အာဏာသိမ်း စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီး ၂ ရက် အတွင်းမှာပဲ ဒေသခံ ပြည်သူ ၃၀ ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။
သေဆုံးခဲ့သူတွေဟာ လက်နက်ကိုင် တော်လှန်လို့ သတ်ခံရတာမျိုး မဟုတ်ဘဲ စစ်ကောင်စီတပ်တွေ ရွာထဲ ဝင်လာ တာကြောင့် ရှောင်ရှားရင်းကနေ မလွတ်မြောက်နိုင်ဘဲ ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
၂၀၂၂ ဇန်နဝါရီ ၂၉ နဲ့ ၃၁ ရက်နေ့တို့မှာ စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်း ကနီ၊ မြင်းမူနဲ့ ဝက်လက်မြို့နယ်တွေ ကို ရေကြောင်း၊ လေကြောင်း အမျိုးမျိုးအသုံးပြု ဝင်ရောက် မွှေနှောက်ခဲ့အပြီးမှာတော့ ရက်ရက်စက်စက် သတ်ဖြတ်ခံ ထားရတဲ့ ဒေသခံပြည်သူ ရုပ်အလောင်း ၃၃ လောင်းကို တွေ့ရှိခဲ့ရပါတယ်။
အရပ်သား ၂၀ ကျော် သတ်ဖြတ်ခံရတဲ့ မြင်းမူ
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘဒတ္ထိုင်းကျေးရွာက အရပ်သားပြည်သူ အယောက် ၂၀ ဟာ စစ်ကောင်စီရဲ့ သတ်ဖြတ်မှု ကို ခံခဲ့ရပြီး သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ၁၃ နှစ်အရွယ် မိန်းကလေးငယ် တဦးလည်း ပါဝင်ပါတယ်။
အဲဒီ မိန်းကလေးငယ်ကို စစ်ကောင်စီတပ်က အဓမ္မပြုကျင့်ခဲ့ပြီးမှ သတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ကောက် ချက်ချကြပေမယ့် ဆေးစစ်ချက်ရယ်လို့တော့ လုပ်ဆောင်နိုင်ခြင်း မရှိဘူးလို့ ဒေသသတင်းရင်းမြစ်တွေဆီက သိရပါ တယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ ဘဒတ္ထိုင်းရွာ နယ်မြေခံ ကာကွယ်ရေးအဖွဲ့ သင်တန်းဆင်းပွဲကို စစ်ကောင်စီ ဘက်ကနေ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီး အပါ ရဟတ်ယာဉ် ၃ စီးနဲ့ လာရောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီနောက် ရဟတ်ယာဉ် ၂ စီး ထပ်ရောက်လာပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၄၀ ကျော်ကို ချထားခဲ့တဲ့အပြင် လေကြောင်းကနေ ပစ်ခတ်မှုတွေကို ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီ ရဟတ်ယာဉ်တွေ လာပြီဆိုတာကို အကြောင်းကြားလိုက်ပေမယ့် ရှောင်တိမ်းဖို့ အချိန်မမီတော့တာ ကြောင့် ဒေသခံ အမြောက်အမြား ရွာထဲမှာ ပိတ်မိနေခဲ့ပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပြေးတဲ့လူကို ပစ်သတ်မယ်ဆိုပြီး ရွာထဲကို အော်ဟစ်ခြိမ်းခြောက် ဝင်ရောက်လာမှုနဲ့ အတူ ဒေသခံတွေ ပစ်ခတ် သတ်ဖြတ်ခံခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ထိုသူက “ဝင်လာကတည်းက မပြေးနဲ့၊ ပြေးရင်ပစ်မယ်ဆိုပြီး ပြောတာ။ ကြောက်ကြောက်လန့်လန့်နဲ့ ပြေးကြတဲ့ အချိန် မှာ ပစ်သတ်တာ။ ကျနော်တို့မြို့နယ်မှာ ပထမဦးဆုံးပဲဆိုတော့ ပြည်သူတွေက အစိမ်းသက်သက် ဖြစ်နေတာလေ။ လမ်းမပေါ်က ၃ လောင်းက အမျိုးသမီး အကြီးပိုင်းပေါ့ (အသက် ၆၉ ဝန်းကျင်)။ ပြေးလို့ ပစ်သတ်လိုက်တာ” လို့ ပြောပြပါတယ်။
ရုပ်အလောင်းတွေဟာ ရွာလမ်းမပေါ်မှာတင်မကဘဲ ရွာနဲ့ခပ်လှမ်းလှမ်း တောအစပ်မှာလည်း တွေ့မြင်ခဲ့ရပြီး တောစပ် မှာ တွေ့ရတဲ့ ရုပ်အလောင်း ၅ လောင်းဟာ လက်နဲ့ ခြေထောက်တွေကို ခုတ်ဖြတ်ထားတဲ့ အပိုင်းအစတွေကို အပုံလိုက် မီးရှို့သွားခဲ့တာ ဖြစ်တယ်လို့ မျက်မြင်တွေ့ရတဲ့ ဒေသခံတွေက ဆိုပါတယ်။
“၅ ယောက်ကတော့ ရွာခပ်လှမ်းလှမ်း တောစပ်မှာ တွေ့တာ။ သူတို့က မီးမရှို့ခင်မှာ ခုတ်ထစ်ထားပြီး လက်တွေ၊ ခြေ ထောက်တွေ ဖြတ်ပြီးမှ ပုံပြီး မီးရှို့သွားတာ။ အကုန်လုံးတော့ မလောင်သွားဘူး။ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားရုံပဲ” လို့ ဒေသခံတဦးက ပြောပါတယ်။
ထို့အတူ ပျောက်ဆုံးနေတဲ့ ဒေသခံတွေကို ဆက်လက် ရှာဖွေရာမှာလည်း ရုပ်အလောင်းတွေ ထပ်မံတွေ့ရှိခဲ့ပြီး လက်ရှိ အချိန်ထိ ရုပ်အလောင်း ၂၀ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက “ချုံတွေထဲမှာ သတ်ပြီး တယောက်စ၊ နှစ်ယောက်စ ပစ်ထားခဲ့တာတွေ ရှိတယ်။ ၁၃ နှစ်အရွယ် ကလေးနဲ့ ကောင်လေး ၁ ယောက် ပါတယ်။ ကျန်တာတွေက လူကြီးပိုင်းတွေ များတယ်” လို့ ပြောပြပါတယ်။
ရွာထဲကို ဝင်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၄၀ ကျော်ဟာ ဘဒတ္ထိုင်းရွာထဲက အိမ်အားလုံးနီးပါးကို တံခါးတွေ ဖျက်ဝင်ပြီး လိုချင်တဲ့ပစ္စည်းတွေ ယူငင်ကြသလို မီးရှို့ခဲ့မှုကြောင့်လည်း အိမ် ၂ လုံး ပြာကျခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက်မှာလည်း မြင်းမူမြို့နယ် ဂုံညှင်းဆိပ်ရဲစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့ ပြီးနောက်မှာ ဂုံညှင်းဆိပ်စခန်း အနီးက ရွာတွေကို နယ်မြေရှင်းလင်းရေးဆိုကာ စစ်တပ်က ရောက်လာပြီး စစ်ကိုင်းနဲ့ မြင်းမူအစပ် ညောင်ပင်ဝန်းရွာက ဒေသခံ ၄ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ရီ ၄ ရက်နေ့ နံနက်မှာတော့ အဲဒီ ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံ ၄ ဦးရဲ့ ရုပ်အလောင်းတွေကိုပဲ တွေ့ရှိရတော့ တယ်လို့ ဆိုပါတယ်။
ဝက်လက်မှာလည်း ဒေသခံ ၆ ဦး သတ်ဖြတ်ခံရ
