏ အာဏာသိမ်းမှု (ဝါ) တိုင်းပြည်အာဏာထိမ်းချုပ်မှုအား ပြည်တွင်းနိုင်ငံရေးအင်အားစုများ၊ ပြည်တွင်းလူထုက မည်သို့တုံ့ပြန်သည်ကို ပြန်လည်သုံးသပ်ကြည့်ရန်လိုသည်။
၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် ဆိုရှယ်လစ်ကြွေးကြော်သံနှင့် တွေ့ဆုံဆွေးနွေးမှုများကြောင့် ပြည်မနိုင်ငံရေး အင်အားစုများကြား စစ်တပ်နှင့်ပတ်သက်၍ တွေဝေမှု၊ မျှော်လင့်မှု ဖြစ်ခဲ့သည်ကတော့ အမှန်ပင်။ ထို့ကြောင့်လည်း တိုင်းပြည်အတွက် စစ်တပ်နှင့်အတူ ခွေးကတက်က လုပ်ကြွေးမည်ဆိုသည့် နိုင်ငံရေးသမားများပင် ပေါ်ပေါက်ခဲ့သည်။
သို့သော်လည်း စစ်တပ်အာဏာသိမ်းပြီး မကြာမီ ၇ ရက် ဇူလိုင်ကျောင်းသားအရေးအခင်း ဖြစ်ပွားခဲ့ပြီး စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ တောက်လျှောက် ပေါ်ပေါက်ခဲ့သည်။
-၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက် အရေးအခင်း၊
-၁၉၆၃ ခုနှစ်၊ ငြိမ်းချမ်းရေးလှုပ်ရှားမှု၊
-၁၉၆၆ ခုနှစ်၊ ဆန်ပြဿနာ အရေးအခင်း၊
-၁၉၆၇ ခုနှစ်၊ တရုတ် – မြန်မာ အရေးအခင်း၊
-၁၉၆၉ ခုနှစ်၊ ကျွန်းဆွယ်အရေးအခင်း၊
-၁၉၇၄ ခုနှစ်၊ ဇွန်လ အလုပ်သမားအရေးတော်ပုံ၊
-၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ဦးသန့်အရေးတော်ပုံ၊
-၁၉၇၅ ခုနှစ်၊ ဇွန်လ အထွေထွေကျောင်းသားသပိတ်၊
-၁၉၇၆ ခုနှစ်၊ မတ်လ မှိုင်းရာပြည့်၊
-၁၉၈၇/၈၈ ခုနှစ်၊ ၈ လေးလုံး အရေးတော်ပုံ စသည့် လုထုလှုပ်ရှားမှုများကို မြန်မာစစ်တပ်အနေနှင့် တောက်လျှောက် ကြုံတွေ့ခဲ့ရသည်။
ဤသို့ဖြစ်ပွားသည့် အဓိကပြဿနာမှာ စစ်တပ် တပါတီအာဏာရှင်စနစ်၏ ဖိနှိပ်အုပ်စိုးမှုအောက်တွင် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်များ မရှိခြင်း၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်း တည်ထောင်ခွင့် မရှိခြင်း၊ ဒီမိုကရေစီ မရှိခြင်းတို့ကြောင့်ဖြစ်သည့်အပြင် စစ်အာဏာရှင်စနစ်၏ အုပ်စိုးမှုအောက်တွင် တိုင်းပြည်စီးပွား ချွတ်ခြုံကျမှုကြောင့်ဖြစ်သည်။
၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းခဲ့သော မြန်မာစစ်တပ်သည်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တောခိုကျောင်းသား တပ်မတော်၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) တို့၏ ပုန်ကန်တိုက်ခိုက်မှုများကို ကြုံတွေ့ခဲ့ရသည်။
၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းခဲ့သော မြန်မာစစ်တပ်သည်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တောခိုကျောင်းသား တပ်မတော်၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) တို့၏ ပုန်ကန်တိုက်ခိုက်မှုများကို ကြုံတွေ့ခဲ့ရသည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် အတိုက်အခံ ဒီမိုကရေစီလှုပ်ရှားမှုများ၊ အံတုမှုများ ကြုံတွေ့ရသည်။ အစိုးရဆန့်ကျင်သူ ထောင်ပေါင်းများစွာအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ပြီး ရက်ရက်စက်စက် ဖိနှိပ်ထားခဲ့သည်။ စစ်ထောက်လှမ်းရေး၏ ရက်စက်မှုကို မြန်မာလူထု တွေ့ကြုံခဲ့ရသော ကာလဖြစ်သည်။
ထိုသို့ပြင်းထန်သော ဖိနှိပ်မှုများကြားကပင် ၁၉၉၆ လှုပ်ရှားမှု၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတို့ကို ကြုံတွေ့ခဲ့ရသည်။ လူထု၏ နည်းအမျိုးမျိုးနှင့် ဆန့်ကျင်လှုပ်ရှားမှုများကို တွေ့မြင်နိုင်သည့် ကာလဖြစ်သည်။ ၂၂ နှစ်ကြာ စစ်အုပ်ချုပ်ရေးအောက်တွင် တိုင်းပြည်သည် ငြိမ်သက်မှုမရနိုင်ခဲ့ဘဲ မတည်မငြိမ်မှုများနှင့် ဖြတ်သန်းခဲ့ရသည်။
ပြည်တွင်းရှိ ဒီမိုကရေစီရေးလှုပ်ရှားသူများ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်သူများနှင့် ထိပ်တိုက်ရင်ဆိုင်နေရသော စစ်ခေါင်းဆောင်များသည် ပြည်တွင်းတင်းမာမှုကို လျှော့ချနိုင်ရန် ၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲခဲ့ပြီး အတိုက်အခံများကို ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်ထားသည့်အောက်တွင် ၂၀၁၀ ရွေးကောက်ပွဲကိုပြုလုပ်ပြီး စစ်တပ်ကျောထောက်နောက်ခံ အပြည့်ပေးထားသည့် စစ်ဗိုလ်ချုပ်ဟောင်းများ၏ ပြည်ခိုင်ဖြိုးပါတီကို အနိုင်ပေးကာ အရပ်သားအစိုးရ အမည်ဖြင့် အာဏာလွှဲပြောင်းပေးမှု စတင်ခဲ့သည်။
မည်သို့ဖြစ်စေ ၂၀၀၈ အခြေခံဥပဒေနှင့် ပြည်ခိုင်ဖြိုးအစိုးရခေတ် အပြောင်းအလဲများက လူထုအတွက် မျှော်လင့်အချို့ ရရှိစေခဲ့ပြီး မြန်မာပြည် ပြုပြင်ပြောင်းလဲရေးလမ်းစလောဟု အများက မှတ်ယူခဲ့ကြသည်။
ပြည်ခိုင်ဖြိုးအစိုးရက သိသာသည့် ပြုပြင်ပြောင်းလဲရေးနှစ်ခု စတင်ခဲ့သည်။ ပထမတခုမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ဖြစ်သည်။ ဖမ်းဆီးထားသော အတိုက်အခံ နိုင်ငံရေးသမားများအား ပြန်လည်လွှတ်ပေးပြီး ပါတီထူထောင်ခွင့်နှင့် ရွေးကောက်ပွဲ ဝင်ခွင့်ပြုခဲ့သည်။ စာပေဆင်ဆာများ ဖျက်သိမ်းခဲ့ပြီး လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ပြုခဲ့သည်။ သတင်းမီဒီယာများ လွတ်လပ်စွာထူထောင်ခွင့်၊ သတင်းရေးသားခွင့်နှင့် ရုပ်မြင်သံကြားထုတ်လွှင့်ခွင့်များ ပြုခဲ့သည်။
