အာဏာသိမ်းစစ်ကောင်စီတပ်များသည် ယောဒေသဟု ကျော်ကြားသည့် မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့သော်လည်း ဂန့်ဂေါမြို့နယ်ထဲက အဖြစ်အပျက်များသည် ပြည်သူအများအကြား သိပ်မထင်ပေါ်ဘဲ လူသိနည်းခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဂန့်ဂေါမြို့နယ်အတွင်းရှိ ဒေသခံများကမူ အာဏာသိမ်း စစ်ကောင်စီတပ်များသည် ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူနေအိမ်များ ဖျက်ဆီးမီးရှို့ခြင်း၊ ပစ္စည်းများလုယက်ခြင်းနှင့် ဒေသခံများကို နှိပ်စက်ကာ သတ်ဖြတ်ပစ်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ဆိုသည်။
ဒေသခံများ၏ ပြောပြချက်အရ အညှာအတာမဲ့သည့် စစ်ကောင်စီ၏ အကြမ်းဖက်ဖိနှိပ်မှုများသည် အလွယ်တကူ မေ့ဖျောက်မထားသင့်သည့် အဖြစ်အပျက်များဖြစ်ရာ မှတ်တမ်းအဖြစ် စုစည်းဖော်ပြရမည့် ကိစ္စများဖြစ်လာသည်။
စစ်ကိုင်းနှင့် ချင်း အကြားက ဒေသ
ဂန့်ဂေါမြို့နယ်သည် ချင်းတောင်တန်းနှင့် ပုံတောင်-ပုံညာတောင်တန်းများကြားတွင် တောင်- မြောက်သွယ်တန်းလျက် ရှိသော မကွေးတိုင်း အနောက်မြောက်အစွန်းရှိ မြစ်သာမြစ်ဝှမ်း လွင်ပြင်ဒေသတွင်တည်ရှိနေသည်။
ဂန့်ဂေါမြို့နယ်တွင်းရှိ ဒေသခံများသည် အာဏာသိမ်းပြီး ၄ လအကြာ မေလထဲတွင် လက်နက်ကိုင်တော်လှန်ရေးအတွက် ပြင်ဆင်ခဲ့
မြောက်ဘက်တွင် စစ်ကိုင်းတိုင်းမှ ကလေးခရိုင်၊ အရှေ့ဘက်တွင် ပခုက္ကူခရိုင်နှင့် စစ်ကိုင်းတိုင်းမှ ယင်းမာပင်ခရိုင်၊ တောင်ဘက်တွင် မင်းဘူးခရိုင်၊ အနောက်ဘက်တွင် ချင်းပြည်နယ်မှ ဟားခါးခရိုင်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
တောင်ကုန်းတောင်တန်းများ ထူထပ်ပေါများပြီး ဗမာလူမျိုးနှင့် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြကြသည့် ဒေသများထဲတွင် ဂန့်ဂေါမြို့နယ်သည်လည်း တမြို့အပါအဝင်ဖြစ်ခဲ့သည်။
အကြမ်းမဖက်ဆန္ဒပြမှုများကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်ဖြိုခွဲ သတ်ဖြတ်မှုများလုပ်လာခဲ့သည့်နောက် ဂန့်ဂေါမြို့နယ်တွင်းရှိ ဒေသခံများသည် အာဏာသိမ်းပြီး ၄ လအကြာ မေလထဲတွင် လက်နက်ကိုင်တော်လှန်ရေးအတွက် ပြင်ဆင်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။

