လူထောင်ပေါင်းများစွာကို သေနတ်ဖြင့်ပစ်သတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ မီးရှို့ခြင်းနှင့် ကားဖြင့်ဝင်တိုက်ခြင်း အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် သတ်ဖြတ်နေသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်ကောင်စီကို မြန်မာပြည်သူအများစုနှင့် နိုင်ငံတကာ အသိုက်အဝန်းက ပြစ်တင်ရှုတ်ချနေသည်။ မင်းအောင်လှိုင်ကို သူ၏ ရာဇဝတ်မှုများ အားလုံးအတွက် လူသတ်ဂိုဏ်းချုပ်အဖြစ် ခေါ်နိုင်လျှင် သူ့ကို ကူညီသူများအား လူသတ်ဂိုဏ်းချုပ်၏ ကြံရာပါများဟု သမုတ်နိုင်သည်။
ထိုကြံရာပါများကို အုပ်စု ၃ စု ခွဲနိုင်သည်။ ပထမအုပ်စုတွင် စစ်ကောင်စီနှင့် စစ်အစိုးရအဖွဲ့တွင် ပါဝင်နေသော နိုင်ငံရေး သေနေပြီဖြစ်သည့် နိုင်ငံရေးအရောင် ပြောင်းသွားသူများ ပါဝင်သည်။ ဒုတိယအုပ်စုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အနီးကပ်အကြံပေးများအဖြစ် လုပ်ကိုင်နေသည့် လမ်းဆုံးနေပြီး အတ္တကြီးသော ပညာရှင်များ ပါဝင်သည်။ နောက်ဆုံးအုပ်စုတွင်မူ ၎င်းတို့တို့ကို ဆွမ်းကပ်လှူခဲ့သူ အများအပြားပါဝင်သည့် လူထောင်ချီကို စစ်ကောင်စီက သတ်ဖြတ်ထားသော်လည်း မင်းအောင်လှိုင် ကိုးကွယ်ခံရသည်ကို ကျေနပ်နေသည့် ဗုဒ္ဓဘာသာ ဘုန်းကြီးများပင် ဖြစ်သည်။
ပထမအုပ်စုတွင်ပါဝင်သူများမှာ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဂျန်ဖန်နော်တောင်၊ မောင်းဟာ၊ ဆိုင်းလုံဆိုင်း၊ စောဒယ်နီရယ်၊ ဗညားအောင်မိုးနှင့် ဦးရွှေကြိမ်းတို့ ဖြစ်သည်။ အငြင်းပွားဖွယ် အကောင်းဆုံးသူမှာ စစ်ကောင်စီ လူမှုဝန်ထမ်းဝန်ကြီးလုပ်နေသော ဒေါ်သက်သက်ခိုင် ဖြစ်သည်။
ဒုတိယအုပ်စုတွင်ပါဝင်သူများမှာ ကုလသမဂ္ဂဝန်ထမ်းဟောင်း ဒေါ်ရင်ရင်နွယ်၊ ဆလိုင်းငွန်ကျုံးလျံ၊ စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏ တပည့် သမ္မတဟောင်း ဒေါက်တာ မောင်မောင်၏သမီး ဒေါ်ယဉ်ယဉ်ဦးနှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုအတွက် ခုခံချေပအဖွဲ့ တွဲဖက်အတွင်းရေးမှူး အဖြစ် စစ်ကောင်စီက ခန့်အပ်ခံရသူ ဒေါ်ခင်ဦးလှိုင်တို့ ဖြစ်သည်။
နောက်ဆုံးအုပ်စုတွင် သီတဂူဆရာတော် အရှင် ဉာဏိဿရ၊ ဓမ္မဓူတ အရှင် ဆေကိန္ဒ၊ ဝစီပိတ်ဆရာတော် ဦးကောဝိဒနှင့် ယခင်အမျိုးသားရေးအုပ်စု မဘသ ဥက္ကဋ္ဌ အရှင် တိလောကာဘိဝံသတို့ ဖြစ်သည်။
၎င်းတို့အားလုံး၏ တူညီသောအချက်တခုမှာ ၎င်းတို့သည် စစ်ခေါင်းဆောင်များနှင့် ဆက်ဆံရေးအပျက်မခံဘဲ ပြည်သူကို စော်ကားမည်ဆိုသည့်အချက် ဖြစ်သည်။ ပိုမိုအသေးစိတ် လေ့လာကြည့်ပါ။
စစ်ကောင်စီနှင့် ဝန်ကြီးများ
စစ်ကောင်စီသည် အဖွဲ့ဝင် ၁၉ ဦး ပါသောအဖွဲ့ဖြစ်ပြီး ၁၀ ဦးမှာ မြန်မာနိုင်ငံမှ အဓိက တိုင်းရင်းသား လူမျိုးစုများ ဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းတိုင်းရင်းသားများနှင့် တအာင်းတိုင်းရင်းသားများကို ကိုယ်စားပြုသည်ဟုဆိုသော အရပ်သား ၁၀ ဦး ဖြစ်သည်။ စစ်ကောင်စီအဖွဲ့ဝင်များအဖြစ် ၎င်းတို့သည် မည်သည်တို့ကို လုပ်ဆောင်နေသနည်း။ ၎င်းတို့သည် စစ်ကောင်စီ အစည်းအဝေးများတွင် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် မည်သို့ သက်ဆိုးရှည်အောင် လုပ်မည်ကိုသာ ဆွေးနွေးနေသည်ဟု ပြောနိုင်သည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် အစည်းအဝေး အစီအစဉ်များမှာ ပြည်သူကာကွယ်ရေးတပ် (PDF) များကို ချေမှုန်းရေး၊ မဲများသူ အနိုင်ရသည့် ရွေးကောက်ပွဲစနစ်ကို အချိုးကျကိုယ်စားပြုစနစ်ဖြင့် အစားထိုးရေး၊ ဖြုတ်ချခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ပြည်ပအကြံပေးများ ငှားရမ်းသည့် ကုန်ကျစရိတ်များကို စာရင်းစစ်ရေးနှင့် အမျိုးသားလုံခြုံရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရေး၊ ပြည်ပစွက်ဖက်မှု တိုက်ဖျက်သည့် ဥပဒေပြဋ္ဌာန်းရေးနှင့် လွတ်လပ်သော သတင်းမီဒီယာများ၏ ဖော်ပြချက်များကို စစ်ကောင်စီထိန်းချုပ်သည့် မီဒီယာဖြင့် တုံ့ပြန်ရေးတို့သာ ဖြစ်သည်။ အတိုအချုပ်အားဖြင့် ဆိုရပါက စစ်အုပ်ချုပ်ရေး သက်တမ်းရှည်ရေးပင် ဖြစ်သည်။
အဖွဲ့ဝင်များအနက်တဦးဖြစ်သော ဦသိန်းညွန့်က စင်ပြိုင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အဖွဲ့ဝင်များ၊ ဥပဒေပြုအဖွဲ့ဖြစ်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် ၎င်းတို့၏ လက်နက်ကိုင်အင်အားစု (PDF) များ သေကြေပျက်ဆီးရေးကိုပင် သူ၏ နှစ်သစ်ဆုတောင်းတွင် ဖော်ပြသည်။
သူသည်ယခင်က NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် အထွေတွေ ရွေးကောက်ပွဲကို NLD သပိတ်မှောက်သောအခါ ဦသိန်းညွန့်သည်ပါတီမှထွက်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ကို ယခု စစ်ကောင်တွင် ပါဝင်နေသော ဦးခင်မောင်ဆွေနှင့် ပူးတွဲတည်ထောင်သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးနောက် တနှစ်မကြာမီ အမျိုးသား ဒီမိုကရေစီသစ်ပါတီ (NNDP) ကို ထူထောင်သည်။ သူသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ကို ရှုံးနိမ့်သောအခါ စစ်အုပ်စု လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် မဟာမိတ်ဖွဲ့ပြီးနောက် စစ်အာဏာမသိမ်းမီ နှစ်များအတွင်း NLD ကို အပြစ်ရှာနေခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီတွင် ဦသိန်းညွန့်သည် စစ်အာဏာသိမ်းမှုကို အားပေးသော ကြေညာချက်များ ထုတ်ပြန်သည်။
အသက် ၇၇ နှစ်ရှိပြီဖြစ်သော ဦးသိန်းညွန့်သည် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ရှုံးနိမ့်သည့်တိုင် လွန်ခဲ့သော နှစ်က စစ်အာဏာသိမ်းပြီးနောက် သူ့ကို စစ်ကောင်စီတွင် ခန့်အပ်ခဲ့သည်။
NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေသည် စစ်ကောင်စီ ထိန်းချုပ်သတင်းစာများတွင် စစ်အုပ်စုလိုလားသော ဆောင်ပါးများ ရေးသားသည်။ ထိုဆောင်းပါးများသည် ပြည်ပစွက်ဖက်မှု ကြီးထွားနေကြောင်း၊ ပြည်သူများနှင့် စစ်အုပ်စုအကြားသပ်လျှိုပြီး ပြည်ထောင်စုဖြိုခွဲရန် အားထုတ်မှုများရှိကြောင်း သတိပေးကာ စစ်အုပ်စုသည် နိုင်ငံကို ကာကွယ်သူများဖြစ်ကြောင်း ရေးသည်။