ဒုတိယတခုမှာ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက် တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ သို့ဖြင့် မြန်မာပြည် လူ့အဖွဲ့အစည်းသည် တစုံတရာ ပွင့်လင်းလွတ်လပ်လာခဲ့သည်။
၁၉၆၂ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ တပါတီစနစ်၊ စစ်အာဏာရှင်စနစ်အောက်တွင် နေခဲ့ရသော မြန်မာလူထုအတွက် တစုံတရာ ပွင့်လင်းလွတ်လပ်မှု ခံစားခဲ့ရသည်။ ပြည်ခိုင်ဖြိုးအစိုးရ၏ အထက်ပါ လုပ်ဆောင်ချက်ကြောင့် အကျိုးသက်ရောက်မှု နှစ်ခု ပြန်ရခဲ့သည်။
ပထမတချက်မှာ ဤပြုပြင်ပြောင်းလဲမှုမှ မြန်မာပြည်ဒီမိုကရေစီ ပြောင်းလဲမှုကို ပြန်လည်ရရှိလိမ့်မည် သို့မဟုတ် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို တဆင့်ပြီးတဆင့် တက်လှမ်းနိုင်လိမ့်မည်ဟု နိုင်ငံတကာက ယူဆလာကြသည်။ ထို့ကြောင့် နိုင်ငံတကာ ပိတ်ဆို့မှုများ ဖြေလျှော့ပေးခဲ့ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံတကာ အကူအညီများ ဝင်ရောက်လာခဲ့သည်။ မြန်မာ့စီးပွားရေး အလားအလာကောင်းများ မြင်တွေ့ခဲ့ရသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အားလည်း နိုင်ငံတကာမှ ကူညီမှုများပေးခဲ့သည်။
ဒုတိယအချက်အနေနှင့် အထက်ပါ ပြုပြင်ပြောင်းရေး အခြေခံပေါ်မှ မြန်မာစစ်တပ်နှင့် လူထုကြား ဆိုးဝါးသည့် ဆက်ဆံရေးအား ပြန်လည် တည်ဆောက်ရန်အတွက် အရပ်ဘက် – စစ်ဘက်ဆက်ဆံရေး တည်ဆောက်ရေး ဆိုသည်ကို ကျယ်ကျယ်လောင်လောင် ပြောဆိုလာကြသည်ကို တွေ့ရသည်။
ဤသို့သော အခြေအနေအောက်တွင် စစ်တပ် ကျောထောက်နောက်ခံပြု ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင် စစ်ဗိုလ်ချုပ်ဟောင်းများ ယူဆကြသည်မှာ ဤသို့သော ပွင့်လင်းလွတ်လပ်သော အခြေအနေကို သူတို့ ဖန်တီးခွင့်ပြုပေးထားသည်ဖြစ်ရာ သူတို့အား လူထုက ထောက်ခံကြလိမ့်မည်ဟု ယူဆကြပုံရသည်။
ရေရှည်တွင်လည်း စစ်တပ်မှ စစ်ဗိုလ်ချုပ်များ ပြည်ခိုင်ဖြိုးပါတီသို့ ကူးပြောင်းပြီး တိုင်းပြည်အာဏာကို ဆက်လက်ထိမ်းချုပ်နိုင်မည်ဟု မျှော်လင့်ထားပုံရသည်။ သို့သော် လူထုက ဤသို့ မယူဆကြပေ။ ဤအခွင့်အရေးများသည် လူထုရပိုင်ခွင့် ဖြစ်သည်။ ၁၉၆၂ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ၄၈ နှစ်ကြာ ဤအခွင့်အရေးများကို မတရား ပိတ်ပင်ထားသည်မှာ စစ်ဗိုလ်ချုပ်များဖြစ်ပြီး တလျှောက်လုံး ရဲရဲရင့်ရင့် တိုက်ပွဲဝင်ခဲ့သည့်လူထုကြောင့် ဤအခွင့်အလမ်းများ ပြန်လည်ရရှိလာသည်ဟု မှတ်ယူကြသည်။
