နိုင်ငံတကာ ရိုက်ခတ်မှု အများအပြားရှိနိုင်သော လှုပ်ရှားမှုတခုအနေဖြင့် ချင်းပြည်နယ်မှ ရှေ့တန်းအရောက်ဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA) သည် ၎င်းတို့ထုံးစံအရ စစ်ဆင်ရေးလုပ်သည့် မိခင်ပြည်နယ်ကို ကျော်ကာ ပြည်သူ့ ခုခံကာကွယ်ရေးတပ် (PDF) များနှင့် ပူးပေါင်းတိုက်ခိုက်မှုတခု ပြုလုပ်ခဲ့သည်။ ထို PDF တပ်များသည် မြန်မာစစ်ကောင်စီ တပ်များနှင့် တိုက်ပွဲများဖြစ်ပွားနေပြီး ဖြစ်သည်။
အိမ်နီးချင်း စစ်ကိုင်းတိုင်းအတွင်းသို့ ဝင်ရောက်လာပြီး မဏိပူရ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ဟုခေါ်သည့် အိန္ဒိယသူပုန်အခြေစိုက် စခန်းတခုကို ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ချင်းအမျိုးသားတပ်ဦး၏ လက်နက်ကိုင်တပ်ဖြစ်သော CNA တပ်က တိုက်ခိုက်လိုက်သည်။ ထိုစစ်ဆင်ရေးမှာ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အုပ်စုကို တိုက်ခိုက်ရန်သာမက မြန်မာနိုင်ငံ အကျပ်အတည်းအတွင်း အိန္ဒိယအစိုးရက ထိန်းသိမ်းထားသည့် စစ်ကောင်စီ ဗဟိုပြု ရပ်တည်ချက်ကိုလည်း သတိပေးလိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အုပ်စုကို တိုက်ခိုက်ရန်သာမက မြန်မာနိုင်ငံ အကျပ်အတည်းအတွင်း အိန္ဒိယအစိုးရက ထိန်းသိမ်းထားသည့် စစ်ကောင်စီဗဟိုပြု ရပ်တည်ချက်ကိုလည်း သတိပေးလိုက်ခြင်းဖြစ်သည်
အရုဏ်တက်ချိန်တွင် တိုက်ခိုက်သည့် ထို PLA ဌာနချုပ်က အိန္ဒိယနိုင်ငံ မဏိပူပြည်နယ် အတွင်းသို့ နယ်စပ်ဖြတ်ကျော် စီးနင်းတိုက်ခိုက်မှုများ လုပ်နေကြောင်း ထိုစစ်ဆင်ရေးကို အသေးစိတ်သိသော ခိုင်မာသည့် တိုင်းရင်းသား ရင်းမြစ်တခုက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
PLA နှင့် အခြား မဏိပူရ သူပုန်အုပ်စုတခုမှ ပြောက်ကျား ၁၂၀ ခန့်ရှိသော ထိုစစ်စခန်းသည် နယ်စပ် တမူးမြို့ တောင်ဘက် မြန်မာပိုင်နက်အတွင်း ၁၀ ကီလိုမီတာတွင်ရှိသည့် ဆီနမ်ကျေးရွာ အနီးတွင် တည်ရှိသည်။ နာရီအတန်ကြာသည့် ထိုတိုက်ပွဲအတွင်း မဏိပူရသူပုန် ၁၀ ဦးမှ ၂၀ ဦးကြားသေဆုံးသကဲ့သို့ CNA ဘက်မှ တိုက်ခိုက်ရေးသမား တဦးလည်း ကျဆုံးကြောင်း CNA စစ်မြေပြင် အစီရင်ခံစာကို ကြည့်ခွင့်ရခဲ့သော ထိုသတင်းရင်းမြစ်က ပြောသည်။
နာရီအတန်ကြာသည့် ထိုတိုက်ပွဲအတွင်း မဏိပူရသူပုန် ၁၀ ဦးမှ ၂၀ ဦးကြားသေဆုံးသကဲ့သို့ CNA ဘက်မှ တိုက်ခိုက်ရေးသမား တဦးလည်း ကျဆုံးကြောင်း CNA စစ်မြေပြင် အစီရင်ခံစာကို ကြည့်ခွင့်ရခဲ့သော ထိုသတင်းရင်းမြစ်က ပြောသည်
