ဆောင်းပါး

အကျဉ်းစံ ငြိမ်းချမ်းရေး အဆိုတော် စောဖိုးခွား

မြန်မာနိုင်ငံတွင် လက်ချိုးရေလို့ရသော ထူးခြားရှားပါးသည့် ရက်ဂေးဂီတ (Reggae) သီဆိုသူများတွင် အဆိုတော် စောဖိုးခွားသည် တဦး အပါအဝင် ဖြစ်သည်။ ၎င်းသည် ရက်ဂေးဂီတကို ရူးသွပ်စွာ သီဆိုရုံသာမက၊ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးသီချင်းများ သီဆိုသူဟုလည်း လူသိများသည်။

အဆိုတော် စောဖိုးခွားသည် စစ်ဘေးရှောင် ပြည်သူများ၊ ငြိမ်းချမ်းရေးနှင့် အမှန်တရားအတွက်၊ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် သီချင်းများ၊ အမုန်းတရားများ ရပ်တန့်ကာ ချစ်ကြဖို့ စသည့် သီချင်းများစွာ သီဆိုခဲ့ပြီး ၎င်းအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းသည့်နေ့မှ စတင်ကာ ဖမ်းဆီးခဲ့သည်မှာ ယခုဆိုလျှင် အချိန် ၁ နှစ်ကျော် ကြာသွားပြီ ဖြစ်သည်။

စစ်တပ်က အငြိုးကြီးစွာ ဖမ်းဆီး

အဆိုတော် စောဖိုးခွားသည် တခြား ဖမ်းဆီးခံရသည့် အနုပညာရှင်များကဲ့သို့ စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခြင်းကြောင့် ဖမ်းဆီးခံရခြင်း မဟုတ်ဘဲ၊ ဆန္ဒပြပွဲများ၊ လှုံ့ဆော်မှုများတွင် မပါဝင်သေးခင်ကတည်းက စောစီးစွာ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဆန္ဒပြပွဲများ၊ လှုံ့ဆော်မှုများတွင် မပါဝင်သေးခင်ကတည်းက စောစီးစွာ ဖမ်းဆီးခံခဲ့ရသည်။

၎င်းသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် “ဒေါ်စိန်အေးရဲ့သား” ဟု အမည်ရသည့် မြန်မာ စစ်တပ်ကို သရော်ကာသီဆိုထားသော သီချင်းကြောင့် စစ်တပ်၏ အငြိုးကြီးစွာဖြင့် ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း စောဖိုးခွား၏ နီးစပ်သည့် အသိုင်းအဝိုင်းထံမှ ကြားသိရသည်။

ရက်ဂေးဂီတ မတိုင်ခင်

အဆိုတော် စောဖိုးခွားသည် ကရင်တိုင်းရင်းသား အဆိုတော်တဦးဖြစ်ပြီး ရက်ဂေးဂီတကို မသီဆိုခင်အချိန်က ဘောလုံးသမားတယောက် ဖြစ်ခဲ့ဖူးသည်။ ၎င်းသည် ပြည်တွင်း ဘောလုံးလောကတွင် သန်းတိုးအောင်၊ မျိုးလှိုင်ဝင်း၊ အောင်ကျော်ကျော် စသူတို့နှင့် ခေတ်ပြိုင် ဘောလုံးသမားတဦး ဖြစ်ခဲ့ဖူးသည်။

စောဖိုးခွား၏ စင်တင်ဖျော်ဖြေပွဲတပွဲ

နိုင်ငံလက်ရွေးစင် ပဏာမအဆင့်ထိ ရောက်အောင် ကစားခဲ့ဖူးသော စောဖိုးခွားသည် သူ၏ ဘဝကို ဘောလုံးသမားအဖြစ်သာ ဖြတ်သန်းရမည်ဟု ထင်ထားသော်လည်း ဘဝတဆစ်ချိုး ပြောင်းလဲဖို့ ရေကြောင်းအသင်းတွင် ဝင်ကစားရာမှ စတင်ခဲ့သည်ဟု ဆိုသည်။