သို့အတွက် စစ်ဗိုလ်ချုပ်များ၏ ကျေးဇူးလုံးဝမရှိဟု ယူဆကြသည်။ ထို့ကြောင့်လည်း လူထုသည် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဗဟိုပြု၍ ဝန်းရံကြသည်။ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး လူထုလှုပ်ရှားမှုများ တပြည်လုံးအနှံ့ ပြုလုပ်ခဲ့သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD အား ပုံ၍ မဲပေးခဲ့ကြပြီး NLD ပါတီ အပြတ်အသတ် အနိုင်ရခဲ့သည်။ ထို့အတူ ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း NLD ပါတီပင် အပြတ်အသတ် အနိုင်ရခဲ့သည်။ အစိုးရအဖွဲ့ကို စစ်တပ်က မချုပ်ကိုင်နိုင်တော့ဘဲ အရပ်သားများထံသို့ ရေရှည်လွှဲအပ်ရမည့် အခြေအနေသို့ ဆိုက်ရောက်သွားပြီဖြစ်သည်။
နောက်အနှစ် ၂၀ အတွင်း စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ခိုင်ဖြိုးပါတီ အနိုင်ရစရာ အကြောင်းမရှိတော့ဟု ရှုမြင်လာသည်။ စစ်ခေါင်းဆောင်များသည်လည်း အစိုးရအဖွဲ့ကို ခေါင်းဆောင်နိုင်စရာ လမ်းမမြင်တော့ပေ။
ဤအခြေအနေအောက်တွင် မြန်မာစစ်ခေါင်းဆောင်များအတွက် ခေါင်းခဲစရာ ဖြစ်သွားခဲ့သည်။ နောက်အနှစ် ၂၀ အတွင်း စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ခိုင်ဖြိုးပါတီ အနိုင်ရစရာ အကြောင်းမရှိတော့ဟု ရှုမြင်လာသည်။ စစ်ခေါင်းဆောင်များသည်လည်း အစိုးရအဖွဲ့ကို ခေါင်းဆောင်နိုင်စရာ လမ်းမမြင်တော့ပေ။ သို့ဖြစ်ရာ စစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုကို မိုက်မဲစွာ ပြုလုပ်ခဲ့ကြပေတော့သည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုသည် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှု၊ ၁၉၈၈ အာဏာသိမ်းမှုများနှင့် ကွာခြားသည်။ ယခုကာလတွင် တပြည်လုံး၏ နိုင်ငံရေးနိုးကြားမှုသည် ယခင်ကထက် များစွာကွာခြားသည်။ ယခင်က နိုင်ငံရေးတက်ကြွနိုးကြား လှုပ်ရှားသူဆိုသူများမှာ မြို့ပေါ် ပညာတတ်များ၊ ရှေ့တန်းရောက်သူများ၊ အမြင်ကျယ်သူများသာ ဖြစ်ခဲ့သည်။ ယခုအခါတွင်မူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများသည် တပြည်လုံးအနှံ့ အင်နှင့်အားနှင့်ဖြစ်သည်။
ပြီးခဲ့သော ၁၀ နှစ်ကာလအတွင်း အင်တာနက် လူမှုကွန်ရက်အသုံးပြုမှု တွင်ကျယ်လာသည်ဖြစ်ရာ ပြည်သူအများစုမှာ မျက်စေ့ပွင့် နားပွင့်ဖြစ်နေပေပြီ။