ပွဲဦးထွက်တိုက်ပွဲအနေနှင့် လက်လုပ်သေနတ်များ ကိုင်ဆောင်ထားသည့် ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (ဂန့်ဂေါ- PDF) အဖွဲ့ဝင်များသည် ဇွန်လ ၂၀ ရက်နေ့တွင် ကလေး-ဂန့်ဂေါ ကားလမ်းအနီးရှိ ကန်ရွာဝန်းကျင်၌ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ပွဲတွင် လက်နက်အင်အားမမျှတသဖြင့် ဂန့်ဂေါ – PDF များ တပ်ဆုတ်ခဲ့ရပြီး တပ်ဖွဲ့ဝင် အချို့ အဖမ်းခံခဲ့ရသည်။ အဖမ်းခံရသူများကို စစ်ကောင်စီလက်အောက်ခံတပ်များက ထိန်းသိမ်းထားခြင်းမရှိဘဲ သတ်ဖြတ်ပစ်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။
မြင်သားရွာသတ်ဖြတ်ခံရမှုဖြစ်စဉ်မှာ သေဆုံးသူအများဆုံးနှင့် အထင်ရှားဆုံးဖြစ်သည်။
ယင်းနောက်တွင် အာဏာသိမ်းစစ်ကောင်စီအား လက်နက်ကိုင် ဆန့်ကျင်လာသည့် ဂန့်ဂေါဒေသခံများကို စစ်ကောင်စီတပ်များဘက်ကလည်း ညှာတာမှုမရှိဘဲ ဆက်တိုက်ဆိုသလို အကြမ်းဖက်ဖိနှိပ်လာခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။
အစုလိုက်အပြုံလိုက် အသတ်ခံရမှုများ
ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် လူအမြောက်အများ အစုလိုက်အပြုံလိုက် သေဆုံးရသည့် ဖြစ်စဉ်များအနက် မြင်သားရွာသတ်ဖြတ်ခံရမှုဖြစ်စဉ်မှာ သေဆုံးသူအများဆုံးနှင့် အထင်ရှားဆုံးဖြစ်သည်။
၂၀၂၁ ခုနှစ် စက်တင်ဘာလ ၉ ရက်တွင် စစ်ကောင်စီတပ်များသည် မြစ်သာမြစ် အရှေ့ဘက်ကမ်းရှိ မြင်သားရွာနှင့် အနောက်ဘက်ကမ်းရှိ သာလင်းရွာထဲသို့ လက်နက်ကြီးများပစ်ခတ်ပြီးနောက် စစ်ကြောင်းချီဝင်ရောက်လာခဲ့သည်။

သာလင်းရွာ ဒေသခံများက ကြိုတင်တိမ်းရှောင်နိုင်သဖြင့် လူထိခိုက်မှုမရှိသော်လည်း အဆိုပါရွာရှိ နေအိမ်တချို့ မီးရှို့ခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။
မြင်သားရွာတွင်မူ ဒေသခံတချို့သည် တိမ်းရှောင်ရန် အချိန်မမီတော့ဘဲ စစ်ကောင်စီ၏ ဖမ်းဆီး သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
မြင်သားရွာရှိ လူနေအိမ်ပေါင်း ၃၀ ကျော်ကို စစ်ကောင်စီဘက်က မီးရှို့ဖျက်ဆီးခဲ့ပြီး မြင်သားရွာ ဒေသခံ အမျိုးသား ၁၈ ဦးကို စစ်ကောင်စီဘက်က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်။
အလောင်းအများစုတွင် ဦးခေါင်းကို သေနတ်ဒင်ဖြင့် ထုရိုက်ခံရသည့်ဒဏ်ရာများနှင့် ဦးခေါင်းကို ချိန်၍ ပစ်သတ်ထားသည့် ဒဏ်ရာများပါရှိ
ဒေသခံ ၁၈ ဦးထဲတွင် အသက် ၈၀ အရွယ် အဘိုးအိုတဦး၊ အသက် ၅၀ အရွယ် အမျိုးသား ၄ ဦး၊ အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၁၈ နှစ်အရွယ် လူငယ် ၁၂ ဦးတို့ ပါဝင်ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ အချက်အလက်များအရ သိသည်။