လွန်ခဲ့သောနှစ် ဧပြီလတွင် စစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြသူ ၇၀၀ ကျော်ကို ပစ်သတ်ပြီးဖြစ်ချိန်တွင် BBC သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် ဦးခင်မောင်ဆွေက ထိုမျှအထိဖြစ်ခြင်းသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရည်ရွယ်ချက် မဟုတ်ကြောင်း၊ ထိုသေဆုံးမှုများအတွက် စစ်ကောင်စီခေါင်းဆောင် စိတ်မကောင်း ဖြစ်နေနိုင်ကြောင်း ပြောရုံသာမက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံသားတယောက် သေဆုံးလျှင်ပင် စိတ်မကောင်း ဖြစ်မည့်သူဖြစ်နိုင်ကြောင်း ပြောသည်။
အသက် ၇၉ နှစ်ရှိပြီဖြစ်သော ဦးခင်မောင်ဆွေသည် ၂၀၁၀ ပြည့်နှစ်တွင် ဦးသိန်းညွန့် ကဲ့သို့သော အကြောင်းကြောင့်ပင် NLD မှ ထွက်သည်။ နောင်တွင် စစ်အုပ်စုနှင့်ပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို အသရေဖျက်ရန် ကြိုးစားသည်။
မြန်မာစစ်အုပ်စုကို ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည့် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုကော်မတီဝင်ဟောင်း မန်းငြိမ်းမောင်က သူသည် ပြည်သူ့အကျိုးအတွက် လက်နက်ကိုစွန့်ကာ လွှတ်တော်ဝင်မည်ဟု ပြောခဲ့ဖူးသည်။ သို့သော် ယခုအခါ သူသည် စစ်ဗိုလ်ချုပ်များ၏ အကျိုးကို ထမ်းဆောင်နေသည်။
စစ်ကောင်စီက ကရင်ပြည်နယ်မှ လေးကေကော်နှင့် ပတ်ဝန်းကျင်ကျေးရွာများကို အမြောက်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်နေစဉ် မန်းငြိမ်းမောင်သည် ယခုလ အစောပိုင်းက ဧရာဝတီတိုင်းတွင် ကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား၌ ကရင်တိုင်းရင်းသားများအတွက် ဆုတောင်းပေးသည့် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၏ သဝဏ်လွှာကို ဖတ်နေသည်။
မန်းငြိမ်းမောင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် သူ၏ဇာတိ ဧရာဝတီတိုင်း၊ ပန်းတနော်၌ ကရင်ပြည်သူ့ပါတီ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည်။ ရွေးကောက်ပွဲတွင် NLD အမတ်လောင်းကို ရှုံးနိမ့်သောအခါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) နှင့် ရွေးကောက်ပွဲကို မလေးမစားပြောသည်။
ကရင်တော်လှန်ရေးသမားတဦး အနေဖြင့်သူသည် ယခင် အာဏာရှင် ဦးနေဝင်းခေတ်က တသက်တကျွန်း ထောင်ချခံရဖူးသည်။ တရားမဝင်အသင်းအဖွဲ့များနှင့် ဆက်သွယ်မှု၊ နိုင်ငံတော် သစ္စာဖောက်မှုများဖြင့် သမ္မတဦးသိန်းစိန်ခေတ်တွင် ထောင်တသက်တကျွန်း ထပ်မံချခံရသောအခါ သူ၏ နိုင်ငံရေးဘဝသည် အလှည့်အပြောင်း ဖြစ်သွားသည်။
ထောင်ထဲတွင်တနှစ်ပြည့်အောင် မနေရသေးချိန်တွင် သူ့ကို ဦးသိန်းစိန်က လွှတ်ပေးလိုက်သောကြောင့် ဦးသိန်းစိန်သည် သူ၏ကျေးဇူးရှင်ဖြစ်ကြောင်း ချီးကျူးပြောဆိုသည်။ KNU ကမူ မန်းငြိမ်းမောင်သည် သူတို့အဖွဲ့နှင့် မပတ်သက်တော့ကြောင်း ပြောသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံရေးပါတီများ ၎င်းတို့နှင့်ပေါင်းရန် ဖိတ်ခေါ်သည်။ ထိုကမ်းလှမ်းမှုကို အချို့နိုင်ငံရေးသမားများက ပယ်ချသော်လည်း အချို့က ဝမ်းသာအားရ လက်ခံကြသည်။ ရခိုင်အမျိုးသားပါတီ ပြောခွင့်ရသူ ဒေါ်အေးနုစိန်က ရခိုင်တိုင်းရင်းသားများ အကျိုးအတွက်ဟုဆိုကာ ထိုကမ်းလှမ်းမှုကို လက်ခံသည်။
