လျှော့မတွက်သော်လည်း အထင်ကြီးစရာ မရှိသော မြန်မာစစ်တပ် (အပိုင်း ၄)
မြန်မာစစ်တပ်နှင့် လက်ရှိစစ်ရေးစွမ်းရည်
မြန်မာစစ်တပ်နှင့် ပတ်သက်၍ စာရွက်ပေါ်မှ ကိန်းဂဏန်းများ၊ ၎င်းတို့ပိုင်ဆိုင်သော စစ်လက်နက်ခဲယမ်း၊ ယန္တယားများကို ကြည့်ပါက အလွန်အထင်ကြီးစရာ ကောင်းပေလိမ့်မည်။ ကိန်းဂဏန်းများအရ မြန်မာစစ်တပ်ကြည်းတပ်သည် စစ်သည်အင်အား ၅ သိန်းနီးပါးခန့်ရှိပြီး ခေတ်မီ ချေမှုန်းရေး လက်နက်များကိုင်ဆောင်ထားသည့်အပြင် ၁၀၅ မမ၊ ၁၂၀ မမ၊ ၁၂၂ မမ၊ ၁၅၅ မမ လက်နက်ကြီးများ၊ အတွဲလိုက်ပစ်သည့် ဒုံးများ၊ သံချပ်ကာနှင့် တင့်ကားများပိုင်ဆိုင်ထားသည်။
စစ်တိုင်း ၁၄ ခု၊ တပ်မ ၁၀ ခု၊ စကခ ၂၀ ခုအပါ ခြေလျင် ခြေမြန် တပ်ရင်း ၅၃၄ ရင်းခန့်ရှိသည်။ လေတပ်တွင် စစ်သည်အင်အား ၂၃,၀၀၀ ခန့်ရှိပြီး လေယဉ်မျိုးစုံ ၁၄၈ စင်း၊ ရဟတ်ယဉ် ၈၃ စင်းရှိသည်။ ရေတပ်တွင် စစ်အင်အား ၁၉,၀၀၀ ခန့်ရှိပြီး စစ်ရေယဉ်မျိုးစုံ ၁၂၂ စီးရှိသည်ဟု ဆိုသည်။
မြန်မာစစ်တပ်သည် ကမ္ဘာ့နိုင်ငံ ၁၄၀ တွင် အဆင့် ၃၈ ရှိပြီး အရှေ့တောင်အာရှတွင် အဆင့် ၄ ရှိသည်။ စစ်သည်အင်အားအရဆိုလျှင် အရှေ့တောင်အာရှ၌ ဗီယက်နမ်ပြီးနောက် ဒုတိယနေရာတွင်ရှိပြီး ကိုယ်ပိုင်စစ်လက်နက်ခဲယမ်း ထုတ်လုပ်မှုတွင် အရှေ့တောင်အာရှ၌ အမြင့်ဆုံးဖြစ်သည်။
စီးပွားရေးလုပ်ငန်းကြီးပေါင်း ၁၂၀ ခန့်ပါဝင်သည့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းရှိသည်။ ထို့အပြင် မြန်မာစစ်တပ်၏ ကွပ်ကဲမှုအောက်တွင် အင်အား ၈၀,၀၀၀ ကျော်ရှိ ရဲအင်အားများရှိသည်။ ထို့ပြင် နယ်ခြားစောင့်တပ်ရင်း ၂၃ ရင်းနှင့် ပြည်သူ့စစ် သောင်းဂဏန်းအချို့ရှိသည်။
သို့ဖြစ်ရာ အထက်တွင် ဖော်ပြထားသကဲ့သို့ ကိန်းဂဏန်းနှင့် ခေတ်မီရုပ်ဝတ္ထုပစ္စည်းများ သက်သက်သာကြည့်လျှင် မြန်မာစစ်တပ်သည် အလွန်အထင်ကြီးစရာ ကောင်းပါသည်။ သို့သော် လက်ရှိ မြန်မာစစ်တပ်အခြေအနေကို အမှန်အတိုင်း သိနိုင်ရန် မြေပြင်အခြေအနေများနှင့် ပေါင်းစပ်သုံးသပ်ရန်လိုသည်။
