အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဥပဒေ အကြံပေး တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ လေဆိပ်တွင် အသတ်ခံရသည်မှာ ငါးနှစ် ပြည့်ခဲ့ပြီဖြစ်သော်လည်း အဓိက တရားခံ အောင်ဝင်းခိုင်အား မမိသေးပေ။
သို့သော်လည်း ထိုလုပ်ကြံမှုတွင် လုံခြုံရေးအရ အဓိက တာဝန်ရှိသူ ရဲအရာရှိတဦးကမူ ရာထူး အဆင့်ဆင့်တိုးကာ ထို ငါးနှစ်တာကာလအတွင်း ရဲမှူးချုပ်ထိ ဖြစ်လာကာ တိုင်းရဲတပ်ဖွဲ့မှူးရဲ့ အထက်တွင် တာဝန်ထမ်းနေပြီ ဖြစ်သည်။
ရှေ့နေကြီး ဦးကိုနီ ရန်ကုန်လေဆိပ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရချိန်က မင်္ဂလာဒုံလေဆိပ်၏ လုံခြုံရေးကို လေကြောင်း ရဲတပ်ဖွဲ့ခွဲမှူး ရဲမှူးကြီး ဝင်းမင်းသိန်းက တာဝန်ယူထားသဖြင့် ပုံမှန်စဉ်းစားကြည့်ပါက လုံခြုံရေးပေါ့ဆ၍သာ ရှေ့နေကြီး ဦးကိုနီလေဆိပ်တွင် လုပ်ကြံခံရခြင်း ဖြစ်ရာ လေဆိပ်လုံခြုံရေး အကြီးအကဲရဲတပ်ဖွဲ့မှူးသာ တာဝန်ရှိသူဖြစ်သည်။
ထိုကဲ့သို့ အဓိက တာဝန်ရှိသော ရဲမှူးကြီး ဝင်းမင်းသိန်းမှာ ရှေ့နေကြီး ဦးကိုနီ အသတ်ခံပြီးနောက် လေးနှစ်အတွင်း ရာထူး အဆင့်ဆင့် တိုးကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အမှတ် (၂) လုံခြုံရေး ကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ်ထိ ရာထူး တိုးလာခဲ့သည်။
အမှတ် (၂) လုံခြုံရေး ကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ် ရာထူးသည် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး (Chief Police) အထက်တွင် ရှိ သော ရာထူးလည်း ဖြစ်သည်။
ရဲမှူးချုပ် ဝင်းမင်းသိန်းကဲ့သို့အချိန်တိုအတွင်း ရာထူးတိုး၍ ရဲမှူးချုပ် ဖြစ်လာသူမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် မရှိသော ရှားရှားပါးပါး ဖြစ်ရပ်ဟု အငြိမ်းစား ရဲမှူးကြီးတဦးက ဆိုသည်။ ရဲမှူးချုပ် ဝင်းမင်းသိန်းသည် စစ်တက္ကသိုလ်အပတ်စဉ် ၃၆ ( DSA-36 ) သင်တန်းဆင်းခဲ့သူ ဖြစ်သည်။ တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီအား လုပ်ကြံသူများထဲတွင် အဓိက တရား ခံများ ဖြစ်ကြသော အောင်ဝင်းခိုင်၊ ဇေယျာဖြိုးတို့နှင့် စစ်တက္ကသိုလ် တပတ်စဉ်တည်း တက်ခဲ့ကြသူများ ဖြစ်သည်။ ရှေ့နေ ဦးကိုနီ အား လုပ်ကြံရန် လေဆိပ်ကို ရောက်လာသည့် အောင်ဝင်းခိုင် အနေဖြင့်လည်း ရဲမှူးကြီး ဝင်းမင်းသိန်းအား ဆက် သွယ်ခဲ့သည်။