ကချင်တိုင်းရင်းသား ဂျန်ဖန်နော်တောင်၊ ချင်းတိုင်းရင်းသား ဘဏ်မန်နေဂျာဟောင်း မောင်းဟာ၊ ရှမ်းပြည်လွှတ်တော် ဥက္ကဋ္ဌဟောင်း USDP ပါတီဝင် စိုင်းလုံဆိုင်း၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ စောဒယ်နီယယ်၊ မွန်ညီညွတ်ရေးပါတီမှ ဒေါက်တာ ဗညားအောင်မိုး၊ ရှမ်းပြည်နယ် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ ဦးဆောင်အဖွဲ့ဝင် တအာင်းတိုင်းရင်းသား ဦးရွှေကြိမ်း တို့သည် စစ်ကောင်စီဝင်များ ဖြစ်လာကြသည်။
စစ်ကောင်စီနှင့် ပူးပေါင်းသောကြောင့် စောဒယ်နီယယ်ကို သူ၏ပါတီက ထုတ်ပယ်လိုက်ပြီး တအာင်း လူမှုအခြေပြု အဖွဲ့အစည်းများက ဦးရွှေကြိမ်းကို အမည်ပျက်စာရင်းသွင်းသည်။ ဥရောပသမဂ္ဂကလည်း ဦးရွှေကြိမ်းမှအပ အရပ်သားစစ်ကောင်စီဝင်များ အားလုံးကို အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည်။
သို့သော် စစ်ကောင်စီအစိုးရတွင် ဒေါ်သက်သက်ခိုင်သည် သူမ၏ နိုင်ငံရေး မရိုးသားမှုကြောင့် အငြင်းပွားဖွယ်ရာ အကောင်းဆုံးဖြစ်ကြောင်း မည်သူမျှ မငြင်းနိုင်ပေ။
တချိန်က ထင်ရှားသော NLD လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် ဒေါ်သက်သက်ခိုင်သည် ၂၀၁၉ ခုနှစ်တွင် ပါတီမှထွက်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီကို ထူထောင်သည်။ ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ကဲ့သို့ပင် သူသည် စွန့်ခွာခဲ့သည့်ပါတီကို ဝေဖန်တိုက်ခိုက်ပြီး NLD သည် လူမှန်နေရာမှန် မရွေးနိုင်သောပါတီဖြစ်ကြောင်း၊ အစိုးရအနေဖြင့် စွမ်းဆောင်ရည် မရှိကြောင်းနှင့် ပါတီတွင်းတွင် ဒီမိုကရေစီမကျသည့် ဗဟိုချုပ်ကိုင်မှုရှိကြောင်း ပြောသည်။
လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းကို စစ်အုပ်စုက ယူထားခြင်းသည် နိုင်ငံရေးသမားများအနေဖြင့် စစ်အုပ်စုနှင့် ဆက်ဆံရန်နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းဖြစ်ကြောင်း ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလတွင် ဒေါ်သက်သက်ခိုင်က ပြောသည်။
စစ်ကောင်စီခန့် ဝန်ကြီးဖြစ်လာပြီး သူ၏ မိသားစုလုပ်ကိုင်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်နှင့် ရတနာဆိုင်တွင် ပေါက်ကွဲမှုဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးနေ့ဖြစ်သော ဇန်နဝါရီလ ၄ ရက်နေ့တွင် သူ၏ ခင်ပွန်းကို အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ဂုဏ်ထူးဆောင် ဘွဲ့တခု ပေးသည်။
စစ်ကောင်စီအကြံပေးများ
အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်ကို အကြံပေးသူများသည် စစ်ကောင်စီက အရပ်သားများကို သတ်ဖြတ်ရာတွင် အဓိက တရားခံများဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အကြံပေးအဖွဲ့တွင် အဖွဲ့ဝင် ၇ ဦးရှိပြီး ၃ ဦးမှာ စစ်အရာရှိများဖြစ်ကာ ၄ ဦး (အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး) မှာ အရပ်သားများ ဖြစ်သည်။
စစ်ကောင်စီသည် အကြံပေးများကို လစာ တလလျှင် ကျပ် ၁၀ သိန်း၊ အခမဲ့နေရာထိုင်ခင်းနှင့် အခြားအကျိုးခံစားခွင့်များ ပေးသည်။
