အဓိကကျသော ဒေသဆိုင်ရာအဖွဲ့အစည်း ၂ ခုဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် အာဖရိက သမဂ္ဂ (AU) တို့သည် ၎င်းတို့အဖွဲ့ဝင်နိုင်ငံများတွင် ပြင်းထန်သည့် နိုင်ငံရေးနှင့် လူသားချင်းစာနာမှု အကျပ်အတည်းများကို လွန်ခဲ့သောနှစ်က ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကြိုးစားကြရသည်။
စစ်အာဏာသိမ်းမှုနှင့် ပြည်တွင်းစစ်
အာဆီယံ အနေဖြင့် ကိုင်တွယ်ရသည်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုတွင် စစ်အုပ်ချုပ်ရေး အပြည့်အဝ ပြန်လည်ထူထောင်လိုက်သော မြန်မာနိုင်ငံဖြစ်သည်။ AU အနေဖြင့်မူ အီသီယိုပီးယား အကျပ်အတည်းကို ကိုင်တွယ်ရသည်။
အရှေ့အာဖရိကတွင် တည်ရှိပြီး လူဦးရေ ၁၁၅ သန်းရှိသော အီသီယိုပီးယားသည် ၂၀၂၀ ပြည့်နှစ်၊ နိုင်ဝင်ဘာလမှ စတင်ပြီး မြောက်ပိုင်းဒေသဖြစ်သော တီဂရေးတွင် ပြည်တွင်းစစ်ဖြစ်နေသည်။
ထိုဖြစ်ရပ်နှစ်ခုလုံးတွင် သက်ဆိုင်ရာ ဒေသဆိုင်ရာအဖွဲ့အစည်းများသည် လိုအပ်သော အရေးယူမှုများ ပြုလုပ်ရမည့် အဖွဲ့အစည်းများ ဖြစ်သင့်သည်ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သဘောထားသည်။
အာဆီယံ နှင့် AU အကြား အဓိက ကွဲပြားချက်များ
အာဆီယံ နှင့် AU နှစ်ဖွဲ့လုံးကို ဒေသဆိုင်ရာ အဖွဲ့အစည်းများဟု ခေါ်နိုင်သော်လည်း ထိုနှစ်ဖွဲ့သည် နည်းလမ်းအမျိုးမျိုးဖြင့် ကွဲပြားခြားနားနေကြသည်။
အရှေ့တောင်အာရှဒေသမှ နိုင်ငံများအားလုံးသည် အာဆီယံ အဖွဲ့ဝင်များ မဟုတ်ကြပေ။ သို့သော် ဆာဟရာဝီ အာရပ်သမ္မတနိုင်ငံ အပါအဝင် အာဖရိကနိုင်ငံများ အားလုံးသည် AU အဖွဲ့ဝင်ဖြစ်သည်
အရှေ့တောင်အာရှဒေသမှ နိုင်ငံများအားလုံးသည် အာဆီယံ အဖွဲ့ဝင်များ မဟုတ်ကြပေ။ သို့သော် ဆာဟရာဝီ အာရပ်သမ္မတနိုင်ငံ အပါအဝင် အာဖရိကနိုင်ငံများ အားလုံးသည် AU အဖွဲ့ဝင်ဖြစ်သည်။
အတွင်းရေးမှူးချုပ်ရုံး၏ အခန်းကဏ္ဍ
အခြားအရေးပါသော ကွဲပြားခြားနားမှုမှာ အာဆီယံကို ပုံမှန်အားဖြင့် ဥက္ကဋ္ဌတာဝန် တနှစ်ယူသော နိုင်ငံက ဦးဆောင်သည်။ ၂၀၂၁ ခုနှစ်အတွက် ဥက္ကဋ္ဌမှာ ဘရူနိုင်းနိုင်ငံ ဖြစ်သည်။ ဥက္ကဋ္ဌနိုင်ငံဆိုသည့် အယူအဆသည် အာဆီယံက ထိုနိုင်ငံသက်တမ်းအတွင်း ပြဿနာများကို မည်သို့ ကိုင်တွယ်သည်ဆိုသည့်အပေါ် ကြီးမားသော သက်ရောက်မှု ရှိတတ်သည်။
AU တွင်လည်း ဒေသတွင်းတွင် အလှည့်ကျတာဝန်ယူသည့် ဥက္ကဋ္ဌစနစ်ရှိသည်။ သို့သော် အာဆီယံကဲ့သို့ မဟုတ်ဘဲ AU က ၎င်း၏ အတွင်းရေးမှူးရုံးဖြစ်သော AU ကော်မရှင်မှတဆင့် ပိုမိုလုပ်ကိုင်သည်။
