စစ်အင်အား မလုံလောက်သော မြန်မာစစ်တပ်
လက်ရှိ မြန်မာစစ်တိုင်း ၁၄ ခု နှင့် ဒကစ ၆ ခုအောက်ရှိ နယ်မြေခံ တိုင်းတပ်များအားလုံးသည် မိမိနယ်မြေအလိုက် စစ်ဆင်ရေးတာဝန် ယူနေရသည်။ ယခုအခါ တပ်မ ၁၀ ခုနှင့် စကခ ၂၀ လုံး စစ်ဆင်ရေးဝင်နေရသည်။
ထို့အပြင် တပ်မနှင့် စကခ တို့မှ နောက်တန်းတပ်ရင်းတွင် ကျန်ရှိသည့် ဌာနချုပ်တပ်ခွဲအား စစ်လက်ရုံးတပ်ဖွဲ့များမှ စစ်သည်များ ထုတ်နုတ်ဖြည့်တင်းပြီး ရဲအင်အားနှင့် ပူးပေါင်း၍ နယ်မြေအလိုက် လုံခြုံရေးနှင့် စစ်ဆင်ရေးတာဝန် ယူနေရသည်။
နိုဝင်ဘာလအထိ မြန်မာစစ်တပ်တွင် ကကကြည်းအရံ စကခ ၂ ခုနှင့်အထက် ထားရှိနိုင်ခဲ့သော်လည်း တတိုင်းလုံး တော်လှန်ရေးတပ်ဖွဲ့များ ပြည့်နှက်လာသော စစ်ကိုင်းတိုင်းသို့ ထပ်ဖြည့်ရသည့်အပြင် မြန်မာစစ်တပ်သည် မိုက်မဲစွာ KNU ဒေသ လေးကေကော်တွင် စစ်မျက်နှာသစ် ဖွင့်လိုက်ရ၍ တပ်များထပ်ပို့ရပေရာ အရံတပ်မရှိသလောက် ဖြစ်သွားသည်။
ထို့အပြင် စစ်မျက်နှာသစ်တခု ပေါ်လာလျှင်သော်လည်းကောင်း၊ ၎င်းတို့ ပြင်ဆင်ထားခြင်း မရှိသည့် နေရာတခုတွင် တိုက်ပွဲဖြစ်ပွားလျှင်သော်လည်းကောင်း စစ်ကူချက်ချင်းပေးရန် တပ်မရှိပေ။ ရခိုင်တွင် တိုက်ပွဲများပြန်ဖြစ်၍ မဖြစ်မနေ တပ်များထုတ်နုတ်ပို့ရမည်ဆိုပါက ကျန်ဒေသများတွက် ဟာကွက်များ တောက်လျှောက် ဖြစ်ဖို့များသည်။
တော်လှန်ရေးတပ်ဖွဲ့များ ပြည့်နှက်လာသော စစ်ကိုင်းတိုင်းသို့ ထပ်ဖြည့်ရသည့်အပြင် မြန်မာစစ်တပ်သည် မိုက်မဲစွာ KNU ဒေသ လေးကေကော်တွင် စစ်မျက်နှာသစ် ဖွင့်လိုက်ရ၍ တပ်များထပ်ပို့ရပေရာ အရံတပ်မရှိသလောက် ဖြစ်သွားသည်။
ဤသည်မှာ ခြေလျင်နှင့် ခြေမြန်တပ်ရင်းပေါင်း ၅၀၀ ကျော်ရှိရာ ယခင်ကဲ့သို့ တရင်းလျှင် စစ်ထွက်အင်အား ၅၀၀ ခန့်သာ ရှိပါက စစ်သည်အင်အား ၃ သိန်းခန့် ရှိမည်ဖြစ်သော်လည်း ယခု စစ်ထွက်အင်အား ၁၅၀ ခန့်သာရှိရာ မြေပြင်စစ်သည်အင်အား တသိန်းပင် မပြည့်သောကြောင့်ဖြစ်သည်။ မူလက စစ်မှုထမ်းဥပဒေ ပြဌာန်းပြီး စစ်သားသစ်စု ဆောင်းဖြည့်တင်းရန် ကြံရွယ်ထားသော်လည်း ပြည်သူလူထုက ဆန့်ကျင်မှု အားကောင်းနေသော ကာလဖြစ်ရာ စစ်မှုထမ်းဥပဒေကို ကျင့်သုံးရဲပုံမရပေ။