ပြီးခဲ့သော အနှစ် ၂၀ အတွင်း မြို့ပြမှသာမက ကျေးလက် တောင်တန်းဒေသ အခြေခံပြည်သူများပါ ထိုင်း၊ မလေးရှားစသည့် ပြည်ပနိုင်ငံများသို့ လူဦးရေသန်းနှင့်ချီ၍ သွားရောက်အလုပ်လုပ်ကိုင်ကြသည်ဖြစ်ရာ နိုင်ငံရေးအရ အမြင်ကျယ်လာကြပြီ ဖြစ်သည်။ ထို့အပြင် ပြီးခဲ့သော ၁၀ နှစ်ကာလအတွင်း အင်တာနက် လူမှုကွန်ရက်အသုံးပြုမှု တွင်ကျယ်လာသည်ဖြစ်ရာ ပြည်သူအများစုမှာ မျက်စေ့ပွင့် နားပွင့်ဖြစ်နေပေပြီ။
ယခုရရှိနေသော အခွင့်အလမ်းထက် ပိုမြင့်သော အခြေအနေကိုသာ မျှော်လင့်နေသော လူထုအနေနှင့် စစ်တပ်အုပ်ချုပ်မှုအောက်သို့ ပြန်မသွားနိုင်ကြတော့ပေ။ သို့ဖြစ်ရာ ဤတကြိမ် စစ်အာဏာသိမ်းမှုအား တပြည်လုံး အုံနှင့်ကျင်းနှင့် ဆန့်ကျင်ကြတော့သည်။ ထို့အပြင် မျိုးဆက်သစ်လူငယ်များ (Generation-Z ) ကလည်း အုံနှင့်ကျင်းနှင့် ရှေ့တန်းက ပါဝင်လာသည်ကို တွေ့ရသည်။
လူထုဆန့်ကျင်ဆန္ဒပြမှုများအား မြန်မာစစ်တပ်က တုံ့ပြန်သည်မှာ ယခင်အခါများထက် ပို၍ ရက်စက်ပြင်းထန်သည်ကို တွေ့ရသည်။ နိုင်ငံတကာတွင် လူထုဆန္ဒပြပွဲများကို အနုနည်းဖြင့် အချိန်ယူ စိတ်ရှည်လက်ရှည် ဖြေရှင်းနေချိန်တွင် မြန်မာစစ်တပ်က အကြမ်းနည်းသုံးသည်။ လူအချို့အား ခပ်ကြမ်းကြမ်း ပစ်သတ်ပြလိုက်လျင် လူအများ ငြိမ်သက်သွားမည်ဟု မြန်မာစစ်တပ်က ယူဆသည်ကိုတွေ့ရသည်။
လူထု ဆန္ဒပြပွဲများကို စတင်နှိမ်နင်းသည်မှစ၍ “သေရဲတဲ့ကောင်ထွက်ခဲ့” ဟု အော်ဟစ်ဆဲဆိုပြီး လမ်းမကြီး သာမက လမ်းကြိုလမ်းကြားထိ လိုက်လံပစ်ခတ် သတ်ဖြတ်နေသည့် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များကို တွေ့ရသည်။ လူအသေအပျောက်သည် ယခင် အာဏာသိမ်းမှုများထက် များစွာများသည်ကို တွေ့ရသည်။ ထို့အပြင် ယခင် စစ်အာဏာရှင်များလက်ထက်က မတွေ့ရသည့် ရက်စက်ကြမ်းကြုတ်မှုများကို လက်ရှိ စစ်အာဏာရှင်လက်ထက်တွင် အောက်ပါအတိုင်း တွေ့ရသည်။
၁။ ယခင် စစ်အာဏာရှင်များ လက်ထက်က ဖမ်းဆီး၍ စစ်ကြောရေးတွင် သေဆုံးသည်မှာ ရှားရှားပါးပါး တယောက်တလေမျှသာ ဖြစ်သော်လည်း လက်ရှိ စစ်ကောင်စီလက်ထက် စစ်ကြောရေးတွင် သေဆုံးသူ၊ ယနေ့ဖမ်း၍ နောက်နေ့ အလောင်းလာယူခိုင်းခံရသူ၊ အချို့ဆိုလျင် အလောင်းပင်ပြန်မရသူ အနည်းဆုံး ၂၀၀ ခန့်ရှိသည်ဟု သိရသည်။
၂။ ယခင် စစ်အာဏာရှင်များလက်ထက် သူ့အားဆန့်ကျင်သူကိုသာ ဖမ်းဆီးသော်လည်း ယခု စစ်ကောင်စီလက်ထက်တွင် ဖမ်းဆီးလိုသူအား မတွေ့ပါက ထိုသူ၏ ဆွေမျိုးသားချင်းများ (အဖိုး၊ အဖွား၊ အဖေ၊ အမေ၊ သား၊ သမီး၊ မြေး) မကျန် ဓားစာခံအဖြစ် ဖမ်းဆီးချုပ်နှောင်သည်ကို တွေ့ရသည်။
၃။ ယခင်ကာလက မကြုံဘူးသည့် စစ်အာဏာရှင်တို့အား ဆန့်ကျင်သူတို့၏ အိုးအိမ် စသည့်ပိုင်ဆိုင်မှုများကို ချိတ်ပိတ်သိမ်းဆည်းသည်ကို ယခု အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် တွေ့ရသည်။