တူမီးနှင့်လက်လုပ်မိုင်း တို့ကိုသာ အားပြုတိုက်ခိုက်နေရသည့်သူများအား အဘယ်ကြောင့် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများအပြင် လေကြောင်းစစ်ဆင်ရေးများ ပြုလုပ်နေရပါသနည်း။
ဤမျှ အင်အားတောင့်တင်းပါသည်ဆိုသည့် မြန်မာစစ်တပ်သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းနှင့် ကယား (ကရင်နီ) ပြည်နယ်များရှိ လက်နက်လည်းမပြည့်စုံ၊ လေ့ကျင့်သည်မှာလည်း လပိုင်းသာရှိသည့် PDF / CDF / KNDF များကို အဘယ်ကြောင့် အလွယ်တူ မတိုက်ခိုက်နိုင်ပါသနည်း။ တူမီးနှင့်လက်လုပ်မိုင်း တို့ကိုသာ အားပြုတိုက်ခိုက်နေရသည့်သူများအား အဘယ်ကြောင့် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများအပြင် လေကြောင်းစစ်ဆင်ရေးများ ပြုလုပ်နေရပါသနည်း။ ထိုသို့ အင်အားသုံး ပြုလုပ်နေသော်လည်း ခုခံတော်လှန်မှုများ ငြိမ်သက်မသွားဘဲ အဘယ်ကြောင့် ပိုတိုး၍လာရသနည်း ဆိုသည်ကို လေ့လာသုံးသပ်ရန် လိုအပ်ပါမည်။
မြန်မာစစ်တပ်၏ ပြောင်းလဲမှုများ
၁၉၄၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်ကြား အနှစ် ၄၀ ကြာ ဗိုလ်ချုပ်ကြီး နေဝင်း ခေါင်းဆောင်ခဲ့သည့် မြန်မာစစ်တပ်နှင့် ၁၉၈၈ ခုနှစ်မှ လက်ရှိ ၂၀၂၁ ခုနှစ်အကြား ၃၃ နှစ် တာကာလကြား ကွာခြားမှုကို နှိုင်းယှဉ်သုံးသပ်ရန် လိုသည်။
ဗိုလ်ချုပ်ကြီး နေဝင်းခေတ်ကတည်းက ဖြစ်လာသည့် အားနည်းချက်မှာ အာဏာကို ရေရှည်ဆုပ်ကိုင်လိုသူပီပီ အရည်အချင်းရှိသူများကို ဖယ်ရှားပြီး မိမိစကားနားထောင်မည့်သူများကို နေရာပေးခြင်း၊ ဆက်ခံသူအဖြစ် မွေးခြင်းဖြစ်သည်။
၁။ အဓိက ခေါင်းဆောင်မှုအရပြောလျှင် ဗိုလ်ချုပ်ကြီး နေဝင်းသည် နိုင်ငံရေးအရ အစဉ်အလာရှိသည်။ ဒို့ဗမာ အစည်းအရုံးဝင် သခင်တဦးဖြစ်သကဲ့သို့ မြန်မာစစ်တပ်စဖွဲ့သည့် ရဲဘော် သုံးကျိပ်တွင်လည်း ပါဝင်ခဲ့သည်။ သို့ဖြစ်ရာ မြန်မာစစ်တပ်တွင် သူ၏နိုင်ငံရေး၊ စစ်ရေး အစဉ်အလာဩဇာကိုသုံး၍ အုပ်ချုပ်နိုင်ခဲ့သည်။ သူသာ စည်းကမ်းဖောက်၍ အဂတိ လိုက်စားသော်လည်း သူ၏ စစ်တပ်ကိုမူ စည်းကမ်းနှင့်ကိုင်တွယ်ခဲ့သည်။ သို့သော် ဗိုလ်ချုပ်ကြီး နေဝင်းခေတ်ကတည်းက