ရန်ကုန်မြို့ ဆင်ခြေဖုံး မြို့နယ်တခုရှိ ရဲစခန်း၏ နယ်ထိန်းအရာရှိ အခန်းထဲတွင် ကိုခိုင်မြဲ (အမည်လွှဲ) သည် အခြား အဖော် သုံးယောက်နှင့်အတူ ထိုင်နေသည်။ ခြင်အလွန် ကိုက်လှသော ထိုအခန်းတွင် ကိုခိုင်မြဲ ရောက်နေရခြင်းမှာ နှစ်သစ်ကူးအကြိုအတွက် ဖိတ်ခေါ်၍ မဟုတ်၊ သူ့သူငယ်ချင်းအခန်းသို့ သွားလည်ရာမှ ည ၉ နာရီခွဲ မတိုင်ခင်အထိ မပြန်သေးသောကြောင့် “ဧည့်စာရင်း” မတိုင်ဟုဆိုကာ အဖမ်းခံရခြင်း ဖြစ်သည်။
ကိုခိုင်မြဲ သတိထားဖို့ မေ့သွားသည်က သူတို့ကို ဧည့်စာရင်း လာမစစ်ခင် ပြီးခဲ့သည့် တရက်တွင် သူတို့ ရာအိမ်မှူး အိမ်သို့ လာသည့် ရဲသုံးဦးကို ပြည်သူ့ ခုခံကာကွယ်ရေးအဖွဲ့ PDF က ‘ပျံလွှားအောင်’ စစ်ဆင်ရေး ခေါင်းစဉ်ဖြင့် လာရောက် ပစ်ခတ်၊ ဖောက်ခွဲသွားခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင် ပြောစမှတ်ပြုသည်မှာ “ရပ်ကွက်ထဲ အုံးပြီ (ပေါက်ကွဲပြီ)၊ ဖောင်းဒိုင်းပြီ (ပစ်ခတ်ပြီ) ဆိုလျှင် နောက်ည ဧည့်စာရင်းစစ်တော့မယ်ဟေ့” ဟု တဦးနှင့်တဦး တပ်လှန့်သည့် ဓလေ့ဖြစ်သည်။ အခါများစွာပင် ဆယ်အိမ်မှူး၊ တိုက်မှူး၊ ရာအိမ်မှူးများကို အသိမပေးဘဲ ‘အုံး’ နှင့် ‘ဖောင်းဒိုင်း’ ပြီးတိုင်း တကယ်လည်း ‘ဧည့်စာရင်း’ ခေါင်းစဉ်တပ်ကာ အရက်နံ့ ထောင်းထောင်းထနေသော စစ်ကောင်စီ စစ်သားများက လာစစ်သည်။
ကိုခိုင်မြဲကို နယ်ထိန်း ရဲအရာရှိ အခန်းထဲ ထိုင်ခိုင်းထားခြင်းမှာ သဘောကောင်း၍ မဟုတ်၊ အချုပ်ခန်းထဲတွင် လူပြည့်နေ၍ ဖြစ်သည်
ကိုခိုင်မြဲကို နယ်ထိန်း ရဲအရာရှိ အခန်းထဲ ထိုင်ခိုင်းထားခြင်းမှာ သဘောကောင်း၍ မဟုတ်၊ အချုပ်ခန်းထဲတွင် လူပြည့်နေ၍ ဖြစ်သည်။ တနည်းအားဖြင့် သူနှင့် သူ့မိတ်ဆွေများမှာ နှစ်ကူးခါနီး လူစုကာ သောက်စားပျော်ပါးကြခြင်းသာ ဖြစ်ပြီး ရာဇဝတ်မှုမြောက်သည့် တစုံတရာကိုမျှ ကျူးလွန်ခြင်း မရှိကြပါ။ ထို့ကြောင့်လည်း လူပြည့်နေသည့် အချုပ်ခန်းထဲ မထည့်ဘဲ အပြင်မှာ ထားခြင်း ဖြစ်သည်။