အိန္ဒိယ မီဒီယာများတွင်လည်း ဖော်ပြခဲ့သည့် ထိုစစ်ဆင်ရေးကို အနည်းဆုံးစာစောင် တစောင်က CNA မှ တိုက်ခိုက်ခြင်း မဟုတ်ဘဲ အိန္ဒိယစစ်တပ်က နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် အိန္ဒိယစစ်တပ်က ထိုတိုက်ပွဲတွင် ၎င်းတို့ ပါဝင်ပတ်သက်သည်ဆိုသည့် သတင်းကို တရားဝင်ငြင်းဆန်သည်။ ထိုတိုက်ပွဲတွင် သူပုန်များဘက်က ထိခိုက်သေဆုံးမှု နည်းပြီး အိန္ဒိစစ်တပ်၏ စွမ်းရည်ကလည်း မြင့်မားသောကြောင့် အိန္ဒိယ စစ်တပ်ပါဝင် ပတ်သက်သည်ဆိုသည့် သတင်းသည် ဖြစ်နိုင်ခြေနည်းသည်။
မြန်မာစစ်ကောင်စီ၏ သဘောတူညီချက်ဖြင့် မြန်မာနိုင်ငံအတွင်း ခိုလှုံနေကြောင်း ထင်ရှားသည့် အိန္ဒိယသူပုန်များကို ပစ်မှတ်ထားသော CNA စစ်ဆင်ရေးက ထိုချင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့သည် အန္ဒိယအာဏာပိုင်များနှင့် ပိုမိုအဆင်ပြေသော ဆက်ဆံရေးရှိစေရန် အားထုတ်သည့် သဘောမျိုး ဖော်ပြနေသည်။ ထိုသို့ဆက်ဆံရေး တိုးတက်လာပါက ချင်းပြည်နယ်မှ စစ်ပွဲအတွက် ထူးခြားမှု ရှိနိုင်သည့် ကြီးမားသော ရိုက်ခတ်မှုများ ရှိလာမည်ဖြစ်သည်။
ချင်းပြည်နယ်တွင် CNA နှင့် မဟာမိတ် PDF များသည် ခုခံမှုကို ချေမှုန်းလိုသည့် စစ်ကောင်စီ၏ ထိုးစစ်ကို ရင်ဆိုင်နေရသည်။ လွန်ခဲ့သောနှစ် စက်တင်ဘာလက စတင်ခဲ့သော စစ်ကောင်စီ စစ်ဆင်ရေးများတွင် လေကြောင်းမှ တိုက်ခိုက်မှုများလည်း ပါဝင်ပြီး မကြာသေးမီ ရက်သတ္တပတ်များအတွင်း အရှိန်အဟုန် အကြီးအကျယ် မြင့်မားလာသည်။
CNA ဌာနချုပ် ဗစ်တိုးရီးယား စခန်းသည် ချင်းပြည်နယ်နှင့် မီဇိုရမ်ပြည်နယ် နယ်စပ် ထန်တလန်မြို့ အနောက်ဘက်တွင် တည်ရှိသည်။ ထန်တလန်ကို စစ်ကောင်စီတပ်များက ဝင်ရောက်လုယက်ပြီးနောက် ပြည်သူအများစုက ထိုမြို့ကို စွန့်ခွာသွားခဲ့ပြီး ဖြစ်သည်။
သို့သော် ယနေ့အချိန်အထိ အိန္ဒိယနယ်ခြားစောင့်တပ်များသည် အိန္ဒိယနိုင်ငံ မှောင်ခိုဈေးကွက်မှ လက်နက်ခဲယမ်းများအား ချင်းပြည်နယ် ခုခံစစ်အတွက် မှောင်ခိုတင်သွင်းသည်ကို မသိကျိုးကျွံပြုလိုသည့် လက္ခဏာ မရှိသေးပေ။ အာသံရိုင်ဖယ် စစ်ရဲတပ်မှ နယ်ခြားစောင့်တပ်များသည် မြန်မာသို့ ဦးတည်နေကြောင်း ထင်ရှားသည့် လက်နက်အများပြားကို အိန္ဒိယဘက်ခြမ်းတွင် မကြာခဏ ဖမ်းမိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အများပြားဆုံး ဖမ်းဆီးမိသည့် လက်နက်ခဲယမ်းများအနက် ဇန်နဝါရီလ ၂၀ ရက်နေ့က မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟာခရိုင်တွင် ဖောက်ခွဲပစ္စည်း ၂,၅၀၀ ကီလိုဂရမ်နှင့် မိုင်းကြိုး မီတာ ၄,၅၀၀ ပါဝင်သည်။
စစ်ကောင်စီနှင့် ဆက်ဆံရေးတွင် စိတ်အားထက်သန်မှု မရှိတော့သော်လည်း နယ်စပ်ဒေသတွင် လွန်စွာ သတိထားခြင်းသည် စစ်အာဏာသိမ်းပြီးနောက် နယူးဒေလီအတွက် မူဝါဒ မှန်ကန်ရေးသည် အရေးပါသော အစိတ်အပိုင်းဖြစ်သည်