ဖြစ်လာသည့် အားနည်းချက်မှာ အာဏာကို ရေရှည်ဆုပ်ကိုင်လိုသူပီပီ အရည်အချင်းရှိသူများကို ဖယ်ရှားပြီး မိမိစကားနားထောင်မည့်သူများကို နေရာပေးခြင်း၊ ဆက်ခံသူအဖြစ် မွေးခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံရေး၊ စစ်ရေး အစဉ်အလာနှင့် ဩဇာရှိခဲ့သူမဟုတ်ဘဲ ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသူဖြစ်သည်။ သို့ဖြစ်ရာ တပ်တွင်း၌ သူ၏ဩဇာထူထောင်ရန် လက်အောက်ခံစစ်ဗိုလ်များကို စီးပွားရေးအခွင့်အလမ်းနှင့် လုပ်ပိုင်ခွင့်များပေးပြီး ကိုင်တွယ်ခဲ့သည်။ သို့ဖြစ်ရာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ်မှစ၍ မြန်မာစစ်ဗိုလ်ချုပ်များသည် ကိုယ်ကျိုးစီးပွား အကြီးအကျယ်ရှာပြီး သန်းကြွယ်သူဌေးများ ဖြစ်လာကြသည်။ သို့ဖြစ်ရာ တပ်၏အရာရှိ အဆင့်ဆင့်မျာလည်း ကိုယ်ကျိုးစီးပွားရှာသူ၊ ခေတ်စကားနှင့်ဆိုလျှင် ဂွင်ရှာသူများ ဖြစ်လာသည်။
စစ်တက္ကသိုလ်ရှိရာ မေမြို့တွင် အပြင်ထွက်ခွင့်ရ၍ မြို့ထဲရှိ စားသောက်ဆိုင်များသို့ ရောက်လာသော ဗိုလ်လောင်းများ စကားဝိုင်းတွင် ဘယ်ဝန်ကြီးဌာနက “ဂွင်” ကောင်းသည်၊ ငွေရှာ၍ ကောင်းသည်ကို အလုအယက် ပြောဆိုနေကြသည်ကို မြို့ခံများ မကြာချင်အဆုံး ဖြစ်နေတော့သည်။
၂။ ဗိုလ်ချုပ်ကြီး နေဝင်းကာလက မြန်မာစစ်တပ်တွင် အမှုထမ်းသည့် အရာရှိများမှာ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ ကွန်မြူနစ်ဆန့်ကျင်ရေး စိတ်ဓာတ်နှင့် စစ်သားစိတ်ဟုဆိုရမည့် တိုက်စိတ်ခိုက်စိတ်ရှိသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ်တွင် အရာရှိအဖြစ် တပ်ထဲဝင်သူများတွင် စစ်သားစိတ်၊ တိုက်စိတ်ခိုက်စိတ်ဖြင့် ဝင်သူထက် အခွင့်အလမ်းရှာသူများ (ဂွင်ရှာသူများ) ဗိုလ်သင်တန်းတွင် ပိုများလာသည်။ စစ်တက္ကသိုလ်ရှိရာ မေမြို့တွင် အပြင်ထွက်ခွင့်ရ၍ မြို့ထဲရှိ စားသောက်ဆိုင်များသို့ ရောက်လာသော ဗိုလ်လောင်းများ စကားဝိုင်းတွင် ဘယ်ဝန်ကြီးဌာနက “ဂွင်” ကောင်းသည်၊ ငွေရှာ၍ ကောင်းသည်ကို အလုအယက် ပြောဆိုနေကြသည်ကို မြို့ခံများ မကြာချင်အဆုံး ဖြစ်နေတော့သည်။ စစ်တိုက်ရန် တိုက်စိတ်ခိုက်စိတ်မတွေ့ရတော့ပေ။