၄။ ရန်ကုန်၊ မန္တလေးအပါ မြို့ကြီးများတွင် တားဆီးရာတွင် ရပ်မပေး၍ သို့မဟုတ် ဆိုင်ကယ်နှစ်ယောက်စီး၍ သို့မဟုတ် မသင်္ကာ၍ (တပြည်လုံးအား စစ်မြေပြင်ကဲ့သို့ သဘောထားကာ) အသေပစ်ခတ် ဖမ်းဆီးသည်ကို ယခု စစ်ကောင်စီလက်ထက်တွင် တွေ့ရသည်။
တဖက်လည်း လူထုဆန္ဒပြပွဲများကို အကြမ်းဖက် ဖြိုခွဲခံရပြီးနောက် တပြည်လုံးအနှံ့ ရရာလက်နက် ကိုင်စွဲပြီး တုံ့ပြန်တိုက်ခိုက်သည်ကို တွေ့ရသည်။ ဤအချက်သည် အဓိက ဦးဆောင်နိုင်ငံရေးပါတီ တခု၏ ဆုံးဖြတ်ချက်နှင့် ထွက်ပေါ်လာခြင်းမဟုတ်ဘဲ လူထု၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပေါ်လာခြင်းဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ / အမျိုးသား ညီညွတ်ရေးအစိုးရ (CRPH / NUG) တို့က လူထုအုံကြွမှုနောက်မှ လိုက်၍ ခေါင်းဆောင်နေသည်ဟု ဆိုရမည်။ ဆန္ဒပြပွဲမှသည် တပြည်လုံး လက်နက်ကိုင်အုံကြွမှုသို့ ကူးပြောင်းသွားခြင်းသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဟု ဆိုနိုင်သည်။
ယခင်က မြို့ပေါ် ဆန္ဒပြပွဲတွင် ပါဝင်ပြီးနောက် လက်နက်ကိုင်လိုသူများက လက်နက်ကိုင် အခြေခံဒေသသို့ သွားရောက် လက်နက်ကိုင်ကြသည်။ ယခု အခြေအနေတွင် ထိုသို့သွားရောက်သူများ ရှိသကဲ့သို့ ကိုယ့်ပြည်နယ်၊ ကိုယ်ဒေသတွင်ပင် လက်နက်ကိုင် ပုန်ကန်ကြသည်ကို တပြည်လုံးနေရာအနှံ့အပြားတွင် တွေ့ရသည်။
ထို့အပြင် လူထုအများစုမှာလည်း မြန်မာစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်သူ အားလုံးကို အကူအညီပေးနေသည့်အပြင် မြန်မာစစ်တပ်ကို တိုက်ခိုက်သည့် တိုင်းရင်းသား လက်နက်ကိုင်များကိုပါ ထောက်ခံနေသည်ကို တွေ့ရသည်။ လက်ရှိလူထု၏ စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်သည် တပွဲထိုးမဟုတ်ဘဲ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည်ကို တွေ့ရသည်။

စစ်တပ် အာဏာသိမ်းပြီး ၁၁ လခန့်အကြာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင်ပြုလုပ်သည့် ဆိတ်ငြိမ်သပိတ် (Silent strike) တွင် တပြည်လုံးအနှံ့ ပါဝင်ခဲ့ပြီး လမ်းများတွင် လူရှင်းတိတ်ဆိတ်ကာ ဈေးဆိုင်အားလုံး ပိတ်ထားခဲ့သည်ကို တွေ့ခဲ့ရပြီဖြစ်သည်။