လက်ရှိ AU ကော်မရှင် လက်ရှိဥက္ကဋ္ဌ ယခင် ချတ်ဒ်ဝန်ကြီးချုပ်ဟောင်း မိုဆာ ဖာကီ မဟာမက်သည် အာဆီယံ အတွင်းရေးမှူးချုပ် အသီးသီးများထက် ပိုမိုအာဏာရှိသည်။
နှောင့်နှေးကြန့်ကြာမှုများ
မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို ဖိနှိပ်ခြင်းသည် အာဆီယံအတွင်း ကျယ်ပြန့်သော စိုးရိမ်ပူပန်မှုများကို ဖြစ်စေသည်။ သို့သော် ထိုကိစ္စနှင့်ပတ်သက်ပြီး ခိုင်မာသော သဘောထားရရန် အာဆီယံအတွက် လပေါင်းများစွာ ကြာသည်။
၂၀၂၁ ခုနှစ်၊ ဧပြီလက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် ကျင်းပသည့် အစည်းအဝေး၌ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု ရပ်ဆိုင်းရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ခွင့်ပြုရေးအတွက် ဘုံသဘောတူညီချက် ၅ ချက်ကို အာဆီယံက ကြေညာသည်။
အထူးသံတမန်
အာဆီယံသည် ထိုလုပ်ငန်းစဉ်ကို ကြီးကြပ်ရန် အထူးသံတမန်တဦး ခန့်သည်။ သို့သော် အာဆီယံအတွင်း နက်ရှိုင်းသော သဘောထား ကွဲလွဲမှုများအကြား အထူးသံတမန် ရွေးချယ်ရေးသည် လပေါင်းများစွာ ကြာသည်။
အာဆီယံအတွင်း နက်ရှိုင်းသော သဘောထား ကွဲလွဲမှုများအကြား အထူးသံတမန် ရွေးချယ်ရေးသည် လပေါင်းများစွာ ကြာသည်
နောက်ဆုံး ပြီးခဲ့သည့် သြဂုတ်လတွင် ထိုရာထူးသို့ ဘရူနိုင်း ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး အာရီဝမ် ယူစွတ်ကို ခန့်အပ်လိုက်သော အခါတွင်ပင် ထိုအထူးသံတမန် ထိရောက်စွာ မလုပ်ကိုင်နိုင်အောင် မြန်မာစစ်ကောင်စီက တားဆီးသည်။
ထို့ကြောင့် အာဆီယံက မြန်မာကို ထိပ်သီးဆွေးနွေးပွဲတက်ခွင့် ဆိုင်းငံ့ပြီး မကြုံစဖူး ပြင်းထန်သော အရေးယူမှု ပြုလုပ်သည်။
ကမ္ဘောဒီးယား ရှေ့တန်းရောက်လာ
၂၀၂၂ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌရာထူးသည် အလှည့်ကျသော ကမ္ဘောဒီးယားထံရောက်ပြီး ကမ္ဘောဒီးယားက မြန်မာနှင့် ပြန်လည် ထိတွေ့ဆက်ဆံရန် ဆုံးဖြတ်သည်။
သဘောတူညီချက်များ အကောင်အထည်ဖော်ရေးအတွက် စစ်ကောင်စီကို တွန်းအားပေးရန် ဟွန်ဆန်က ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ သွားရောက်သည်။ သူသည် နိုင်ငံခြားရေး ဝန်ကြီးကိုလည်း အထူးသံတမန်သစ်အဖြစ် ခန့်အပ်ခဲ့သည်။
အက်ဒစ် အဘာဘာနှင့် တီဂရေး
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အီသီယိုပီးယား အခြေအနေသည် ကွဲပြားခြားနားသည်။ ထိုနိုင်ငံတွင် သူပုန်ပြည်နယ် တီဂရေးနှင့် အစိုးရ နှစ်ဘက်လုံးက ဒီမိုကရေစီအရ တရားဝင်ကြောင်းပြောသည်။ မည်သည့်ဘက်ကမျှ စစ်အာဏာသိမ်းခြင်း မရှိပေ။