ကိုခိုင်မြဲတို့ သောက်စား စကားပြောနေစဉ် စစ်ကောင်စီကားများ ဝင်လာသည်ကို သူတို့ သိကြသည်။ တိုက်ခန်းမီးကို မှိတ်လိုက်ကြသည်။ အမှန်တကယ်တွင် စစ်ကောင်စီ အဖွဲ့ဝင်များ၏ ပစ်မှတ်က သူတို့ရောက်နေသည့် တိုက်မှ အမျိုးသားတဦးကို PDF အား ထောက်ပံ့ပါသည်ဟု လက်တို့လိုက်ခြင်းကြောင့် လာရှာဖွေခြင်း ဖြစ်ကာ မီးမှိတ်လိုက်သော ကိုခိုင်မြဲ ရောက်နေသည့် အခန်းကိုပါ ကျွဲကူးရေပါ တံခါးခေါက်၍ ဝင်စစ်ခြင်း ဖြစ်သည်။
ကိုခိုင်မြဲ၊ မကြာခင်ကမှ တိုက်ခန်းငှားလိုက်သည့် သူ့မိတ်ဆွေ၊ အခြားမိတ်ဆွေ တဦးတို့ကို စစ်ကောင်စီက ဖမ်းလိုက်ကြသည်။ အခန်းငှားထားသည့် မိတ်ဆွေ၏ ဇနီးကိုမူ မဖမ်းဘဲ ချန်ခဲ့သည်။
မိတ်ဆွေ၏ ဇနီးကို မဖမ်းဘဲ ချန်ထားခဲ့ခြင်းနှင့် ပတ်သက်၍ ကိုခိုင်မြဲ မိတ်ဆွေက “ခင်ဗျားတို့ကို လာရွေးဖို့ လူချန်ထားတာ” ဟု သူလွတ်မြောက်လာသောအခါ နောက်ပြောင်သည်။ တကယ်လည်း ထိုသဘောအတိုင်း ဖြစ်သည်။ ကိုခိုင်မြဲ၏ အဒေါ်၊ မဖမ်းဘဲ ချန်ခဲ့သည့် အိမ်ငှားသစ်မိတ်ဆွေ၏ ဇနီးတို့က နောက်နေ့ နံနက်တွင် ရဲစခန်းသို့ သွား၍ အခြေအနေမေး၊ စားစရာပို့၊ (ငွေပေး ရွေးရန်) ညှိနှိုင်းမှုများ လုပ်ရသည်။

ဧည့်စာရင်းစစ်သည်ဟု ယခုကာလ အခေါ်အဝေါ်သည် “ငွေညှစ်ခြင်း”၊ ထို့ထက်ပို၍ ခပ်ကြမ်းကြမ်းသုံးရလျှင် “ပြန်ပေးဆွဲခြင်း” နည်းတမျိုးဟု သဘောညီကြသည်။
ကိုခိုင်မြဲတို့ကို ဖမ်းဆီးကာ တိုက်အောက် ခေါ်လာသောအခါ အထက်တွင် ဖော်ပြခဲ့သည့် PDF ထောက်ပံ့သူ စွပ်စွဲခံ အမျိုးသားမှာ လမ်းမပေါ် ဒူးထောက်နေရသည်။ ကိုခိုင်မြဲက ဒူးမထောက်လိုဟု ဆိုကာ စစ်ကောင်စီ ကားပေါ် တန်းတက်သည်။ ထိုသို့ တက်ခြင်းကြောင့် ‘ဒီကောင် အကြောတင်းတယ်’ ဟု ဆိုကာ မျက်နှာကို လက်သီးနှင့် သုံးချက် အထိုးခံရသည်။
ကိုခိုင်မြဲသည် သူအထိုးလည်း ခံရ၊ ပြန်လည်း လုပ်ခွင့်မသာသည့် အဖြစ်ကို မချိတင်ကဲ ပြောသည်။ ကိုခိုင်မြဲသည် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ကာလအတွင်း အလွန်တက်ကြွခဲ့သူ ဖြစ်သည်။
ကိုခိုင်မြဲက ဒူးမထောက်လိုဟု ဆိုကာ စစ်ကောင်စီ ကားပေါ် တန်းတက်သည်။ ထိုသို့ တက်ခြင်းကြောင့် ‘ဒီကောင် အကြောတင်းတယ်’ ဟု ဆိုကာ မျက်နှာကို လက်သီးနှင့် သုံးချက် အထိုးခံရသည်
ရဲက မေးမြန်းသောအခါ သူက “ဘူး” တလုံးဆောင်သည်။ NUG နှင့် ပတ်သက်သလား၊ ‘မပတ်သက်’။ ‘PDF’ နှင့် ဆက်စပ်သလား၊ ‘မဆက်စပ်’။ တကယ်လည်း သူသည် တကိုယ်ရည် တကာယ ဘဝဖြင့် မိခင်ကြီးကို စောင့်ရှောက်ပေးနေသူ ဖြစ်သည်။
