“ပိုင်တံခွန် ပြန်လွတ်မယ့်နေ့က ဘဝမှာ အသက် ၅၇ နှစ်မှာ အပျော်ဆုံးနေ့ပဲ” လို့ ပြောလာသူက ပိုင်တံခွန်ရဲ့ မိခင် ဒေါ်ကြူပါ။
ပိုင်တံခွန် လွတ်လာမယ့်နေ့ကို စောင့်ဆိုင်းရင်း သားကို သတိရတိုင်း အိမ်ကို သန့်ရှင်းရေးလုပ်၊ ဘုရားပန်းတွေ သေချာ အကျအနလဲကာ ပိုင်တံခွန် ပြန်လာတဲ့အခါ သူကြိုက်တတ်တဲ့ စားစရာတွေ ချက်ပြုတ် ပြင်ဆင်ပေးဖို့ စဉ်းစားထားသလို၊ သူ့အတွက် တအိမ်လုံးမှာ နှင်းဆီပန်းတွေ ထိုးပြီး စောင့်ကြိုနေမယ်လို့ ဒေါ်ကြူက ဆိုပါတယ်။
ပိုင်တံခွန် ပြန်လွတ်လာမယ်လို့ အပြည့်အဝ ယုံကြည်ထားပြီး သားဖြစ်သူဟာ အမှားလုပ်ခဲ့တာ မဟုတ်တဲ့အတွက် အယူခံ မဝင်ဘူးလို့လည်း ဒေါ်ကြူက ဧရာဝတီကို ပြောပါတယ်။
အဲဒီနေ့ဟာ ဘယ်နေ့ဖြစ်မယ်မှန်း သေချာ မသိပေမယ့် ပိုင်တံခွန် ပြန်လွတ်လာမယ်လို့ အပြည့်အဝ ယုံကြည်ထားပြီး သားဖြစ်သူဟာ အမှားလုပ်ခဲ့တာ မဟုတ်တဲ့အတွက် အယူခံ မဝင်ဘူးလို့လည်း ဒေါ်ကြူက ဧရာဝတီကို ပြောပါတယ်။
“တတိုင်းပြည်လုံးနဲ့ တန်းတူ အန်တီ့ကလေးက လုပ်ခဲ့တယ်။ အဲဒီအတွက် သူတို့ အမိန့်ချတယ်။ အချိန်ကျရင်တော့ ပိုင်တံခွန်ကို မေတ္တာ စေတနာနဲ့ ဘယ်နေ့ ထွက်လာမလဲဆိုတာ အန်တီ မျှော်နေတယ်။ သားလေးကို အပြစ်မပြောရက်ဘူး။ အန်တီ့သားလေး လုပ်တာက အကုန် အများအတွက် လုပ်ခဲ့တာပဲ” လို့ ဒေါ်ကြူက ပြောပါတယ်။
ပုဒ်မ ၅၀၅-က နဲ့ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင် ပိုင်တံခွန်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် အပြီးသတ် အမိန့် ချမှတ်ခံခဲ့ရတာပါ။
ပိုင်တံခွန်ဟာ အဲဒီလို အမိန့်ချမှတ်ခံရပြီး နောက်တရက်မှာပဲ TC Candler ရဲ့ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့အချောဆုံး အမျိုးသားအယောက် ၁၀၀ စာရင်းမှာ နံပါတ် ၁ နေရာ ရွေးချယ် ဖော်ပြခံခဲ့ရပါတယ်။
ပြည်သူ့အချစ်တော် ပိုင်တံခွန်ဟာ အဲဒီလို အမိန့်ချမှတ်ခံရပြီး နောက်တရက်မှာပဲ TC Candler ရဲ့ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့အချောဆုံး အမျိုးသားအယောက် ၁၀၀ စာရင်းမှာ နံပါတ် ၁ နေရာ ရွေးချယ် ဖော်ပြခံခဲ့ရပါတယ်။
ဒါဟာ ပိုင်တံခွန် အနေနဲ့ ဒုတိယအကြိမ် ဖော်ပြခံရတာဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ်တုန်းကလည်း TC Candler မှာ ကမ္ဘာ့ အချောမောဆုံး အမျိုးသားအဖြစ် နံပါတ် ၁၀ နေရာက ရွေးချယ် ဖော်ပြခံခဲ့ရပါတယ်။
