အခြားနေ့ထူးနေ့မြတ်များထက် အရေးပါသော နိုင်ငံ၏ လွတ်လပ်ရေးနေ့တွင်ပင် ဂုဏ်ယူဝမ်းမြောက်ကြောင်း နိုင်ငံအများအပြားက သဝဏ်လွှာပေးပို့ရန်ပင် စိတ်အားထက်သန်ခြင်းမရှိသောကြောင့် မြန်မာ စစ်ကောင်စီသည် ကမ္ဘာတွင် အထီးအကျန်ဆုံး အစိုးရဟု ဆိုနိုင်သည်။
နိုင်ငံ၏ ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရထံမှ အာဏာကို လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလက သိမ်းယူခဲ့ပြီး ဆန္ဒပြသူများအား ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွဲခဲ့ပြီးနောက် စစ်ကောင်စီကို နိုင်ငံတကာ အသိုက်အဝန်းက ဝိုင်းကျဉ်ကြသည်။ အနောက်နိုင်ငံများက စစ်ကောင်စီဝင်များနှင့် မိသားစုများအပေါ် အရေးယူပိတ်ဆို့မှု အများအပြားချမှတ်သည်။ စစ်ကောင်စီက လက်ရှိဒီမိုကရေစီလိုလားသော သံအမတ်နေရာတွင် သံအမတ်သစ် အစားထိုးခန့်ရန် တောင်းဆိုမှုကို ကုလသမဂ္ဂက ပယ်ချသည်။ ဒေသတွင်းတွင်လည်း စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် သူကိုယ်တိုင် ကတိပြုထားသည့် ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖေါ်ရန် ပျက်ကွက်သောကြောင့် မြန်မာနိုင်ငံအဖွဲ့ဝင်ဖြစ်သော အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) က သူ့ကို ထိပ်သီးဆွေးနွေးပွဲများမှ ဖယ်ထုတ်ထားသည်။ အချုပ်အားဖြင့်ဆိုရပါက စစ်အာဏာသိမ်းမှု ရလဒ်အဖြစ် မြန်မာစစ်ကောင်စီသည် နိုင်ငံတကာ အသိအမှတ်ပြုမှု မရရှိဘဲ စစ်ကောင်စီခေါင်းဆောင်များသည် အပယ်ခံဖြစ်နေသည်။
၎င်းတို့သည် ထိုအချက်ကို အသိမဲ့ ဝန်ခံလိုက်ရသည်။
မြန်မာနိုင်ငံ၏ ၇၄ ကြိမ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သော အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များက ထုတ်ဝေသည့် စစ်ကောင်စီထိန်းချုပ်သတင်းစာများတွင် ၎င်းတို့ကိုယ်၎င်းတို့ အမွှမ်းတင်သည့် ဝါဒဖြန့်ခြင်းဖြင့် ထိုအချက်ကို ဝန်ခံလိုက်ခြင်းဖြစ်သည်။ ထိုသတင်းစာများသည် ပြည်ပနိုင်ငံ အကြီးအကဲများက လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ထံပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို တာဝန်ကျေပြွန်စွာ ဖေါ်ပြကြသည်။ ထိုပြည်ပနိုင်ငံအကြီးအကဲများမှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်၊ ကမ္ဘောဒီးယားဘုရင် သီဟာမိုနီနှင့် ဝန်ကြီးချုပ်ဟွန်ဆန်နှင့် ဘယ်လာရုစ် ဝန်ကြီးချုပ် ရိုမန် ဂိုလော့ချန်ကိုတို့သာဖြစ်သည်။ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်သည်လည်း ရုရှား၊ ကမ္ဘောဒီးယား၊ ဆာဘီးယားနှင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများထံမှ သဝဏ်လွှာများ လက်ခံရရှိသည်။
စစ်ကောင်စီအတွက် ထိုသဝဏ်လွှာများကို ပုံနှိပ်ဖေါ်ပြခြင်းသည် အနောက်နိုင်ငံများက ၎င်းတို့ကို အထီးကျန်အောင် လုပ်နေသော်လည်း ၎င်းတိို့ကိုထောက်ခံသူများရှိကြောင်း ဖေါ်ပြခြင်းဖြစ်သည်။ နိုင်ငံပေါင်း ၁၂၅ နိုင်ငံနှင့် သံတမန်အဆက်အသွယ်များ ရှိနေသော်လည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ ၅ စောင်သာရရှိခြင်းသည် လှောင်ပြောင်စရာဖြစ်သည်။ တနည်းအားဖြင့်ဆိုရပါက ထိုဖြစ်ရပ်သည် စစ်ကောင်စီက အာဏာသိမ်းပြီး တနှစ်နီးပါးကြာသည့်တိုင် စစ်ကောင်စီတွင် နိုင်ငံတကာအသိအမှတ်ပြုမှုနှင့် တရားဝင်မှု ဆက်လက်ကင်းမဲ့ခြင်းကို ရှင်းရှင်းလင်းလင်း သက်သေပြလိုက်ခြင်းပင်ဖြစ်သည်။