အလောင်းအများစုတွင် ဦးခေါင်းကို သေနတ်ဒင်ဖြင့် ထုရိုက်ခံရသည့်ဒဏ်ရာများနှင့် ဦးခေါင်းကို ချိန်၍ ပစ်သတ်ထားသည့် ဒဏ်ရာများပါရှိကြောင်း မျက်မြင်တွေ့သူများ၏ ပြောကြားချက်အရသိရသည်။
သက်ကြီးရွယ်အို ၃ ဦးအနက် တဦးမှာ လက်ပြန်ကြိုးတုပ်လျှက်နှင့် ကျောတွင် ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၁၁ ရက်တွင် မြင်သားရွာ၏ တောင်ဘက်ယွန်းယွန်း မြစ်သာမြစ် အနောက်ဘက်ကမ်းရှိ မွှေ့လယ်၊ မောက်လင်းနှင့် ထယ်လှော်ရွာများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းချီ ဝင်လာခဲ့ပြီး ရွာသားအချို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်လည်း ရှိသည်။
မွှေ့လယ်ရွာသို့ စစ်ကြောင်းချီဝင်ရောက်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် အတူ ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်များဖြစ်သည့် ပျူစောထီးအဖွဲ့ဝင်များ ပါဝင်ကြောင်း ဒေသခံများကဆိုသည်။
စစ်ကောင်စီ၏ စစ်ကြောင်း ပြန်လည်ထွက်ခွာသွားသည့်နောက်တွင် မွှေ့လယ်ရွာအနီး၌ ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ထားသည့် ရွာသားအလောင်း ၃ လောင်းကို တွေ့ရကြောင်း မျက်မြင်တွေ့သည့် ဒေသခံများက ဆိုသည်။
ထို့နောက် နိုဝင်ဘာလ ၂၆ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မောက်လင်းရွာသို့ ရောက်ရှိလာပြီး မောက်လင်းရွာဒေသခံ ကျွဲ၊ နွားကျောင်းနေသည့် ပြည်သူ ၆ ဦးကို ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသူများမှာ သားထွန်း-အသက် ၂၁ နှစ်၊ ဦးလှဆောင်- ၅၃နှစ်၊ ဦးတင်မောင်ဝင်း- ၄၉နှစ်၊ နောင်နောင်- ၃၂နှစ်၊ မှိုင်းဝေ-၂၈ နှစ်နှင့် ဖိုးပြူး- အသက် ၂၂ နှစ်တို့ဖြစ်ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြိမ်ပေါင်းများစွာ ဝင်ရောက် မီးရှို့ခံရပြီး စစ်ရဟတ်ယာဉ်နှင့်ပါ ပစ်ခတ်ခံရသည့် ကျေးရွာတရွာလည်း ရှိသည်။
ယင်းဒေသခံ ၆ ဦးအနက် အသက် ၂၁ နှစ်အရွယ်ရှိ သားထွန်းကို စစ်ကောင်စီတပ်များက ဦးစွာသေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ကျန်လူ ၄ ဦးကို နိုဝင်ဘာလ ၂၈ ရက်တွင် နှိပ်စက်ပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း၊ အသက် ၂၂ နှစ်အရွယ် ဖိုးပြူးကိုမူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ရဟတ်ယာဉ်နှင့် အပစ်ခံရသည့် နှမ်းခါး