ထို့အပြင် ယနေ့ကာလတွင် သာမန်စစ်သား အဖြစ်သာမက ဗိုလ်သင်တန်းတက်မည့်သူပါ လျော့နည်းနေရာ စစ်သည်အင်အား ဖြည့်တင်းရန် မဖြစ်နိုင်ပေ။ လောလောဆယ်တွင် ရဲနှင့်စစ်သား မိသားစုဝင်များအား စစ်သင်တန်းပေး၍ ဖွဲ့စည်းခြင်း၊ စစ်မှုထမ်းဟောင်းများကို ပြန်ခေါ်ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ မြန်မာစစ်တပ်သည် ၎င်း၏စစ်အင်အား မလုံလောက်မှုကို မဖြေရှင်းတတ်နိုင်သည်ကို တွေ့နေရပေသည်။
စစ်စွမ်းရည် ကျဆင်းလာသော မြန်မာစစ်တပ်
လက်ရှိစစ်တပ်အနေနှင့် ယခင်ထက် ပိုသာလာသည်မှာ ရုပ်ဝတ္ထုများဖြစ်သည့် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ ပေါပေါများများ သုံးစွဲနိုင်သည့်အချက်သာ ရှိပေတော့သည်။ ထို့ကြောင့်လည်း လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူကို ဖောဖောသီသီ အသုံးပြုခြင်း၊ ဒေသခံလူထုနေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထားပြီး ဒေသတခုလုံး ကြောက်ရွံ့ရန် ခြိမ်းခြောက်ခြင်းသာ ပြုလုပ်နိုင်ပေလိမ့်မည်။
လက်ရှိ မြန်မာစစ်တပ်သည် နေရာတခုတွင် အင်အားစုစည်းပြီး စစ်ဆင်ရေးပြုလုပ်ရန် အခြေအနေမရှိရာ မြို့ကြီးနှင့် ဆက်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်ခြင်း၊ အခိုင်အမာခံ စစ်စခန်းများပြင်ဆင်ခြင်း၊ PDF နှင့် EAO တပ်ဖွဲ့များအား သတင်းအရ တကြောင်းထိုး တိုက်ခိုက်ခြင်းမျှသာ ပြုလုပ်နိုင်သည်ကိုတွေ့ရသည်။
လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူကို ဖောဖောသီသီ အသုံးပြုခြင်း၊ ဒေသခံလူထုနေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထားပြီး ဒေသတခုလုံး ကြောက်ရွံ့ရန် ခြိမ်းခြောက်ခြင်းသာ ပြုလုပ်နိုင်ပေလိမ့်မည်။
ထို့အပြင် လက်ရှိစစ်ပွဲတွင် လူထုအများစုက ၎င်းတို့အား ထောက်ခံခြင်းမရှိဘဲ PDF နှင့် EAO များကိုသာ ထောက်ခံနေရာ လူထုအားပစ်မှတ်ထား တိုက်ခိုက်နေသည်ကို တွေ့နေရသည်။ အရပ်သားလူထုနေထိုင်ရာ မြို့ရွာများကို မီးရှို့ခြင်း၊ ဗုံးကြဲ ဖျက်ဆီးခြင်း၊ အရပ်သားလူထုအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းတို့ကို ချင်း၊ ကရင်နီ၊ စစ်ကိုင်း၊ မကွေးဒေသများတွင် အနှံ့အပြား ပြုလုပ်နေသည်ကို တွေ့ရသည်။
အကြောက်တရားဖြင့် တိုင်းပြည်အား အုပ်ချုပ်နေသော စစ်တပ်သည် အစွမ်းကုန် ရက်စက်ပြနေသော်လည်း လူထုက ကြောက်ရွံ့မသွားဘဲ ပို၍မုန်းတီး နားကျည်းလာသည်ကိုသာ တွေ့နေရသည်။