အဆိုတော် စောဖိုးခွားသည် ကရင်တိုင်းရင်းသား အဆိုတော်တဦးဖြစ်ပြီး ရဂေးဂီတကို မသီဆိုခင်အချိန်က ဘောလုံးသမားတယောက် ဖြစ်ခဲ့ဖူးသည်

ရေကြောင်းအသင်းတွင် ဘောလုံးကစားခဲ့ပြီးနောက် စောဖိုးခွားတယောက် သင်္ဘောလိုက်ရန် အကြောင်းဖန်လာခဲ့သည်။ သင်္ဘောလိုက်ရင်း စောဖိုးခွားက ရက်ဂေးဂီတ ထွန်းကားသည့် အရပ်ဒေသသို့ ရောက်ရှိသွားပြီး ထိုနေရာမှ စတင်ကာ ရက်ဂေးဂီတနှင့် စတင် ထိတွေ့ခဲ့သည်။

ရက်ဂေးဂီတမှာ ပျော်ဝင်ခြင်း

“Reggae Music ကို ကျနော်တို့ သိတာ၊ ရက်ဂေးဂီတကို တကမ္ဘာလုံးသိသွားနိုင်အောင် လုပ်တာ BoB Marley ဆိုတဲ့လူပဲ။ ဂျမေကာသားပဲ။BoB Marley ကြောင့် ရက်ဂေးဂီတကို ပိုသိလာတယ်။ ရက်ဂေးဂီတ ဘယ်ကစလဲ အတိအကျ ရှာလို့မရပေမယ့် ကျနော်ကတော့ BoB Marley က တဆင့်သိခဲ့တယ်” ဟု အဆိုတော် စောဖိုးခွားက မီဒီယာများကို ဖြေကြားခဲ့ဖူးသည်။

အဆိုတော် စောဖိုးခွားသည် ဂီတ လောကထဲ ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း ၂၀၀၀ ပြည့်နှစ်မှ စတင်ကာ “တကယ်ကို” အမည်ရ တကိုယ်တော်အခွေနှင့် ပရိသတ်ကို စတင် မိတ်ဆက်ခဲ့သည်။

ယင်းနောက် ၂၀၀၃ ခုနှစ်တွင် “မေ့ဖို့ သိပ်ခက်နေလို့” Album၊ ၂၀၀၈ ခုနှစ်တွင် “အပြစ်ကင်းသူက ခဲနဲ့ပေါက်” အခွေ၊ ၂၀၁၀ တွင် “ဖြည်းဖြည်းယောက်ဖ” နှင့် ၂၀၁၄ ခုနှစ်တွင် အဆိုတော် စောဖိုးခွားဟု လူသိများလာသော “ကိုင်းကြီးကြီးမှာသွားနား” အခွေတို့ကို ထုတ်လုပ်နိုင်ခဲ့သည်။

“ဖြည်းဖြည်းယောက်ဖ” နှင့် ၂၀၁၄ ခုနှစ်တွင် အဆိုတော် စောဖိုးခွားဟု လူသိများလာသော “ကိုင်းကြီးကြီးမှာသွားနား” အခွေတို့ကို ထုတ်လုပ်နိုင်ခဲ့သည်။

အဆိုတော် စောဖိုးခွားသည် ၂၀၁၅ လက်ပံတန်း ကျောင်းသားသပိတ်တွင်လည်း ငြိမ်းချမ်းရေး သီချင်းများ သွားရောက် ဖျော်ဖြေပေးခဲ့သလို သမ္မတဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးဝန်ကြီးဟု လူသိများသူ ဦးအောင်မင်းကလည်း စောဖိုးခွား၏ ပရိသတ်တဦး ဖြစ်ခဲ့ဖူးသည်။ ယင်းအပြင် ၎င်း၏ ပထမဆုံး တကိုယ်တော် “ငြိမ်းချမ်းပါစေ မြန်မာပြည်” ရှိုးပွဲကို ၂၀၁၅ နိုဝင်ဘာ၊ ၂၀ ရက်နေ့က ပြည်သူ့ရင်ပြင်တွင် အခမဲ့ ကျင်းပခဲ့သည်။