ဂန့်ဂေါမြို့နယ်ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြိမ်ပေါင်းများစွာ ဝင်ရောက် မီးရှို့ခံရပြီး စစ်ရဟတ်ယာဉ်နှင့်ပါ ပစ်ခတ်ခံရသည့် ကျေးရွာတရွာလည်း ရှိသည်။
အဆိုပါရွာမှာ စစ်ကောင်စီလက်ချက်ကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးရသည့် နာမည်ကျော်မြင်သားရွာနှင့် သိပ်မဝေးသည့် မြစ်သာမြစ်အနောက်ဘက်ကမ်းရှိ နှမ်းခါးရွာဖြစ်သည်။ နှမ်းခါးရွာသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ၆ ကြိမ်ထက်မနည်း ဝင်ရောက် ပစ္စည်းလု မီးရှို့မှုများကို ခံထားရကြောင်း ဒေသခံများ ထံမှသိရသည်။

“နှမ်းခါးမှာ မီးရှို့ခံရတာက ၄ ကြိမ်လောက်ရှိတယ်။ ကျမတို့ဆီမှာ သူတို့က ကနဦးပိုင်းကတော့ ၄ လပိုင်း ကတည်းက ဖြစ်နေတာပေါ့။ မီးမရှို့ပေမယ့်လည်း ပစ္စည်းတွေလုတယ်၊ ယူတယ်။ အိမ်တွေမှာနေထိုင် စားသောက်ပြီးမှ ဖျက်ဆီးချင်တာတွေ ဖျက်ဆီးသွားတာပေါ့။ ၉ လပိုင်းလောက်ကျတော့ မီးစရှို့တာရှင့်။ ဆုံးရှုံးတာကတော့ တော်တော်များပါတယ်” ဟု နှမ်းခါးရွာ ဒေသခံ အမျိုးသမီးတဦးက ဧရာဝတီသို့ ပြောသည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်တွင်မူ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရဟတ်ယာဉ် ၃ စီးဖြင့် နှမ်းခါးရွာသို့ ရောက်ရှိလာပြီး နှမ်းခါးရွာရှိ စာသင်ကျောင်းနှင့် ဓမ္မာရုံတို့ကို ချိန်ရွယ်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီ၏ ရဟတ်ယာဉ်တစီးက ရွာထဲသို့ ချိန်ရွယ်ပစ်ခတ်နေစဉ်တွင် အခြားရဟတ်ယာဉ် ၂ စီးသည် ရွာထဲသို့ တပ်ဖွဲ့ဝင်များ ဝင်ရောက်နိုင်ရန် စစ်သားများကို မြေပြင်ပေါ်သို့ချပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း နှမ်းခါးရွာဒေသခံတချို့က ဆိုသည်။
စစ်ကောင်စီ၏ ရဟတ်ယာဉ်များ နှမ်းခါးရွာသို့ လာရောက်ပစ်ခတ်စဉ်တွင် ရွာသူ၊ ရွာသား အကုန်လုံးနီးပါး ထိတ်လန့်တကြား ဖြစ်ခဲ့ရပြီး မိသားစုများမှာလည်း တကွဲတပြားစီ ထွက်ပြေးခဲ့ကြရကြောင်း နှမ်းခါးရွာဒေသခံ အမျိုးသမီးတဦးက ပြောပြသည်။
“စစ်ကောင်စီတပ်တွေ မလာတာ ၂ လလောက်ရှိပြီဆိုတော့ ကျမတို့လည်း မထင်ထားဘူးပေါ့။ ရွာထဲမှာလည်း အကုန်လုံးက ပြန်လာနေကြတယ်။ ကိုဗစ်ဖြစ်တာလည်း နည်းသွားပြီးမှ သာရေးနာရေးတွေ စလုပ်နေတဲ့ အချိန်ပေါ့။ ဗုံးကြဲတော့ ရွာထဲမှာက လူကြီးတွေလည်းရောက်နေတယ်။ ကလေးတွေလည်း သူ့နေရာနဲ့ သူဆော့နေတော့ အခုလို ဟတ်စကီးနဲ့ ပစ်တဲ့အချိန်မှာ အုတ်အာသောင်းတင်းနဲ့ ကလေးတွေလည်း ရွာထဲမှာပဲ ပုန်းခိုနေကြတာပေါ့။ ကျမတို့လည်း သားကွဲသမီးကွဲတွေနဲ့ အကုန်ပြေးကြရတာပေါ့။ နောက်နေ့မနက်လင်းမှပဲ ကလေးတွေနဲ့ တွေ့ကြရတာ” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ နှမ်းခါးရွာဒေသခံ အမျိုးသမီးတဦးက လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခံရသည့် ဖြစ်စဉ် ကြုံရပြီးကတည်းက အသက် ၃ နှစ်အရွယ်၎င်း၏သားဖြစ်သူမှာလည်း လေယာဉ်လာသည်ဟု အသံ ကြားသည်နှင့် ထိတ်လန့်တုန်လှုပ် နေကြောင်း ရှင်းပြသည်။
“ကျမသားလေဆို ၃ နှစ်အရွယ်ပဲရှိတယ်။ လေယာဉ်ဆိုတာနဲ့ကို ကြောက်နေတော့တာ။ မိဘနားမှာပဲ အမြဲထားရတယ်။ အသံကြားလို့ကို မရဘူး။ အဘွားကြီးတယောက်ဆိုရင် ဟတ်စကီးလာပြီလို့ ကြားတာ။ နှလုံးရပ်ပြီး သေသွားတယ်။ အသက် ၆၀ ဝန်းကျင်အရွယ်လောက်ပေါ့။ ရွာမှာ အဲဒီလိုဖြစ်တာ ၂ ဦးလောက်ရှိပြီ။ ကလေးတွေက အစ စိတ်အနာတရတွေဖြစ်နေကြပြီ” ဟု ၎င်းက ဆိုသည်။

ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူတဦးကမူ နှမ်းခါးရွာတွင် PDF များ စည်းဝေးနေသည်ဟု စစ်ကောင်စီဘက်က သတင်းရပြီးနောက် နှမ်းခါးရွာသို့ ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဆိုသည်။
“အစည်းအဝေးလေး တခုရှိတယ်။ အဲဒါကို စစ်တပ်က သတင်းရသွားတာပေါ့။ အဲဒီမှာ စစ်တပ်က ရဟတ်ယာဉ် ၃ စီးနဲ့လာတာပေါ့။ တချို့ကျတော့လည်း ၆ စီးလာတယ်ပြောတာပေါ့။ ဒါပေမယ့် ပစ်ခတ်သွားတာက ၃ စီးပေါ့။ ပစ်ခတ်သွားတာပေါ့။ ရွာက ဓမ္မာရုံတို့ ရေသန့်စက်တို့၊ အရပ်သား ပြည်သူတွေနေထိုင်တဲ့ အဆောက်အအုံတွေပေါ့။ စာသင်ကျောင်းတွေကို ပစ်သွားတာပေါ့” ဟု ၎င်းက ဆိုသည်။
ဂန့်ဂေါမြို့နယ်ထဲတွင် စစ်ကောင်စီလက်ခံသည့် ပျူစောထီးများ၏ ခြိမ်းခြောက်မှုကို ထူးထူးခြားခြား ကြုံနေရသည့် ရွာတရွာလည်း ရှိသည်။
နှမ်းခါးရွာသည် အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီး လူဦးရေ ၄၀၀၀ ကျော်နေထိုင်သည့် ရွာကြီးတရွာ ဖြစ်သော်လည်း စစ်ကောင်စီတပ်များ၏ ရန်ကြောင့် လက်ရှိတွင် ရွာသူရွာသားများသည် ရွာထဲ၌ မနေရဲကြတော့ချေ။ တောထဲတောင်ထဲတွင် ပုန်းအောင်းနေထိုင်နေရသည်။
နှမ်းခါးရွာထဲရှိ လူနေအိမ် ၆၅ လုံးခန့်မှာလည်း စစ်ကောင်စီတပ်များ၏ တိုက်ခိုက်မှု မီးရှို့မှုများကြောင့် မီးလောင်ပြာကျသွားပြီ ဖြစ်ကြောင်း နှမ်းခါးရွာ ဒေသခံများထံမှသိရသည်။
ပျူစောထီးများ ဝင်လုသည့်ရွာ
ဂန့်ဂေါမြို့နယ်ထဲတွင် စစ်ကောင်စီလက်ခံသည့် ပျူစောထီးများ၏ ခြိမ်းခြောက်မှုကို ထူးထူးခြားခြား ကြုံနေရသည့် ရွာတရွာလည်း ရှိသည်။