မြို့တော် အက်ဒစ် အဘာဘာမှ နိုင်ငံရေးအာဏာ စုစည်းမှုသစ်ကို တီဂရေးက စိန်ခေါ်နေစဉ် အစိုးရက တီဂရေးကို တရားဥပဒေစိုးမိုးမှု စစ်ဆင်ရေးများဖြင့် ပြန်လည်တိုက်ခိုက်သည်။
လက်တွေ့တွင် အီသီယိုပီးယားသည် ပြည်တွင်းစစ်အတွင်း ကျရောက်နေသည်မှာ တနှစ်ကျော်ကြာပြီဖြစ်သည်။ ကနဦးတွင် အစိုးရတပ်များသည် အောင်မြင်မှုအချို့ ရသော်လည်းနောင်တွင် ပြန်လည်ရှုံးနိမ့်သွားသည်။ လတ်တလောတွင် ရှေ့မတိုးသာ နောက်ဆုတ်သာသော အခြေအနေတွင်ရှိသည်။
လူသားချင်းစာနာမှု အကျပ်အတည်းများ
သို့သော် လူသားချင်းစာနာမှုအကျပ်အတည်းမှာ မြန်မာနိုင်ငံကဲ့သို့ပင် မြင့်မားလာနေသည်။
အီသီယိုပီးယားတွင် လူ ၅ သိန်းအတွက် လူသားချင်းစာနာမှု အကူအညီ အပြင်းအထန်လိုနေသည်။ လူ ၂ သန်းကျော် ပြည်တွင်းတွင် စစ်ဘေးရှောင်နေရသည်။
မြန်မာတွင် လူ ၂၁၉,၀၀၀ ကျော် နေရပ်စွန့်ခွာရသည်။ စစ်ကောင်စီတပ်များသည် အာဏာသိမ်းပြီးနောက် အရပ်သား ၁,၀၀၀ ကျော်ကို သတ်ဖြတ်ပြီးဖြစ်သည်။
အကူအညီများကို လက်နက်သဖွယ် အသုံးပြုခြင်း
အီသီယိုပီးယားတွင် လူသားချင်းစာနာမှု အကူအညီများကို နှစ်ဘက်လုံးက လက်နက်သဖွယ်သုံးသည်။ တီဂရေးက ၎င်းတို့ပြည်သူများ ငတ်ပြတ်အောင် အလုပ်ခံနေရပြီး ဆေးဝါးကုသမှုလည်း ငြင်းဆန်ခံနေရကြောင်း ပြောသည်။
တီဂရေးမှ သူပုန်များသည် လူသားချင်းစာနာ မှုအကူအညီများကို ၎င်းတို့ ဆက်လက်ရှင်သန်ရေးအတွက် သုံးနေကြောင်း အက်ဒစ်မှ အစိုးရက ပြောသည်။
အောင်မြင်မှုကို တိုင်းတာခြင်း
အာဆီယံနှင့် AU တို့သည် ထိုအခြေအနေများကို တင်းမာမှုလျှော့ချရန် ကူညီရာတွင် မည်မျှ အောင်မြင်ကြသနည်း။
မြန်မာနိုင်ငံကိစ္စတွင် အာဆီယံသည် ယခင်ကထက် ပိုမိုတောင့်တင်းကြံ့ခိုင်သော မူဝါဒတခု ချမှတ်ထားသည်။ မအောင်မြင်သေးသော်လည်း အာဆီယံသည် ၎င်း၏ ပဋိညာဉ်ကို လိုက်နာနေသည်
မြန်မာနိုင်ငံကိစ္စတွင် အာဆီယံသည် ယခင်ကထက် ပိုမိုတောင့်တင်းကြံ့ခိုင်သော မူဝါဒတခု ချမှတ်ထားသည်။ မအောင်မြင်သေးသော်လည်း အာဆီယံသည် ၎င်း၏ ပဋိညာဉ်ကို လိုက်နာနေသည်။ အထူးသံတမန်သည် အကန့်အသတ်ဖြင့်သာ ရလဒ်ရနိုင်သော်လည်း ကောင်းမွန်သော အစီအစဉ်တခု ဖြစ်သည်။
တဘက်တွင်မူ AU သည် အီသီယိုပီးယားကို ဆန့်ကျင်လုပ်ကိုင်မိမည်ကို လွန်စွာ စိုးရိမ်နေသည်။ ထို့ကြောင့် တီဂရေး ခေါင်းဆောင်ပိုင်းသည် ထိုအဖွဲ့အစည်းကို သံသယရှိပြီး အီသီယိုပီးယား အစိုးရ၏သဘောထားကို မျက်နှာသောပေးသည်ဟု သံသယဝင်နေသည်။
အိုဘာဆန်ဂျို၏ အခန်းကဏ္ဍ
သို့သော် အီသီယိုပီးယားနှင့် အခြားပေါ်ပေါက်နေသော ပြဿနာများဖြစ်သည့် ဆိုမာလီယာနှင့် ဆူဒန် ပြဿနာများကို ဖြေရှင်းရန် အဆင့်မြင့်ကိုယ်စားလှယ်အဖြစ် နိုက်ဂျီးရီးယား သမ္မတဟောင်း အိုဘာဆန်ဂျိုကို AU က ခန့်ထားသည်။