ဇန်နဝါရီ ၂၉ ရက် နံနက် ၂ နာရီလောက်မှာ လက်နက်ကြီးသံတွေ၊ သေနတ်သံတွေကြောင့် ဝက်လက်မြို့နယ် သစ် ဆိမ့်ကြီးကျေးရွာက ဒေသခံတွေ အိပ်ယာကလန့်နိုးပြီး ဘာမှကို မသယ်နိုင်အောင် ကတိုက်ကရိုက် ထွက်ပြေးခဲ့ကြရ ပါတယ်။
စစ်တပ်ရဲ့ ရေယာဉ်တွေက ဧရာဝတီမြစ်အတိုင်း အထက်ဘက်ကနေ ဆုန်ဆင်းလာပြီး သစ်ဆိမ့်ကြီးကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်ကာ ရေကြောင်းကနေ တိုက်ခိုက်မှု စတင်ပါတယ်။ ထို့နောက် စစ်ကောင်စီ တပ်တွေဟာ ရွာထဲကို စစ်ကြောင်းထိုးပြီး ဝင်ရောက်လာခဲ့ပါတယ်။
မနက်အစောပိုင်း ပစ်ခတ်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံတွေထဲကတချို့ သေနတ်သံတွေ ငြိမ်သွားတဲ့ အချိန် ရွာထဲကို လိုအပ်တဲ့ပစ္စည်း ပြန်ယူဖို့ သွားကြပါတယ်။ အဲဒီမှာ ဒေသခံ ၆ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီနေ့ နံနက် ၉ နာရီလောက်မှာ ဖမ်းဆီးခံရတဲ့ ၆ ဦးကို လက်ပြန်ကြိုးတွေ တုပ်ပြီးတော့ စစ်တပ်က ခေါ်ဆောင်သွား တာကို ဒေသခံတွေ တွေ့လိုက်ရပါတယ်။
ညနေပိုင်း စစ်သားတွေ ပြန်လာတော့ အဲဒီလူတွေ ပါမလာလို့ စုံစမ်းမေးမြန်းရာ ရွာဘုရားမှာ သော့ခတ်ပြီး ဖမ်းထား တယ်လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပြန်ပြောခဲ့တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
“သူတို့ (စစ်တပ်) ဖြတ်သွားတဲ့အချိန် ဖမ်းခံရတဲ့သူတွေရဲ့ မိသားစုဝင်တွေက မေးတော့ ဘာမှ မလုပ်ပါဘူး။ သိချင် တာလေးတွေ မေးပြီး ပြန်လွှတ်ပါမယ် ပြောတာ။ ဘုန်းကြီးမေးတော့လည်း သူတို့ ကောင်းကောင်းမွန်မွန် ထားပါတယ်။ ထမင်းလည်း ကျွေးပါတယ် ပြောတယ်” လို့ ဒေသခံက ပြောပြပါတယ်။
ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်း စစ်တပ် ရွာက ပြန်လည်ထွက်ခွာသွားတဲ့ အခါမှာ ဖမ်းခံထားရတဲ့ လူတွေကို လိုက်ရှာကြ ပြီး ဘုရားထဲမှာ သော့ခတ်ပိတ်ထားတယ်လို့ စစ်တပ်က ဆိုခဲ့တဲ့အတွက် ရွာမှာရှိတဲ့ ဘုရားတွေကို လိုက်ရှာဖွေကြ တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သို့ပေမယ့် ရှာလို့မတွေ့တာကြောင့် ဇန်နဝါရီ ၃၀ ရက်က ရွာအနီးဝန်းကျင် တောစပ်တနေရာမှာ စစ်တပ်က မီးရှို့နေတာ ကို မြင်ထားတဲ့အတွက် အဲဒီနေရာကို သွားရောက်ရှာဖွေကြချိန်မှပဲ ဖမ်းဆီးခံ ၆ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပါ တော့တယ်။
“သူတို့ (စစ်တပ်) ပြန်သွားပြီး ရွာပြန်ရောက်ပြီး လျှောက်ရှာမှ မီးရှို့ထားတဲ့အပုံကို တွေ့တာ။ ပုံပြီးတော့ ရှို့ထားတာ။ ခေါင်းပိုင်းတွေ၊ လက်တွေ၊ ခြေထောက်တွေကတော့ မရှိတော့ဘူး။ ကိုယ်လုံးပိုင်းတွေပဲ ရှိတော့တယ်” လို့ ရှာဖွေရေးမှာ ပါဝင်တဲ့ ဒေသခံတဦးက ပြောပြပါတယ်။