စစ်ကောင်စီနှင့် ဆက်ဆံရေးတွင် စိတ်အားထက်သန်မှု မရှိတော့သော်လည်း နယ်စပ်ဒေသတွင် လွန်စွာ သတိထားခြင်းသည် စစ်အာဏာသိမ်းပြီးနောက် နယူးဒေလီအတွက် မူဝါဒ မှန်ကန်ရေးသည် အရေးပါသော အစိတ်အပိုင်းဖြစ်သည်။ ထိုသို့သော ရပ်တည်ချက်မှာ နေပြည်တော် စစ်ကောင်စီ အနေဖြင့် တရုတ်၏ စီးပွားရေးနှင့် ပထဝီသေနင်္ဂဗျူဟာ အောက်သို့ ပိုမိုကျရောက်သွားမည်ကို မမြင်လိုသောကြောင့်ဖြစ်သည်။
သို့သော် အိန္ဒိယ လုံခြုံရေး အသိုင်းအဝိုင်းအတွက် မတည်ငြိမ်သော နိုင်ငံအရှေ့မြောက်ပိုင်းမှ သူပုန်အုပ်စုပေါင်းစုံတို့ကို မြန်မာပိုင်နက်အတွင်း ဘေးကင်းလုံခြုံရာနေရာများ ပေးနေသည့် စခန်းအများအပြား ရှိနေခြင်းသည် စိတ်ပျက်စရာဖြစ်နေသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။ မကြာသေးမီက ခန့်မှန်းချက်များအရ အနည်းဆုံး ၃,၀၀၀ မှ ထိုအရေအတွက်၏ ၂ ဆအထိ များနိုင်သော အိန္ဒိယသူပုန်များသည် မြန်မာနိုင်ငံအတွင်းတွင် စခန်းချနေထိုင်နေကြသည်။
ထိုပြဿနာကို ဖြေရှင်းမည်ဖြစ်ကြောင်း နေပြည်တော်အဆင့်မြင့်ပိုင်းမှ အကြိမ်ကြိမ်အာမခံခြင်း၊ ထိုသို့ဖြေရှင်းသယောင် မကြာခဏလုပ်ပြခြင်းတို့ ရှိနေသော်လည်း ထိုသူပုန်များအားလုံး မဟုတ်လျှင်ပင် အများအပြားသည် ၎င်းတို့ အေးချမ်းစွာ နေထိုင်ရရေးအတွက် မြန်မာတပ်မှူးများကို ငွေကြေးပေးနေရသည်။ မကြာသေးမီက ထိုဆက်ဆံရေးကို စစ်ဆင်ရေးအထိပင် မြှင့်တင်လိုက်ပြီး အိန္ဒိယသူပုန်များသည် စစ်ကောင်စီကပေးသော လက်နက်များဖြင့် စစ်ကောင်စီကိုယ်စား ဒေသခံ PDF များကို တိုက်ခိုက်သဖြင့် ထိုဒေသတွင် လက်နက်ကိုင်အဖွဲ့တခု ထပ်မံပေါ်ပေါက်သကဲ့သို့ ဖြစ်သွားသည်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံဘက်မှလာသော PLA ပြောက်ကျားများက အာသံရိုင်ဖယ်တပ်ကို မဏိပူရပြည်နယ်၊ ချူရာချန်ပါတွင် ခြုံခိုတိုက်သောကြောင့် ဗိုလ်မှူးကြီးတဦးနှင့်ဇနီး၊ ၄ နှစ်အရွယ်သားငယ်နှင့် အခြားတပ်ဖွဲ့ဝင်တဦး သေဆုံးသော အခါ အိန္ဒိယဘက်မှ စိတ်ပျက်မှုသည် ဒေါသအဖြစ် ပြောင်းလဲသွားသည်။
စစ်ကောင်စီက နှစ်ဖက်ခွနင်းနေခြင်းအပေါ် အိန္ဒိယ၏ ကြီးထွားနေသော မယုံကြည်မှုနှင့် ဒေါသကို CNA က ၎င်းတို့အကျိုးအတွက် မည်မျှပြောင်းလဲပစ်နိုင်သည်ကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။ အိန္ဒိယ နယ်ခြားစောင့်တပ်များနှင့် ချင်းခုခံရေးအင်အားစု အဓိကအဖွဲ့အကြား တိတ်တဆိတ် နားလည်မှု ရခြင်းသည် ချင်းပြည်နယ်၊ ထိုမှတဆင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းများမှ စစ်ပွဲအပေါ် ကြီးမားသော သက်ရောက်မှုများ ရှိလာနိုင်သည်။
အနိမ့်ဆုံးအဆင့်အနေဖြင့် အိန္ဒိယ နယ်ခြားစောင့်တပ်များသည် မှောင်ခိုလက်နက်များ စီးဆင်းနေမှုကို လက်ရှိတားဆီးနေသည့် စောင့်ကြည့်မှုများအပေါ် လျှော့ချပေးလိုက်နိုင်သည်။