သူအလည်သွားသည့် အိမ်ငှားသူ အသစ်စက်စက်ကမူ အန္တရာယ် ကျရောက်လုနီးနီး ဖြစ်သည်။ သူက အိမ်နီးချင်း နိုင်ငံတခုတွင် အလုပ်လုပ်ရာမှ ခေတ္တပြန်လာကာ ယာယီ အိမ်ငှားနေသူ ဖြစ်သည်။ သူ့ကို စစ်မေးသောအခါ သူက ကိုခိုင်မြဲကဲ့သို့ “ဘူး” တလုံးဆောင်ခြင်းငှာ မစွမ်းနိုင်ဘဲ ကြောက်လန့်ကာ စိတ်ဓာတ်ကျနေသည်။
သူ့ကို စစ်ကောင်စီ အဖွဲ့ဝင်များက မေးသောအခါ သူက သက်သာလို သက်သာငြား “ကျနော် ကုမ္ပဏီ ထောင်ထားပါတယ်” ဟု ပြောသည်။ စစ်ကောင်စီ အဖွဲ့ဝင်များက ကုမ္ပဏီ နာမည်ကို မေးသော အခါ New (XXX) ကုမ္ပဏီဟု အမှန်အတိုင်းဖြေသည်။
ထိုအခါ စစ်ဆေးသော စစ်ကောင်စီ စစ်သားက နယူး (New) ကို “နွေဦး” ဟု ပြောသည်ထင်ပြီး “နွေဦး” ဆို သေပေတော့ဟု ပြောရာ အတော်ရှင်းရသည်ဟု ကိုခိုင်မြဲက ပြန်ပြောပြသည်။
စစ်ဆေးသော စစ်ကောင်စီ စစ်သားက နယူး (New) ကို “နွေဦး” ဟု ပြောသည်ထင်ပြီး “နွေဦး” ဆို သေပေတော့ဟု ပြောရာ အတော်ရှင်းရသည်ဟု ကိုခိုင်မြဲက ပြန်ပြောပြသည်
ကိုခိုင်မြဲတို့ ဝန်းကျင်သည် စစ်ကောင်စီ အာဏာသိမ်းမှု ဆန့်ကျင်ရေး အားကောင်းသည်ဖြစ်ရာ မကြာခဏ ဖိနှိပ်ခံရမြဲ၊ အလားတူ ပြောက်ကျား PDF အဖွဲ့များကလည်း ပြန်လည် တိုက်ခိုက်၊ တချို့ကိစ္စတွင် “လက်စားခြေ” မြဲ ဖြစ်သည်။
သတင်းပေးများ၊ ဒလန်ဟု ယိုးစွပ်ခံရသူများ တိုက်ခိုက်ခံရသည်။ မကြာသေးမီရက်များကပင် ကိုခိုင်မြဲတို့၏ မြို့နယ် အခြေစိုက် ရဲစခန်းကို ပစ်ခတ် ဖောက်ခွဲရာ စစ်ကောင်စီအဖွဲ့ဝင်တချို့ သေဆုံးသည်အထိ ဖြစ်ခဲ့သည်။
အထက်က ဖော်ပြသကဲ့သို့ပင် ကိုယ့်ရပ်ကွက်၊ ကိုယ့်လမ်းအနီး ပေါက်ကွဲ၊ ပစ်ခတ်ပြီဆိုပါက “ဒီညတော့ (သို့မဟုတ်) နောက်ညတွင် ဧည့်စာရင်း စစ်ပြီ” ဟူ၍ ဖြစ်သည်။
ဧည့်စာရင်း စစ်သောအခါ နည်း သုံးမျိုး တွေ့ရသည်။ PDF သို့မဟုတ် PDF ထောက်ပံ့သူဟု သတင်းရသဖြင့် ရှောင်တခင် အခန်းနံပါတ် အတိအကျဖြင့် တက်စစ်ခြင်း ဖြစ်သည်။ တိုက်မှူး၊ ရာအိမ်မှူးများကိုပင် အသိမပေးဟု ပြန်ကြားရသည်။
ဒုတိယတခုမှာ ဖော်ပြပြီးသကဲ့သို့ ပေါက်ကွဲမှု၊ ပစ်ခတ်မှုခံရ၍ ထိုအနီးအနား လူနေအိမ်များကို ရမည်ရှာပြီး မဲကာ ရှာဖွေစစ်ဆေးခြင်း ဖြစ်သည်။