“သူ့ရဲ့ ကြိုးစား အားထုတ်မှု၊ သူ့ရဲ့ စန်းနဲ့ ကမ္ဘာကို အဲဒီလို ထိုးဖောက်နိုင်တော့ မိဘက ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့ မရအောင် ဝမ်းသာတာပေါ့။ အန်တီ ထီတွေ အများကြီးပေါက်ပြီး ချမ်းသာရင်တောင် အဲဒီ ပီတိက ပိုင်တံခွန် နံပါတ် (၁) ရတာနဲ့ လဲလို့ရမှာ မဟုတ်ဘူး” လို့ ဒေါ်ကြူက ပြောပါတယ်။
အဲဒီနေ့က သားအငယ်ဖြစ်သူဟာ အစ်ကို ပိုင်တံခွန်ရဲ့ သတင်းကို အင်တာနက်ကနေ ဖတ်ရှုပြီး ဖုန်းနဲ့ လာပြချိန်မှာ ယုံတဝက်၊ မယုံတဝက် ကြည့်ခဲ့ရသလို၊ ဝမ်းသာ ဂုဏ်ယူမိလို့ မျက်ရည်ပေါက်ပေါက် ကျခဲ့ရတယ်လို့လည်း ဒေါ်ကြူက ဆိုပါတယ်။
သားသမီး ၆ ယောက်မှာ စတုတ္ထမြောက် သားဖြစ်တဲ့ သရုပ်ဆောင် ပိုင်တံခွန်ဟာ လူမှန်း သိတတ်စ အရွယ်ကတည်းက တိရစ္ဆာန်လေးတွေ ချစ်မြတ်နိုးတတ်သူဖြစ်ပြီး သူဟာ ငယ်စဉ်ကတည်းက ပန်းချီနဲ့ အနုပညာကို ဝမ်းတွင်းအထုံ ဝါသနာပါခဲ့သူလို့ မိခင်က ဆိုပါတယ်။
“လမ်းလေး သွားတတ်တဲ့အရွယ်မှာ ငါးလေးတွေ၊ တိရစ္ဆာန်တွေ အရမ်းချစ်တာ။ သူငယ်တန်းထားပြီး (၁) တန်းတက်တာနဲ့ သူ့ဖာသာသူ ပန်းချီဆွဲတတ်တာ” လို့ ဒေါ်ကြူက ပိုင်တံခွန်ရဲ့ ငယ်ဘဝကို ပြန်လည် ပြောပြပါတယ်။
ပိုင်တံခွန် ငယ်စဉ်က အခြားရွယ်တူ ကလေးများလို အဆော့အကစား မမက်ဘဲ ပန်းချီ၊ အနုပညာနဲ့ ကျောင်းကပွဲတွေကိုသာ ပိုပြီး စိတ်အားထက်သန်ခဲ့တယ်လို့ ဆိုပါတယ်။
“အန်တီ သူ့ကို ကြည့်လိုက်ရင် သူများတွေလို မဆော့ဘူး။ စာလုပ်တယ်။ ပန်းချီဆွဲတယ်။ ပြီးတော့ ကျောင်းကပွဲတွေမှာ ပါဝင်ချင်တယ်။ အရာရာမှာ ပထမ လွှမ်းမိုးတတ်တယ်။ အဲဒါလေးကို ကြည့်ပြီး အန်တီကြူက ငါ့ကလေး မင်းသားဖြစ်ရင် ကောင်းမှာပဲလို့ တွေးမိတာ” လို့ ဒေါ်ကြူက ဆိုပါတယ်။
သားဖြစ်သူ ပိုင်တံခွန် (၇) တန်းနှစ်မှာတော့ ကော့သောင်းကနေ မြိတ်မြို့ အထက်တန်းကျောင်းကို ပြောင်းရွှေ့ကာ ကျောင်းထားပေးခဲ့ပါတယ်။ သားဖြစ်သူကို ကျောင်းကောင်းကောင်း တက်ကာ ပညာရေး ကောင်းမွန်စွာ ပြီးစေချင်တဲ့ စိတ်တခုကြောင့်လို့ မိခင် ဒေါ်ကြူက ပြောပါတယ်။
“ပိုင်တံခွန့်ကို မြိတ်မြို့ အထက ၁ မှာ ကျောင်းထားခဲ့တယ်။ ၁၀ တန်း ဖြေခါနီးမှာ အန်တီကြူ သူ့ကို မင်းသား လုပ်စေချင်တဲ့ စိတ်နဲ့ အပြင်ကို ခိုးထုတ်ပြီးတော့ မော်ဒယ် ပြိုင်ပွဲတခု ဝင်ပြိုင်ခိုင်းတော့ ဆရာမတွေက ဆူတာပေါ့။ ဆူတဲ့အချိန်မှာ အန်တီ စိတ်မဆိုးဘူး။ ဆရာမတွေက ဆရာဝန် ဖြစ်စေချင်တာ။ အန်တီကြူက မင်းသား ဖြစ်စေချင်တယ်” လို့ ရှင်းပြပါတယ်။
