မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လူမျိုးများအရေး
မြန်မာပြည်တွင် တိုင်းရင်းသား လူမျိုးများအရေး၊ ပြည်နယ်များအရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အရေးသည် လွတ်လပ်ရေး ရပြီးကတည်းက ယနေ့တိုင် အနှစ် ၇၀ ကျော် ဖြေရှင်း၍ မရသေးသည့် ပြဿနာတရပ် ဖြစ်သည်။ အဆိုပါပြဿနာသည် တပြည်လုံး အတိုင်းအတာအရ သေးငယ်သော ပြဿနာ မဟုတ်ဘဲ အလွန်ကြီးမားသော ပြဿနာဖြစ်သည်။
နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်း၍မရဘဲ လက်နက်ကိုင်၍ စစ်ပွဲနှင့်ဖြေရှင်းနေသော ပြဿနာကြီးဖြစ်သည်။ ပြည်တွင်းစစ် ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်သည့်ပြဿနာလည်း ဖြစ်သည်။ လွတ်လပ်ရေး ရကတည်းက လက်နက်စွဲကိုင်၍ တိုက်ပွဲဝင်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရှိသကဲ့သို့ နှစ်ပေါင်းများစွာ မဖြေရှင်းနိုင်၍ လက်နက်ကိုင်အဖွဲ့အသစ်များ ထပ်မံပေါ်ပေါက်လာနေသည်ကိုလည်း တွေ့နေရပေသည်။ သို့ဖြစ်ရာ မြန်မာပြည် တိုင်းရင်းသားလူမျိုးများ ပြဿနာသည် မြန်မာပြည်ပြည်တွင်းစစ် ပြဿနာလည်း ဖြစ်နေသည်။
တောင်တန်းနှင့်ပြည်မ အတူတကွ လွတ်လပ်ရေး ရယူမည်ဆိုပြီး တောင်တန်းဒေသ ခေါင်းဆောင်များနှင့် ပြည်မခေါင်းဆောင်များ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြသော်လည်း ယနေ့တိုင် ထိုစာချုပ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်နေဆဲဖြစ်သည်။
ထိုစာချုပ်ပါ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ခွဲထွက်ခွင့်တို့ကို အကောင်အထည်ဖော်ရန် အဓိက ဟန့်တား တားဆီးနေသူမှာ မြန်မာစစ်တပ်ဖြစ်သည်။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဖက်ဒရယ်အခွင့်အရေးများနှင့် ပတ်သက်၍ အနှစ်သာရအားဖြင့် ဆန့်ကျင်နေသည်မှာ မြန်မာစစ်တပ်ဖြစ်သည်။
တောင်တန်းနှင့်ပြည်မ အတူတကွ လွတ်လပ်ရေး ရယူမည်ဆိုပြီး တောင်တန်းဒေသ ခေါင်းဆောင်များနှင့် ပြည်မခေါင်းဆောင်များ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြသော်လည်း ယနေ့တိုင် ထိုစာချုပ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်နေဆဲဖြစ်သည်။
တကယ်တမ်းအားဖြင့် ၁၉၄၇ ပင်လုံ သဘောတူညီချက်တွင် မည်သို့ဆိုစေကာမူ လွတ်လပ်ရေး ရပြီးကတည်းက မြန်မာပြည်အား တပြည်ထောင်စနစ်နှင့် အုပ်ချုပ်ခဲ့သည်။ တိုင်းရင်းသားလူမျိုးများ၊ ပြည်နယ်များက ၎င်းတို့၏ ဖက်ဒရယ်အခွင့်အရေးအား ကျယ်ကျယ်လောင်လောင် စုစုစည်းစည်း တောင်းဆိုလာကြသောအခါ ပြည်ထောင်စုကြီး ပြိုကွဲတော့မည်၊ တိုင်းပြည် ချောက်ထဲကျရန် လက်နှစ်လုံးသာလိုတော့သည်ဆိုကာ ၁၉၆၂ တွင် အာဏာသိမ်းပြီး မြန်မာပြည်အား ချောက်ထဲဆွဲချသွားသည်မှာ မြန်မာစစ်တပ်ဖြစ်သည်ကို တွေ့ခဲ့ရပြီဖြစ်သည်။