တတိယတခုမှာ သတင်းပေး၊ ဒလန်များ လက်ချက်ဖြင့် ဤကာလကြီးအတွင်း ဝင်ငွေဖြောင့်သူများကို “ငွေညှစ်ရန်”၊ “ပြန်ပေးဆွဲရန်” တမင် ဝင်စစ်ခြင်း ဖြစ်သည်။
ဧည့်စာရင်း မတိုင်ထားသူ၊ ဧည့်စာရင်း တိုင်ထားသော်လည်း ရက်ကျော်လွန်နေသူ၊ ဧည့်စာရင်းတွင် ပါဝင်သည့် လူဦးရေထက် ပိုလွန်နေသူများကို အကုန် ဖမ်းဆီးသည်။ ထိုသို့ ဖမ်းဆီးကြောင်းလည်း သက်ဆိုင်ရာ ရက်ကွက်မှူးတချို့ ကိုယ်တိုင်က လိုက်လံပြောကြား သတိပေးထားသည်။
ရန်ကုန်မြို့တွင် စုံစမ်းသိရှိရသလောက် ကုံလုံကြွယ်ဝသော ရပ်ကွက်များတွင် အဖမ်းခံရသူများကို ရဲစခန်းတွင် တညချုပ်ပြီးနောက် တဦးလျှင် ကျပ်ငွေ ၁ သိန်း၊ အချို့ မြို့နယ်များတွင် ကျပ် ၅ သောင်း၊ မတတ်နိုင်သည့် ရပ်ကွက်များတွင် ကြားဝင် ညှိနှိုင်းပေးသူ ရှိပါက ၃ သောင်းကျပ်ဖြင့် ခံဝန်ကတိ အထပ်ထပ်ထိုးပါမှ ပြန်လွှတ်ပေးသည်။
ဤတွင် ဧည့်စာရင်း အကြောင်းပြ အဖမ်းခံရသူများ တူညီသည့် ပြောဆိုချက်မှာ လက်ကိုင်ဖုန်းကို စစ်ဆေးပြီးမှ ပြန်လွှတ်ပေးမည်ဟူသည့်အချက် ဖြစ်သည်။ အကြောင်းမလှစွာပင် ရန်ကုန်မြို့ အပါအဝင် တိုင်းနှင့် ပြည်နယ်များ၌ နာရီနှင့်ချီ၍ ၂၀၂၁ နှစ်ကုန် ဝန်းကျင်၌ လျှပ်စစ်မီး ပြတ်တောက်သောကြောင့် လက်ကိုင်ဖုန်းကို ကွန်ပြူတာနှင့် ချိတ်ဆက် စစ်ဆေးဖို့အရေး စစ်ကောင်စီ အဖွဲ့များ စုနေသည့် ရဲစခန်း သို့မဟုတ် အုပ်ချုပ်ရေးရုံးများတွင် အချိန်ကြန့်ကြာနေသည်။
ဧည့်စာရင်း အကြောင်းပြ အဖမ်းခံရသူများ တူညီသည့် ပြောဆိုချက်မှာ လက်ကိုင်ဖုန်းကို စစ်ဆေးပြီးမှ ပြန်လွှတ်ပေးမည်ဟူသည့်အချက် ဖြစ်သည်
အရွယ်ရောက်သူ ငါးဦးနှင့် ကလေးငယ် နှစ်ဦး ရှိသည့် နေအိမ်တွင် ဧည့်စာရင်း စစ်သောအခါ လက်ကိုင်ဖုန်း နှစ်လုံး ထုတ်ပေးလိုက်သည်။ စွပ်စွဲစရာ မတွေ့၍ ဤအိမ်တွင် အရွယ်ရောက်သူ (လူကြီး) ငါးဦး ရှိခြင်းကြောင့် လက်ကိုင်ဖုန်း နှစ်လုံးသာ ရှိသည်မှာ မဖြစ်နိုင်ဟုဆိုကာ ခြိမ်းခြောက်သဖြင့် အိမ်တွင် အတူနေသူ မိခင်နှင့် ညီလင်မယား၏ လက်ကိုင်ဖုန်းများ ထပ်ထုတ်ပေးရသည်။ စစ်ကောင်စီ အဖွဲ့ဝင်များက ပစ်မှတ်ထားသူ၏ လက်ကိုင်ဖုန်းထဲတွင် သံသယဖြစ်စရာ မတွေ့ဘဲ အတူနေ မိသားစုဝင်ဖုန်းတလုံးတွင် အာဏာသိမ်း ဆန့်ကျင်ရေး ထောက်ခံမှုကို တွေ့သဖြင့် ထောင်မကျရေး ငွေသိန်းချီ ပေးခဲ့ရသည်ဟု ရဲအချုပ်တွင် ၎င်းနှင့်အတူ နေခဲ့ရသူ တဦးက ပြောသည်။
