အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာသည့် ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာနိုင်ငံသို့ ၂ ရက်ကြာ အလုပ် သဘော လာရောက်ခဲ့ပြီးနောက် ကမ္ဘောဒီးယား၏ အပြုသဘော ကြားဝင်ပေးမှုကို ကြိုဆိုကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောလာသည်။
ဇန်နဝါရီ ၁၀ ရက်က ကျင်းပသည့် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တဦး ၏ မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မစ္စတာ ဝမ်ဝန့်ပင်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမည့် ကမ္ဘောဒီးယားနိုင်ငံအား အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ရန် အင်တိုက်အားတိုက် ထောက်ခံအားပေးပြီး မြန်မာနိုင်ငံဘက် အသီးသီးက နိုင်ငံရေး ဆွေးနွေး မှုမှတဆင့် သဘောထား ကွဲလွဲမှုများကို ဖြေရှင်းကာ စောလျင်စွာ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အကျိုးထမ်းဆောင်ပေးမည်ဟု ဆိုလာခြင်း ဖြစ်သည်။
ဆက်လက်၍ မစ္စတာ ဝမ်ဝန့်ပင်းက အာဆီယံသည် “အာဆီယံနည်းလမ်း” ဖြင့် မြန်မာ့အရေးကိစ္စ ဖြေရှင်းပြီး အာဆီယံ မူဘောင်အောက်တွင် “သဘောတူညီချက် ၅ ချက်” အား အဆင်ပြေချောမွေ့စွာ ဖော်ဆောင်မှုကို တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း ပြောဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၏ တာဝန်ထမ်းဆောင်မှုအတွက် အကျိုးရှိသည့် အခြေအနေ ဖန်တီးပေးပြီး “ရှေ့လုပ်ငန်းစဉ် (၅) ရပ်” နှင့် အာဆီယံ “သဘောတူညီချက် (၅) ချက်” ကို ထိရောက် စွာ ချိတ်ဆက်ရေး မိမိတို့က ချီးကျူးကြောင်း ၎င်းက ပြောသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ အချို့ကမူ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ ၎င်း၏ အကျိုးစီးပွားအတွက် အခြေခံအဆောက် အအုံ စီမံကိန်းများ ပြန်လည် စတင်လိုသဖြင့် မြန်မာနိုင်ငံ အလျင်အမြန် တည်ငြိမ်ရေးကို လိုလားနေကြောင်း ဆိုသည်။
ထို့ကြောင့် မြန်မာနိုင်ငံ တည်ငြိမ်ရေးအတွက် ဘက်အသီးသီးနှင့် ဆွေးနွေးညှိနှိုင်းပြီး ပြဿနာပြေလည်ရေး ကမ္ဘောဒီးယား နိုင်ငံ၏ ကြိုပမ်းမှုကို တရုတ်နိုင်ငံက ထောက်ခံနေခြင်း ဖြစ်သည်ဟုလည်း သုံးသပ်ပြောဆိုကြသည်။
“တရုတ်ကလည်း သူ့ရဲ့ ပိုးလမ်းမကြီး အောင်မြင်ရေး ပျက်စီးမသွားဖို့အတွက် အဲဒီအပေါ် အခြေခံပြီးတော့ လုပ်တာပဲ” ဟု တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ၂၀၂၁ ခုနှစ်အတွင်း အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် အတူ အာဏာသိမ်း စစ်ကောင်စီဘက်၌ တရုတ်နိုင်ငံ ရပ်တည်သည်ဆိုသော အယူအဆများ အားကောင်းလာပြီး တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ မြင့်တက်ခဲ့သည်။