၁၉၆၂ ခုနှစ်မှစ၍ တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို ဖော်ညွှန်းသည့် “ဖက်ဒရယ်” ဆိုသော ဝေါဟာရကို ပြည်ထောင်စုအား ဖြိုခွဲသည့် ဝေါဟာရအဖြစ် ရည်ညွှန်းပြီး နှစ်ပေါင်း ၅၀ ကျော်ကြာအောင် ယင်းဝေါဟာရအား မြန်မာပြည်တွင် သုံးစွဲခွင့်မပြုဘဲ ပိတ်ပင်ထားခဲ့သည်။
ဖဆပလ အစိုးရခေတ်ကတည်းက မြန်မာပြည်သည် တပြည်ထောင်စနစ်ဖြစ်နေသည်ဟု ဆိုသော်လည်း ဖဆပလ အစိုးရခေတ်က တိုင်းရင်းသားလူမျိုးများ၊ ပြည်နယ်များတွင် တစုံတရာ လွတ်လပ်ခွင့်ရှိသေးသည်။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက အလုံးစုံ ဗဟိုဦးစီးစနစ် ဖြစ်သွားခဲ့သည်။ အာဏာအားလုံးသည် ဗဟိုအစိုးရထံသို့ အကြွင်းမဲ့ ရောက်ရှိသွားတော့သည်။ ပြည်နယ်များသို့ အာဏာခွဲဝေမရှိဘဲ ဗဟိုအစိုးရက အလုံးစုံချုပ်ကိုင်သည်။
သို့သော် မြန်မာစစ်တပ်က ပြည်ထောင်စုဆိုသည့် လေလုံးတော့ မလျှော့ခဲ့ပေ။ ပြည်ထောင်စုနေ့တွင် တိုင်းရင်းသားဝတ်စုံများ ဝတ်၍ ကကြခုန်ကြသည်ကိုပင် ပြည်ထောင်စုကြီးဟု ဖော်ညွှန်း၍ နေပေတော့သည်။ မဆလခေတ်နောက် နဝတ / နအဖ ခေတ်မှသည် ယနေ့တိုင် မြန်မာစစ်တပ်သည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူ၍ ကြွေးကြော်ကာ တဖက်ကလည်း အာဏာကို ဗဟိုအစိုးရမှ အကြွင်းမဲ့ ချုပ်ကိုင်ထားလျက်ရှိပေသည်။ အာဏာခွဲဝေရေး ဆိုသည်ကို မျက်ကွယ်ပြုထားခဲ့သည်။
သို့ဖြစ်ရာ မြန်မာစစ်တပ်၏ ပြည်ထောင်စုဆိုသည်မှာ အဘယ်နည်းဟု ဆန်းစစ်ရန်လိုသည်။ တကယ်တမ်း မြန်မာစစ်တပ် လိုလားသည့် ပြည်ထောင်စုဆိုသည်မှာ ခေတ်သစ် ဗမာပဒေသရာဇ် နိုင်ငံတော်သာဖြစ်သည်။ ပထမ၊ ဒုတိယ၊ တတိယ ပဒေသရာဇ်နိုင်ငံတော်များကဲ့သို့ စတုတ္ထ ပဒေသရာဇ်နိုင်ငံတော် ထူထောင်ရန် ကြိုးစားလုပ်ဆောင်နေခြင်းဖြစ်သည်။ ဗမာလူမျိုးကြီးဝါဒနှင့်အတူ ဗဟိုမှ အကြွင်းမဲ့ချုပ်ကိုင်သည့် နိုင်ငံတော်တရပ်ကို ထူထောင်နေခြင်းသာဖြစ်သည်။