ဒေါ်ရင်ရင်နွယ်သည် သမ္မတဦးသိန်းစိန် အစိုးရ၏ ပညာရေးအကြံပေးချုပ် ဖြစ်ခဲ့ဖူးပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမျိုးသမီး အကြံပေး ၃ ဦးအနက် တဦးဖြစ်သည်။ သူသည် စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏ ချွေးမဟောင်းဖြစ်သည်။ ဘူမိဗေဒပညာရှင်တဦးဖြစ်ပြီး ၁၉၉၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (UNICEF) တွင် လုပ်ကိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင် သူ့ကို ထိုနှစ်တွင်ဖြစ်ပွားသည့် ရခိုင်ပြည်နယ် လူမှုအသိုက်အဝန်းများကြား ပဋိပက္ခကို စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်အဖြစ် ခန့်ခဲ့သည်။
လွန်ခဲ့သောနှစ်က စစ်ကောင်စီပညာရေးကို သပိတ်မှောက်ရန် တောင်းဆိုမှုများအား တုံ့ပြန်သည့်အနေဖြင့် ဒေါ်ရင်ရင်နွယ်က တာလီဘန်များနှင့် နှိုင်းယှဉ်ပြီး NUG, CRPH နှင့် PDF ကို ထောက်ခံသော အကြမ်းဖက်သမားများသည် မြန်မာကို အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်မှ တာလီဘန်ပုံစံဖြစ်အောင် လုပ်နေသည်ဟု ပြောသည်။
စစ်ကောင်စီအတွက် အလုပ်လုပ်ပေးရန် ငြင်းဆန်သည့် ဆရာဝန်များ၊ ပါမောက္ခများ၊ ပညာရေး ဝန်ထမ်းများကိုလည်း သူရှုတ်ချသော်လည်း စစ်ကောင်စီက အရပ်သားများကို သတ်ဖြတ်ခြင်းနှင့်ပတ်သက်ပြီး တခွန်းမျှမဟပေ။
အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်ကို အကြံပေးရန် သူ့တွင် မည်သို့သော ဉာဏ်ပညာရှိသည်ကို ရှင်းလင်းစွာ မသိရသော်လည်း အသက် ၇၀ ရှိပြီဖြစ်သော ထိုအမျိုးသမီးသည် စစ်ကောင်စီ ထိန်းချုပ်သည့် သတင်းစာများတွင် ဆောင်းပါးများ ရေးသားပြီး စစ်ကောင်စီအတွက် အလုပ်လုပ်ပေးသော ဝန်ထမ်းများကို ထောက်ခံမှုပေးကာ စစ်ကောင်စီကို ထောက်ခံသောကြောင့် လူထုက ဖယ်ကျဉ်ခံရသည့် ထိုဝန်ထမ်းများကို နှစ်သိမ့်အားပေးသည်။
ချင်းပြည်နယ်မှ နေအိမ်များနှင့် ဘုရားကျောင်းများကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ပြီး မီးရှို့နေသောကြောင့် ချင်းတိုင်းရင်းသား အများအပြားသည် စစ်ကောင်စီအောက်တွင် ဒုက္ခအကြီးအကျယ် ရောက်နေသော်လည်း ချင်းတိုင်းရင်းသား ဆလိုင်းငွန်ကျုံးလျံသည် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို အကြံပေးနေသည်။
နိုင်ငံခြားသံတမန်များ၊ ကုလသမဂ္ဂအေဂျင်စီများနှင့် သတင်းစာရှင်းလင်းပွဲများ၊ စစ်ကောင်စီထိန်းချုပ် ရုပ်သံလိုင်များမှ ဆွေးနွေးပွဲများတွင် သူက စစ်အာဏာသိမ်းမှုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီဖြစ်ကြောင်းနှင့် စစ်ကောင်စီသည် လွတ်လပ်မျှတသော ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရသောပါတီသို့ အာဏာပြန်လွှဲပေးမည်ဖြစ်ကြောင်း အခိုင်အမာ ပြောသည်။
သူသည် နိုင်ငံတကာစီးပွားရေးနှင့် ယဉ်ကျေးမှုရေးရာ ဘွဲ့ကို ဗယ်လ်ပါရာအီဆို (Valparaiso) တက္ကသိုလ်မှ ရသည်။ ထို့နောက် အင်ဒီယားနား တက္ကသိုလ် မော်ဝါ (Mauer) ဥပဒေကျောင်းမှ မဟာဘွဲ့နှင့် ဥပဒေပါရဂူဘွဲ့ ရရှိခဲ့သည်။ သူသည် ၁၉၉၆ ခုနှစ်၊ အောက်တိုဘာလတွင် အမေရိကန် ပြည်ထောင်စုသို့ ပြောင်းရွှေ့အခြေချပြီး အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသူတဦး ဖြစ်သည်။
