စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ဟု ဆိုလိုက်လျှင် လူထုအကျိုးပြု ပရဟိတ လုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင် လှုပ်ရှားမှုများနှင့်အတူ အမျိုးသားစာပေဆု၊ ပြည်သူ့ဂုဏ်ရည်ဆုနှင့် စံပြ ပရဟိတ ဆုတံဆိပ်များစွာ ရရှိထားသည့် စာရေး ဆရာမကြီး၊ ပရဟိတ မိခင်ကြီးအဖြစ် လူသိများပေသည်။
ထိုသို့ ပရဟိတ မိခင်ကြီးအဖြစ် လူအများက လေးစားချစ်ခင်သည့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်မှာ ၂၀၂၁ ဖေဖော် ဝါရီ ၁ ရက် စစ်တပ်က အာဏာစသိမ်းကတည်းက ဖမ်းဆီးခံခဲ့ရပြီး ယင်းနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ပုဒ်မ ၅၀၅-က ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခံခဲ့ရသည်။
စစ်အာဏာသိမ်းသည့် ပထမဆုံးနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ထိပ်တန်းခေါင်းဆောင်များ၊ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ၊ ထင်ရှားသော တက်ကြွလှုပ်ရှားသူများ၊ စာရေးဆရာများနှင့် သံဃာတော်များ အပါ အဝင် ၁၅၀ ဦးခန့်ကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထိုအထဲတွင် ဆရာမ ဒေါ်သန်းမြင့်အောင်လည်း အပါအဝင်ဖြစ်ပြီး ထင်ရှားသည့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကိုမြအေး၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ကိုမင်းသွေးသစ်၊ အဆိုတော် စောဖိုးခွား၊ စာရေးဆရာ မောင်သာချိုနှင့် ဦးထင် လင်းဦးတို့လည်း ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခြင်း ခံခဲ့ရသည်။
မတရား ဖမ်းဆီးခံခဲ့ရသည့် ဒေါ်သန်းမြင့်အောင်
စာရေးဆရာမ ဒေါ်သန်းမြင့်အောင်သည် NLD အစိုးရ လက်ထက်တွင် ရန်ကုန်တိုင်း၊ စည်ပင်သာယာရေး ကော်မတီဝင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းကြောင်း ကြေညာခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နံနက်အစောပိုင်းတွင် စစ်သားများ၊ အရပ် ဝတ်ဖြင့် လုံခြုံရေးများသည် ဒေါ်သန်းမြင့်အောင်၏ နေအိမ်သို့ ရောက်ရှိလာပြီး ဝင်ရောက် စီးနင်းကာ ၎င်းအား အတင်း အဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
ထိုသို့ ဖမ်းဆီးစဉ်က မည့်သည့်အတွက်ကြောင့် လာရောက် ဖမ်းဆီးသည်ကို မသိရသလို မည်သည့်နေရာသို့ ခေါ်ဆောင် သွားသည်ကိုလည်း မသိခဲ့ရကြောင်း မိသားစုဝင်များက ဆိုသည်။
ထိုကာလတွင် မိခင် ဒေါ်သန်းမြင့်အောင်၏ ကျန်းမာရေးအတွက် သောက်သုံးနေကျ ဆေးဝါးများကိုပင် ပို့ဆောင်ခွင့် မရခဲ့ ကြောင်း ၎င်း၏ မိသားစုဝင်များက မီဒီယာများသို့ ဖွင့်ဟ ပြောပြခဲ့ဖူးသည်။
ပရဟိတ လုပ်ငန်းများစွာ တည်ထောင် လုပ်ကိုင်ခဲ့သူ
