ဆောင်းပါး

ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးရှောင်သူများ

ကရင်ပြည်နယ် မြဝတီမြို့နား တိုက်ပွဲများကြောင့် အိုးအိမ် စွန့်ခွာပြီး အသက်လုထွက်ပြေးနေရတဲ့ ကရင်တိုင်းရင်းသား အများစုက မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်းနံဘေးက နုန်းမြေပေါ်မှာ ယာယီတဲလေးတွေနဲ့ နေထိုင်နေကြရတယ်။ တကိုယ်ရေသုံးပစ္စည်းတောင်မပါဘဲ မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေယာဉ်နဲ့ဗုံးကြဲမှုတွေနဲ့ သေနတ်ကျည်ဆံတွေကနေ ကင်းလွတ်ဖို့ သူတို့ရဲ့ နေအိမ်တွေက စွန့်ခွာခဲ့ရတာ တလနီးပါးရှိပြီ ဖြစ်ပါတယ်။

ဒီဇင်ဘာလလယ်ကတည်းက မြန်မာစစ်ကောင်စီတပ် နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲများကြောင့် ကရင်ပြည်နယ် လေးကေကော့မြို့သစ်နှင့် မြဝတီမြို့နယ်အတွင်းက ဒေသခံ ၂၀,၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ မြို့သစ်အတွင်းမှာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် သပိတ်မှောက် အရပ်ဘက် ဝန်ထမ်းတွေ ခိုလှုံနေကြတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်သားတွေက လေးကေ့ကော်မြို့သစ်ကို စီးနင်းပြီး လူဒါဇင်နှင့်ချီ ဖမ်းဆီးမှု လုပ်လာပြီးတဲ့နောက်တော့ တိုက်ပွဲများ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်းနံဘေးက နုန်းမြေပေါ်မှာ စစ်ပြေးဒုက္ခသည်တွေဟာ ယာယီတဲလေးတွေနဲ့ နေထိုင်နေကြရတယ်/ဧရာဝတီ

ဒီဇင်ဘာ ၁၅ ရက်မှစပြီး လူထောင်ချီ ( ၅၀၀၀ နီးပါးခန့်) ထိုင်းနယ်စပ်မှာ ခိုလှုံနေကြပါတယ်။ သူတို့ကို ထိုင်းအစိုးရနဲ့ စေတနာ့ဝန်ထမ်းများက အစားအသောက်၊ အမိုးအကာနှင့် ဆေးဝါးတွေ ကူညီပေးနေကြပါတယ်။ ထိုင်းအစိုးရက လက်ခံထားတဲ့ ယာယီ ဒုက္ခသည်စခန်းလို နေရာတွေကို ထိုင်းနိုင်ငံ မဲဆောက် နဲ့ ဖုတ်ဖရခရိုင်ထဲမှာ ဖွင့်လှစ်ထားပါတယ်။ အနည်းဆုံး သူတို့ဟာ နွားခြံကြီးတွေထဲမှာ နေကြရတယ်။ အမိုးအကာအချို့ရှိပေမယ့် မလုံလောက်မှုကတော့ ရှိနေဆဲပဲ။

မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်းနံဘေးက စစ်ပြေးဒုက္ခသည်တဦး ရေနွေးတည်နေစဉ်/ ဧရာဝတီ
သောင်ရင်းမြစ်ကမ်းနံဘေးက စစ်ပြေးဒုက္ခသည်တဦး ထမင်းဟင်းချက်ပြုတ်နေစဉ်/ ဧရာဝတီ

တိုက်ပွဲတွေ ခေတ္တရပ်သွားချိန်မှာ တချို့က နေရပ်ပြန်တာတွေ ရှိပေမယ့်လည်း တိုက်ပွဲပြန်ဖြစ်တာနဲ့ အများစုက ကိုယ့်အိမ်ကနေ ထပ်ပြေးရပြီး မြန်မာဘက်ခြမ်း နယ်စပ်တလျှောက်မှာ အိုးအိမ်မဲ့ နေနေကြရပြန်တယ်။

စစ်ပြေးဒုက္ခသည်တဦး၏ ထမင်းပွဲက အလှူရှင်များပေးပို့သော ဆန်ကိုသာ မှီခိုနေရသည်/ ဧရာဝတီ
စစ်ပြေးဒုက္ခသည်တွေရဲ့ နားခိုရာက ယာယီတဲလေးတွေသာ/ဧရာဝတီ

“ကုန်ခဲ့တဲ့ ရက်အနည်းငယ်က ကျနော်တို့ ဖလူးရွာက အိမ်ကို ပြန်သွားတယ်။ တညပဲ အိပ်ခဲ့ရတယ်။ တိုက်ပွဲပြန်ဖြစ်လို့ ပြန်ပြေးလာခဲ့ရတယ်။ ကျနော်တို့ မှာ ကလေးငါးယောက်ရှိတယ်။ ကလေးတွေပဲ ခေါ်ပြီး ပြေးရတာ။ ဘာမှ မယူနိုင်ဘူး” ဟု ဧရာဝတီသတင်းဌာနနဲ့ တွေ့ချိန်မှာ IDP မိသားစုတစုက သူတို့ အတွေ့အကြုံကို ပြောပြပါတယ်။