အာသံရိုင်ဖယ် စစ်ရဲတပ်မှ နယ်ခြားစောင့်တပ်များသည် မြန်မာသို့ ဦးတည်နေကြောင်း ထင်ရှားသည့် လက်နက်အများပြားကို အိန္ဒိယဘက်ခြမ်းတွင် မကြာခဏ ဖမ်းမိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်
မြန်မာနိုင်ငံအတွင်း ပိုမိုဆိုးရွားလာနေသည့် အခြေအနေကို လျှော့ချရန် လူသားချင်းစာနာမှုပေးရေး လိုအပ်ချက်အတွက် အမေရိကန် ဦးဆောင်သော နိုင်ငံတကာအသိုက်အဝန်း၏ စိုးရိမ်ပူပန်မှုများအတွင်း အိန္ဒိယနှင့် ထိုင်းနိုင်ငံကိုလည်း ဖော်ပြထားသည်။
လွန်ခဲ့သောနှစ်အတွင်း ဘန်ကောက်နှင့် နယူးဒေလီတို့သည် စစ်ကောင်စီကို ဗြောင်ကျကျဝေဖန်ခြင်းကို ဂရုစိုက်ရှောင်ရှားနေကြသည်။ သို့သော် နယူးဒေလီမှ စိတ်ပျက်ခြင်းသည် ဒေါသအဖြစ် ပြောင်းလဲသွားသောအခါ လေးပွင့်ဆိုင်လုံခြုံရေး ဆွေးနွေးမှုအဖွဲ့ (QUAD) အဖွဲ့ဝင်လည်းဖြစ် အမေရိကန်နှင့် စစ်ဘက်ဆက်ဆံရေးလည်း တိုးတက်လာသော အိန္ဒိယသည် အကူအညီများပေးရေး စင်္ကြံထူထောင်မည့် နိုင်ငံဖြစ်လာရန် အလားအလာကောင်းလာနေသည်။ QUAD တွင် အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဂျပန်နှင့် သြစတြေးလျတို့ ပါဝင်ကြသည်။
တဘက်တွင်လည်း ထိုင်းမှ စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရသည် တရုတ်သြဇာ ကြီးမားလာခြင်းနှင့် မြန်မာမှ သဘာဝဓာတ်ငွေ့ကို မှီခိုရခြင်းတို့ကြောင့် အကန့်အသတ်ဖြစ်လာပြီး နိုင်ငံအနောက်ဘက်နယ်စပ်တွင် ဖြစ်နေသည့် လူသားချင်း စာနာမှု အကျပ်အတည်းကို လျှော့ချရန် အမေရိကန် ဦးဆောင်သည့် အားထုတ်မှုတွင် ပါဝင်ရန် စိတ်အားထက်သန်ခြင်း မရှိပေ။
ပထဝီ နိုင်ငံရေး ပကတိအခြေအနေများအပြင် ခုခံရေးအင်အားစုများ ကျယ်ကျယ်ပြန့်ပြန့် စုစည်းညီညွတ်သည့် ချင်းပြည်နယ်သည် နိုင်ငံအရှေ့ပိုင်း ကရင်ပြည်နယ်ထက် ပိုမိုကျယ်ပြန့် ပိုမိုလုံခြုံသည့် အကူအညီပေးရေး စင်္ကြံအတွက် ပိုမိုကောင်းမွန်သော နေရာဖြစ်သည်။ ကရင်ပြည်နယ်တွင် လက်နက်ကိုင်အုပ်စုများ အစိတ်စိတ်အမွှာမွှာ ကွဲကာ နယ်စပ်တိုက်ပွဲများလည်း နေ့စဉ်ဖြစ်နေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Anthony Davis ၏ India’s Ties With Myanmar Junta in Focus After Chin Group’s Attack on Manipur Rebels ကို ဘာသာပြန်ဆိုသည်။ Anthony Davis သည် ဒေသဆိုင်ရာလုံခြုံရေးသုတေသီနှင့် Janes စာစောင်၏ အတိုင်ပင်ခံဖြစ်သည်။)
You may also like these stories:
တူမီးယမ်းခိုးဝေတဲ့ ချင်းတို့ဌာနေ (အပိုင်း – ၁)
တူမီးယမ်းခိုးဝေတဲ့ ချင်းတို့ဌာနေ (အပိုင်း – ၂)
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် သေဆုံးခြင်း
စစ်ရေးကွပ်ကဲမှုစနစ် NUG တည်ထောင်
ZRA က စစ်ကောင်စီနဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှားနေတာ ကျနော်တို့ အင်မတန် ဝမ်းနည်းတယ်