စာရေးဆရာမ ဒေါ်သန်းမြင့်အောင်သည် ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာ၊ အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာ၊ သုခရိပ်မြုံ HIV ကူးစက်ခံ မိဘမဲ့ကလေးများဂေဟာ၊ “အောင်” ဖောင်ဒေးရှင်း လူမှုဝန်းကျင်နှင့် ပရဟိတ သင်တန်းကျောင်း တို့ကို တည်ထောင်ခဲ့သူ ဖြစ်သည်။
၂၀၁၀ တွင် တည်ထောင်ခဲ့သော “ဆည်းဆာရိပ်ဂိလာန ဘိုးဘွားရိပ်သာ” သည် နိုင်ငံတဝှမ်းရှိ ကူကယ်ရာမဲ့ နာမကျန်း ဘိုး ဘွားများ၊ စွန့်ပစ်ခံခဲ့ရသော ဘိုးဘွားများအတွက် အဓိက ရည်ရွယ်ပြီး ဖွင့်လှစ် စောင့်ရှောက်ထားသောနေရာ ဖြစ်သည်။
“အနုပညာဆည်းဆာရိပ်” ဘိုးဘွားရိပ်သာသည်လည်း စာပေ၊ ရုပ်ရှင်၊ ဂီတ စသည့် အနုပညာနယ်ပယ် အသီးသီးမှ သက်ကြီးဘိုးဘွားများ နေထိုင်နားခိုရန် ရည်ရွယ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ တွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
၂၀၀၀ ခုနှစ်တွင် အောင်မြေ ပညာဒါနကျောင်း၊ ၂၀၀၁ တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ပူးတွဲ တည်ထောင် သူ၊ ယင်းနောက် အနာကြီးရောဂါ ကာကွယ်ရေး လုပ်ငန်းနှင့် ရောဂါသည် မိသားစုများ ဘဝရှင်သန်ရပ်တည်ရေး၊ စိတ်ရော ဂါ အထူးကုဆေးရုံကြီး၏ စိတ်ကုထုံးသစ် ရှာဖွေရေး စသည့် ပရဟိတ လုပ်ငန်းများစွာကိုလည်း လုပ်ကိုင်ခဲ့သူ ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု၊ နာမကျန်းဖြစ်မှုနှင့် သက်ကြီးရွယ်အိုများ လူနေမှု အခြေ အနေ မြှင့်တင့်ရန် လှုပ်ရှားဆောင်ရွက်မှုများတွင်လည်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူအဖြစ် လူသိများလှသည်။
၂၀၂၀ ကိုဗစ်ကာလတွင် ဒေါ်သန်းမြင့်အောင် ဦးစီးထူထောင်ခဲ့သည့် “We Love Yangon” အဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျှော့ချရေးအတွက် ရန်ကုန်မြို့အတွင်း အခြေခံစားသောက်ကုန်များ အခမဲ့ ဝယ်ယူပေးခြင်း၊ လိုက်လံလှူ ဒါန်းပေးခြင်းနှင့် လိုအပ်သည့် နေရာများတွင် ကူညီဆောင်ရွက်မှုများစွာ ပြုလုပ်ခဲ့သည်။
အမျိုးသားစာပေဆုရ ဆရာမ ဒေါ်သန်းမြင့်အောင်
စာရေးဆရာမ ဒေါ်သန်းမြင့်အောင်သည် ၂၀၀၂ တွင် “သဏ္ဌာန်မဲ့ထုထည်” ဝတ္ထုတိုပေါင်းချုပ်ဖြင့် အမျိုးသားစာပေဆု ရရှိခဲ့ သည်။
၎င်း၏ စာပေဘဝ ဖြတ်သန်းမှု အနေဖြင့် ၁၉၇၈ ခုနှစ်တွင် တိုင်းရင်းမေဂျာနယ်ပါ “တယ်လီဗေးရှင်း ဝေဒနာ” ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင် ဝင်ရောက်လာခဲ့ပြီး “ဘဝရသ ပစ္စုပ္ပန် စာမျက်နှာများ” ၊ “အငွေ့ပြန်ခြင်း”၊ “ရွှေရောင်ည” ၊ “ရေဝေး ထိန်ပင် ထားဝယ်ချောင်”၊ “သဏ္ဌာန်မဲ့ထုထည်” ၊ “ငိုခြင်း ရယ်ခြင်း နီးခြင်း ဝေးခြင်း အစက်အပြောက်နှင့် ပွင့်ခြောက်သံ စဉ်” ၊ “သန်းမြင့်အောင် အမှတ်တရ ဝတ္ထုတိုများ” စသဖြင့် ဝတ္ထုတိုပေါင်းချုပ် ၁၀ အုပ်၊ လုံးချင်းဝတ္ထု ၃ အုပ်၊ အခြားစာရေး ဆရာများနှင့် တွဲဖက်၍ ဝတ္ထုလတ် ၁၀ အုပ်ကျော် ရေးသား ထုတ်ဝေခဲ့သည်။
