ဆောင်းပါး

ပင်လုံ စိတ်ဓာတ်သည်မှ ပင်လုံသစ္စာဆီသို့

ပြည်ထောင်စုနေ့ကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ လာမည့်ဖေဖေါ်ဝါရီ ၁၂ရက်ဆိုလျှင် ၇၅နှစ် (စိန်ရတု)တိုင်ခဲ့ပြီဖြစ် သည်။

အချိန်ကာလ ၇၅နှစ် ကြာမြင့်ခဲ့သော်လည်း လက်ရှိအခြေအနေတွင် တန်းတူညီမျှရေးနှင့် နိုင်ငံရေးပဋိပက္ခများကြောင့် တနိုင်ငံလုံးအနှံ တိုက်ပွဲ များ ဖြစ်နေရာ ပြည်ထောင်စုနေ့ ဆိုသော စကားရပ်မှာ အနှစ်သာရမည်မျှ ပြည့်ဝပါ သနည်း ဆိုသည်ကို မေးခွန်းထုတ်စရာပင်ဖြစ်နေသည်။

ပြည်ထောင်စုနေ့ကို ပြန်လည်ကောက်ယူပါက ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ပြည်မနိုင်ငံရေး ခေါင်းဆောင်များနှင့် တောင်တန်းဒေသရှိ တိုင်းရင်းသားခေါင်းဆောင်များ ရှမ်းပြည်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ ပိုင်းတို့ လမ်းဆုံရာ လဲချားစော်ဘွားနယ်အတွင်းရှိ ပင်လုံမြိုလေးတွင် ၁၉၄၇ခုနှစ် ဖေဖေါ်ဝါရီ ၁၂ရက်နေ့က တွေ့ဆုံကာ ညီလာခံ ပြုလုပ်၍ တိုင်းပြည်လွတ်လပ်ရေးအတွက် အတူတကွ ပူးပေါင်းရယူရန် သဘောတူ လက်မှတ်ရေးထိုးသည့် နေ့တနေ့ဟု ဆိုရမည်။

ယနေ့တိုင် ပြည်ထောင်စုအတွင်း တန်းတူညီမျှရေးနှင့် ပတ်သက်၍ အဖြေရှာလျှင် မူလဇစ်မြစ် “ပင်လုံ”ဆီသို့သာ ပြန်လည်၍ ခေါ်ဆောင်နေကြသည်ကို တွေ့ရသည်။

ထို့အတွက် ၇၅နှစ်မြောက် ပြည်ထောင်စုနေ့ကို ရည်ရွယ်ကာ Pyidaungsu Institute အဖွဲ့မှ ထုတ်ဝေမည့် “ပင်လုံ စိတ်ဓာတ်သည်မှ ပင်လုံသစ္စာဆီသို့” ဆိုသော စာအုပ်ကို ဧရာဝတီ အနေဖြင့် ရည်ညွှန်းတင်ပြလို ပါသည်။

ဤစာအုပ်သည် ၂၀၀၃ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေခဲ့သလို ၂၀၀၇ ခုနှစ်တွင်လည်း ဒုတိယအကြိမ် ပြန်လည် ရိုက်နိုပ် ထုတ်ဝေခဲ့သည်။ ယခုနှစ်တွင် ကျရောက်မည့် ၇၅ကြိမ်မြောက် ပြည်ထောင်စုနေအတွက် ရည်ရွယ်ကာ တတိယအကြိမ်အဖြစ် Pyidaungsu Institute က ထပ်မံထုတ်ဝေလိုက်ခြင်းဖြစ်သည်။