အဆိုပါရွာမှာ နှမ်းခါးရွာ မြောက်ဘက် မြစ်သာမြစ် အရှေ့ဘက်ကမ်းရှိ စန်းမြို့ရွာ ဖြစ်သည်။ စန်းမြို့သည် ဂန့်ဂေါမြို့ မြောက်ဘက် မိုင် ၄၀ ကျော်ကွာဝေးပြီး ကလေးမြို့နယ် အစပ်တွင်ရှိကာ လူဦးရေ ၉၀၀ ကျော်နေထိုင်သည့် ရွာဖြစ်သည်။
အိမ်ခြေ ၂၀၀ ကျော်ရှိသည့် အနက် စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်များ၏ မီးရှို့မှုကြောင့် အိမ်ခြေ ၃၀ ကျော်သာ အကောင်းအတိုင်း ကျန်သည်။
စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်များသည် စန်းမြို့ရွာကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ၁ ကြိမ် စစ်ကြောင်းချီ ဝင်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်တွင် ၁ ကြိမ် စုစုပေါင်း ၂ ကြိမ် စစ်ကြောင်း ထိုးဝင်ရောက်ခဲ့သည်။
စစ်ကောင်စီနှင့် ပျူစောထီးများ ဝင်လာမည့် သတင်းကို ကြိုရသဖြင့် ဒေသခံ ရွာသူ၊ ရွာသားများက ဘေးလွတ်ရာသို့ ကြိုတင် ရှောင်ရှားနိုင်ခဲ့သော်လည်း ရှောင်ရှား၍ မရဘဲ ကျန်ခဲ့သည့် နေအိမ်နှင့် လူ့အသုံးအဆောင်ပစ္စည်းများမှာ စစ်ကောင်စီနှင့် ပျူစောထီးများ၏ လုယက်ဖျက်ဆီးမှုကို ကြုံလိုက်ရသည်။
စန်းမြို့ရွာ ဒေသခံအမျိုးသမီးတဦးကလည်း စန်းမြို့ရွာသို့ စစ်ကောင်စီနှင့် ပျူစောထီးများ ဝင်ရောက်လာခဲ့စဉ်က အခြေအနေကို ယခုကဲ့သို့ ဆိုသည်။
“၁၂ လပိုင်းတုန်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ဝင်လာတာပေါ့။ ရွာမြောက်ဘက်ရယ်၊ တောင်ဘက်ရယ်၊ အနောက်ဘက်ရယ်။ မြောက်ဘက်မှာကျတော့ ပျူစောထီးနဲ့ စစ်သားနဲ့ ပေါင်းပြီး ၄၊ ၅၊ ၆ ဆယ်လောက်ရှိတယ်။ တောင်ဘက်မှာကျတော့ စစ်ကြောင်းကြီးပဲ ၄၅ ယောက်လောက်ရှိတယ်။ အနောက်ဘက်မှာက မြောက်ခင်ရန်းရွာက ပျူစောထီးက ၅၀ လောက်ရှိပါတယ်။ ပထမအကြိမ်တုန်းက ဝင်တာပေါ့။ ၁ လပိုင်း ၁၈ ရက်နေ့ကျတော့ မြောက်ဘက်က စစ်ကြောင်းရယ်၊ အနောက်ဘက်က စစ်ကြောင်းရယ်ဝင်ပါတယ်။ မြောက်ဘက်က စစ်သားနဲ့ ပျူစောထီးပေါင်းပြီးတော့ အင်အား ၅၀ ကျော်ကျော်နဲ့ဝင်တယ်။ အနောက်ဘက်က ပျူစောထီးချည်းပဲ ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရန်းရွာတွေက ပျူစောထီးပေါင်းပြီးတော့မှ ၄၀ လောက် ဝင်လာတယ်ရှင့်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီနှင့် ပျူစောထီးများသည် ရွာထဲသို့ရောက်သည်နှင့် နေအိမ်များကို ဖောက်ထွင်းကာ အိမ်ရှိ ပစ္စည်းများကို ယူဆောင်သွားပြီး ကျန်ရှိနေသည့်အိမ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း စန်းမြို့ရွာ ဒေသခံ အမျိုးသမီးတဦးက ပြောသည်။