မဆလ ခေတ်က မြန်မာနည်း မြန်မာ့ဟန် ဆိုရှယ်လစ်ဝါဒ၊ အညမည သဘောတရား စသည့် နိုင်ငံရေးလမ်းညွှန်မှုများ ရှိနေသေးသော်လည်း ၁၉၈၈ မဆလခေတ် ပျက်ပြီးနောက် နဝတ / နအဖ ခေတ်မှသည် ယနေ့တိုင်အောင် အမျိုးဘာသာ သာသနာ ဆိုသည်က ထိပ်ရောက်လာပြီး မြန်မာစစ်တပ်၏ လမ်းညွှန်မှု ဖြစ်ခဲ့သည်။ လက်ရှိ နေပြည်တော်နှင့် DSA စစ်ကျောင်းတို့တွင် စိုက်ထူထားသည့် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား ရုပ်ထုကြီးများသည် ၎င်းတို့၏ ဗမာပဒေသရာဇ်နိုင်ငံတော် အိပ်မက်ကို ဖော်ညွှန်းနေသည်။ တိုင်းရင်းသားလူမျိုးများ လိုလားသည့် ဖက်ဒရယ်လမ်းကြောင်းနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပေတော့ရာ လက်ရှိ မြန်မာပြည်၏ တိုင်းရင်းသားလူမျိုးများအရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို မဖြေရှင်းနိုင်သည့် အဓိကအကြောင်းရင်း ဖြစ်နေပေတော့သည်။
၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက အလုံးစုံ ဗဟိုဦးစီးစနစ် ဖြစ်သွားခဲ့သည်။ အာဏာအားလုံးသည် ဗဟိုအစိုးရထံသို့ အကြွင်းမဲ့ ရောက်ရှိသွားတော့သည်။ ပြည်နယ်များသို့ အာဏာခွဲဝေမရှိဘဲ ဗဟိုအစိုးရက အလုံးစုံချုပ်ကိုင်သည်။
ထို့အပြင် မြန်မာစစ်တပ်သည် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးတောင်းဆိုမှုအား ဆွေးနွေးဖြေရှင်းခြင်း၊ ဥပဒေအရ သတ်မှတ်ပေးခြင်းထက် စစ်အင်အားသုံး ဖြေရှင်းရန်၊ သပ်လျှိုဖြိုခွဲရန်၊ စီးပွားရေးမက်လုံးပေး ဖြိုခွဲရန်၊ ၎င်းတို့ လက်အောက်ခံအဖြစ် ထားရှိရန်သာ အစဉ်တစိုက် ကြိုးပမ်းခဲ့သည်ကို တွေ့ရသည်။ အစောပိုင်းကာလက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား ကရင်သောင်းကျန်းသူ၊ ကချင်သောင်းကျန်းသူဟူ၍ လူမျိုးအမည်တပ်ကာ သုံးစွဲခဲ့သည်ကို တွေ့ရသည်။
အများဝေဖန်ကြ၍ ယခုတွင်မူ အဖွဲ့အမည် တပ်၍ KNU သောင်းကျန်းသူ၊ KIA သောင်းကျန်းသူဟု ပြောင်းလဲသုံးစွဲသည်။ ယခု နိုင်ငံတကာတွင် အကြမ်းဖက်ဆန့်ကျင်ရေး ခေတ်စားနေချိန်တွင် အကြမ်းဖက်အဖွဲ့များဟု ခေါ်ဆိုသည်။ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဖြစ်ပွားနေသော ကြာမြင့်သည့်စစ်ပွဲကို ပြည်တွင်းစစ်ဟု မခေါ်ဆိုဘဲ သောင်းကျန်းသူ / အကြမ်းဖက်နှိမ်နင်းရေး စစ်ပွဲဟုခေါ်ဆိုသည်။
ထို့အပြင် စစ်ပွဲကြောင့် အတိဒုက္ခရောက်သူ ပြည်သူမျာအား စစ်ဘေးဒုက္ခသည်ဟု ခေါ်သည်ကို စစ်ဘေးရှောင်ဟု ပြောင်းခေါ်သည်။ မြန်မာဝေါဟာရတွင် ရေဘေး၊ လေဘေး၊ မီးဘေး၊ စစ်ဘေးကြောင့် ဒုက္ခရောက်သူများကို ရေဘေး / လေဘေး / မီးဘေး / စစ်ဘေးဒုက္ခသည်ဟု ခေါ်ဆိုခဲ့ကြသည်ကိုပင် အတင်းပြောင်းလဲ ခေါ်ဆိုသည်ကို တွေ့ရသည်။ ဤသည်ပင်လျင် မြန်မာစစ်တပ်သည် လက်တွေ့မြေပြင်အခြေအနေအပေါ် ငြင်းပယ်လှည့်စားရန် ကြံရွယ်သည်ကို တွေ့မြင်နိုင်သည်။