ခွန်းမတ်ရ်ကိုဘန်ရေးသားသည့် ပင်လုံ စိတ်ဓာတ်သည်မှ ပင်လုံသစ္စာဆီသို့ စာအုပ်

ရေးသားသူမှာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ခွန်းမတ်ရ်ကိုဘန်ဖြစ်ပြီး၊ သူသည် ယခင်ကလည်း “ပင်လုံစာချုပ်ရှင်းတမ်း”၊ “ပင်လုံစိတ်ဓာတ်မှသည်စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆီသို့” စသည့် စာအုပ်များကို ပြုစုခဲ့သူဖြစ်ရာ ပင်လုံရေးရာ ကျွမ်းကျင်သူ တယောက်ဟုပင် ဆိုရမည်။

စာအုပ်အဖွင့်တွင် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦးက အမှာစာရေးရာ “ဒီနိုင်ငံရဲ့ သမိုင်းကို ပြောမယ်ဆိုရင် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်၊ ပင်လုံမူကို ဘယ်လိုမှ ရှောင်ကွင်းသွားလို့ မရပါ ဘူး”ဟု ဒီလိုဆိုထားသည်။

ဤသည်ကလည်း အမှန်ပင်ဖြစ်၏၊ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်များကို အကောင်အထည်မဖော်နိုင်ခဲ့သဖြင့် ပြည်တွင်းစစ်မီးတောက်လောင်ခဲ့သည်၊ တောက်လောက်နေသည် မဟုတ်ပါလော။

ပင်လုံစာချုပ်ပါ အချက်အလက်များကို အကောင်အထည် ဖော်ရန်ကြိုးစားလာသောအခါ “တိုင်းပြည်ချောက်ထဲကျရန် လက်တလုံးအလို”ဆိုကာ ခွဲထွက်ရေးမူ ဆိုပြီး အကြောင်းပြချက်ဖြင့် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် စစ်တပ် အာဏာသိမ်းခဲ့သဖြင့် ယနေ့တိုင် တိုင်းပြည်သည် ချောက်ထဲမှ ပြန်မတက်နိုင်တော့သည်မှာ လက်တွေ့ဖြစ်သည်။

ထို့အတွက် ၂၁ ရာစုရောက်သည့်တိုင် ပင်လုံညီလာခံသစ်ကို ပြီးခဲ့သည့် နှစ်များအတွင်း ကျင်းပခဲ့သည်ကို တွေ့ခဲ့ရပြီး ဖြစ်သည်။

ယခု ခွန်းမတ်ရ်ကိုဘန်၏ “ပင်လုံ စိတ်ဓာတ်သည်မှ ပင်လုံသစ္စာဆီသို့” စာအုပ်တွင် အခန်းကြီး ၁၄ခန်းခွဲကာ ပြုစု ခဲ့သည်ကို တွေ့ရသည်။