သူသည် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်းက ယခုဖျက်သိမ်းလိုက်ပြီးသော မြန်မာငြိမ်းချမ်းရေးစင်တာနှင့် ရခိုင်အရေးစုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ဥပဒေအတိုင်ပင်ခံ ဖြစ်သည်။
NLD အစိုးရအောက်တွင် သူသည် စစ်ကောင်စီ လက်ရှိဝန်ကြီးများဖြစ်သော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီတို့နှင့်အတူ ဆွေးနွေးမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို ပုတ်ခတ်ပြောဆိုပြီး စစ်အုပ်စုကို ချီးကျူးသည်။
ဒေါ်ယဉ်ယဉ်ဦးသည် ဦးသိန်းစိန်အစိုးရခေတ်က နိုင်ငံခြားရေးဝန်ကြီးဌာန ဒုညွှန်ချုပ်အဖြစ် လုပ်ကိုင်ခဲ့သည်။ NLD အစိုးရ တက်မလာမီ ၂၀၁၆ ခုနှစ်တွင် အငြိမ်းစားယူသည်။ သူသည် ၁၉၈၈ အရေးတော်ပုံအတွင်း နိုင်ငံကို တလတာ အုပ်ချုပ်ခဲ့သည့် ကွယ်လွန်သူ သမ္မတ ဒေါက်တာ မောင်မောင်၏ သမီးဖြစ်သည်။
ဒေါ်ခင်ဦးလှိုင်သည် နိုင်ငံတကာ ရာဇဝတ်မှုဥပဒေ ကျွမ်းကျင်သူဖြစ်သည်ဟု ဆိုသည်။ သူသည် ICJ တွင် မြန်မာကို စွဲဆိုထားသည့် လူမျိုးတုန်းသတ်ဖြတ်မှုကို ခုခံချေပရန် စစ်ကောင်စီက ခန့်ထားသည့် အဖွဲ့တွင် တွဲဖက်အတွင်းရေးမှူး ဖြစ်သည်။
စစ်ကောင်စီကို ထောက်ခံသော ဘာသာရေးခေါင်းဆောင်များ
လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးနောက်တွင် အချို့သံဃာတော်များသည် စစ်ကောင်စီကို လက်နက်ကိုင် ခုခံရန် လူထွက်ကြသည်။ သို့သော် သီတဂူဆရာတော်၊ အရှင် ဆေကိန္ဒ၊ ဝစီပိတ်ဆရာတော် ဦးကောဝိဒနှင့် မဘသ ဥက္ကဋ္ဌဟောင်း အရှင် တိလောကာဘိဝံသ အပါအဝင် ကျော်ကြားသော ဆရာတော်အချို့သည် အုပ်စုဖွဲ့နေကြသည်။
ဗုဒ္ဓဘာသာအများစု မြန်မာနိုင်ငံတွင် တခါက လွန်စွာလေးစားခံရသော သီတဂူဆရာတော်သည် စစ်အာဏာသိမ်း ခေါင်းဆောင်နှင့် သူ့အကြား ဆက်ဆံရေးကြောင့် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု နောက်ပိုင်းမှ စတင်ပြီး ယခင် ကိုးကွယ်ဆည်းကပ်သူများအကြား ဂုဏ်သိက္ခာ ကျဆင်းနေသည်။
အာဏာသိမ်းပြီး နောက်လများတွင် စစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြသူ ရာပေါင်းများစွာကို စစ်အာဏာသိမ်း အဖွဲ့ဝင်များက ပစ်သတ်နေသော်လည်း သီတဂူဆရာတော်သည် စစ်ကိုင်းတောင်ရှိ သူ၏ ကျောင်းတွင် အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဇနီးကို လက်ခံတွေ့ဆုံသည်။ မင်းအောင်လှိုင်သည် လွန်ခဲ့သောနှစ်၊ မတ်လက နေပြည်တော်တွင် ကမ္ဘာ့အကြီးမားဆုံး ဗုဒ္ဓရုပ်ပွားတော်ကို တည်ပြီး ဆရာတော်ကြီးများထံမှ ချီးကျူးဂုဏ်ပြုခံသောအခါ သီတဂူဆရာတော်လည်း တက်ရောက်ပြီး အာဏာသိမ်းခေါင်းဆောင်ထံမှ လှူဒါန်းမှုများကို လက်ခံသည်။