၁၉၈၉ မှစ၍ တိုင်းရင်းသားလူမျိုး လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်ခြင်းသည်ပင် ပြည်တွင်းပြည်ပ နိုင်ငံရေးအကျပ်အတည်းကြောင့် ဖြစ်သည်ကို တွေ့မြင်နိုင်သည်။ ယခင်က မြန်မာစစ်တပ် ခါးခါးသီး ငြင်းဆန်ခဲ့သည့် ပါတီအဖွဲ့အစည်းတည်ရှိခွင့်၊ လက်နက်ကိုင်တပ် တည်ရှိခွင့်နှင့် ဒေသထိန်းချုပ်ခွင့်တို့ကို အသိမှတ်ပြုပြီး အပစ်ရပ်ခဲ့ခြင်းဖြစ်သည်။
သို့သော် တဖက်ကလည်း ပြည်မနိုင်ငံရေး အင်အားစုများကို လက်ခံထားသည့် KNU အား စစ်ရေးအရ ဖိတိုက်သည်ကို တွေ့မြင်နိုင်သည်။ တိုင်းရင်းသားအဖွဲ့များနှင့် အပစ်ရပ်ထားသည့် ၁၉၈၉ ခုနှစ်မှ ၂၀၀၉ ခုနှစ်ကြား အနှစ် ၂၀ ကြာကာလတွင် တိုင်းရင်းသားလူမျိုးများနှင့် မည်သည့်နိုင်ငံရေးမှ မဆွေးနွေးဘဲ နောင်တက်လာသည့် အရပ်သားအစိုးရနှင့် ဆွေးနွေးပါဟု အချိုသပ်ထားခဲ့သည်။
ထိုကာလတွင် ရှမ်းအရှေ့ ထိုင်းနယ်စပ်တလျှောက် ၁၉၅၈ ခုနှစ်ကတည်းက ရှမ်းလက်နက်ကိုင်များ အခြေချလာသည့်နေရာကို ရင်ဆိုင်ရန် “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကို ဆွဲသွင်းသည့်အပြင် ‘ဝ’ လူမျိုး တသိန်းခန့်အား အခြေချနေထိုင်ခွင့်အား မြန်မာစစ်တပ်က ခွင့်ပြုခဲ့ရာ ၁၉၉၉ / ၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင် ‘ဝ’ လူမျိုးများ ပြောင်းရွှေ့အခြေချခဲ့သည်။ တိုင်းရင်းသားလူမျိုးပြဿနာ၊ ပြည်နယ်ပြဿနာတွင် ဖြေရှင်းရန်ခက်ခဲသော ပြဿနာတခု ထပ်မံတိုးလာခဲ့သည်။ တဖက်ကလည်း အင်အားချည့်နဲ့လာသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ဖြစ်သည့် ပလောင်ပြည် လွတ်မြောက်ရေးအဖွဲ့ (PSLO)၊ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တို့ကို ၂၀၀၅ ခုနှစ်တွင် ဖိအားပေးပြီး လက်နက်ချခိုင်းခဲ့သည်။
မြန်မာစစ်တပ်က ပြည်ထောင်စုဆိုသည့် လေလုံးတော့ မလျှော့ခဲ့ပေ။ ပြည်ထောင်စုနေ့တွင် တိုင်းရင်းသားဝတ်စုံများ ဝတ်၍ ကကြခုန်ကြသည်ကိုပင် ပြည်ထောင်စုကြီးဟု ဖော်ညွှန်း၍ နေပေတော့သည်။
မြန်မာစစ်တပ်သည် ၁၉၉၃ ခုနှစ်မှ စတင်သည့် အမျိုးသားညီလာခံဆိုသည်တွင် အပစ်ရပ်ထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို တက်ရောက်ခွင့် ပြုခဲ့သော်လည်း တိုင်းရင်းသားအဖွဲ့များ တင်ပြသည့် တိုင်းရင်းသားအရေး ကိစ္စရပ်များအား ပယ်ချပြီး ၎င်းတို့ စိတ်ကြိုက် ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဌာန်းခဲ့သည်။ မည်သည့်ဆွေးနွေးညှိနှိုင်းမှုမှ မပြုလုပ်ခဲ့ပေ။ နောက်ပိုင်းကာလများတွင် ၂၀၀၈ အခြေခံဥပဒေ၌ ဖက်ဒရယ်အခြေခံများ ပါဝင်ပါသည်ဟု မြန်မာစစ်တပ်က သူ၏လော်ဘီများမှတဆင့် ပြောဆိုမှုများရှိသော်လည်း တကယ်တမ်းအားဖြင့် ၂၀၀၈ အခြေခံဥပဒေသည် ဗဟိုအစိုးရက ချုပ်ကိုင်ထားသည့် တပြည်ထောင်စနစ်ပေါ်တွင် အခြေခံ၍ရေးဆွဲထားသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။