စောဖိုးခွား လွတ်မြောက်ရေး ပိုစတာ

၂၀၁၅ ခုနှစ် သင်္ကြန်ကာလတုန်းကလည်း အဆိုတော် စောဖိုးခွားက နေပြည်တော် ဖျော်ဖြေပွဲ တခုတွင် ပါဝင်ခဲ့စဉ် အဆိုပါပွဲသို့ လာရောက်သည့် အစိုးရ တာဝန်ရှိ လူကြီးများအား ထူးထူးခြားခြား သီးသန့် ဂါရဝပြုစရာ မလိုဘူးဟု ရဲဝံ့ပြတ်သားစွာ ပြောဆိုခဲ့သည်။

ထို့နောက် ၂၀၁၇ ခုနှစ်တွင် ၎င်း၏ နောက်ဆုံး တကိုယ်တော်အခွေ “ပလပ်ကျွတ်နေပြီ” သီချင်းခွေ ထွက်ရှိခဲ့သည်။ ယင်းအခွေတွင် ငြိမ်းချမ်းရေး သီချင်းများအပြင် အချစ်သီချင်းများ ပါဝင်သည်ဟု စောဖိုးခွားက ဆိုခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့အချိန်ရောက်လာပြီ ဆိုတဲ့ အဆိုတော် စောဖိုးခွား

အဆိုတော် စောဖိုးခွားသည် ၂၀၁၉ ခုနှစ်အတွင်းကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပွဲတွင် ၎င်း၏ ယုံကြည်ချက်၊ ရပ်တည်ချက်ကို အများပြည်သူရှေ့မှောက်တွင် ရဲရဲဝံ့ဝံ့ ပြောဆိုခဲ့သည်။ ၎င်းသည် အာဏာရှင်စနစ်ကို တစိုက်မတ်မတ် ဆန့်ကျင်ခဲ့သူဖြစ်ပြီး ငြိမ်းချမ်းရေးကို လိုလားသော အနုပညာရှင် ဖြစ်သည်။

“ကျနော်တို့ အမှန်တရားတွေ ပိုပြီး ရှေ့ရောက်လာဖို့ ကျနော်တို့ အားလုံး အာဏာရှင်စနစ်ကြီးကို ကိုင်းကြီးကြီး ပို့လိုက်ပါပြီ။ ကျနော်တို့သည် ကျနော်တို့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို လူတစု လက်ထဲကနေ ပြည်သူ့လက်ထဲကို အရောက်ပို့နိုင်မယ့် လူသားတွေ ဖြစ်သွားပါပြီ” ဟု ၎င်းက ဆိုသည်။

စောဖိုးခွား၏ ခံယူချက်

စောဖိုးခွားနည်းတူ မြန်မာပြည်တွင် ရက်ဂေးဂီတကို သီဆိုသူများ ရှိသော်လည်း စောဖိုးခွားက သူ၏ ဘဝတခုလုံးကို Reggae Music ထဲတွင်သာ မြှုုပ်နှံထားပြီး ဘဝကို ရှင်သန်သည်ဟု ဆိုသည်။

“ကျနော်တို့ နိုင်ငံမှာ ရက်ဂေးဂီတကို ဆိုတဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် သူတို့က Music တခုပေါ်မှာ Music လိုပဲ ခံစားပြီးဆိုတာ။ ကျနော်ကကျတော့ ကျနော့်ရဲ့ ပုံပန်းသွင်ပြင်၊ ကျနော့်ရဲ့ အသက်ရှင်မှု၊ ကျနော့်ရဲ့ အလေ့အထတွေ အကုန်လုံးက Reggae Life တခုလို ဖြစ်နေတာ” ဟု စောဖိုးခွားက သူ၏ ဘဝပုံစံကို အင်တာဗျူးများတွင် ဖြေဆိုလေ့ရှိသည်။

စောဖိုးခွားက သူ၏ ဘဝတခုလုံးကို Reggae Music ထဲတွင်သာ မြှုုပ်နှံထားပြီး ဘဝကိုလည်း ရဂေးဂီတ အတိုင်းသာ ရှင်သန်သည်