၃။ ယခင်ကာလက မြန်မာစစ်တပ်တွင် အမှုထမ်းသည့် စစ်သားများမှာလည်း စစ်သားစိတ်ရှိကြသည်။ တိုက်ခိုက်ရည်ခိုက်ရည် ရှိသည်။ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တံခါးပိတ်ထားသည့် မဆလ ခေတ်တွင် ကျေးလက်နေလူငယ်များ၏ အလုပ်အကိုင်ထွက်ပေါက်မှာ အခြားမရှိဘဲ စစ်တပ်သာရှိရာ စစ်တပ်အတွက် တပ်သားရေသောက်မြစ် ပေါများသည်။ ထို့အပြင် ကျေးလက် တောင်တန်းဒေသမှ လူငယ်များသည် အပင်ပန်း အဆင်းရဲခံနိုင်သူများဖြစ်ရာ လေ့ကျင့်မှုပြည့်ဝသောအခါ စစ်သားကောင်းများ ဖြစ်လာကြသည်။
သို့သော် ၁၉၈၈ နောက်ပိုင်းမှစ၍ ကျေးလက်၊ တောင်တန်းဒေသများမှ လူငယ်များအတွက် ထိုင်း၊ မလေးရှားစသည့် ပြည်အလုပ်အကိုင် ထွက်ပေါက်ကြီး ရှိလာရာ သန်းချီသောလူငယ်များ ပြည်ပသို့ အလုပ်အကိုင်သွားလုပ်ရာ စစ်သားရေသောက်မြစ် ရှားပါးသွားသည်။ မြန်မာစစ်တပ်သည် စစ်သားဝယ်ယူ စုဆောင်းရသည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။
ထိုအကျိုးဆက်များကြောင့် ယနေ့ကာလတွင် ထိပ်တန်းစစ်ဗိုလ်ချုပ်များ သန်းကြွယ်သူဌေးဖြစ်နေကြပြီး အောက်ခြေအရာရှိ အဆင့်ဆင့်မှာလည်း ငွေကြေးနှင့်အခွင့်အလမ်းရှာဖို့သာ စဉ်းစားနေရာ စစ်တပ်၏ တိုက်စိတ်ခိုက်စိတ် ကျဆင်းသွားပြီဖြစ်သည်။ စစ်တပ်အတွက် တပ်သားရေသောက်မြစ် ရှားပါးသွားသည့်အပြင် ၁၉၈၈ ခုနှစ် နောက်ပိုင်း၌ တပ်ရင်းတပ်ဖွဲ့အသစ်များ အလွန်အကျွံ တိုးချဲ့ဖွဲ့စည်းသဖြင့် တပ်ရင်းအလိုက် တပ်သားအင်အားများ သိသိသာသာ လျော့ကျသွားသည်။
ယခင်က တပ်ရင်းတရင်းတွင် အင်အား ၇၀၀ ဝန်းကျင်နှင့် ဖွဲ့စည်းပြီး စစ်ထွက်အင်အား ၅၀၀ ခန့် ရှိသည်။ ယခုအခါ တပ်ရင်းတရင်း ပျမ်းမျှအင်အား ၂၀၀ ခန့်သာရှိပြီး ပျမ်းမျှစစ်ထွက်အင်အား ၁၅၀ ခန့်သာ ရှိသည်။ သို့ဖြစ်ရာ အဆင့်အလိုက် စစ်ဆင်ရေးကွပ်ကဲမှု စွမ်းရည်လည်း ကျဆင်းသွားသည်။ ယခု ရင်းမှူးတယောက်၏ စဆရ စွမ်းဆောင်ရည်သည် ယခင် တပ်ခွဲမှူး၊ ယခု ဗျူဟာမှူးတယောက်၏ စွမ်းဆောင်ရည်၊ ယခင် တပ်ရင်းမှူး၊ ယခု တပ်မမှူးတယောက်၏ စွမ်းဆောင်ရည်သည် ယခင် ဗျူဟာမှူး၏ ကွပ်ကဲနိုင်စွမ်းနှင့် စွမ်းရည်မျှသာ ရှိတော့သည်ကို တွေ့ရသည်။