သီတဂူဆရာတော်သည် စစ်ကောင်စီ၏ နံပါတ် ၂ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွန်ခဲ့သောနှစ် စက်တင်ဘာလက ရုရှားနိုင်ငံသို့ သွားရောက်သောအခါ ပုဂံမှ ကျော်ကြားလှသော ရွှေစည်းခုံစေတီနှင့် ပုံစံတူ စေတီကို မော်စကိုတွင် တည်ဆောက်ရေးအတွက် အတူလိုက်ပါသွားသည်။ သူသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သူ၏ဇနီးနှင့် အခြားသူများ လှူဒါန်းထားသည့် မော်စကိုရှိ မြန်မာ့ ထေရဝါဒ ဗုဒ္ဓ ဝိဟာရကျောင်းတွင် ၄ လကြာ သီတင်းသုံးနေထိုင်သည်။
အသက် ၈၅ နှစ်ရှိပြီဖြစ်သော သီတဂူဆရာတော်သည် စစ်အုပ်စုထံမှ တောင်ငူရှိ သူ၏ ဗုဒ္ဓဘာသာ သာသနာပြုတက္ကသိုလ်အတွက် အလှူငွေများကိုလည်း လက်ခံခဲ့သည်။
အခြားဆရာတော်တပါးမှာ ဝစီပိတ်ဆရာတော်ဟု အများကသိကြသည့် ဦကောဝိဒဖြစ်ပြီး ထိုကိုယ်တော်သည် အာဏာသိမ်းခေါင်းဆောင်၏ အခါတော်ပေး ဗေဒင်ဆရာဖြစ်သည်ဟု ယုံကြည်ကြသည်။ ထိုဆရာတော်က ဆန္ဒပြသူများ၏ ဦးခေါင်းများကို သေနတ်ဖြင့် ပစ်ရန်အတွက် “ခေတ်ကိုပြောင်းရန် ခေါင်းကိုပစ်” ဟု စစ်ကောင်စီတပ်များကို ခိုင်းရန် အာဏာသိမ်း ခေါင်းဆောင်ကို အကြံပေးခဲ့သည် ဆိုသည့် စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည်။
စစ်အာဏာသိမ်း ခေါင်းဆောင်သည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တိုင်းမှူးတာဝန်ယူစဉ် ၂၀၀၆ ခုနှစ်က စတင်ပြီး ထိုဆရာတော်ကို ကိုးကွယ်ခဲ့သည်။ စစ်ကောင်စီက ဖြိုခွဲမှုစတင်သည့် အစောပိုင်းနေ့များတွင် သတ်ဖြတ်ခံရသော စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူအများစုမှာ ဦးခေါင်းကို ကျည်ဆံထိမှန် သေဆုံးသူများ ဖြစ်ကြသည်။
ထိုကြောင့်ပင် ထိုဆရာတော်ကို စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ဝေဖန်ရှုတ်ချမှုများ ဖြစ်ပေါ်ခဲ့ပြီး အချို့ဆန္ဒပြသူများက သူ၏ဓာတ်ပုံကို ထမီများတွင် ချိတ်ဆွဲကြကာ အများပြည်သူနှင့်ဆိုင်သော နေရာများတွင် ဒေါသကို ဖော်ပြကြသည်။ အသက် ၆၄ နှစ်ရှိပြီဖြစ်သော ထိုဆရာတော်သည် သီတဂူဆရာတော်နှင့် နီးကပ်သော ဆက်ဆံရေးရှိသူလည်း ဖြစ်သည်။
အာဏာသိမ်းပြီးချိန် နောက်ပိုင်းတွင် အရှင် ဆေကိန္ဒသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကြံရာပါအဖြစ် ထွက်ပေါ်လာသည်။ သူသည် နွေရာသီ ယဉ်ကျေးလိမ္မာ သင်တန်းများအတွက် ကျော်ကြားပြီး ထိုသင်တန်းများတွင် ဆယ်ကျော်သက်များကို ဗုဒ္ဓဘာသာနှင့် အခြားအကြောင်းအရာများ သင်ကြားပေးသောကြောင့် နှစ်စဉ် လူငယ် ရာပေါင်းများစွာ တက်ရောက်ကြသည်။
အာဏသိမ်းပြီးနောက်ပိုင်းတွင် ထိုဆရာတော်သည် လူမြင်ကွင်းသို့ မထွက်သလောက်ဖြစ်နေပြီး သူ၏ နွေရာသီသင်တန်းသားအရွယ် အချို့ပါဝင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်ကောင်စီက ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွဲခြင်းနှင့် ပတ်သက်ပြီး လုံးဝ နှုတ်ဆိတ်နေသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မိသားစုသည် ရန်ကုန်တိုင်းအစွန် လှည်းကူးမှ ကျိုက်ဒေးဝိ စေတီကို ပြန်လည် ပြုပြင်မွမ်းသော အခမ်းအနားသို့ ဝစီပိတ်ဆရာတော် ဦးကောဝိဒနှင့်အတူ အရှင် ဆေကိန္ဒလည်း တက်ရောက်ခဲ့သည်။