ယင်းနောက် တရုတ်နိုင်ငံသို့ သွယ်တန်းနေသည့် ဓာတ်ငွေ့ပိုက်လိုင်းအား တိုက်ခိုက်မည်ဟူသော ခြိမ်းခြောက်မှုများ ရှိသလို တရုတ်စက်ရုံအချို့ တိုက်ခိုက်ခံခဲ့ရပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံစစ် ကျယ်ပြန့်လာသည်နှင့်အမျှ မြန်မာ နိုင်ငံရှိ တရုတ်စီမံကိန်းများ အကောင်အထည်ဖော်ရန် အခက်အခဲ ဖြစ်ခဲ့ရသည်။
ထိုကဲ့သို့ အခြေအနေတွင် မြန်မာနိုင်ငံ၌ ရပ်တန့်နေသည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း အစီအမံအောက်ရှိ စီမံ ကိန်းများ ပြန်လည် စတင်လိုသဖြင့် မြန်မာနိုင်ငံတွင် ပဋိပက္ခများ မကျယ်ပြန့်ရေး ရည်ရွယ်ကာ ကမ္ဘောဒီးယား၏ ကြား ဝင် ဆောင်ရွက်မှုကို တရုတ်ဘက်က ထောက်ခံခြင်း ဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူအချို့က ဆိုသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကလည်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အရှေ့မြောက်ဒေသတွင် ဗမာပြည် ကွန်မြူနစ်ပါတီ ပြိုကွဲပြီးနောက် မြန်မာနိုင်ငံ၌ မည်သည့် အင်အားစုမျှ တဖွဲ့ကိုတဖွဲ့ အနိုင်တိုက်ရေး မဖြစ်နိုင်တော့ဟု ယူဆလာကြောင်း ဆိုသည်။
“တိုက်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေက ရေရှည်လည်း ဘယ်သူ့ကိုမှ အပြုတ်မတိုက်နိုင်ဘူး။ အဲဒီလို သူက မြင် ပြီးတော့ လက်နက်ကိုင်ပြီး ဖြေရှင်းရင် အဖြေမရဘူး။ တိုက်ရင်းသာ သေသွားမယ်။ ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာကြဆိုပြီး တွန်းပို့တာ။ အဲဒီ လမ်းကြောင်းက သူ့အကျိုးစီးပွားနဲ့လည်း ကိုက်တယ်ဆိုတဲ့ ဟာမျိုးပေါ့။ သူကလည်း မြန်မာနိုင်ငံကို ဖြတ် ပြီး ပင်လယ်ထွက်ပေါက်နဲ့ BRI လမ်းကြောင်းကို ဆက်ချင်တယ်ပေါ့” ဟု ၎င်းက ပြောသည်။
အာဏာသိမ်း စစ်ကောင်စီဘက်ကလည်း ကျဆင်းနေသည့် မြန်မာ့စီးပွားရေးကို ပြန်လည်ကုစားရန် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း အစီအမံအောက်ရှိ စီမံကိန်းများကို ပြန်လည်စတင်လိုပြီး တုံ့နှေးနေသည့် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးကို ကောင်းမွန်စွာ ပြန်လည် လည်ပတ်ရန် ဆန္ဒရှိနေသည်။
ထို့ကြောင့်လည်း စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံ၏ အခြေအနေ သည် ပုံမှန်ပြန်ဖြစ်နေပြီဟု ၂၀၂၁ ဒီဇင်ဘာတွင် ပြောပြီး တရုတ်နိုင်ငံနှင့် ပူးတွဲစီမံကိန်းများကို ဦးစားပေး အကောင် အထည်ဖော်မည်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။
တရုတ်ယွမ်ငွေကိုလည်း နယ်စပ်ကုန်သွယ်ရေး၌ တိုက်ရိုက်ငွေချေရာတွင် တရားဝင် သုံးနိုင်ကြောင်း စစ်ကောင်စီဘက်က ခွင့်ပြုပေးလိုက်သည်။