၂၀၀၈ အခြေခံဥပဒေတွင် ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရများ ပါဝင်လာသော်လည်း ပြည်နယ်လွှတ်တော်သည် ပြည်နယ်အစိုးရကို တင်မြှောက်ခွင့်မရှိဘဲ ပြည်ထောင်စုအစိုးရ သမ္မတက တိုက်ရိုက်ခန့်ထားသည်။ ပြည်နယ်အစိုးရသည် သမ္မတကို ကိုယ်စားပြုသည်။ ပြည်နယ်လွှတ်တော်အား ကိုယ်စားမပြုပေ။ ပြည်နယ်လွှတ်တော်များမှာလည်း အရေးပါသော ဥပဒေများကို ပြဌာန်းခွင့်မရှိပေ။ ပြည်နယ်များ၏ သယံဇာတ ထုတ်လုပ်မှု၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေး ဘက်စုံသည် ပြည်ထောင်စုအစိုးရ၏ ထိန်းချုပ်ကွပ်ကဲမှု အောက်တွင်သာရှိသည့် တပြည်ထောင်စနစ်သာ ဖြစ်သည်။ သို့ဖြစ်ရာ တိုင်းရင်းသားတို့ ကျေလည်မှု မရှိကြပေ။
မြန်မာစစ်တပ်သည် တိုင်းရင်းသားပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းမှုမပြုဘဲ တဖက်တွင် တိုင်းရင်းသားအဖွဲ့များအား စီးပွားရေး အခွင့်အလမ်းများပေး၍လည်းကောင်း၊ ဘာသာရေးအရလည်းကောင်း၊ လူမျိုးရေးပဋိပက္ခ ဖန်တီး၍လည်းကောင်း ဖြိုခွဲသိမ်းသွင်းရန်သာ ကြိုးစားခဲ့သည်။ ၂၀၀၈ အခြေခံဥပဒေ ပြဌာန်းပြီး ၂၀၀၉ ခုနှစ်တွင် နိုင်ငံရေးကိစ္စရပ်များကို အရပ်သားအစိုးရနှင့် ဆွေးနွေးဖြေရှင်းပါဆိုသည့် ၎င်းတို့ပေးထားသော ကတိကဝတ်အား မြန်မာစစ်တပ်က ဖောက်ဖျက်ပြီး တိုင်းရင်းသားအဖွဲ့များအား မြန်မာစစ်တပ်က ချုပ်ကိုင်ထားသည့် နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ် ခေါင်းစဉ်များအောက်သို့ ဆွဲသွင်းရန် ဖိအားပေးခဲ့သည်။ အင်အားနည်းသော၊ ရပ်တည်ရန်ခက်ခဲသော အဖွဲ့များ ၎င်းတို့အောက်သို့ ရောက်သွားသော်လည်း အင်အားကောင်းသော၊ ရပ်တည်ချက်ခိုင်မာသော အဖွဲ့များက လက်မခံသဖြင့် ၂၀၁၀ / ၂၀၁၁ တွင် တင်းမာမှုများဖြစ်ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှစ၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းမည်ဟု ဆိုခဲ့သည်။ ထိုကာလတွင် စတင်ဖွဲ့စည်းပြီး အင်အားနည်းနေသေးသော မြောက်ပိုင်း ၃ ဖွဲ့အား တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးရာတွင် မြန်မာစစ်တပ်က လက်မခံ၊ ထိုသုံးဖွဲ့နှင့် ရှမ်းမြောက်ရှိ KIA တပ်ဖွဲ့များ လက်နက်အပ်ရန် တောင်းဆိုရာမှ မြောက်ပိုင်းအဖွဲ့များ NCA လက်မှတ်ရေးထိုးရာတွင် မပါဝင်ခဲ့ပေ။ တိုက်ပွဲများဆက်လက်ဖြစ်ပွါးသည်။ သို့သော် လက်နက်ကိုင် အင်အားတောင့်တင်းပြီး မိမိဒေသကို ချုပ်ကိုင်ထားနိုင်သည့် UWSA ‘ဝ’ နှင့် NDAA မိုင်းလားတို့ကိုမူ ထိပါးမှု မပြုဘဲ ပိတ်ဆို့ကန့်သတ်မှုသာ ပြုလုပ်ခဲ့သည်။