၂ ကြိမ်တိုင်တိုင် နေအိမ်များ မီးရှို့ဖျက်ဆီးခံရပြီး နေအိမ်များ ကုန်သလောက်နီးပါးဖြစ်သွားသည့်နောက် စန်းမြို့ရွာဒေသခံများသည် ရွာသို့ မပြန်ရဲကြတော့ဘဲ၊ ဘေးလွတ်ရာ တောတောင်များထဲတွင်သာ ပုန်းအောင်းနေကြရကြောင်း ၎င်းက ဆိုသည်။
“ကျမတို့တောတောင်တွေထဲ ရှောင်နေရပါတယ်။ အခုအချိန်အထိ ရွာကို လုံးဝကပ်လို့မရပါဘူး။ ညတိုင်ရင် ရွာကို လက်နက်ကြီးတွေနဲ့ လမ်းထုပါတယ်။ စားရေးသောက်ရေးကတော့ ကိုယ့်ရှိတာနဲ့ပဲ ဒီလိုပဲ မျှပြီး စားသောက်နေရပါတယ်။ အလှူရှင်နည်းနည်းပါးပါးက လှူထားတာတွေနဲ့ စားရပါတယ်။ လိုအပ်တာကတော့ မိုးကာတို့၊ ဆီတို့လိုအပ်နေပါတယ်” ဟု စန်းမြို့ရွာဒေသခံ အမျိုးသမီးတဦးက ပြောပြသည်။
အာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက စန်းမြို့ရွာသည် စစ်တပ်ကို လက်မခံဘဲ၊ ကန့်ကွက်ဆန့်ကျင်နေသဖြင့် စန်းမြို့ရွာကို စစ်ကောင်စီနှင့် ပျူစောထီးများက ဝင်ရောက် လုယက်ဖျက်ဆီးခြင်း ဖြစ်နိုင်ကြောင်း စန်းမြို့ရွာ ဒေသခံအမျိုးသမီးတဦးက ဆိုသည်။
“ကျမတို့ရွာက စစ်ကောင်စီကို လုံးဝ ဆန့်ကျင်တဲ့ ကျေးရွာပေါ့။ စစ်ကောင်စီကို လုံးဝ မထောက်ခံဘူး။ ဘေးနားက မြောက်ခင်ရန်း၊ လယ်ကြီး၊ ကုက္ကား၊ ဟံသာဝတီ၊ ကျောက်ပြုတ်ကတော့ စစ်ကောင်စီကို ထောက်ခံတဲ့ ကျေးရွာတွေ၊ အဲဒီအထဲကမှ ကျမတို့က စစ်ကောင်စီကို မထောက်ခံဘဲနဲ့မှ တော်လှန်တဲ့ ကျေးရွာဆိုတော့ အဲဒီလိုမျိုး ကျေးရွာကို ဝင်ရောက်ဖျက်ဆီး၊ မီးရှို့တာတွေလုပ်တယ်လို့ ထင်ပါတယ်” ဟု သူက ဆိုသည်။
စစ်ကောင်စီနှင့် ပျူစောထီးများ၏ နေအိမ်မီးရှို့မှု၊ ပစ္စည်းလုယက်မှုများ ကြုံခဲ့ရသည့်နောက် စစ်ကောင်စီနှင့် ပျူစောထီးများကို သတ်ပစ်ချင်သည်အထိ စိတ်နာနေကြောင်း စန်းမြို့ရွာ ဒေသခံ အမျိုးသမီးတဦးက ပြောသည်။

“ကျမတို့ဆီမှာက စစ်ကြောင်းထိုးတော့မယ်ဘာညာဆိုရင် ကြိုပြီးသိရပါတယ်။ အခုက ကျမတို့က ပျူစောထီး ကျေးရွာတွေနဲ့ နီးတဲ့အတွက် ရွာကို အခုအချိန်အထိ ပြန်ကပ်မရပါဘူး။ အရင်ဆုံး ပျူစောထီးရော၊ စစ်ကောင်စီတပ်ရောပေါ့။ ပျူစောထီးဆိုတာကလည်း စစ်ကောင်စီက လက်သပ်မွေးထားတဲ့ ဟာတွေဖြစ်တဲ့အတွက် ပျူစောထီးကို အမြန်ဆုံး သုတ်သင်ရှင်းလင်းပေးဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဆိုသည်။