လေကြောင်းနှင့် လက်နက်ကြီးသည် မြန်မာစစ်တပ်၏ အားသာချက်ဖြစ်သကဲ့သို့ တဖက်တွင် အားနည်းချက် ဖြစ်လာသည်။ လေကြောင်းနှင့် လက်နက်ကြီး မသုံးနိုင်သော၊ လက်လှမ်းမမီသော၊ အဆင်သင့်မဖြစ်သော တိုက်ပွဲများတွင် မြေပြင်တပ်ရင်းများ၏ စွမ်းဆောင်ရည် သိသိသာသာ လျော့ကျနေသည်ကို မြင်တွေ့ရသည်။

လေကြောင်းနှင့်လက်နက်ကြီးပစ်ကူ မပါလျှင် မြေပြင်တပ်ရင်းများ မတက်ရဲတော့ဟု မြန်မာစစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များ၏ အစည်းအဝေးများတွင် ဝန်ခံပြောဆိုနေရပြီ ဖြစ်သည်။ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူပါမှ မြန်မာစစ်တပ်၏ စစ်ဆင်ရေးပြုလုပ်နိုင်ရာ ခွဲမှူး၊ ရင်းမှူး၊ ဗျူဟာမှူး မဆိုထားနှင့် တပ်မမှူးတို့၏ ကွပ်ကဲမှုစွမ်းရည်ဖြင့် စစ်ဆင်ရေးပြုလုပ်နိုင်စွမ်း မရှိတော့ဘဲ စစ်ဆင်ရေးများကို တိုင်းမှူး၊ ကစထမှူးများကိုယ်တိုင် ဦးစီးရသည့် အခြေအနေသို့ ရောက်ရှိနေသည်ကို တွေ့ရသည်။
အကြောက်တရားဖြင့် တိုင်းပြည်အား အုပ်ချုပ်နေသော စစ်တပ်သည် အစွမ်းကုန် ရက်စက်ပြနေသော်လည်း လူထုက ကြောက်ရွံ့မသွားဘဲ ပို၍မုန်းတီး နားကျည်းလာသည်ကိုသာ တွေ့နေရသည်။
မြန်မာစစ်တပ်၏ အရံအင်အားစုအဖြစ် ထားရှိသည့် ရဲအင်အားမှာ သာမန်နယ်မြေ လုံခြုံရေးနှင့် မြို့ပေါ်ဆန္ဒပြ အင်အားစုများကို ဖြိုခွဲရန်သာ အသုံးဝင်သည်။ စစ်မြေပြင်တိုက်ပွဲများတွင် အသုံးမဝင်ပေ။ ပြည်နယ်များတွင် ဖွဲ့စည်းထားသည့် နယ်ခြားစောင့်တပ် BGF များကမူ စစ်ရေးအရ အသုံးတည့်သည်ဟု ဆိုနိုင်သည်။
သို့သော် BGF တပ်ရင်း ၁၃ ရင်းခန့် ဖွဲ့စည်းထားသည့် ကရင်နယ်မြေရှိ BGF များသည့် ယခင်အခါက KNU အား တိုက်ခိုက်ရာတွင် မြန်မာစစ်တပ်အတွက် တတပ်တအားဖြစ်ခဲ့သည်။ သို့သော်လည်း KNU တို့၏ ကရင်ညီညွတ်ရေး ကြိုးပမ်းအားထုတ်မှုများကြောင့်လည်းကောင်း၊ များမကြာမီက မြန်မာစစ်တပ်သည် ကရင် BGF ခေါင်းဆောင်များကို ဖယ်ရှားရန် ကြိုးစားခဲ့ခြင်းကြောင့်လည်းကောင်း ယခုအချိန်တွင် ကရင်ရှိ BGF တပ်များသည် တက်တက်ကြွကြွ လှုပ်ရှားသည်ကို မတွေ့ရပါ။
ကရင်နီပြည်နယ်အတွင်းရှိ ကလလတမှ ကူးပြောင်းဖွဲ့စည်းသည့် BGF တပ်ရင်း ၂ ရင်းမှာ ကရင်နီပြည်နယ်တွင်း စစ်ရေးလှုပ်ရှားမှုများအတွင်း ဘယ်ဖက်မှမပါဘဲ ကြားနေသည်ကို တွေ့ရသည်။ ထို့အပြင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မြန်မာစစ်တပ်၏ အရပ်သားပြည်သူများကို ဖမ်းဆီးမှုအား ကန့်ကွက်သည့် BGF တပ်သား ၄ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သဖြင့် မြန်မာစစ်တပ်နှင့် ကရင်နီ BGF ကြား တင်းမာမှု တိုးလာသည်။
ကိုးကန့်ရှိ BGF တပ်ရင်း တရင်းသာ ကိုးကန့်စစ်ဆင်ရေးတွင် ပါဝင်နေပြီး ကျန်ရှမ်းပြည်နှင့် ကချင်ရှိ BGF တပ်ရင်း ၇ ရင်းမှာ မည်သည့် စစ်ဆင်ရေးတွင်မှ မပါဝင်ပါ။ ပြည်သူစစ်အနေနှင့်ဆိုလျှင် လူမျိုးရေး ပဋိပက္ခ အခြေခံပေါ်မှ စီးပွားရေးမက်လုံးပေးပြီး ဖွဲ့စည်းထားသည့် ရှမ်းပြည်ရှိ ပြည်သူ့စစ်အများစုမှာ မြန်မာစစ်တပ်အတွက် အားကိုးအားထားပြုနိုင်သည်ကို တွေ့ရသည်။

သို့သော် ကရင်နီပြည်နယ်ရှိ ကယန်းပြည်သစ်ပါတီအား ပြောင်းလဲဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့ကမူ ဘယ်ဘက်မှမပါဘဲ ကြားနေသည်ကို တွေ့ရသည်။ ပြည်မတွင် ပြည်သူ့စစ်များ ဖုတ်ပူမီးတိုက် ဖွဲ့စည်းနေသော်လည်း မြန်မာစစ်တပ်အား ဆန့်ကျင်သည့် နိုင်ငံရေးလေထုကြောင့် လိုသလောက် လူမရပေ။ လူဦးရေ ၅ သန်းကျော်ရှိသည့် စစ်ကိုင်းတိုင်းတွင် ယခုနှစ်အတွင်း ပြည်သူ့စစ် ခေါ် ပြူစောထီးဖွဲ့စည်းရာ အင်အား ၃,၀၀၀ ခန့်သာရရှိသည်ဟုဆိုသောကြောင့် လူဦးရေအချိုးအစားအရ များစွာ အားနည်းသည်။ ထို့အပြင် ပြည်သူ့စစ်များ၊ ပြူစောထီးများသည် စစ်ပွဲတွင် တိုက်ရိုက် အသုံးတည့်သည်ထက် သတင်း စုဆောင်းပေးခြင်းလောက်တွင်သာ အသုံးတည့်သည်ကို တွေ့ရသည်။
လက်ရှိ မြန်မာပြည်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ၁ သိန်းကျော်ခန့်ရှိပြီး PDF က ၅၀,၀၀၀ ခန့်ရှိသည်။ အင်အားအရ အတော်လေးများသည်။ တိုက်စိတ်ခိုက်စိတ် မြင့်တက်နေသည်။ လူထုထောက်ခံမှု အပြည့်အဝ ရရှိထားသည်။ တိုင်းရင်းသား လက်နက်ကိုင်တပ်များက လေ့ကျင့်မှုရှိပြီး တိုက်ပွဲအတွေ့အကြုံ ရှိသည်။ တစုံတရာ လက်နက်ခဲယမ်း တပ်ဆင်ထားနိုင်သည်။
PDF များကမူ တိုက်စိတ်ခိုက်စိတ် မြင့်မားသော်လည်း လေ့ကျင့်သား မပြည့်ဝသေး၊ တိုက်ပွဲအတွေ့အကြုံ လိုအပ်ချက်ရှိသည်။ လက်နက်ခဲယမ်း လိုအပ်ချက်ရှိသည်။ ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အားလုံးသည် မြန်မာစစ်တပ်အား တိုက်သည့်စစ်ပွဲတွင် မပါဝင်သေးသကဲ့သို့ တိုင်းရင်းသား အဖွဲ့အားလုံးနှင့် PDF အားလုံးအား တခုတည်းသော ခေါင်းဆောင်မှုနှင့် ဗဟိုမှစုစည်းခေါင်း ဆောင်မှုမပေးနိုင်သည့် အားနည်းချက် ရှိသည်။
လေကြောင်းနှင့်လက်နက်ကြီးပစ်ကူ မပါလျှင် မြေပြင်တပ်ရင်းများ မတက်ရဲတော့ဟု မြန်မာစစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များ၏ အစည်းအဝေးများတွင် ဝန်ခံပြောဆိုနေရပြီ ဖြစ်သည်။
သို့သော် ထိုအားနည်းချက်အား ပြောင်းလဲနိုင်ရန် တတ်နိုင်သမျှ စုစည်းနိုင်ရေး ကြိုးစားနေသည်ကို တွေ့ရသည်။ အထူးသဖြင့် ပြည်မဒီမိုကရက်တစ်လူထုနှင့် တိုင်းရင်းသားများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား နားလည်မှုရရှိမှုနှင့် ညီညွတ်မှုတွင် သမိုင်းတလျှောက် ပထမဆုံးအကြိမ်ဟု ဆိုရမည်။ အတွေ့အကြုံ မရှိသော်လည်း တိုက်စိတ်ခိုက်စိတ်ရှိပါက PDF / CDF / KNDF / LDF/ PLA / PRA စသည့် တပ်ဖွဲ့များသည် AA ကဲ့သို့ပင် အချိန်တိုအတွင်း တိုက်ရည်ခိုက်ရည် မြင့်တက်လာနိုင်သည်။
မြန်မာစစ်တပ်ဖက်က လူအင်အား စစ်လက်နက်ယန္တယား အင်အား အားသာချက်ရှိသည်။ စစ်သည်များ လေ့ကျင့်မှုရှိသည်။ စစ်ရည်ဝသည်။ သို့သော် တိုက်စိတ်ခိုက်စိတ်နှင့် တိုက်ရည်ခိုက်ရည် ကျဆင်းနေသည်။ အထူးသဖြင့် လူထုအများစု၏ ထောက်ခံမှုရရှိရန် လုံးဝမဖြစ်နိုင်ပေ။
မြန်မာပြည်၏ အခြား စစ်မျက်နှာမျက်နှာတွင် တိုက်ပွဲကြီးကြီးမားမား မရှိသည့် ၂၀၁၉ / ၂၀၂၀ ခုနှစ် ၂ နှစ်အတွင်း AA တဖွဲ့တည်းအား ရခိုင်ပြည်နယ်တွင် ကြည်း / ရေ / လေ တပ်ပေါင်းစုံသုံး၍ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သော မြန်မာစစ်တပ်သည် AA အား လုံးဝ အနိုင်မတိုက်နိုင်သည့်အပြင် AA အနေနှင့် ပိုမို အားကောင်းလာပြီး ရခိုင်တွင် ဒေသအာဏာပါ ချုပ်ကိုင်လာနိုင်ပြီကို တွေ့ခဲ့ရပြီဖြစ်သည်။ သို့ဖြစ်ရာ ယခုကဲ့သို့ မြန်မာပြည်အနှံ့ စစ်မျက်နှာ များပြားနေသော အခြေအနေအောက်တွင် မြန်မာစစ်တပ်သည် သူ့အား တော်လှန်တိုက်ခိုက်နေသူများကို အနိုင်တိုက်နိုင်ရန် မဖြစ်နိုင်ပေ။

မြန်မာစစ်တပ်ကလည်း NUG / PDF များကို အကြမ်းဖက်အဖွဲ့များအဖြစ်က ကြေညာထားသည်။ အပြုတ်တိုက် အပြတ်ရှင်းရန် ရည်ရွယ်ထားသည်။ PDF များကလည်း သွေးကြွေးမှာ ဆွေးနွေးစရာ မရှိဟု ခံယူထားသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး လိုလိုကလည်း ဤအကျပ်အတည်းတွင် သူတို့၏ အခွင့်အလမ်းများကို ရယူနိုင်ရန်ကြိုးစားနေသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးနီးပါးသည် လက်နက်စွန့်လွှတ်ရန် သဘောထားမရှိကြ။ လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး လိုလိုသည် PDF များကို ကူညီနေကြသည်။ အတိအလင်းကူညီသည်နှင့် တိတ်တဆိတ်ကူညီသည်သာ ကွာခြားသည်။
မြန်မာပြည် တည်ငြိမ်မှုနှင့် မြန်မာစစ်တပ်
သို့ဖြစ်ရာ ပထမအချက်အဖြင့် မြန်မာစစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ်တယောက် အာဏာခိုင်မာတိုင်း နိုင်ငံအခြေခံ အဆောက်အအုံများကို အရင်းအမြစ်က ပြောင်းလဲထင်ရာစိုင်းသည့် မြန်မာစစ်တပ်ရှိနေသရွေ့ မြန်မာပြည်တည်ငြိမ်မှုရှိရန် မဖြစ်နိုင်ပေ။
ဒုတိယအနေဖြင့် နိုင်ငံရေးအရ မြန်မာပြည်လူထုအား အင်အားသုံး အကြမ်းဖက်ဖိနှိပ်ပြီး အုပ်ချုပ်သည့် အစဉ်အလာရှိခဲ့သည့်အပြင် ယနေ့ကာလတွင်လည်း အင်အားသုံး အုပ်ချုပ်နေသော မြန်မာစစ်တပ်သည် တိုင်းပြည်တည်ငြိမ်မှုကို ပေးနိုင်မည် မဟုတ်ပေ။
တတိယအနေနှင့် တပြည်ထောင်စနစ်ကိုသာ တည်ထောင်လိုနေပြီး တိုင်းရင်းသားလူမျိုးပြဿနာ၊ တိုင်းရင်းသား လူမျိုးများ ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် အုပ်ချုပ်ခွင့် ပြဿနာကို ဆွေးနွေးဖြေရှင်းလိုခြင်း၊ လိုက်လျောလိုခြင်း မရှိသည့်အပြင် အင်အားသုံးဖြိုခွဲခြင်း၊ သပ်လျှိုဖြိုခွဲခြင်းတို့ကိုသာ ပြုလုပ်လိုသည့် မြန်မာစစ်တပ်ကြောင့် မြန်မာပြည်တွင်းစစ် ရပ်တန့်ရန် မဖြစ်နိုင်သကဲ့သို့ မြန်မာပြည်တည်ငြိမ်မှု မရှိနိုင်ပေ။
ရခိုင်ပြည်နယ်မှ AA တဖွဲ့တည်းအား ကြည်း/ရေ/လေ အင်အား အလုံးအရင်းသုံးပြီး တိုက်ခိုက်သည်ပင် အနိုင်မရနိုင်ပေရာ ယနေ့ကာလ တပြည်လုံးစစ်မျက်နှာ များစွာ ရှိနေသည့်အချိန်တွင် မြန်မာစစ်တပ်သည် တိုင်းပြည်အား တည်ငြိမ်အောင် ထိန်းသိမ်းအုပ်ချုပ်ရန် မဖြစ်နိုင်ပေ။