သေဆုံးခဲ့တဲ့ လူတွေကတော့ သားအဖတွေဖြစ်တဲ့ ဦးမြင့်အောင် (၅၈ နှစ်)၊ ကိုသဲထွန်းအောင် (၂၈ နှစ်)၊ ညီအစ်ကို တော်စပ်တဲ့ ကိုကိုလင်းမောင် (၂၈ နှစ်)၊ ကိုသူရထွန်း (၂၀ နှစ်) နဲ့ ကိုဇော်မင်းထွန်း (၄၃ နှစ်)၊ ကိုမင်းမင်း ထွန်း (၃၅ နှစ်) တို့ ဖြစ်ပါတယ်။
စစ်တပ်က သတ်ဖြတ်လို့ သေဆုံးသွားရသူတွေဟာ ရွာမှာ တောင်သူ၊ ထရံယက်၊ လက်သမား၊ ကားအငှားလိုက်တဲ့ အသက်မွေးဝမ်းကြောင်းတွေနဲ့ အေးအေးဆေးဆေး နေထိုင်တဲ့ ဒေသခံ ပြည်သူတွေသာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
ကနီမှာလည်း ၄ ဦး သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်းထဲက နောက်ထပ်မြို့နယ် တခုဖြစ်တဲ့ ကနီမြို့နယ်၊ ကင်းစံပြရွာနေ အပြစ်မဲ့ ပြည်သူ ၇ ဦးကို ဇန်နဝါရီ ၂၈ ရက်မှာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကာ မော်တော်ရေယာဉ် တစီးပေါ်မှာ ဖမ်းဆီးထားပြီးနောက် သတ်ဖြတ် မှုတွေ ကျူးလွန်ခဲ့တာပါ။
ဖေဖော်ဝါရီ ၁ ရက်မှာ အသက် ၆၀ အရွယ် ဦးစန်းအောင်ရဲ့ ရုပ်အလောင်းနဲ့ ကိုဆင်ပေါက် (၂၅ နှစ်) တို့ရဲ့ ရုပ်အလောင်းတွေကို ချင်းတွင်းမြစ်ထဲမှာ တွေ့ရှိခဲ့ပြီးတော့ ၁ ဦးကတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပေမယ့် အသက်ရှင်လျက် ပြန်လည် လွတ်မြောက်လာပါတယ်။
ဇန်နဝါရီ ၂၈ ရက် ညနေပိုင်း တောထဲမှာ ပုန်းခိုနေကြရင်း ကိုချမ်းသာတယောက် ရွာထဲမှာ ဘဲတွေ ပြန်သိမ်းမယ်ဆိုပြီး ထွက်သွားရာကနေ ဖမ်းဆီးခံရပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ကိုချမ်းသာရဲ့ ရုပ်အလောင်းကို ပြန်တွေ့ချိန်မှာ လက်ပြန်ကြိုးတုပ်ထားပြီး လည်ပင်းကို ဓားနဲ့ လှီးခုတ်ထားလို့ ပြတ်လုနီးပါး ဖြစ်နေတဲ့ ရုပ်အလောင်းကို တွေ့ခဲ့ရတယ်လို့ ကိုချမ်းသာရဲ့ မိခင်က ပြန်လည် ပြောပြပါတယ်။
ကိုချမ်းသာမိခင်က “သားလေးက ညနေ ၃ နာရီလောက်က ရွာထဲမှာ ဘဲသွားဖမ်းမယ်ဆိုပြီး ပြောထွက်သွားတာ။ ကျမတို့က တောထဲမှာ ပုန်းနေရတာရှင့်။ ကျမသားလေးက ဘဲသိမ်းချိန်ကမှ ပြန်သွားတာ။ အဲဒါ သူတို့က ကြိုးနဲ့တုပ် ထားပြီးမှ လည်ပင်းကို လှီးဖြတ်လိုက်တာပါပဲ။ လည်ချောင်းကို စကားမပြောနိုင်အောင် လှီးဖြတ်ထားလိုက်တာ မပြတ် ရုံ တမယ်ပါပဲရှင်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ၇ ဦးအနက် ကိုမင်းမင်း ဆိုသူရဲ့ ရုပ်အလောင်းကို ဖေဖော်ဝါရီ ၃ ရက်မှာ ထပ်မံတွေ့ရှိခဲ့ပြီး ကျန်ရှိနေတဲ့ ဒေသခံ ၃ ဦးရဲ့ အခြေအနေကိုတော့ မသိရှိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်တွေ ရွာထဲကနေ ပြန်ထွက်သွားပြီ ဆိုတာကြောင့် ဖေဖော်ဝါရီ ၁ ရက်မှာ နေအိမ်ကို ပြန်ခဲ့တဲ့ အသက် ၃၉ နှစ်အရွယ် မနန်းဝေမာဟာလည်း အိမ်ပြန်အရောက်မှာ အိမ်ရဲ့ မီးဖိုချောင်မှာ ထောင်ထားခဲ့တဲ့ မိုင်းထိပြီး ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။
စစ်ကောင်စီ တပ်တွေဟာ ၎င်းတို့ကို ပြင်းပြင်းထန်ထန် ခုခံတော်လှန်နေတဲ့ စစ်ကိုင်းတိုင်းကို အခဲမကျေ အငြိုးတကြီးနဲ့ အတောမသတ် သတ်ဖြတ်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ် အနေနဲ့ ချင်းတွင်းမြစ်ကြောင်း တလျှောက်က ကျေးရွာတွေကို ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့၊ ပစ္စည်းတွေ ယူဆောင်၊ ဒေသခံပြည်သူတွေကို သတ်ဖြတ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်တိုက် ကျူးလွန် နေတာလည်းဖြစ်ပါတယ်။
ကနီမြို့နယ် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက “သူတို့က လူစိတ်မှ မရှိတော့တာ။ မဆိုင်တဲ့ ပြည်သူကို မလုပ်စေ ချင်ဘူး။ သူတို့ကို တော်လှန်တဲ့ ကျနော်တို့ အဖွဲ့အစည်းကို လုပ်တယ်ဆိုတာ၊ တယောက်နဲ့ တယောက် သူပစ်ကိုယ်ပစ် ဆိုတာ ခံသာတယ်။ သူ့ဘာသာ အေးဆေးနေတဲ့ ပြည်သူလူထုကို ညှဉ်းပန်းနှိပ်စက်တာကျ လူစိတ်မရှိဘူး။ အာဏာ ရှင် စနစ်ကိုလည်း ကျနော်တို့ လုံးဝမှ အလိုမရှိပါဘူး။ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားမယ်။ ကျနော်တို့ လုံးဝ နောက်မဆုတ်ဘူး” လို့ ပြောပါတယ်။
လွတ်လပ်တဲ့ အဖွဲ့အစည်း တခုဖြစ်တဲ့ Institute For Strategy and Policy-Myanmar ရဲ့ သုတေသနပြု ထုတ်ပြန် ချက်အရ စစ်အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်အတွင်း အရပ်သား သေဆုံးမှုာ ၃၅၉၈ ဦးထက်မနည်း ရှိခဲ့တယ်လို့ သိရ ပါတယ်။
အဲဒီ အရေအတွက်ဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးရသူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတင်းပေးဒလန်အဖြစ် သတ်မှတ်ကာ တိုက်ခိုက်ခြင်းတွေကြောင့် သေဆုံးရသူတွေ အပါအဝင်ဖြစ်ပြီး ယင်းအရေ အတွက်ဟာ မြန်မာနိုင်ငံမှာ ၁၉၈၉ နောက်ပိုင်း နှစ်ပေါင်း ၃၀ အတွင်း အရပ်သားသေဆုံးမှု အများဆုံးအဖြစ် စံချိန်တင် တဲ့ နှစ်တနှစ် ဖြစ်တယ်လို့ ISP-Myanmar က ထုတ်ပြန်ထားပါတယ်။
You may also like these stories:
စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သေဆုံးသူ ၁၈၄ ဦးရှိကြောင်း NUG ထုတ်ပြန်