ထို့ပြင် ရဲမှူးချုပ် ဝင်းမင်းသိန်းသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကိုယ်ရေး အရာရှိ တာဝန်ယူခဲ့သူ ဗိုလ်မှူးကြီး လင်းဇော်ထွန်းနှင့်လည်း စစ်တက္ကသိုလ် တပတ်စဉ်တည်း တက်ခဲ့ကြသည့် ခင်မင် ရင်းနှီးကြသူများ ဖြစ်သည်။
စစ်တက္ကသိုလ် ကျောင်းဆင်း ရဲမှူးချုပ် ဝင်းမင်းသိန်းသည် ၂၀၁၁ ခုနှစ်တွင် ရဲတပ်ဖွဲ့သို့ ဒုရဲမှူး ရာထူးဖြင့် ပြောင်းလဲ တာ ဝန် ထမ်းဆောင်ခဲ့ပြီး ပြည်ထောင်စု လွှတ်တော်၏ လုံခြုံရေးကို တာဝန်ယူခဲ့ရသည်။ လွှတ်တော် လုံခြုံရေးတာဝန်ကို နှစ်နှစ် ကျော် တာဝန် ထမ်းဆောင်ပြီးနောက် ရန်ကုန်တိုင်း ရဲသတင်း တပ်ဖွဲ့(SB) တာဝန်ခံအဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင် ခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲ ကာလများတွင် ရဲမှူးကြီး ဝင်းမင်းသိန်းသည် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့တွင် အရေးပါသော ရဲသတင်း တပ်ဖွဲ့(SB) တာဝန်ခံအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

ယင်းရာထူးမှ တဆင့် ရာထူးတိုးကာ ရန်ကုန် မင်္ဂလာဒုံ လေဆိပ်၏ လုံခြုံရေးအား တာဝန်ယူရသော လေကြောင်း ရဲတပ်ဖွဲ ခွဲမှူး ရဲမှူးကြီး တာဝန်ကို ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့ရသည်။ ရဲမှူးကြီး ဝင်းမင်းသိန်း လေဆိပ် လုံခြုံရေး တာဝန် ယူ ထားသည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ၂၉ ရက်တွင် ရှေ့နေကြီး ဦးကိုနီ လေဆိပ်တွင် အသတ်ခံခဲ့ရသည်။
ထို့ကြောင့် ဦးကိုနီလေဆိပ်တွင် အသတ်ခံရသည့်အမှုတွင် လုံခြုံရေး တာဝန်ယူထားရသည့် ရဲမှူးကြီး ဝင်းမင်းသိန်းမှာ အဓိက တာဝန်ရှိသည် ဟု ဆိုကြသည်။ ရဲမှူးကြီး ဝင်းမင်းသိန်း၏ လုံခြုံရေး ပေါ့ဆမှုကြောင့်သာ လေဆိပ်တွင် လုပ်ကြံ ခံရခြင်း ဖြစ် သည်။
ထိုကဲ့သို့အရေးကြီးသော နေရာတွင် ရာဇဝတ်မှု ဖြစ်ပွားခဲ့ပါက တာဝန်ယူထားသည့် ရဲတပ်ဖွဲ့မှာ ရာထူးအဆင့်အလိုက် နောက်ထပ် ရာထူးတိုးရန် မဖြစ်နိုင်တော့ကြောင်းလည်း အငြိမ်းစား ရဲမှူးကြီးတဦးက ဆိုသည်။ သို့သော်လည်း ရဲမှူးကြီး ဝင်းမင်းသိန်း အနေဖြင့် အရေးယူ မခံရသည့်အပြင် ရာထူးပါ တိုးလာခဲ့သည်။