ယခုလအစောပိုင်းက ဦးဆေကိန္ဒသည် အာဏာသိမ်းခေါင်းဆောင်ထံမှ ဂုဏ်ထူးဆောင်ဘာသာရေး ဆုတံဆိပ် လက်ခံရယူခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုဆရာတော် တက္ကသိုလ် ဒုတိယပါမောက္ခချုပ်ရာထူး ၁၅ နှစ် ဆက်တိုက် ရယူထားနိုင်ရေးအတွက်လည်း အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသာ သာသနာပြု တက္ကသိုလ် (ITBMU) ဥပဒေကို ပြင်ဆင်ပေးခဲ့သည်။
မဘသအဖွဲ့ ဥက္ကဋ္ဌဟောင်း အရှင် တိလောကာဘိဝံသသည်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရင်းနှီးသူဖြစ်သည်။ ၂၀၁၇ ခုနှစ်မေလတွင် မဘသကို တရားမဝင်သော အသင်းအဖြစ် နိုင်ငံတော်က ထောက်ခံသော သံဃာအဖွဲ့အစည်းဖြစ်သည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) က ကြေညာခဲ့ပြီး ထိုအမည်ဖြင့် လှုပ်ရှားမှုများ ပြုလုပ်ခြင်းကို ပိတ်ပင်ခဲ့သည်။
ထိုအချိန်မှစတင်ပြီး မဘသသည် ဗုဒ္ဓဓမ္မဒါနဖောင်ဒေးရှင်း အမည်သို့ ပြောင်းလဲလိုက်သည်။ ၂၀၁၉ ခုနှစ်တွင် စစ်အုပ်စုသည် ထိုဖောင်ဒေးရှင်းသို့ ကျပ်သိန်း ၃၀ တရားဝင် လှူဒါန်းခဲ့သည်။ ဦးတိလောကာဘိဝံသ ကျောင်းထိုင်သည့် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှ ရွာမဘုန်းကြီးကျောင်းသည် မဘသ အမျိုးသားရေးဝါဒီများ၏ ခံတပ်နှင့် မဘသ လှုပ်ရှားမှုများ ပြုုလုပ်ရာနေရာဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဦးတိလောကာဘိဝံသကို မကြာသေးမီက ဘာသာရေးဘွဲ့တံဆိပ်များ ပေးအပ်သည်။
လွန်ခဲ့သောနှစ် ဒီဇင်ဘာလက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အင်းစိန်ရှိ ထိုဘုန်းကြီးကျောင်းသို့ သွားရောက်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗုဒ္ဓဘာသာကို အားပေးသောကြောင့် သူကျေနပ်ကြောင်းနှင့် ဗုဒ္ဓဘာသာကို ပိုမိုအားပေးနိုင်စေကြောင်း ထိုဆရာတော်က ဆုတောင်းပေးသည်ဟု အာဏာသိမ်းခေါင်းဆောင်ကို ပြောခဲ့သည်ဟု သတင်းဖော်ပြကြသည်။ တိုက်ဆိုင်သည်မှာ ထိုနေ့က ဦးတိလောကာဘိဝံသ အာဏာသိမ်း ခေါင်းဆောင်ကို လက်ခံတွေ့ဆုံသည့် အချိန်တွင် စစ်ကောင်စီစစ်သားများသည် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင် မြို့နယ်တွင် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူအုပ်စုကို အနောက်မှ စစ်ကားဖြင့်ဝင်တိုက် သတ်ဖြတ်သည်။
ဘာသာရေးကို ကာကွယ်စောင့်ရှောက်ခြင်း မရှိဟုဆိုကာ မဘသက NLD အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အမြဲတမ်း ဝေဖန်တိုက်ခိုက်သည်။ အာဏာသိမ်းခေါင်းဆောင်သည် တခါက ထင်ရှားသော မဘသ ခေါင်းဆောင် အစွန်းရောက်အမျိုးသားရေးဝါဒီ ဘုန်းကြီး ဦးဝီရသူကို တခါက ဆွမ်းကပ်သည်။ ဦးဝီရသူက စစ်အုပ်စုခန့် အမတ်များကို ဘုရားသဖွယ် ကိုးကွယ်သင့်ကြောင်း ပြောသည်။
အထက်ပါ လူပုဂ္ဂိုလ်များနှင့် သံဃာများသည် သမိုင်းတွင် လူသတ်ဂိုဏ်းချုပ်၏ ကြံရာပါများအဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ The Accomplices of Myanmar’s Murderer-in-Chief ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ သမ္မတ ဖြစ်ရေး အိပ်မက် နီးစပ်နေပြီလား
ဦးကိုနီ လုပ်ကြံမှု၌ အဓိက တာဝန်ရှိသော်လည်း ရာထူးတိုးကာ ရဲမှူးချုပ် ဖြစ်လာသူ ဝင်းမင်းသိန်း
အသက်ရှူကြပ်လာသည့် မြို့ပြ ပြည်သူများ
နွေဦးတော်လှန်ရေးလှိုင်းလုံးထဲက LGBTIQ များ