ပြည်ထောင်စုဆိုသည့် စကားလုံးမပီပြင်မီကာလ ပဒေသရာဇ်ခေတ် နေဝင်ဘုရင် နေထွက်ဘုရင်ဆက်ဆံရေး အခြေ အနေကို ပြန်လည်ဆွဲယူပြီး ကိုလိုနီခေတ် ပြည်မနှင့် တောင်တန်း နယ်မြေပိုင်းခြားမှု အနေအထား၊ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ ဖဆပလ ခေါင်းဆောင်များနှင့် တောင်တန်းဒေသ ခေါင်းဆောင်များ ဆက်ဆံရေး၊ ဗိုလ်ချုပ် အောင် ဆန်း၏ လွတ်လပ်ရေးတောင်းဆိုမှု ခရီးစဉ်နှင့် ပင်လုံညီလာခံ အစပျိုး အခြေအနေ၊ ရှမ်း ကချင် ချင်း ပူးတွဲကော်မတီ ဆုံးဖြတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ကတိကဝတ်နှင့် ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်ရဲ့ မိန့်ခွန်း၊ နယ်ခြားဒေသ စုံစမ်းရေး ကော်မရှင် အစီရင်ခံစာ၊ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခြင်းနှင့် ပြည်တွင်းစစ်မီး တောက်လောင် ခြင်း၊ ၁၄နှစ်တာကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျင့်သုံးရာတွင် တွေ့ရသည့်အခက်အခဲ၊ ယင်း အကျပ်အတည်းကို ပြင်ဆင်ရန် ဆောင်ရွက်ရင်း ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းမှု ဖြစ်လာပုံ၊ မဆလ၊ နဝတ၊ နအဖ ခေတ်အခြေအနေ၊ ၉၀ ရွေးကောက်ပွဲအပြီး တိုင်းရင်းသားများနှင့် NLD ပါတီတို့ ပူးပေါင်းဆောင်ရွက်မှု၊ လွတ်မြောက်နယ်မြေမှာ ဆောင် ရွက်ခဲ့တဲ့ မာနယ်ပလောစာချုပ်၊ မယ်သရောထာ သဘောတူညီချက်၊ သူမွဲကလိုး သဘောတူညီချက်၊ လောခီးလား သဘောတူညီချက်များ အပြင် နိုင်ငံတကာ ဖွဲ့စည်းပုံအခြေခံဥပဒေ များ လေ့လာမှု အပိုင်း စသည်တို့ကို တွေ့ရမည်ဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများ အကျပ်အတည်းများ၊ အတိဒုက္ခမျိုးစုံသည် ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ထားသည့် ပင်လုံစာချုပ် ကတိသစ္စာအပေါ် သွေဖယ်ဆန့်ကျင်မှုကြောင့် ပင်လုံကျိန်စာသင့်နေခြင်းလောဟု စာရေးသူ ခွန်းမတ်ရ်ကိုဘန်က သူ့ရဲ့အမှာစာမှာ မေးခွန်းထုတ်ထားသည်။

ပြည်ထောင်စုနေ့သည် စိန်ရတုတိုင်ခဲ့သလို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ သုံးကြိမ် ပြောင်းသွားသော်လည်း ပြည်တွင်း စစ်မီး ချုပ်ငြိမ်းခြင်း မရှိ၊ ယနေ့ဆိုလျှင် ရှမ်း၊ ကချင်၊ ကရင် ပြည်နယ်တွေမှာသာမကရခိုင်၊ ချင်း တိုင်းရင်းသားတို့ နေထိုင်ရာ ဒေသများ၊ မကွေး စစ်ကိုင်း စသည့် ပြည်မတွင်ပါ တိုက်ပွဲတွေဟာ မြို့ပျက် ရွာပျက်အောင် ဖြစ်ပွား နေသည် စစ်မီးတောက်လောင်နေသည်ကို တွေ့ရမည် ဖြစ်သည်။

၇၅နှစ်ပြည့် ပြည်ထောင်စုနေ့ကို အကြောင်းပြကာ ပွဲလမ်းသဘင်များ၊ ဗိုလ်ရှူ့ခံများ မည်မျှပင် လုပ်နေပါစေ အနှစ်သာရ ပြည့်ဝမည်မဟုတ် အပေါ်ယံ ရွှေမှုန်ကြဲခြင်းသာ ဖြစ်ပေလိမ့်မည်။

နှစ်ပေါင်း ၇၀ကျော်အတွင်း ရရှိခဲ့သည့် သင်ခန်းစာ များဖြင့် ချိန်ထိုးကာ ကြည့်ရှု့ရန် လိုနေပြီဖြစ်သဖြင့် ပြည်ထောင်စုကို ချစ်မြတ်နိုးသူတိုင်း ဤစာအုပ်ကို လေ့လာဖတ် ရှု့သင့်ကြောင်း တင်ပြလိုက်ပါသည်။

အလားတူ Pyidaungsu Institute မှနေ၍ ပါမောက္ခ David C. Williams (CNETER FOR CONSTITUIONAL DEMOCRACY, INDIANA UNIVERSITY)၏ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခြင်းဆိုသည့် စာအုပ်ကိုလည်း ဖြန့်ချိမည်ဟု သိရသည်။

Loading