လေဆိပ်တွင် ဦးကိုနီ လုပ်ကြံခံရပြီး တစ်နှစ် ခန့်အကြာတွင် လုံခြုံရေးအရ တာဝန်ရှိသူ ရဲမှူးကြီး ဝင်းမင်းသိန်းသည် ရာထူး တိုးကာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ ဒု ရဲတပ်ဖွဲ့ မှူး ဖြစ်လာခဲ့သည်။ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့တွင် ဒုတိယ တိုင်းတပ်ဖွဲ့မှူး တာဝန် ထမ်းဆောင်ပြီး တစ်နှစ်အကြာ ၂၀၁၉ ခုနှစ် တွင် နောက်ထပ် ရာထူးတိုး၍ နေပြည်တော် တိုင်းရဲတပ်ဖွဲ့၏ တိုင်းရဲတပ်ဖွဲ့မှူး ဖြစ်လာခဲ့သည်။
ရဲမှူးကြီး ဝင်းမင်းသိန်းအား နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူး ရာထူး တိုးပေးလိုက်ခြင်းသည် နောက်ထပ် ပိုကြီးသော ရာထူး ပေးချင်၍ ခေတ္တ တိုးပေးခဲ့ခြင်းဖြစ်သည် ဟုလည်း အငြိမ်းစား ရဲမှူးကြီးတဦးက ဆိုသည်။ နောက်ပိုင်းတွင်မူ သူပြောသည့် အတိုင်း ရဲမှူးကြီး ဝင်းမင်းသိန်းသည် ၂၀၂၀ ပြည့်နှစ်တွင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး၏ အထက်တွင်ရှိသော အမှတ် (၂) လုံခြုံရေးကွပ်ကဲမှု အဖွဲ့မှူး ရဲမှူးချုပ် ရာထူးကို တိုးပေးခဲ့သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ရဲလုပ်သက် ၁၀ နှစ်ခန့်ဖြင့် ရဲမှူးချုပ် ဖြစ်လာသူမှာ ရှားရှားပါးပါး ဖြစ်စဉ် ဖြစ်သည်။ ထိုကဲ့သို့ ဆယ်နှစ်တာ ကာလအတွင်း ရဲမှူးချုပ်ထိ ဖြစ်လာသူမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လူရင်းကြောင့်သာ ဖြစ်လာ သည်ဟု ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက ရှုမြင်ကြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင်ရှိသော လက်နက်ကိုင် တပ်ဖွဲ့အားလုံ၏ အကြီးအကဲဖြစ် သည့် အတွက် သူနှစ်သက်သူများ၊ သူနှင့် ရင်းနှီးသူများအား စစ်ဘက်မှ ရဲဘက်သို့ ပြောင်းလဲ တာဝန်ထမ်းဆောင်စေခဲ့သည်။
အမှတ် (၂) လုံခြုံရေး ကွပ်ကဲမှု အဖွဲ့မှူးအောက်တွင် ရဲတပ်ရင်း ၇ ရင်း ရှိသည်။ ထိုရဲတပ်ရင်းများကို လုံထိန်းများဟုလည်း ခေါ်ဆိုကြပြီးအမှတ် (၂) လုံခြုံရေးကွပ်ကဲမှု အဖွဲ့မှူးအောက်တွင် ရှိသော ရဲတပ်ဖွဲဝင်များ အနေဖြင့် အဓိက တာဝန် နှစ်ခုကို ထမ်းဆောင်ရသည်။
ရန်ကုန်တိုင်းအတွင်း ဖြစ်ပေါ်လာသည့် ဘာသာရေး၊ လူမှုရေး အဓိကရုန်းများ၊ ဆန္ဒပြပွဲများ၊ ဆူပူ အကြမ်းဖက်မှုများအား နှိမ်နှင်းရခြင်းနှင့် အရေးကြီး အဆောက်အအုံနှင့် နိုင်ငံခြား သံတမန်များ၏ လုံခြုံရေးအား တာဝန် ယူရသည်။
စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ရန်ကုန်တိုင်းအတွင်း ဖြစ်ပေါ်လာသော ဆန္ဒပွဲများအား ရဲမှူးကြီး ဝင်းမင်းသိန်းက အဓိက တာဝန်ယူ ဖြိုခွဲခဲ့သည်။ ရဲမှူးကြီး ဝင်းမင်းသိန်းသည် ကွပ်ကဲမှု ခန်းမတွင် ရှိသော CCTV မှ ကြည့်ကာ ဆန္ဒပြပွဲ များအား နှိမ်နှင်းရန် အမိန့်ပေးခဲ့သည်။