NCA အရ ဆွေးနွေးသော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (ဝါ) ပင်လုံညီလာခံ ကာလအတွင်းလည်း မြန်မာစစ်တပ်သည် တင်းမာသော သဘောထားများကို ပြသခဲ့သည်။ လက်နက်နှင့် နယ်မြေမရှိသော NCA ထိုးထားသည့်အဖွဲ့ ကိုယ်စားလှယ်အား “မင်းတို့မှာ ဘာတပ်၊ ဘာနယ်မြေရှိလို့ ဝင်ပြောနေတာလဲ” ဟု ခပ်ရိုင်းရိုင်း တားမြစ်ခဲ့သည်ကို တွေ့ရသည်။ ဆွေးနွေးပွဲများတွင် “ကျုပ်တို့စစ်တပ်ရဲ့ သဘောထားက ဒါပဲ” ဟုဆိုကာ အလျှော့အတင်းနှင့် ဆွေးနွေးမှုမရှိဘဲ မြန်မာစစ်တပ်၏ သဘောထားကိုသာ လိုက်နာလက်ခံရန် ဖိအားပေးသည်ကို တွေ့ရသည်။
မြန်မာစစ်တပ်သည် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးတောင်းဆိုမှုအား ဆွေးနွေးဖြေရှင်းခြင်း၊ ဥပဒေအရ သတ်မှတ်ပေးခြင်းထက် စစ်အင်အားသုံး ဖြေရှင်းရန်၊ သပ်လျှိုဖြိုခွဲရန်၊ စီးပွားရေးမက်လုံးပေး ဖြိုခွဲရန်၊ ၎င်းတို့ လက်အောက်ခံအဖြစ် ထားရှိရန်သာ အစဉ်တစိုက် ကြိုးပမ်းခဲ့သည်ကို တွေ့ရသည်။
ထို့အပြင် ညီလာခံ ဆွေးနွေးပွဲ တလျှောက်လုံး ရွေးကောက်ခံအစိုးရ၏ သဘောထားထက် မြန်မာစစ်တပ်၏ သဘောထားက အဓိကအဆုံးအဖြတ်ဆိုသည်ကို ရှင်းရှင်းလင်းပြသခဲ့သည်။ သို့သော်လည်း အင်အားရှိသော UWSA အဖွဲ့က ညီလာခံမှထွက်သည်ကိုတော့ လိုက်လံချော့မော့ခဲ့သည်ကို အများတွေ့ခဲ့ရသည်။
ထို့ကြောင့်လည်း အဆိုပါညီလာခံအတွင်း လက်နက်ရှိမှ လူရာဝင်သည်ဆိုသော စကားက ရေပန်းစားခဲ့သည်။ တိုင်းရင်းသားများအဖို့ မိမိတို့ တိုင်းရင်းသားပြည်နယ် အခွင့်အရေး ရရှိရန် လက်နက်ကိုင်အင်အား တောင့်တင်းရန် လိုသည်။ သို့မှသာ ‘ဝ’ ဒေသကဲ့သို့ မိမိဒေသကို မိမိအုပ်ချုပ်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ရန် လက်နက်ကိုင်အင်အား တည်ဆောက်မှရမည်၊ လက်နက်ကိုင် တိုက်မှရမည်ဟု ပိုမိုထင်ရှားစေခဲ့သည်။ ဤသည်မှာလည်း မြန်မာစစ်တပ်က အင်အားအပေါ် အခြေပြု၍ ပြဿနာကို ချဉ်းကပ်သည့်အတွက် မြန်မာစစ်တပ်က တွန်းပို့လိုက်သည့် ရလဒ်ဖြစ်သည်။
ထို့ကြောင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲကာလ ၁၀ နှစ်အတွင်း နိုင်ငံရေးသဘောတူညီချက် လောက်လောက်လားလား မရခဲ့၊ ရခဲ့သည်များမှာလည်း အကောင်အထည် မပေါ်ခဲ့သည့်အပြင် တိုင်းရင်းသား လက်နက်ကိုင်အင်အား ၅၀,၀၀၀ ခန့် တိုးလာသည်ကို တွေ့ခဲ့ရတော့သည်။