NUG လက်အောက်ခံ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူ တဦးကလည်း စစ်ကောင်စီတပ်များသည် ဂန့်ဂေါမြို့နယ်ကို ထိန်းချုပ်ရန် မလွယ်ကူတော့သည့်နောက် ဒေသခံပြည်သူများကို အညှိုးထား ဒုက္ခပေးလာခြင်း ဖြစ်ကြောင်းဆိုသည်။
PDF များထဲတွင် ကျဆုံးသွားသည့် ရဲဘော် ၄၄ ဦးရှိပြီး ယင်းတို့အနက် ၁၁ ဦးမှာ လက်လုပ်မိုင်းစမ်းသပ်စဉ် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်
“အကြောင်းမဲ့ မီးရှို့တာပေါ့နော်။ သူတို့တွေ ထိန်းချုပ်လို့ မရတော့ ပြည်သူတွေကို သက်သက်မဲ့ ဒုက္ခပေးချင်လို့ကို ရှို့တာပါ။ တချို့ရွာတွေကိုဆို အညှိုးထားပြီးကို ဝင်ရှို့ပါတယ်။ အဓိကကတော့ စစ်ကြောင်းဝင်တဲ့အချိန်ပေါ့” ဟု ဆိုသည်။
အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်များ၏ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် ဂန့်ဂေါမြို့နယ်တွင် ဒေသခံအရပ်သား ၃၂ ဦး သေဆုံးခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ အချက်အလက်များအရ သိရသည်။
PDF များထဲတွင် ကျဆုံးသွားသည့် ရဲဘော် ၄၄ ဦးရှိပြီး ယင်းတို့အနက် ၁၁ ဦးမှာ လက်လုပ်မိုင်းစမ်းသပ်စဉ် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဂန့်ဂေါမြို့နယ်အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဒေသခံ ၁ သောင်းခွဲအထိ ရှိနိုင်ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူ တဦးက ခန့်မှန်းသည်။
စစ်ကောင်စီဘက်က လုယက် မီးရှို့မှုများနှင့် အကြမ်းဖက်ဖိနှိပ်မှုများ ရှိနေသော်လည်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် အာဏာသိမ်း စစ်ကောင်စီကို ဆက်လက်ဆန့်ကျင် တော်လှန်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“စစ်တပ်ကတော့ ယုတ်မာမှာပဲပေါ့။ မီးရှို့တာတွေ၊ အကြမ်းဖက်တာတွေလုပ်မှာပဲပေါ့။ စစ်ကြောင်းတွေ ဝင်လာရင်တော့ ရှောင်ရမှာပေါ့။ စစ်ဘေးရှောင်တွေအတွက် ပြည်သူအချင်းချင်း ကူညီဖို့ တိုက်တွန်းတာတွေ ပံ့ပိုးတာတွေ ကျနော်တို့ ဆောင်ရွက်တယ်။ ကျနော်တို့မြို့က ပြည်သူတွေ အကုန်လုံးကတော့ စစ်အာဏာရှင်ကို တော်လှန်သွားမှာပဲလို့ ပြောချင်ပါတယ်” ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ပြန်ကြားရေး တာဝန်ရှိသူ တဦးက မှတ်ချက်ပေးသည်။
You may also like these stories:
အင်အားသုံးဖို့သာ နားလည်သည့် မြန်မာစစ်တပ်
လွိုင်ကော်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများတွေ့