ဆောင်းပါး

စစ်ကောင်စီရဲ့ မြေလှန်မီးတိုက်စစ်ဆင်ရေးနဲ့ ပြာပုံထဲက ပြည်သူ့ စိတ်ဓာတ်

မီးလောင်ထားတဲ့ သစ်သားစတွေ၊ သွပ်ပြားတွေနဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားတဲ့ ရွာသူ၊ ရွာသားတွေဟာ ရွာတွင်း လမ်းမ တခုထက်မှာ စုဝေးချီတက်လာကြပါတယ်။ အိမ်ရှင်မတွေ အများစုပါတဲ့ အဲဒီဆန္ဒပြပွဲမှာ လူတိုင်းက လက်သုံးချောင်း ထောင်ပြီး အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသကြပါတယ်။

သူတို့လက်တွေထဲမှာ ကိုင်ထားတဲ့ အဖြူရောင် အဝတ်စပေါ်မှာ ရေးထားတဲ့ စာတန်းကတော့ “ရွာကိုပဲ မီးရှို့လို့ ရမယ်၊ စိတ်ဓာတ်နဲ့ မြေကို မီးရှို့ မရဘူး” တဲ့။ ဆန္ဒပြ ရွာသူရွာသားတွေဟာ ခပ်နွမ်းနွမ်း အဝတ်စားတွေကိုသာ ဝတ်ဆင် ထားကြပေမယ့် သူတို့ရဲ့မျက်နှာပေါ်မှာနဲ့ မျက်လုံးအိမ်ထဲမှာတော့ နာကျည်းမှုတွေ အထင်းသား။

သူတို့ဟာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် က ဒေသခံတွေပါ။ တောင်ယာအလုပ်တွေနဲ့ နှစ်ပေါင်းများစွာ ရှာဖွေ တည်ဆောက်ထားတဲ့ သူတို့ရဲ့ နေအိမ်တွေကို အာဏာသိမ်း စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်တဲ့ အတွက် သူတို့ရဲ့ ဆန္ဒကို လမ်းပေါ်ထွက် ဖော်ထုတ်ပြသနေကြတာဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း ရှာဖွေပြီး တည်ဆောက်ခဲ့ရတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်တွေက ၃ ရက်တည်းနဲ့ နေအိမ် ၇၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ အပြစ်မဲ့ရွာသူ၊ ရွာသားတွေဟာ အိုးမဲ့၊ အိမ်မဲ့ ဘဝကို ရောက်ရှိသွားခဲ့ရပြီး ဘေးလွတ်ရာမှာ ဖြစ်သလို ခိုလှုံနေကြရပါတယ်။

အိမ်ခြေ ၄၀၀ နီးပါး မီးရှို့ခံလိုက်ရတဲ့ မွေ့တုံနဲ့ ပန်းရွာ

ပုလဲမြို့နယ်ထဲမှာ အိမ်ခြေ ၂၅၀ လောက်ရှိတဲ့ မွေ့တုံရွာဟာ ကြက်သွန်စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး အသက်မွေးဝမ်းကျောင်းကြတာဖြစ်ပါတယ်။ သူတို့ရွာအထက်မှာ ဇန်နဝါရီလ ၃၁ ရက်နေ့မနက်ပိုင်းက စစ်ရဟတ်ယာဉ် ၂ စီးပျံဝဲနေတာကို ရွာထဲကျန်နေသူတွေရော၊ ကြက်သွန်ခင်းထဲမှာ အလုပ်လုပ်နေသူတွေပါ မြင်ခဲ့ကြရပါတယ်။

စစ်ရဟတ်ယာဉ် ၂ စီးပျံဝဲပြီး သိပ်မကြာခင်မှာဘဲ လက်နက်ကိုယ်စီ ကိုင်ဆောင်ထားပြီး အင်အား ၁၀၀ ဝန်းကျင်လောက် ရှိတဲ့ ခြေလျှင်စစ်ကြောင်း တကြောင်းဟာ မွေ့တုံရွာဘက်ကို သေနတ်တွေဖောက်ပြီး ဝင်ရောက်လာခဲ့ပါတယ်။ သေနတ်သံတွေကြောင့် ကြောက်လန့်ပြီး ရွာသူရွာသားတွေဟာ အဝတ်တထည် ကိုယ်တခုနဲ့ နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။

မွေ့တုံရွာသားတဦးက “ကျတော်တို့က တောထဲမှာ အလုပ်လုပ်နေတာဗျ။ ကြက်သွန်ခင်းကို ဆေးသတ်နေတာ သူတို့တွေလာတာမြင်တော့ အစပထမက မနက်ခင်း ၉ နာရီလောက် ဟက်စကီး ၂ စီးနဲ့လာတော့ ကျတော်တို့က ကိုယ့်အလုပ်ကိုယ်လုပ်နေတာ ဘာမှကို မသိတာ အဲဒီမှာ စစ်သားတွေ အတန်းလိုက်ကြီး တောထဲကနေ ရွာနောက်ဖေးပေါက် ဝင်လာတာကို ကျနော်တို့က ကြောက်ပြီး ပြေးတော့တာပဲ ပြေးတော့ ဘာမှ ကို ယူချိန်မရဘူး ကျတော်တို့ ပြေးတာ အဲဒီ ပြေးလိုက်တဲ့ အချိန်မှာပဲ သူတို့က ရွာထဲက ဘုန်းကြီးကျောင်းမှာ တပ်ဆွဲထားပြီး ကျတော်တို့ ရွာကို မီးရှို့တာပဲ” လို့ ပြန်ရှင်းပြပါတယ်။