ထို့အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ‘ဝ’၊ မိုင်းလား၊ ရှမ်း၊ ကိုးကန့်၊ တအာင်းပလောင်၊ ရခိုင်ဒေသနှင့် ထိုဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များသာမက ကချင်၊ ချင်း၊ ကယား၊ ကရင်၊ မွန် ဒေသနှင့် ထိုဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အင်အား အဆမတန် တိုးတက်များပြားလာသည်ကို တွေ့ရသည်။
လက်နက်နှင့် နယ်မြေမရှိသော NCA ထိုးထားသည့်အဖွဲ့ ကိုယ်စားလှယ်အား “မင်းတို့မှာ ဘာတပ်၊ ဘာနယ်မြေရှိလို့ ဝင်ပြောနေတာလဲ” ဟု ခပ်ရိုင်းရိုင်း တားမြစ်ခဲ့သည်ကို တွေ့ရသည်။
ပြည်မရှိ ခုခံရေးတပ်ဖွဲ့ PDF များကလည်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပူးပေါင်းကြသည့်အပြင် ပြည်မ လူထုကလည်း မြန်မာစစ်တပ်ကို တိုက်ခိုက်သည့် တိုင်းရင်းသား လက်နက်ကိုင်များကို အားတက်သရော ထောက်ခံအားပေး ကူညီကြသည့် အခြေအနေသစ်တခုကို တွေ့မြင်ရသည်။ ထိုအခြေအနေသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအတွက် နိုင်ငံရေးအရ ကြီးမားသည့်ခွန်အား ဖြစ်စေခဲ့သည်။ အခွင့်အလမ်းကောင်းလည်း ဖြစ်ခဲ့သည်။
ချုပ်၍ဆိုရလျင် မြန်မာစစ်တပ်သည် ပြည်ထောင်စုဟု ဆိုနေသော်လည်း လက်တွေ့တွင် တပြည်ထောင်စနစ်ဖြင့် ဗမာပဒေသရာဇ်နိုင်ငံတော်ကို ထူထောင်နေသည်။ တိုင်းရင်းသားပြဿနာကို ဆွေးနွေးဖြေရှင်းလိုခြင်း မရှိဘဲ အင်အားသုံး၍သာ ဖြေရှင်းသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ ယခင်ကာလ တလျှောက်လုံးတွင်လည်းကောင်း၊ ယခုကာလတွင်လည်းကောင်း မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကြား စစ်ပွဲသည် ကြာလေပြင်းထန်လေဖြစ်မည်ကို တွေ့မြင်နေရသည်။ ဤသို့သော အခြေအနေအောက်တွင် မြန်မာစစ်တပ်သည် မြန်မာပြည် တည်ငြိမ်ရေးကို ထိန်းထားနိုင်သည့် အခြေအနေတွင်မရှိဘဲ မြန်မာပြည်တွင်း၌ ပိုမို၍ မငြိမ်မသက်မှုများကိုသာ ပေးမည်ဆိုသည်ကို တွေ့ရပေသည်။
ဆက်လက်ဖော်ပြပါမည်
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦးဖြစ်သည်။)
လျှော့မတွက်သော်လည်း အထင်ကြီးစရာ မရှိသော မြန်မာစစ်တပ် (အပိုင်း ၁)
လျှော့မတွက်သော်လည်း အထင်ကြီးစရာ မရှိသော မြန်မာစစ်တပ် (အပိုင်း ၂)
တနိုင်ငံလုံးက မြန်မာစစ်တပ်ကို မုန်းနေကြတာ
မြန်မာ့ပြည်တွင်းစစ်တွင် မည်သူနိုင်ခြေများသနည်း