ရန်ကုန်ဝန်းကျင်တွင် ပေါက်ကွဲသံကို နားစွင့်လျက်၊ ကြားလျှင် ဝှက်သင့်သည့် ပစ္စည်း (ဥပမာ – လက်ပ်တော့ ကွန်ပြူတာ၊ လက်ကိုင်ဖုန်း၊ ရွှေငွေပစ္စည်း)၊ မဖြစ်မနေ ကိုင်ထားရသည့် လက်ကိုင်ဖုန်းမှ Share ထားသည်များ၊ Download လုပ်ထားသည်များ၊ ရေးတင်ထားသည်များ၊ မက်ဆင်ဂျာတွင် အပြန်အလှန် ပေးပို့သည်များကို အားချင်း ဖျက်ရ၊ ပိတ်ရသည်။
မဖြစ်မနေ ကိစ္စရှိ၍ အပြင်သွားရလျှင်လည်း အမှန်တကယ် သုံးနေသည့် လက်ကိုင်ဖုန်းကို ထားခဲ့ကာ ဟန်ပြ လက်ကိုင်ဖုန်း တလုံး ဆောင်သွားရသည်ဟုလည်း ပြောကြသည်။ ထို့ကြောင့်ပင် စမတ်ဖုန်းများအစား မတွင်ကျယ်တော့သည့် ကီးပက်ဖုန်းများ ဈေးကွက်ရှိနေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ၂၀၁၆ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည့် ဧည့်စာရင်းဥပဒေကို စစ်ကောင်စီက ယမန်နှစ် ဖေဖော်ဝါရီတွင် အာဏာသိမ်းပြီးနောက် ပြန်လည် အသက်သွင်းခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီကို ဆန့်ကျင်သည့်အနေဖြင့် ဧည့်စာရင်းတိုင်းကြားမှု မလုပ်ခဲ့ကြသော်လည်း စစ်ဆေး၊ ဖမ်းဆီး၊ ငွေညှစ်သောကြောင့် မဖြစ်မနေ ဧည့်စာရင်းတိုင်လာရသည့် အခြေအနေ ဖြစ်သည်။
ယခင်က “ခွေးဟောင်လျှင် သူခိုး မကပ်ဘူးပေါ့” ဟု မှတ်ယူကြသူများပင် ယခုအခါ ခွေးဟောင်လျှင်ပင် “တို့ရပ်ကွက်ထဲ ဘာတွေ ဝင်လာလဲ” ဟူသော မြို့ပြ ခြောက်အိပ်မက်သည် “ဧည့်စာရင်း” နှင့်အတူ ဝင်ရောက်နေပြီ ဖြစ်ပေသည်။
You may also like these stories :
ကုလသမဂ္ဂနှင့် INGO တွေ စစ်ကောင်စီမှာ လုပ်ငန်းလိုင်စင် လျှောက်တဲ့အခါ
ဖရူဆို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု စစ်ဆေးတွေ့ရှိချက် ဖော်ထုတ်မှု
အာဏာသိမ်းစစ်ကောင်စီ၏ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ
မန္တလေးတွင် တလအတွင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ၁၀၀ ခန့် ဖမ်းဆီးခံရ