၁၉၉၅ တွင် “အထူအပါး” ဝတ္ထုတိုပေါင်းချုပ်ကို ထုတ်ဝေခဲ့ပြီး ယင်းဝတ္ထုကို ဂျပန်နိုင်ငံ ဒိုင်ဒိုဖောင်ဒေးရှင်းက ဂျပန်ဘာသာ ပြန်ဆို၍ “အထူအပါးနှင့် အခြားဝတ္ထုများ” အမည်ဖြင့် ဂျပန်နိုင်ငံတွင် ထုတ်ဝေဖြန့်ချိခဲ့သည်။
ဝတ္ထုတို/ရှည်နှင့် ဆောင်းပါများ ရေးသားသလို စာပေဟောပြောပွဲများတွင်လည်း ပရဟိတစိတ် ထွန်းကားရေး၊ စာရိတ္တကောင်းမွန်ရေး၊ ဘဝကို တန်ဖိုးရှိစွာ အသုံးချရေးတို့နှင့် ပတ်သက်၍ တိုက်တွန်း ဟောပြောလေ့ရှိသူ ဖြစ်သည်။
၂၀၁၄ တွင် အမေရိကန်အခြေစိုက် ပြည်သူ့ဂုဏ်ရည်အသင်းမှ ပေးအပ်သည့် “Citizen of Burma Award” (ပြည်သူ့ဂုဏ်ရည်ဆု) ရရှိခဲ့သလို ရွှေပရဟိတစာပေဆု၊ ထန်းရိပ်ညိုစာပေဆု၊ မေတ္တာရှင်ရွှေပြည်သာ ၏ ပရဟိတ စံပြဆုများကိုလည်း ရရှိခဲ့သူ ဖြစ်သည်။
ဒေါ်သန်းမြင့်အောင်၏ ဘဝကောက်ကြောင်းတချို့
စာဖတ်ဝါသနာ ကြီးလွန်းလှသည့် ဖခင်ဖြစ်သူကြောင့် ဒေါ်သန်းမြင့်အောင်သည်လည်း ငယ်စဉ်ကတည်းကပင် ဖခင်၏ စာအုပ်ပုံထဲ၌ ကြီးပြင်းလာခဲ့ပြီး ၎င်း ၈ တန်းကျောင်းသူ အရွယ်တွင် လုံးချင်းရသစာပေများကို စတင်ဖတ်နေပြီဟု ဆိုသည်။
“ကျမ ၈ တန်းကျောင်းသူ အရွယ်ရောက်တော့ လုံးချင်းရသစာပေတွေ ဖတ်နေပြီ။ အဲဒီ ဇာတ်ကောင် စရိုက်တွေကလည်း ကျမအပေါ် လွှမ်းမိုးတယ်။ အဲဒါက ကိုယ့်အတွက် အသိဉာဏ် ဖြစ်လာတာပဲ” ဟု ဧရာဝတီနှင့် အင်တာဗျူးတွင် ဒေါ်သန်းမြင့်အောင်က ပြောပြခဲ့ဖူးသည်။
စာရေးဆရာမ ခင်နှင်းယု၏ “မွှေး” ဝတ္ထုထဲမှ “လူဆိုတာ ကိုယ်ကျိုးစွန့်တဲ့စိတ်နဲ့ အများကို ကူညီချင်တဲ့ စိတ်ကလေးမှ ပါမလာရင် တခြားသတ္တဝါနဲ့ ဘာများထူးဦးမှာလဲ” ဆိုသည့် စာသားကို ဖတ်ပြီးသကာလ အများကို ကူညီချင်သည့်စိတ်၊ လူပီသချင်သည့်စိတ်များ ပေါ်လာခဲ့သည်ဟုလည်း ဒေါ်သန်းမြင့်အောင်က ဆိုသည်။
“အမေက သူများကို အရမ်းကူညီတတ်တယ်။ အဖေက စာဖတ်ဝါသနာပါတယ်။ စာဖတ်တဲ့ မိသားစုထဲမှာ ကြီးပြင်းလာတဲ့ ကျမကတော့ စာများများဖတ်မိတော့ ပိုအလုပ်လုပ်မိတာပေါ့။ သူများကို ကူညီတဲ့အလုပ် ပိုလုပ်မိတာပေါ့” ဟုလည်း ၎င်းက ပြောသည်။
ထို့အတူ လူငယ်တိုင်းကို ပရဟိတစိတ် မွေးစေချင်သည့် ဒေါ်သန်းမြင့်အောင်သည် မျိုးဆက်သစ် လူငယ်များအား ပရဟိတစိတ် ရှင်သန်လာစေရန် တိုက်တွန်း နှိုးဆော်လေ့ရှိပြီး လူငယ်များ စာများများ ဖတ်ကြရန်နှင့် မိမိတို့၏ ကိုယ်ပိုင် အားလပ်ချိန်များတွင် အကျိုးရှိသော အလုပ်များ လုပ်ကိုင်စေရန်လည်း အမြဲ မှာကြားလေ့ရှိသည်။