သူ ခိုင်းသည့်အတိုင်း မလုပ်ဆောင်သည့် ရဲတပ်ဖွဲ့အကြီးအကဲများအား CCTV မှ ကြည့်ကာ ဆူပူကြိမ်းမောင်းခြင်းများ လုပ်ခဲ့သည်ဟုလည်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ CDM လုပ်လာသူ ရဲအရာရှိတဦးက ဆိုသည်။ “သူက CCTV က ကြည့်နေ တာ။ ဆန္ဒပြတဲ့ လူတွေကို မှန်အောင် မပစ်တာတို့၊ မိုးပေါ် ထောင်ပစ်တာတို့ဆို ဆူပူ ကြိမ်းမောင်းပြီ” ဟု CDM ရဲအရာရှိ တဦးက ပြန်ပြောပြသည်။
လက်ရှိ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေသည်လည်း ရဲမှူးချုပ် ဝင်းမင်းသိန်းနှင့် စစ်တက္ကသိုလ် တပတ်စဉ်တည်း တက်ခဲ့သူ ဖြစ်သည်။
အာဏာသိမ်းမှုကို လက်မခံဘဲ ဆန္ဒပြသည့် ပြည်သူများအား လုံထိန်း တပ်ဖွဲ့များဖြင့် ဖြိုခွဲရာတွင် ရဲတပ်ဖွဲ့အင်အား မလုံ လောက်သည့်အတွက် နယ်မြေခံ ရဲစခန်းများမှ ရဲတပ်ဖွဲ့ဝင်များအား ခေါ်ယူ အသုံးပြုခဲ့ရသည်။ အခုနောက်ပိုင်းတွင် လုံထိန်း နယ်မြေခံရဲနှင့် စစ်သားများ ပေါင်းကာ ဆန္ဒပြပွဲများအား ဖြိုခွဲလာခဲ့ကြသည်။ ရန်ကုန်တိုင်းအတွင်း ဆန္ဒပြသူများအား ဖြိုခွဲရန် ဖွဲ့စည်းထားသော ပူးပေါင်း အဖွဲ့အား အဓိက အမိန့်ပေးသူမှာ ရဲမှူးချုပ် ဝင်းမင်းသိန်း ဖြစ်သည်။
သူသည် ကွပ်ကဲမှူးခန်းမမှ နေ၍ အမိန့်ပေးနေသူလည်း ဖြစ်သည်။ အထက်လူကြီးမှ ခိုင်းသည့်အတိုင်း လုပ်ဆောင်ပေး သည့်အတွက်လည်း ၂၀၁၁ ခုနှစ်တွင် ရဲတပ်ဖွဲ့သို့ ရောက်လာသူမှာ ၂၀၂၀ တွင် ရဲမှူးချုပ်ထိ ဖြစ်လာခဲ့သည်။ ကမ္ဘာကျော် ရန်ကုန် လေဆိပ်လုပ်ကြံမှုတွင် အဓိက တာဝန်ရှိသော ရဲမှူးကြီးမှာ အရေးယူမခံသည့်အပြင် ရာထူးအဆင့်ဆင့် တိုးလာ ခဲ့သည်။
လက်ရှိတွင် ရဲမှူးချုပ် ဝင်းမင်းသိန်း သည် အသက် ၅၀ ဝန်းကျင်သာ ရှိသေးသည့်အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်လာပါက ရဲမှူးချုပ် ဝင်းမင်းသိန်းသည်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ထိပ်တန်း ရာထူး ရရှိနိုင်သည်ဟု အငြိမ်း စား ရဲအရာရှိများက ရှုမြင်ပြောဆိုနေကြသည်။
You may also like these stories:
ခေတ်သစ်သမိုင်းထဲက လူစိတ်အဝင်စားဆုံး အမှုကြီးများ
ဦးကိုနီကို လုပ်ကြံသတ်ဖြတ်လိုက်ခြင်းကြောင့် ကြေမွသွားသော မြန်မာ့အိပ်မက်
ဦးကိုနီ အမှု သေနတ်သမား ကြည်လင်းအား သေဒဏ်ချမှတ်