ထို့အပြင် ရန်ကုန်၊ မန္တလေးအပါအဝင် ဒေသအချို့တွင် ဆန္ဒပြပွဲများ ရှိနေဆဲဖြစ်ပြီး မြန်မာစစ်တပ်ကလည်း ထိုဆန္ဒပြပွဲများအား ရက်ရက်စက်စက် ကားနှင့်လိုက်တိုက်၍ ဖြိုခွဲသည့်အကြိမ်ပင် တပြည်လုံးအနှံ့ ၁၀ ကြိမ်ခန့် ရှိခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သော စာရင်းများအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာ ၂၁ အထိ ၃၂၄ ရက်အတွင်း မြန်မာစစ် တပ်၏ အင်အားသုံး အကြမ်းဖက်ဖြိုခွဲနှိမ်နင်း၍ သေဆုံးသူ ၁,၃၅၂ ဦး၊ အဖမ်းခံရသူ ၈,၁၅၃ ဦး၊ သေဒဏ်ပေးခံရသူ ၃၆ ဦး၊ ရှောင်တိမ်းနေရသူ ၁,၉၆၄ ဦး၊ မျက်ကွယ်သေဒဏ် ၃၉ ဦး၊ မျက်ကွယ် ပစ်ဒဏ်ပေးခံရသူ ၁၁၈ ဦး ရှိသည်ဟု သိရသည်။
စစ်ကြောရေးတွင် သေဆုံးသူ ၂၀၀ ခန့်ရှိခဲ့သည်။ တပြည်လုံးတွင် ချိတ်ပိတ်သိမ်းဆည်းခံရသည့် အိမ်အဆောက်အအုံ အလုံး ၁၀၀ ကျော်ပြီ ဖြစ်သည်။ အာဏာသိမ်း စစ်တပ်အနေနှင့် ၎င်းအား ဆန့်ကျင်သူများ နလံမထူအောင် ခပ်ကြမ်းကြမ်း ကိုင်တွယ်နေသည်ကို တွေ့ရသကဲ့သို့ လူထုကလည်း နာနာကျည်းကျည်း ပြန်လည် တုံ့ပြန်နေသည်ကို တွေ့ရသည်။
ထို့အပြင် NLD ပါတီ၏ ထုတ်ပြန်သော စာရင်းများအရ အာဏာသိမ်းပြီး ၁၀ လ အတွင်း ဖမ်းဆီးခံရသူ NLD ထိပ်တန်းခေါင်းဆောင်များအပါ NLD ပါတီဝင် ၅၇၉ ဦး ရှိပြီး ပြန်လွတ်လာသူ ၁၂၈ ဦးရှိကာ အကျဉ်းထောင်များတွင် ထိန်းသိမ်းခံထားရဆဲ ၄၃၂ ဦး ရှိသည်။ ထိုထဲမှ စစ်ကြောရေးတွင် သေဆုံးသူ ၈ ဦး၊ အကျဉ်းကျနေစဉ် သေဆုံးသူ ၄ ဦး၊ ပြန်လွတ်လာပြီး သေဆုံးသူ ၁ ဦး၊ NLD ပါတီရုံးများ ဖောက်ခွဲ ဖျက်ဆီးခံရမှု ၇၅ ကြိမ် ရှိကာ ချိတ်ပိတ်ခံရသော NLD ပါတီဝင် အိမ် ၅၇ လုံးရှိသည်ဟု ဆိုသည်။
နစက စစ်ကောင်စီ အာဏာသိမ်းလိုက်ခြင်းဖြင့် ပြည်ခိုင်ဖြိုးပါတီ လက်ထက်က ပြုလုပ်ခဲ့သော အခင်းအကျင်းအားလည်း ဖျက်ဆီးပစ်လိုက်သည်။
နစက စစ်ကောင်စီ အာဏာသိမ်းလိုက်ခြင်းဖြင့် ပြည်ခိုင်ဖြိုးပါတီ လက်ထက်က ပြုလုပ်ခဲ့သော အခင်းအကျင်းအားလည်း ဖျက်ဆီးပစ်လိုက်သည်။ အတိုက်အခံနိုင်ငံရေးပါတီများ ထူထောင်ခွင့်၊ သတင်းလွတ်လပ်ခွင့်များကို ဖျက်ဆီးပစ်ခဲ့သည်။ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ရပ်တန့်သွားခဲ့သည်။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်သွားပြီး ရှိပြီးသားများ ပြန်ထွက်သွားသည်။ နိုင်ငံတကာ ပိတ်ဆို့မှုများ ပိုတိုးလာသည်။ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ဆိုသည်လည်း မြောင်းထဲရောက်သွားပြီး လူထုက စစ်တပ်ကို ခါးခါးသီးသီး မုန်းတီးသွားသည်။ ထို့ပြင် နစက ကောင်စီသည် တနှစ်နီးပါးကြာသည်အထိ ဒေသတွင်း အာစီယံတွင်လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂတွင်လည်းကောင်း တရားဝင်မှု မရခဲ့ပေ။