ထို့အပြင် မြန်မာစစ်တပ် ကြည်းတပ်၏ စစ်အင်အား ၅ သိန်းခန့်ရှိသည် ဆိုသည်မှာလည်း သံသယရှိဖွယ် ဖြစ်သည်။ လက်ရှိ တိုက်ခိုက်ရေးတပ်ရင်း ၅၀၀ ကျော်ရှိရာ တရင်းလျှင် အင်အား ၂၀၀ ခန့်ဖြင့် အင်အား ၁ သိန်းစွန်းစွန်းသာရှိသည်။ သံချပ်ကာနှင့် တင့်ကားတပ်ဖွဲ့၊ အမြောက်တပ်ရင်းများနှင့် အခြား လက်ရုံးတပ်ဖွဲ့အားလုံးက အင်အား ၄ သိန်းခန့်ရှိ၊ မရှိ မေးခွန်းထုတ်ဖွယ် ဖြစ်သည်။

ထို့အပြင် ယနေ့ကာလတွင် တပြည်လုံးအုံကြွပြီး မြန်မာစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသည်။ လက်ရှိတွင် ယခင်စစ်ပွဲဖြစ်ပွားရာ ကချင်၊ ရှမ်းမြောက်၊ ရခိုင်နှင့် ကရင်သာမက တပြည်လုံးအနှံ့ စစ်မျက်နှာသစ်များ တိုးလာနေသည်။ ချင်းနှင့် ကရင်နီပြည်နယ်များတွင် တပြည်နယ်လုံးလိုလို တော်လှန်တိုက်ခိုက်နေကြရာ ပြည်နယ်တိုင်းတွင် CDF, KNDF နှင့် Local PDF များ အင်အား သောင်းချီရှိနေပြီး တပြည်နယ်လုံးအနှံ့ တိုက်ပွဲဖြစ်ပွားနေသည်။ စစ်ကိုင်းတိုင်း တတိုင်းလုံးလိုလိုနှင့် မကွေးတိုင်းနေရာ အတော်များများတွင် PDF များ တိုးပွားနေသည့်အပြင် PLA / PRA စသည့် အမည်များဖြင့် အဖွဲ့များလည်း ပေါ်ပေါက်နေရာ မြန်မာစစ်တပ်အား တော်လှန်တိုက်ခိုက်နေသည့် အင်အား သောင်းဏန်းအချို့ ရှိနိုင်သည့်ဒေသများ ဖြစ်သည်။
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် တော်လှန်ရေး အင်အားစုများက နေရာအနှံ့ မိုင်းစစ်ဆင် တိုက်ခိုက်နေသည်ကို တွေ့ရပြီး ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့ရှိ စစ်တပ်နှင့် ရဲစခန်းငယ်များကို မြန်မာစစ်တပ်က ပြန်လည်ဆုတ်ခွာစေပြီး အင်အား စုစည်းရသဖြင့် လုံခြုံရေး လေဟာနယ်များ ဖြစ်ပေါ်ကာ တော်လှန်ရေး အင်အားစုများအတွက် လှုပ်ရှားခွင့် ပိုသာလာသည်ကို တွေ့ရသည်။