အဆိုပါ မော်ဒယ်ပြိုင်ပွဲဟာ ပိုင်တံခွန့်အတွက် အနုပညာ ခြေလှမ်းစတင်ရာ နေရာလို့ ဆိုနိုင်ပြီး အဲဒီပြိုင်ပွဲမှာ ပေါ်ပြူလာဆုနဲ့ ပထမဆု ရရှိခဲ့တဲ့ ပိုင်တံခွန်ဟာ မိခင်ရဲ့ မင်းသားဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ သူကိုယ်တိုင်ရဲ့ ဝါသနာကြောင့် ရန်ကုန်ကို ပြောင်းရွှေ့ကာ မော်ဒယ်သင်တန်း တက်ရောက်ပြီးနောက် အနုပညာလောကထဲ စတင် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်၊ ပိုင်တံခွန် အသက် ၁၈ နှစ်အရွယ်မှာ မော်ဒယ်လောကထဲ စတင် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ တစိုက်မတ်မတ် အလုပ်ကြိုးစားမှုနဲ့ ထူးခြားတဲ့ ရုပ်ရည်အသွင်အပြင်ကြောင့် ၂၀၁၆၊ ၂၀၁၇ ဝန်းကျင်မှာ ပိုင်တံခွန်ဟာ လူသိများပြီး စတင် ရေပန်းစားလာခဲ့ပါတယ်။
၂၀၁၉ ခုနှစ်ဟာ ပိုင်တံခွန်ရဲ့ နှစ်လို့ ပြောလို့ရလောက်အောင် လျှမ်းလျှမ်းတောက် အောင်မြင်မှုတွေ ရခဲ့ပြီး ပြည်တွင်းမှာသာမက နိုင်ငံရပ်ခြားက ပိုင်တံခွန်ရဲ့ နိုင်ငံတကာ ပရိသတ်အင်အားဟာ တစထက်တစ ပိုတိုးလာခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ နာမည်ကျော် 7/11 လက်လီဆိုင်တွေနဲ့ ထိုင်းရုပ်သံ ကြော်ငြာတချို့မှာပါ ဖော်ပြခံရတာကြောင့် ထိုင်းပရိသတ် အခိုင်အမာ ရရှိသွားတဲ့ နှစ်ပါပဲ။ ပိုင်တံခွန်ဟာ ကုန်ပစ္စည်း အမှတ်တံဆိပ်များစွာရဲ့ သံတမန်တဦး ဖြစ်သလို၊ ထိုင်းနိုင်ငံရဲ့ ခရီးသွား သံတမန်လည်း ဖြစ်ပါတယ်။
ယခုထက်ထိတိုင်လည်း စစ်ကောင်စီကို ပိုင်တံခွန်နဲ့တကွ မတရား ဖမ်းဆီးထောင်ချခံရသူအားလုံး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ ပရိသတ်တွေက ဆိုရှယ်မီဒီယာတွေကနေ တဆင့် ကမ်ပိန်းလုပ်ကာ တောင်းဆိုနေကြပါတယ်။
ပိုင်တံခွန်ကို အမိန့်ချလိုက်တဲ့နေ့က မိခင်ဖြစ်သူဟာ သတိလစ်သလို ဖြစ်ခဲ့ရပြီး တနေ့လုံး တညလုံး ဝမ်းနည်း ငိုခဲ့ရတယ်လို့ ဆိုပါတယ်။
“မိဘဆိုတော့ ရူးမတတ်ဖြစ်တာပေါ့။ ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့ မရတဲ့ ကိုယ့်သားလေးကို အဲဒီလို အမိန့်ချတော့ အဲဒီအချိန်က ဝမ်းအနည်းဆုံး နေ့တွေပေါ့။ ပိုင်တံခွန်လို့ နာမည်ကြားတာနဲ့တင် သူ့ကို သတိရပြီး အရမ်းဝမ်းနည်းပြီး ငိုချင်လာတာ။ မျက်ရည်ကျလာတာ” လို့ ဒေါ်ကြူက ပြောပါတယ်။
“ဒီနေ့ ဒီအချိန်ထိတော့ ပိုင်တံခွန် ဘာပဲလုပ်လုပ် အပြစ်ဆိုတာမျိုး အန်တီ မတွေးဖူးဘူး။ ကံတရားရဲ့ စီမံရာပေါ့။ မိဘတယောက်အနေနဲ့ ခံစားချက်ကတော့ ရင်ထဲမှာပဲ ရှိတယ်။ ပိုင်တံခွန် ပြန်လွတ်လာမယ့်နေ့ကို ပရိသတ်နဲ့အတူ အန်တီ မျှော်နေတယ်” လို့ ဒေါ်ကြူက ပြောပါတယ်။