သဝဏ်လွှာပေးပို့သူများကို အနီးကပ်လေ့လာကြည့်သောအခါတွင်လည်း ၎င်းတို့အားလုံးသည် နိုင်ငံတကာ အပစ်ပယ်ခံများဖြစ်နေသလို အချို့ခေါင်းဆောင်များသည် စစ်ကောင်စီနှင့် ပုဂ္ဂလိက အကျိုးစီးပွားအရ ပတ်သက်နေသူများဖြစ်သည်။ ရုရှား၊ ဆာဘီးယားနှင့် ဘယ်လာရုစ်တို့သည် မြန်မာစစ်အုပ်စုသို့ လက်နက်များ ရောင်းချနေသည့် နိုင်ငံများဖြစ်သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်သည် မြန်မာနှင့် ASEAN အကြားငြိမ်းချမ်းရေး ပွဲစားသဖွယ် သူ့ကိုယ်သူ အမွှမ်းတင်ရန် ကြိုးစားနေသူဖြစ်သည်။ မြောက်ကိုရီးယားသည် အာဏာရှင်စနစ် အောက်တွင် အပယ်ခံဖြစ်နေသည်။ သဝဏ်လွှာပေးပို့ခြင်းမရှိသော နိုင်ငံများစာရင်းတွင် တရုတ်၊ အိန္ဒိယ နှင့် ထိုင်းနိုင်ငံများပါဝင်သည်။ စစ်ကောင်စီသည် ထိုနိုင်ငံများကို အိမ်နီးချင်းကောင်းနိုင်ငံများအဖြစ် မကြာခဏ ချီးကျူးတတ်သောကြောင့် ၎င်းတို့က သဝဏ်လွှာမပေးပို့ခြင်းသည် ထူးခြားနေသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် စစ်ကောင်စီအတွက် အရေးပါသော ဆုံးဖြတ်ချက်များတွင် တရုတ်နိုင်ငံ၏ ဗီတိုအာဏာအတွက် တရုတ်ကို အိမ်နီးချင်းကောင်းအဖြစ် စစ်ကောင်စီက သတ်မှတ်ပြီး အိန္ဒိယက စစ်လက်နက်ပစ္စည်းများ ကူညီခြင်းကြောင့် အိမ်နီးချင်းကောင်းဖြစ်သည်။ ထိုင်းနိုင်ငံတွင်မူ မင်းအောင်လှိုင်သည် ထိုနိုင်ငံခေါင်းဆောင်ပိုင်းနှင့် ပုဂ္ဂလိက ဆက်ဆံရေး ရှိနေသည်။
စစ်အာဏာသိမ်းမှုက ဖြုတ်ချခဲ့သော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရခေတ် လွန်ခဲ့သောနှစ်က မြန်မာ့လွတ်လပ်ရေးနေ့ကို နိုင်ငံတကာက မည်သို့ တုံ့ပြန်ခဲ့သည်ကို အမှတ်ရစရာကောင်းလှသည်။ မှတ်တမ်းများအရဆိုပါက သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးလုံးသည် ကမ္ဘာ့ဂုဏ်သရေရှိ ခေါင်းဆောင်များဖြစ်သော ဒေါ်နယ်ထရမ့်၊ ဒုတိယမြောက်အဲလိဇဘတ် ဘုရင်မကြီး၊ ရှီကျင့်ဖျင်၊ ဂျိုကို ဝီဒိုဒို၊ မွန်းဂျေအင်းနှင့် အခြားနိုင်ငံ့ခေါင်းဆောင်များထံမှ သဝဏ်လွှာများ လက်ခံရရှိကြသည်။ ရိုဟင်ဂျာများအပေါ် စစ်တပ်က ကျူးလွန်သော ရာဇဝတ်မှုများကို နှုတ်ဆိတ်နေသောကြောင့် နိုင်ငံတကာပြစ်တင်ရှုတ်ချမှု ရှိနေစေကာမူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရသည် မြောက်အမေရိကနှင့် ဥရောပမှသည် အရှေ့အလယ်ပိုင်း၊ အာဖရိက၊ အာရှနှင့် သြစတြေးလျအထိသာမက ကာရစ်ဗီယန်ကျွန်းနိုင်ငံဖြစ်သော ကျူးဘားမှပင် နိုင်ငံအကြီးအကဲများထံမှ သဝဏ်လွှာ ၃၈ စောင် လက်ခံရရှိသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Touting Its ‘Friends’, Myanmar Regime Only Underscores Its Isolation ကို ဘာသာပြန်ဆိုသည်။)
You may also like these stories :
ဒေါ်အောင်ဆန်းစုကြည်ကို ဟွန်ဆန်နှင့် တွေ့ခွင့်မပေးနိုင်ဟု စစ်ကောင်စီ ပြော
တိုင်းပြည် လွတ်လပ်သော်လည်း နိုင်ငံသားများ မလွတ်လပ်သေး
ဆယ်စုနှစ်အတွင်း မြန်မာ့လူ့အဖွဲ့အစည်း ပြောင်းလဲသွားပြီးပြီ
တနိုင်ငံလုံးက မြန်မာစစ်တပ်ကို မုန်းနေကြတာ