ထိုသို့သော အခြေအနေများအောက် သမိုင်းတလျှောက်တွင် မြန်မာစစ်တပ်သည် ပြည်သူလူထု၏ ဆန္ဒအား မျက်ကွယ်ပြုကာ အာဏာရှင်စနစ်ကို ကျင့်သုံးခဲ့သည်ကို တွေ့မြင်နိုင်သည်။ ယခုလည်း နစက စစ်ကောင်စီသည် ၎င်းအားဆန့်ကျင်သည့် လူထုနှင့် တွေ့ဆုံဆွေးနွေးရန် ဆန္ဒမရှိဘဲ အင်အားသုံး အနိုင်ယူနိုင်ရန်သာ ကြိုးစားနေသည်ကို တွေ့ရသည်။
အစောပိုင်းကာလက NLD ပါတီအား ဖျက်သိမ်းရန် လေသံပစ်ခဲ့သော်လည်း တရုတ်၏ သဘောထားကြောင့် လေသံလျော့သွားသည်။ NLD အဓိက ခေါင်းဆောင်ပိုင်းအား နှိပ်ကွပ်ပြီး ၎င်းတို့စိတ်ကြိုက်ဖြစ်မည့် NLD အချို့နှင့် ခရီးဆက်ရန် စဉ်းစားနေသော်လည်း NLD ပါတီဝင်အများစုနှင့် လူထုက လက်ခံဖွယ်မရှိပေ။ တဖက်ကလည်း စစ်တပ်အား ခါးခါးသီးသီးဖြစ်နေသော လူထုကလည်း စစ်ကောင်စီနှင့် ဆွေးနွေးညှိနိုင်းရန် သဘောထားမရှိပေ။
လက်ရှိ မြန်မာပြည်ပြဿနာ ဖြေရှင်းရန် မြန်မာပြည်ရှိ နိုင်ငံရေးအင်အားစု အားလုံး ပါဝင်ညှိနှိုင်းရေးသည်လည်းကောင်း၊ မြန်မာပြည်ပြဿနာကို ဖြေရှင်းရန် အာဏာသိမ်းစစ်တပ်ကို ထည့်သွင်း စဉ်းစားနေခြင်းသည်လည်းကောင်း မြန်မာပြည်ပြဿနာ၏ အဖြေမဟုတ်ပေ။
ဤသို့သော အခြေအနေအောက်တွင် လက်ရှိမြန်မာပြည် အခြေအနေအား ညှိနှိုင်းဆွေး နွေးဖြေရှင်းရန် ဆိုသည်မှာ လက်တွေ့မကျသကဲ့သို့ ဖြစ်နိုင်ခြေ မရှိသလောက် ဖြစ်နေသည်။ သို့ဖြစ်ရာ လက်ရှိ မြန်မာပြည်ပြဿနာ ဖြေရှင်းရန် မြန်မာပြည်ရှိ နိုင်ငံရေးအင်အားစု အားလုံး ပါဝင်ညှိနှိုင်းရေးသည်လည်းကောင်း၊ မြန်မာပြည်ပြဿနာကို ဖြေရှင်းရန် အာဏာသိမ်းစစ်တပ်ကို ထည့်သွင်း စဉ်းစားနေခြင်းသည်လည်းကောင်း မြန်မာပြည်ပြဿနာ၏ အဖြေမဟုတ်ပေ။
မြန်မာစစ်တပ်ကိုယ်နှိုက်ကိုက တွေ့ဆုံဆွေးနွေးအဖြေရှာရန် သဘောထားမရှိဘဲ အင်အားသုံး အနိုင်ယူရန် ကြိုးစားနေသည်ကို သမိုင်းတလျှောက် တွေ့ခဲ့ရသကဲ့သို့ ယခုလည်း ဤသို့ပြုမူနေသည်ကို ရှင်းလင်းစွာ တွေ့မြင်နိုင်သည်။ မြန်မာစစ်တပ် ရှိနေသရွေ့ မြန်မာ့နိုင်ငံရေး မတည်မငြိမ်ဖြစ်နေပြီး ဒေသတွင်းပါ ရိုက်ခတ်နေလိမ့်မည် ဖြစ်သည်ကို ယခင်သမိုင်းကာလများက တွေ့ခဲ့ရသကဲ့သို့ ယခုကာလတွင်လည်း ထင်ထင်ရှားရှားမြင်နေရသည်ကို သတိပြုရန် လိုအပ်ပေသည်။
ဆက်လက်ဖော်ပြပါမည်
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦးဖြစ်သည်။)
You may also like these stories:
လျှော့မတွက်သော်လည်း အထင်ကြီးစရာ မရှိသော မြန်မာစစ်တပ် (အပိုင်း ၁)
တနိုင်ငံလုံးက မြန်မာစစ်တပ်ကို မုန်းနေကြတာ
မြန်မာ့ပြည်တွင်းစစ်တွင် မည်သူနိုင်ခြေများသနည်း
ဆယ်စုနှစ်အတွင်း မြန်မာ့လူ့အဖွဲ့အစည်း ပြောင်းလဲသွားပြီးပြီ