ထိုကဲ့သို့ စစ်ကောင်စီနှင့် တရုတ်နိုင်ငံတို့အကြား ဘုံအကျိုးစီးပွား တူညီနေသဖြင့် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု ရှိသော ကမ္ဘော ဒီးယားနိုင်ငံ၏ ကြားဝင်မှုကို စစ်ကောင်စီနှင့် တရုတ်နိုင်ငံတို့က လက်ခံခြင်း ဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူအချို့က ဆိုသည်။
အလားတူပင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa ကလည်း မြန်မာ့အရေး ကမ္ဘောဒီးယားနိုင်ငံက တက်တက်ကြွကြွ ထိတွေ့ဆက်ဆံမှုကို ကြိုဆိုကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ မြန်မာခရီးစဉ်အပြီး ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်၊ ဒုတိယဝန်ကြီးချုပ်လည်း ဖြစ်သည့် Prak Sokhonn ကို ပြောကြားခဲ့သည်။
ဇန်နဝါရီ ၁၁ ရက် ၎င်းတို့ ၂ ဦး တယ်လီဖုန်းဖြင့် ဆက်သွယ် စကားပြောစဉ်တွင် ထိုကဲ့သို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ဖြစ်နေသည့်အပေါ် စိုးရိမ်ပူပန်ကြောင်းပြောပြီး ကမ္ဘော ဒီးယားဝန်ကြီးချုပ်၏ မြန်မာခရီးစဉ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာအာဏာပိုင်များအကြား အပစ် အခတ်ရပ်စဲရေး အကဲဖြတ်မှု အခြေအနေကိုပါ ထည့်သွင်း ဆွေးနွေးသည်။
လေ့လာသုံးသပ်သူ အချို့ကမူ ဂျပန်နိုင်ငံသည်လည်း မြန်မာနိုင်ငံတွင် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ လည်ပတ် တိုးချဲ့နိုင် ရန် မြန်မာနိုင်ငံ တည်ငြိမ်ရေးအတွက် ကမ္ဘောဒီးယားနိုင်ငံ၏ ကြိုးပမ်းမှုကို ထောက်ခံနေခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။
ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့ (JETRO) ၏ အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်-၁၉ ကပ်ဘေးကြောင့် စီးပွားရေး ထိခိုက်မှုများ ရှိနေသည့်တိုင် မြန်မာနိုင်ငံအတွင်းရှိ ဂျပန်ကုမ္ပဏီ ၇၀ ရာခိုင်နှုန်း နီးပါးသည် လာမည့် ၁နှစ် ၂ နှစ်အတွင်း ၎င်းတို့၏ လုပ်ငန်းများအား ဆက်လက်ချဲ့ထွင် လုပ်ကိုင်နေဦးမည် ဖြစ်ကြောင်း ပါရှိသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံအပေါ် မြန်မာနိုင်ငံက လုံးဝနီးပါး အားထားသွား ရနိုင်သည့် အခြေအနေကို ရှောင်ရှားနိုင်ရန် မြန်မာအာဏာပိုင်များကို လုံးဝ ကင်းပြတ်သည်အထိ မဆန့်ကျင်နိုင်ကြောင်း ဆိုသည်။
“ဂျပန်က မြန်မာကို အနာဂတ်မှာ တရုတ်အပေါ်မှာ လုံးဝကြီး မှီခိုအားထားတာမျိုး ဖြစ်မသွားစေချင်တာလည်း ပါတာပေါ့။ မြန်မာကို အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက ဆန့်ကျင်နေတဲ့အခါမှာ မြန်မာက တရုတ်ဘက် ပါသွားမှာကို စိုးရိမ် နေတယ်” ဟု ၎င်းက ပြောသည်။
ဆက်လက်၍ ဦးရဲထွန်းက ထိုကဲ့သို့ သဘောထားရှိသော ဂျပန်၏ ရပ်တည်ချက်ကို မြန်မာစစ်ကောင်စီဘက်ကလည်း လို လား သဘောကျနိုင်ကြောင်း သုံးသပ်သည်။