စစ်ပြေးဒုက္ခသည်များအတွက် အလှူရှင်များပေးပို့သော ဆန်နှင့် သောက်ရေက အရေးကြီးသည်/ ဧရာဝတီ

မြန်မာနိုင်ငံဘက်ခြမ်း သောင်ရင်းမြစ်ကမ်းမှာ စစ်ဘေးရှောင် ဒုက္ခသည် ထောင်နဲ့ချီပြီး နေထိုင်နေပါတယ်။ တချို့က တာပေါ်လင်စတွေသုံးပြီး အမိုးနဲ့ အကာပါတဲ့ ယာယီတဲ ဆောက်ပြီး နေကြသလို တချို့ကျ တာပေါ်လင်စ အခင်းနဲ့သာနေပြီး တချို့က မြေကြီးပေါ် ဖျာခင်းပြီး ဒီတိုင်းနေနေကြရတယ်။

မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်းနံဘေး စစ်ဘေးရှောင်များ အဝတ်လျှော်နေစဉ်/ ဧရာဝတီ

သူတို့ဟာ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ထိုင်းစေတနာရှင်များက လှူဒါန်းတဲ့ အစားအစာနှင့် သောက်ရေသန့်ကို အားကိုးနေကြရတယ်။ စေတနာရှင်များထံမှ အလှူငွေများ၊ ပစ္စည်းများလက်ခံပြီး၊ ထိုင်းဘက်ခြမ်းရှိ ရွှေ့ပြောင်းအလုပ်သမားများက ဒုက္ခသည်တွေအတွက် ကိုယ်တိုင်ကိုယ်ကျ ကူညီပေးမှုတွေလည်း ရှိပါတယ်။ ချက်ပြုတ်စရာမရှိတဲ့ ဒုက္ခသည်တွေအတွက် နေ့လယ်စာ နဲ့ညစာ တနပ်စီကို ထမင်းထုပ် ၂၀၀၀ မှ ၃၀၀၀ ကြား ချက်ပြုတ်ကြပြီး ကူညီနေသူတွေက နေ့စဉ် ဖြန့်ဝေပေးနေရတာကိုလည်း တွေ့ခဲ့ရတယ်။

စစ်ပြေးဒုက္ခသည်များအတွက် အလှူရှင်များပေးပို့သော ဆန်နှင့် သောက်ရေက အရေးကြီးသည်/ ဧရာဝတီ
လေးကေကော်ရှိ အိမ်အနီး လက်နက်ကြီးကျရာ ထိခိုက်ဒဏ်ရာရသွားသူ အမျိုးသမီးတဦး ရေချိုးနေစဉ်/ဧရာဝတီ

တကယ်တော့ ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ဘေးရှောင်ဒုက္ခသည်များဟာလည်း မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြားသော စစ်ဘေးရှောင်ဒုက္ခသည်များလိုပါပဲ။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လက်နက်ကိုင်ခုခံမှုတွေကြောင့် ဝန်ထုပ်ဝန်ပိုး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ဒေသကြီးတို့က စစ်ဘေး ဒေသခံတွေလိုပဲ ခက်ခဲနေကြရပါတယ်။ ထိုင်း-မြန်မာနယ်စပ်က အိုးအိမ်စွန့်ခွာစစ်ပြေးရှောင် (IDP) တွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို မကြာသေးခင်ကမှ ဧရာဝတီသတင်းဌာနက ရိုက်ကူး မှတ်တမ်းတင်ခဲ့ပါတယ်။

မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်းနံဘေးက နုန်းမြေပေါ်မှာ စစ်ပြေးဒုက္ခသည်တွေဟာ ယာယီတဲလေးတွေနဲ့ နေထိုင်နေကြရတယ်/ဧရာဝတီ
စစ်ပြေးဒုက္ခသည်များအတွက် အလှူရှင်များပေးပို့သော ဆန်နှင့် သောက်ရေက အရေးကြီးသည်/ ဧရာဝတီ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက် တစ်နှစ်နီးပါးခန့်အချိန်မှာ နိုင်ငံတစ်ဝှမ်း အိုးအိမ်စွန့်ခွာ စစ်ပြေးရှောင်နေရသူ သုံးသိန်း ခန့်ရှိတယ်လို့ ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအေဂျင်စီ UNOCHA မှ ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ လိုအပ်နေ တဲ့ လူဦးရေဟာလည်း ၃ သန်းခန့်ရှိကြောင်း UNOCHA က ခန့်မှန်းထားပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးကတည်းက နိုင်ငံတဝှမ်းလုံးမှာ အခြေအနေတွေ ဆိုးရွားလာခဲ့ပြီး အရပ်သားတွေအတွက် လုံခြုံမှုမရှိသလောက် အားနည်းခဲ့ပါတယ်။

You may also like these stories:

အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ

ကရင်စစ်ပွဲများက ထွက်ပေါ်လာတဲ့ ဘန်းစကားများ

အာဏာသိမ်းစစ်ကောင်စီ၏ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ

စစ်ကိုင်းတိုင်းကို စစ်ကောင်စီ တကယ်ထိန်းချုပ်နိုင်ပြီလား

Loading