ရန်ကုန်၊ မန္တလေးတွင် အစောပိုင်းက မြို့တွင်းတိုက်ပွဲများ ဆက်တိုက်လို ဖော်ဆောင်ခဲ့သော်လည်း ယခုနောက်ပိုင်း ရာနှင့်ချီ ဖမ်းဆီးခံရ၍ တိုက်ပွဲအရှိန် ကျသွားသော်လည်း ကြိုကြားကြိုကြားဖြင့် မြို့တွင်းတိုက်ပွဲများ တွေ့ရဆဲဖြစ်သည်။ ရန်ကုန်တိုင်းရှိ တွံတေးတောကြီးတန်းဒေသ၊ မန္တလေးတိုင်း မြင်းခြံ၊ မတ္တရာဒေသများတွင် ပြောက်ကျား လှုပ်ရှားမှုများရှိသည်ကို တွေ့ရသည်။ ပဲခူးတိုင်း၊ သာယာဝတီနယ်နှင့် ဧရာဝတီတိုင်းအနောက်ခြမ်း ရခိုင်ရိုးမအစွန်ပိုင်းတွင် တိုက်ပွဲဖော်လာသည်ကို တွေ့ရပြီး တပ်က တောနင်းရှာနေရသည်ကို တွေ့ရသည်။
တနင်္သာရီတိုင်း ထားဝယ်၊ သရက်ချောင်း၊ ပုလောဒေသတို့တွင်လည်း ရလျှင်ရသလို တိုက်ပွဲဖော်နေသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ မြန်မာစစ်တပ်သည် တပြည်လုံးအနှံ့ စစ်မျက်နှာဖွင့်နေရသည်။ သူတို့ မျှော်မှန်းထားသည့်နေရာ မဟုတ်လျှင် ချက်ချင်း စစ်ကူပေးရန် အရံတပ်ကူ မရှိသည်ကို တွေ့နေရသည်။ ၂၀၂၁ ခုနှစ် တော်လှန်ပုန်ကန်မှုများ အစပိုင်းတွင် ကရင်နီလူထုက မိုးဗြဲရဲစခန်းကို မနက်ပိုင်းကတည်းက ဝင်ရောက်စီးနင်းသည်။ ညနေပိုင်းတွင် စခန်းကျသည်။ ဝင်ရောက်စီးနင်းသူ အများစုမှာ တူမီးသေနတ်နှင့် ဖြစ်သည်။
လက်ရှိ KNU ဒေသ လေးကေကော်သို့ ဝင်ရောက်ရန် စသည့် တပ်ရင်းအား KNU က တုန့်ပြန် တိုက်ခိုက်သောအခါ အရေးပေါ် စစ်ကူပေးရန် အရံတပ်မရှိပေ။
မိုးဗြဲသည် စကခ (၇) ဌာနချုပ် ဖယ်ခုံနှင့်လည်းကောင်း၊ ဒကစ ဌာနချုပ် လွိုင်ကော်နှင့်ကောင်း၊ ကားနှင့်သွားလျှင် နာရီဝက်ပင် မရှိတတ်ပေ။ သို့သော် တနေကုန် စစ်ကူမလွှတ်နိုင်ပေ။ လက်ရှိ KNU ဒေသ လေးကေကော်သို့ ဝင်ရောက်ရန် စသည့် တပ်ရင်းအား KNU က တုန့်ပြန် တိုက်ခိုက်သောအခါ အရေးပေါ် စစ်ကူပေးရန် အရံတပ်မရှိပေ။ လေးကေကော်ဒေသသို့ အင်အားစုဖွဲ့ပြီး ထိုးစစ်ဆင်နိုင်ရန် ၁၀ ရက်ခန့် အချိန်ယူရသည်ကို တွေ့ရသည်။