စတုတ္ထအနေနှင့် မြန်မာစစ်တပ်၏ အင်အား၊ တိုက်ရည်ခိုက်ရည် ကျဆင်းနေရာ ပြီးခဲ့သည့် ၂၀၁၉ / ၂၀၂၀ အတွင်း ရခိုင်ပြည်နယ်မှ AA တဖွဲ့တည်းအား ကြည်း/ရေ/လေ အင်အား အလုံးအရင်းသုံးပြီး တိုက်ခိုက်သည်ပင် အနိုင်မရနိုင်ပေရာ ယနေ့ကာလ တပြည်လုံးစစ်မျက်နှာ များစွာ ရှိနေသည့်အချိန်တွင် မြန်မာစစ်တပ်သည် တိုင်းပြည်အား တည်ငြိမ်အောင် ထိမ်းသိမ်းအုပ်ချုပ်ရန် မဖြစ်နိုင်ပေ။ သို့ဖြစ်ရာ နိုင်ငံရေး အရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း လက်ရှိကာလတွင်ရော ရေရှည်တွင်ပါ မြန်မာစစ်တပ်သည် မြန်မာပြည်အား တည်ငြိမ်မှု ပေးနိုင်မည်မဟုတ်သည်ကို ထင်ရှားစွာ တွေ့မြင်ရသည်။
ထို့ကြောင့် စာရွက်ပေါ်မှ ကိန်းဂဏန်းများ၊ စစ်လက်နက်ယန္တယား ပိုင်ဆိုင်မှုများပေါ် အခြေပြု၍ မြန်မာပြည်တည်ငြိမ်ရေးတွင် မြန်မာစစ်တပ် အရေးပါသည်ဟု ထည့်သွင်းစဉ်းစားနေမှုများသည် လက်တွေ့မြေပြင်အခြေအနေနှင့်လည်းကောင်း၊ အနာဂတ်လားရာများနှင့်လည်းကောင်း မကိုက်ညီတော့သည်ကို မြန်မာ့အရေးလေ့လာသူများ၊ ဒေသတွင်းနိုင်ငံများ၊ မြန်မာပြည်နှင့် စီးပွားဆက်ဆံသည့်နိုင်ငံများ၊ မြန်မာပြည်နှင့် ပတ်သက်၍ သေနင်္ဂဗျူဟာအမြင်နှင့် ကြည့်ရှုသည့်နိုင်ငံကြီးများအနေနှင့် အလေးအနက် ထည့်သွင်းစဉ်းစား လုပ်ကိုင်သင့်ပြီဖြစ်သည်။
လက်ရှိမြန်မာစစ်တပ်သည် ၎င်း၏ သဘောထားလုပ်ကိုင်ပုံများအား အရင်းအမြစ်မှ မပြောင်းလဲလျှင် သို့မဟုတ် မြန်မာစစ်တပ်အား နိုင်ငံရေးမှ မဖယ်ထုတ်နိုင်လျှင် သို့မဟုတ် မြန်မာစစ်တပ် နိုင်ငံရေးမှ မထွက်ခွာလျှင် မြန်မာပြည် တည်ငြိမ်မှု မရနိုင်ပေ။ မြန်မာပြည် ရေရှည်တည်ငြိမ်ရေးအတွက် လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့တခု လိုအပ်သည်ကတော့ အမှန်ပင်ဖြစ်သည်။ သို့သော် ထိုတပ်ဖွဲ့သည် လက်ရှိ မြန်မာစစ်တပ် မဟုတ်တော့ပေ။
ပြီးပါပြီ။
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦးဖြစ်သည်။)
You may also like these stories :
လျှော့မတွက်သော်လည်း အထင်ကြီးစရာ မရှိသော မြန်မာစစ်တပ် (အပိုင်း ၁)
လျှော့မတွက်သော်လည်း အထင်ကြီးစရာ မရှိသော မြန်မာစစ်တပ် (အပိုင်း ၂)
လျှော့မတွက်သော်လည်း အထင်ကြီးစရာ မရှိသော မြန်မာစစ်တပ် (အပိုင်း ၃)
လျှော့မတွက်သော်လည်း အထင်ကြီးစရာ မရှိသော မြန်မာစစ်တပ် (အပိုင်း ၄)
မြန်မာ့ပြည်တွင်းစစ်တွင် မည်သူနိုင်ခြေများသနည်း