“မိမိ တကိုယ်ရည် ပြည့်ဝဖို့အတွက် ပရဟိတလုပ်ဖို့ဆိုတာ အတ္တဟိတ ကိုယ့်ကိုယ်ကိုယ် အရည်အသွေးပြည့်ဖို့ လိုတယ်။ ကိုယ့်ကိုယ်ကိုယ် အရည်အသွေးပြည့်ဖို့ဆိုတာ ဗဟုသုတပြည့်ဖို့ လိုပါတယ်။ စာဖတ် လေ့လာအား လိုတယ်” ဟု ၎င်းက ဆိုသည်။
စာရေးဆရာမ ဒေါ်သန်းမြင့်အောင်သည် ဖြတ်သန်းခဲ့သည့် ဘဝတလျှောက် အများအကျိုးအတွက် သူဆောင်ရွက်ခဲ့သော ပရဟိတ လုပ်ငန်းများစွာကြောင့် ပြည်သူလူထုနှင့် ပရဟိတသမားများက သူ့ကို လေးစား ချစ်ခင်ကြပြီး စာပေ၊ အနုပညာ အသိုင်းအဝိုင်းကလည်း “စာရေးဆရာမကြီး၊ ပရဟိတ မိခင်ကြီး” အဖြစ် သူ့အား လေးစားတန်ဖိုးထားကြသည်။
“သူက ဟိုးကတည်းက လူမှုရေးလုပ်ငန်းတွေ အမြဲတမ်း ကြိုးစားပမ်းစား ဘာအရောင်အသွေးမှ မပါဘဲ လုပ်နေတာ။ တကယ်ကို မရွံမရှာ၊ လူတန်းစားမရွေး၊ ကိုးကွယ်တဲ့ ဘာသာမရွေး တကယ်ကို အနစ်နာခံပြီးတော့ စိတ်ရောကိုယ်ပါ လုပ် နေတာ” ဟု စာရေးဆရာ အော်ပီကျယ်က မှတ်ချက်ပြုသည်။
ထိုသို့ လူမှုအသိုက်အဝန်းအတွက် အကျိုးပြုသူတဦးကို အာဏာသိမ်း စစ်ကောင်စီက အကြောင်းအရင်း ခိုင်ခိုင်လုံလုံ မရှိဘဲ အဓမ္မ ဖမ်းဆီးချုပ်နှောင် အကျဉ်းချထားခြင်း ဖြစ်သည်။
Clean Yangon အဖွဲ့မှ မသဉ္ဇာအေးက “ဟိုး မွေးကင်းစကနေ နေဝင်ဆည်းဆာ ဘိုးဘွားတွေအထိ ကူညီပေးနေတဲ့၊ မေတ္တာတရား ကြီးမားတဲ့ လူတယောက်ကို ဘာလို့ အာဏာရှင် အစိုးရက ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ ကျမတို့ စဉ်းစားလို့ မရဘူး။ ဒီလူတယောက်ကို ဘာကြောင့်မို့များ ကြောက်ပြီး ထိန်းသိမ်းထားလဲ” ဟု မေးခွန်းထုတ်သည်။
မသဉ္ဇာအေးသည် ဆရာမ ဒေါ်သန်းမြင့်အောင်နှင့်အတူ Clean Yangon အဖွဲ့တွင် ပရဟိတ အလုပ်များစွာကို အတူ လက်တွဲ လုပ်ကိုင်ခဲ့သူ ဖြစ်သည်။
“မြန်မာနိုင်ငံမှာ အမေ ဒေါ်သန်းမြင့်အောင်လို ပရဟိတစိတ်ဓာတ် အပြည့်ရှိတဲ့လူမျိုး နောက်ထပ် မတွေ့နိုင်ဘူး။ ကျမတို့ မြန်မာနိုင်ငံရဲ့ မာသာထရီဇာလို့ ပြောလို့ရတဲ့သူပါ။ တကယ့်ကို မြင့်မြတ်တဲ့ အမျိုးသမီး၊ ပရဟိတ ခေါင်းဆောင်ကောင်း တယောက်ပါ” ဟုလည်း မသဉ္ဇာအေးက ပြောသည်။
စစ်ကောင်စီ၏ မတရားဖမ်းဆီးချုပ်နှောင်မှုကြောင့် အင်းစိန်ထောင်တွင်း အကျဉ်းကျခံနေရသည့် ဆရာမ ဒေါ်သန်း မြင့်အောင်မှာ လက်ရှိတွင် ၎င်း၏ မျက်လုံး၌ တိမ်စွဲနေသည်ဟု ကြားသိရသောကြောင့် ၎င်း၏ မိသားစုဝင်များနှင့် နီးစပ်သူများက ဆရာမအား ကျန်းမာရေး စောင့်ရှောက်ခွင့် ရစေချင်ကြသည်။
ဘဝတလျှောက် စာရေးခြင်း၊ ပရဟိတလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် ဖြတ်သန်းခဲ့သည့် ဆရာမ ဒေါ်သန်းမြင့်အောင် အမြန်ဆုံး ပြန်လွတ်လာစေရန်နှင့် ကျန်းမာဘေးကင်းစေရန် ဆုတောင်းရုံမှတပါး ဘာမှ မတတ်နိုင်သည့် အခြေအနေ မျိုးကြောင့် စိတ်မကောင်း ဖြစ်ရသည်ဟုလည်း ၎င်းအား ချစ်ခင်သူများက ဖွင့်ဟပြောဆိုသည်။ ။