“အဲဒီလို လုပ်တာကို မြန်မာကလည်း သဘောကျလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က တရုတ်ရဲ့အောက်မှာ တရုတ် ကို လုံးဝ မှီခိုအားထားရတာမျိုး မဖြစ်ချင်ဘူး။ သူ့အနေအထားက တဖက်က အမေရိကန်တို့ ဘာတို့ကို မျက်စပစ်တော့ လည်း ဟိုက လက်မခံဘူး ဖြစ်နေတာ။ ဂျပန်တို့၊ ရုရှားတို့ အားကိုးစရာရှိတဲ့ အနေအထားကို မြန်မာဘက်ကလည်း သဘောကျလိမ့်မယ် ထင်တယ်” ဟု ၎င်းက ဆိုသည်။
တနည်းအားဖြင့် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် တဦးနှင့်တဦးကြား ပဋိပက္ခအချို့ ရှိနေသည့်တိုင် ၎င်းတို့၏ ကိုယ် ကျိုးစီးပွားများကြောင့် မြန်မာ့အရေးတွင် နိုင်ငံတည်ငြိမ်အေးချမ်းရန် ဝိုင်းဝန်းကူညီနိုင်ဖွယ် ရှိနေခြင်း ဖြစ်ကြောင်း လေ့ လာသုံးသပ်သူများက ဆိုကြသည်။
ထိုသို့ ကူညီရာတွင် မြန်မာနိုင်ငံအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် စစ်ကောင်စီအကြား အပစ်အခတ် ရပ်စဲရေး ကဲ့သို့သော ကိစ္စများတွင် အဓိက ပါဝင်ကူညီခြင်း ဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူ အချို့က ပြောသည်။
ဤနေရာတွင် မေးခွန်းထုတ်စရာ ရှိသည်က ဂျပန်၊ တရုတ်နှင့် ကမ္ဘောဒီးယားတို့ကဲ့သို့ နိုင်ငံများ၏ ကြားဝင် ကူညီမှုသည် မြန်မာပြည်သူလူထုက လိုလားသော ကြားဝင်မှု ဖြစ်နိုင်ပါမည်လော ဆိုသည့်အချက် ဖြစ်သည်။
မြန်မာနိုင်ငံ ပဋိပက္ခနှင့် ငြိမ်းချမ်းရေး လေ့လာနေသည့် လွတ်လပ်သော သုတေသီ David Scott Mathieson ကမူ တရုတ် နိုင်ငံက မြန်မာနိုင်ငံ တည်ငြိမ်ရေးအတွက် အာဏာသိမ်း စစ်ကောင်စီကို နောက်ကွယ်က ဖိအားများပေးကာ တိုက်တွန်း နေသည့်တိုင် မြန်မာစစ်ကောင်စီဘက်က အလေးအနက်ထားလိမ့်မည် မဟုတ်ကြောင်း ပြောသည်။
၎င်းက “မင်းအောင်လှိုင်က အပေးအယူ လုပ်ချင်ရင် ငါ့ဆီလာခဲ့လို့ ပြောမှာပါ။ မင်းကလည်း ငါ့ဆီက လိုချင်တာ ရှိတယ်။ ငါကလည်း မင်းဆီက ရချင်တာ ရှိတယ်ဆိုတဲ့ ပုံစံမျိုး ပေါက်ပါတယ်။ ကျနော်ထင်တာတော့ ဒီလိုပုံစံနဲ့ ကစားနေတာ ထင်ပါ တယ်။ မင်းအောင်လှိုင်က အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေ၊ ဂျပန်နဲ့ တရုတ်နိုင်ငံတွေဟာ အကုန်လုံး သူ့ဆီပြန်လာကြမယ်လို့ သိနေပုံရပါတယ်။ အဲဒီ နိုင်ငံတွေက သူ့ကို မကြိုက်ပေမယ့်လည်း နောက်ဆုံးမှာ သူနဲ့ သဘောတူညီမှု ယူရမယ်ဆိုတာ မင်းအောင်လှိုင်က သိနေပါတယ်။ ဒါကြောင့် မင်းအောင်လှိုင်က စိတ်ရှည်ရှည်နဲ့ စောင့်နေ တယ်လို့ ထင်ပါတယ်” ဟု ဆိုသည်။ ။
You may also like these stories :
အဖွဲ့ဝင်များ သဘောထားကွဲသောကြောင့် ယခုနှစ် ပထမဆုံး ASEAN အစည်းအဝေးရွှေ့ဆိုင်းရ
ဟွန်ဆန်၏ မြန်မာ့ခရီးစဉ်အပေါ် ကမ္ဘောဒီးယားအမြင်
“သွေးသောက်ညီအကို”အဖြစ် သဘောထားရန် စစ်ကောင်စီခေါင်းဆောင်က ဟွန်ဆန်ကို ပြော
ဟွန်ဆန်၏ “ကောင်းဘွိုင်ဒီပလိုမေစီ” အာဆီယံအဖွဲ့ကို ဖျက်ဆီးနေသလား
မြန်မာ ပြည်တွင်းစစ် ဖြစ်နေဟု ကမ္ဘောဒီးယား ပြော