အိုဘာဆန်ဂျိုသည် အခြေအနေတိုးတက်အောင် တိတ်ဆိတ်စွာ လုပ်ကိုင်နေသည်။ နိုဝင်ဘာလတွင် သူသည် နှစ်ဘက်အကြား ဘုံသဘောတူညီချက်ရှာရန် အီသီယိုပီးယား၊ တီဂရေး ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံခဲ့သည်။
အာဖရိက ဖြေရှင်းနည်း
အီသီယိုပီးယား အခြေအနေအတွက် သီးခြား အထူးသံတမန်ခန့်ထားကြသော အာဖရိက မဟုတ်သည့် အခြားနိုင်ငံများက အိုဘာဆန်ဂျို ဦးဆောင်မှုကို လိုလားနေကြသည်။
အာဖရိက ပြဿနာအတွက် အာဖရိကန်ဖြေရှင်းနည်းကို လိုလားခြင်းသည် ယခုအခါ စံ ဖြစ်လာသည်။
တရုတ်ကြားဝင် စွက်ဖက်မှု
တရုတ်ကဲ့သို့သော နိုင်ငံများမှ ကြားဝင်စွက်ဖက်မှုသည် အခြေအနေကို ရှုပ်ထွေးစေမည်ကို စိုးရိမ်ရသောကြောင့် အာဆီယံနှင့် AU တို့၏ အားထုတ်မှုများ အောင်မြင်ရေးသည် အရေးကြီးသည်။
မြန်မာနိုင်ငံတွင် ထိုသို့သော အခြေအနေ ဖြစ်ပေါ်နေသည်။ ကမ္ဘောဒီယားသည် ဒီမိုကရေစီ အုပ်စုများကို လျစ်လျူရှုပြီး စစ်ကောင်စီနှင့် ဆက်သွယ်သည်။ ထိုလုပ်ရပ်သည် တရုတ်ထောက်ခံမှု ရအောင်လုပ်သည့် လုပ်ရပ် ဖြစ်ပုံရသည်။ တရုတ်သည် အီသီယိုပီးယား အပါအဝင်ဖြစ်သော အာဖရိက ဦးချိုဒေသအတွက် အထူးသံတမန်တဦး ခန့်ထားပြီးဖြစ်သည်။
နိဂုံးကောက်ချက်
၎င်းတို့ အဖွဲ့ဝင်နိုင်ငံများအတွင် ပေါ်ပေါက်လာသော မည်သည့် ပြဿနာကိုမဆို ကိုင်တွယ်ရန် ထိရောက်သော အစီအမံများကို အာဆီယံနှင့် AU ကဲ့သို့သော ဒေသဆိုင်ရာ အဖွဲ့အစည်းများက လုပ်ဆောင်နိုင်ပါက ကမ္ဘာသည် ပိုမိုကောင်းမွန်သောနေရာ ဖြစ်လာပေမည်။
စွမ်းဆောင်ရည် တိုးတက်ပြီး ၎င်းတို့၏ ဂုဏ်သတင်းကို ကျယ်ပြန့်စေမည်ဖြစ်ကာ ပြဿနာများတွင် ပြင်ပ အင်အားကြီးများ အမြတ်မထုတ်နိုင်ရန် တားဆီးထားနိုင်မည် ဖြစ်သည်။
(ဂါဂျစ်ဆင်းသည် ဂျာမဏီ၊ အင်ဒိုနီးရှား၊ အီသီယိုပီးယား၊ အာဆီယံဆိုင်ရာ သံအမတ်ဟောင်းနှင့်၊ အာဖရိက သုံးဘက် ပူးပေါင်းဆောင်ရွက်ရေး CII Task Force ဆိုင်ရာ AU ဥက္ကဋ္ဌဟောင်း ဖြစ်သည်။ The Globalist ပါ Gurjit Singh ၏ Myanmar and Ethiopia: Drawing Parallels ကို ဘာသာပြန်ဆိုသည်။)
You may also like these stories :
မြန်မာ့အရေး ကုလအထူးကိုယ်စားလှယ်နှင့် ထိုင်းဝန်ကြီးချုပ် ဆွေးနွေး
မြန်မာ့အရေး တိုးတက်မှု မရှိဟု ဟွန်ဆန်ကို စင်ကာပူ ပြော
ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ မြန်မာခရီးစဉ် တရုတ် ဘာကြောင့်ထောက်ခံသလဲ
အဖွဲ့ဝင်များ သဘောထားကွဲသောကြောင့် ယခုနှစ် ပထမဆုံး ASEAN အစည်းအဝေးရွှေ့ဆိုင်းရ
ဟွန်ဆန်၏ မြန်မာ့ခရီးစဉ်အပေါ် ကမ္ဘောဒီးယားအမြင်