အဆိုတော် စောဖိုးခွားသည် Reggae ဂီတသမား အများစု ဝတ်ဆင်လေ့ရှိကြသည့် အရောင် ၃ ရောင်နှင့် ပတ်သက်ပြီးလည်း ရှင်းပြဖူးသည်။ အနီရောင်သည် “Blood of Freedom” (လွတ်လပ်ခြင်းရဲ့ သွေး)၊ အဝါရောင်သည် “Golden Future” (ရွှေရောင်အနာဂတ်) နှင့် အစိမ်းရောင်သည် “Ever Living” (ထာဝရ ရှင်သန်ခြင်း) ဟု အဓိပ္ပာယ် ဖွင့်ဆို ပြခဲ့သည်။

ရက်ဂေးက သူ့ဘဝ သူ့ကမ္ဘာ

စစ်ကောင်စီ အနုပညာရှင်များအပေါ် ဖိနှိပ်မှု

အဆိုတော် စောဖိုးခွား အပါအဝင် စစ်ကောင်စီ၏ မတရား ဖမ်းဆီးခံထားရသည့် အနုပညာရှင်များ ဖြစ်သော ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ရဲတိုက်၊ ပိုင်တံခွန်၊ အဆိုတော်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်းတို့သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ အသီးသီး ချမှတ်ခံထားရသည်။

အဆိုတော် စောဖိုးခွားအား စစ်ကောင်စီက မတရား ဖမ်းဆီးပြီး အချိန် ၁၀ လအကြာတွင် ယင်းကဲ့သို့ အမိန့်ချခဲ့ခြင်း ဖြစ်သည်။ ၎င်းအား စစ်တပ် အာဏာသိမ်းသည့်နေ့မှ စတင်ကာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် နေအိမ်တွင် လာရောက် ဖမ်းဆီးသွားခဲ့ခြင်းဟု သိရသည်။

စစ်တပ် အာဏာသိမ်းသည့်နေ့မှ စတင်ကာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် နေအိမ်တွင် လာရောက် ဖမ်းဆီးသွားခဲ့ခြင်းဟု သိရသည်။

စစ်ကောင်စီသည် ငြိမ်းချမ်းရေး အဆိုတော် စောဖိုးခွားကို မတရားဖမ်းဆီး ထောင်ချထားသလို၊ တဖက်တွင်လည်း ၎င်းတို့ ဦးဆောင် ပြုလုပ်နေသည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ၌ စောဖိုးခွား၏ နာမည်ကြီး သီချင်းတပုဒ် ဖြစ်သော “ချစ်ကြပါ” သီချင်းကို အခမဲ့အသုံးပြုမည် ဖြစ်ကြောင်း အရှက်မဲ့စွာ အသိပေးထားသည်။

ပရိသတ်များကတော့ သူတို့ ချစ်ခင်ရသော ငြိမ်းချမ်းရေး ရဂေးသီချင်းများကို သီဆိုတတ်သည့်၊ ဘဝကို လွတ်လပ်ပေါ့ပါး ပျော်ရွှင်စွာ နေထိုင်တတ်သည့်၊ အမှန်ကို အမှန်အတိုင်း ထုတ်ဖော် ပြောဆိုရဲသည့် အနုပညာရှင် အဆိုတော် စောဖိုးခွား ပြန်လည် လွတ်မြောက်လာမည့်နေ့ကို စောင့်မျှော်နေကြသည်။

You may also like these stories:

ပြည်သူချစ်သော အကျဉ်းစံ မင်းသမီး အိန္ဒြာကျော်ဇင်

ပြည်သူချစ် အနုပညာရှင် လူမင်း

စစ်အာဏာသိမ်းမှု တနှစ်ပြည့် အနုပညာရှင်များ၏ လှုပ်ရှား စကားသံများ

စစ်ကောင်စီ၏ စိန်ရတုပြတိုက်ဖွင့်ပွဲ တက်သည့် အနုပညာရှင်အချို့ ဝေဖန်ခံရ

Loading