ဤသို့ဖြစ်နေသည့်အချက်မှာ လက်ရှိမြေပြင်အင်အားတွင် မြန်မာစစ်တပ်အင်အားကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ၂၀၂၁ နောက်ပိုင်း ပေါ်ထွက်လာသော PDF နှင့် အခြား လက်နက်ကိုင် အင်အားများက လူအင်အားအရ ယှဉ်နိုင်လာ၍ဖြစ်သည်။ မြန်မာပြည်တဝှမ်းလုံး စစ်မြေပြင်ဖြစ်နေသည့် ကာလတွင် မြန်မာစစ်တပ် ဖြန့်ကြက်ရန် စစ်ကူပေးရေး မလုံလောက်သည်ကို တွေ့ရသည်။ ယခု တိုက်ပွဲမဖြစ်သည့် နေရာဟူ၍ ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းအရှေ့နှင့် ရခိုင်ပြည်နယ်တို့သာ ကျန်တော့သည်။
သို့သော်လည်း မြန်မာစစ်တပ်သည် ရှမ်းတောင်နှင့် ရှမ်းအရှေ့မှ တပ်အချို့ကို ထုတ်နုတ်သုံးစွဲနိုင်သကဲ့သို့ ရခိုင်တွင် တိုက်ပွဲမရှိသော်လည်း ရခိုင်က တပ်များကို ထုတ်နုတ်သုံးစွဲနိုင်ခြင်း မရှိပါ။ ရခိုင်ပြည်နယ် အခြေအနေက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှစ၍ တစတစ ပြန်လည်တင်းမာလာနေသည်။ ရခိုင်အမျိုးသားအဖွဲ့ချုပ် / ရက္ခိုင့်တပ်တော် (ULA/AA) တို့၏ နိုင်ငံရေးရည်မှန်းချက်၊ ကြီးထွားလာသော စစ်အင်အားနှင့် AA အား ရခိုင်လူထု၏ ထောက်ခံမှုတို့ကြောင့် ပေါက်ကွဲထွက်လာရန် အချိန်မကြာတော့ပေ။
AA နှင့် လက်ရှိ ရင်ဆိုင်ထားသော နပခ တိုင်းတပ်၊ စကခ ၃ ခုနှင့် ပလက်ဝရှိ တပ်မ ၁၁ နှင့် ဗျူဟာ တခုသာ ရှိသည် ။ မြန်မာစစ်တပ်အင်အားရော၊ ရဲအင်အားပါ ပေါင်းလျှင်ပင် AA စစ်အင်အား၏ တဝက်ခန့်သာရှိသည်။
လက်ရှိကာလတွင် လက်တံ ရှည်လာသော AA ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တယားများကြောင့် ရခိုင်ကို အုပ်ချုပ်နိုင်စွမ်း ကျလာသော မြန်မာစစ်တပ်သည် ထိုအခြေအနေကို ထိမ်းသိမ်းရန် ကြိုးစားလာသော်လည်း AA က မာမာထန်ထန် တုန့်ပြန်ပြီး စစ်ရေးအရ တိုက်ခိုက်ရန် အသင့်ဖြစ်နေရာ ရှေ့မတိုးနိုင်ဖြစ်နေသည်။ AA နှင့် လက်ရှိ ရင်ဆိုင်ထားသော နပခ တိုင်းတပ်၊ စကခ ၃ ခုနှင့် ပလက်ဝရှိ တပ်မ ၁၁ နှင့် ဗျူဟာ တခုသာ ရှိသည် ။ မြန်မာစစ်တပ်အင်အားရော၊ ရဲအင်အားပါ ပေါင်းလျှင်ပင် AA စစ်အင်အား၏ တဝက်ခန့်သာရှိသည်။ ၂၀၁၉ / ၂၀၂၀ ရခိုင်စစ်ပွဲကာလကဲ့သို့ ပြည်မမှ တပ်မ ၅ ခုခန့် စစ်ကူပေးရန် မဆိုထားနှင့် တပ်မတခုပင် ထုတ်နုတ်ရန် ခက်ခဲနေပြီဖြစ်သည်။

၂၀၁၅ ခုနှစ်က AA အား NCA လက်မှတ်ထိုးရာတွင် ပါဝင်ခွင့်ပြုရန် ငြင်းပယ်ခဲ့ပြီး လက်နက်ချရန် ခပ်မာမာပြောခဲ့သော မြန်မာစစ်တပ်၊ ၂၀၁၆ တွင် AA လက်နက်စွန့်ကြောင်း ကြေညာချက်မထုတ်၍ ပင်လုံညီလာခံတက်ခွင့်မပြုခဲ့သော မြန်မာစစ်တပ်၊ ၂၀၁၇ တွင် AA အဖွဲ့အား လက်ခံတွေ့ဆုံရန် ငြင်းပယ်ခဲ့သော မြန်မာစစ်တပ်၊ ၂၀၁၉ ခုနှစ် ရခိုင်စစ်ပွဲအစတွင် AA အား ဓာတ်ခဲဟုလည်းကောင်း၊ ရဲကိုသာ တိုက်ရဲသည့် ရဲတိုက်ဟု လှောင်ပြောင်သရော်ခဲ့သည့် မြန်မာစစ်တပ်၊ ၂၀၂၀ တွင် AA အား အကြမ်းဖက်အဖွဲ့ ကြေညာခဲ့သည့် မြန်မာ့စစ်တပ်သည် ၂၀၁၉ / ၂၀၂၀ အတွင်း ကြည်း/ရေ/လေ အင်အားအလုံးအရင်းသုံး၍ မြန်မာပြည် တပြည်လုံးတွင် AA တဖွဲ့တည်းကို စစ်မျက်နှာဖွင့် တိုက်ခိုက်ခဲ့သော်လည်း မြန်မာစစ်တပ် အနိုင်မရခဲ့။ အရေးနိမ့်ခဲ့သည်။
မြန်မာစစ်တပ် တပ်ရင်းလိုက်ချေမှုန်းခံရပြီး တပ်ရင်းမှူးအဆင့်ပင် အဖမ်းခံခဲ့ရသည်။ AA က ပို၍ အင်အားကြီးမားလာသည့်အပြင် ရခိုင်ပြည်နယ်အတွင်း မြို့ကြီးများကို အုပ်ချုပ်ရေး ထူထောင် လွှမ်းမိုးလာနိုင်သည်ကို တွေ့ရသည်။ လက်ရှိအချိန်တွင် မြန်မာစစ်တပ်သည် AA ကို အချိုသပ်၍ ပေါင်းနေရသည်ကို တွေ့ရသည်။
ဤအချက်က မြန်မာစစ်တပ် တိုက်ရည်ခိုက်ရည် ကျဆင်းနေသည်ကို ပြသနေသည်။ ယခင် ဗကပ၊ ကရင်တို့နှင့် တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးကြီးများ၊ တိုက်ပွဲကြီးများကဲ့သို့ စစ်ဆင်ရေးများ၊ တိုက်ပွဲများကို မြန်မာစစ်တပ် မစွမ်းဆောင်နိုင်တော့ပေ။ မြန်မာစစ်တပ်၏ ယခင်စွမ်းဆောင်ချက်များသည် ပြန်မရနိုင်သော အတိတ်ဖြစ်ရပ်များ ဖြစ်သွားပြီဖြစ်သည်။ မြန်မာစစ်တပ်၏ စစ်ဗိုလ်ချုပ်များသည် သူတို့တပ်အား သူတို့ကိုယ်တိုင် ဖျက်ဆီးခဲ့ပြီဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦးဖြစ်သည်။)
You may also like these stories:
လျှော့မတွက်သော်လည်း အထင်ကြီးစရာ မရှိသော မြန်မာစစ်တပ် (အပိုင်း ၁)
လျှော့မတွက်သော်လည်း အထင်ကြီးစရာ မရှိသော မြန်မာစစ်တပ် (အပိုင်း ၂)
လျှော့မတွက်သော်လည်း အထင်ကြီးစရာ မရှိသော မြန်မာစစ်တပ် (အပိုင်း ၃)