ပုလဲမြို့နယ်ရှိ နေအိမ်များ မီးရှို့ခံထားရသည့် ကျေးရွာပြည်သူများက ဆန္ဒပြနေကြစဉ်

စစ်ကောင်စီ တပ်တွေဟာ ရွာဘုန်းကြီးကျောင်းမှာနေရာယူပြီး နေအိမ်တွေကို ဖောက်ထွင်းမွှေနှောက်ကာ အဖိုးတန်ပစ္စည်းတွေ ခိုးယူနေကြတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာတွေကို ရွာသားတချို့က မြင်နေရပေမယ့် ချောင်းကြည့်နေရုံသာ တက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“မီးလောင်ပြင်ကို အကုန် မြင်နေရတာပေါ့။ ဒါပေမယ့် ဘယ် ကပ်ရဲမှာတုန်း၊ သူတို့က သေနတ် တွေနဲ့ ပစ္စည်းတွေ ဆုံးရှုံးရုံတင် မဟုတ်ဘူး၊ လူပါ အသတ်ခံရမှာ ကျနော်တို့က မကပ်ရဲဘူး။ အကုန်မြင်နေရတာ မီးလောင်တာ တော်တော်ကြာတယ်။ တရွာလုံးကျွမ်းတာပဲ။ သူတို့က လိုချင်တာ အကုန် မွှေနှောက်ယူပြီးကာမှ ရှို့တာ” လို့ မွေ့တုံ ရွာခံတဦးက ပြောပါတယ်။

စစ်တပ်ရဲ့ မီးတိုက်ရှို့မှုကြောင့် ခြည်တိုင်နဲ့ ခြံဝန်းတွေထဲမှာ ရှိနေကြတဲ့ နွား၊ ဝက်၊ ဆိတ်နဲ့ အခြားတိရိစ္ဆာန်တွေ တချို့ဟာ မတ်တပ်ရပ်လျှက်ပင် သေဆုံးနေတာကို ပြန်တွေ့ရသလို အိမ်ခြေ ၂၅၀ ဝန်းကျင်ရှိတဲ့ မွေ့တုံရွာဟာ ပြာပုံအတိဖြစ်သွားပြီး ၁၆ အိမ်သာ ကျန်ခဲ့တယ်လို့ မြေပြင် စစ်တမ်း ကောက်ယူခဲ့သူတွေက ဆိုပါတယ်။

စစ်ကိုင်းနှင့် မကွေးတိုင်းတို့ရှိ မီးရှို့ခံထားရသည့် ကျေးရွာတချို့ (ဓာတ်ပုံ- CJ)

ရွာမီးရှို့ခံလိုက်ရလို့ အိုးမဲ့ အိမ်မဲ့ ဘဝရောက်သွားရရှာတဲ့ ရွာသူ၊ ရွာသားတွေဟာ နီးစပ်ရာကျေးရွာတွေမှာ အကူအညီ တောင်းပြီး ခိုလှုံနေကြရသလို စစ်ကောင်စီတပ်တွေလာရင် တောထဲကို ပြေးလိုက် ပြန်လာလိုက်နဲ့ တောထဲက သစ်ပင်တွေကသာ သူတို့အတွက် ယာယီအိမ်လိုတောင် ဖြစ်နေကြပါပြီ။

ဒေသခံ တဦးက “စစ်ကြောင်း ထိုးလာပြီ ပြောတာနဲ့ ပြေးနေရပြန်ပြီ တောထဲမယ် သစ်ပင်အောက် အိပ်၊ သစ်ပင် အောက် နေ၊ သစ်ပင်အောက် စား အဆင့် ရောက်သွားပြီ။ ဆောက်စရာလည်း ဘာမှ မရှိဘူး။ ကျနော်တို့ အိမ်တွေ ဆိုတာလည်း ကျောက်အောင်လို့၊ ထီပေါက်လို့ ဆောက်ရတဲ့ အိမ်ရယ်လို့ မရှိဘူး။ ကျနော်တို့ တောင်သူတွေမှာ ဒီနှစ် ကြက်သွန်ဈေးလေး ကောင်းလို့ အဆင်ပြေရင် ပြေသလိုလေး တဖြည်းဖြည်းချင်း ဆောက်ခဲ့ရတဲ့ အိမ်တွေပါဗျာ” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ မွေ့တုံရွာရဲ့ အနောက်ဘက် ၂ မိုင်လောက်မှာ ရှိတဲ့ ပန်းရွာကို ထပ်ဝင်တဲ့အတွက် ရွာခံတွေဟာ မွေ့တုံရွာသားတွေလိုပဲ အသက်လုထွက်ပြေးခဲ့ကြရပါတယ်။ ရှေ့က မွေ့တုန်ရွာမှာ ရက်စက် ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပန်းရွာကိုလည်း မီးတိုက်ခဲ့တဲ့ အတွက် နေအိမ် ၂၀၀ နီးပါး မီးထဲပါသွားခဲ့ရပြန်ပါတယ်။

ပန်းရွာခံတဦးက “ကျနော်တို့ရွာက ၈၂၃ အိမ်ရှိတာ ၁၇၃ အိမ် ကျွမ်းသွားတယ်ဗျ။ တိရစ္ဆာန်တွေ ဆိုရင်လဲ ကျနော်တို့ ရွာ က ဝက်မွေးမြူရေးများများလုပ်တာဆိုတော့ ဝက်ကောင်ဆို ကျနော်တို့ စာရင်းဇယားပြုစုထားတာက ၉၂ ကောင် လောက်သေသွားတယ်ဗျ။ အင်အား ၁၀၀ ကျော်လောက်နဲ့ ကျတော်တို့ ဆီမှာ ဘာမှ မရှိပဲနဲ့ သက်သက်မဲ့ မီးရှို့အဖွဲ့အစည်း တခုအနေနဲ့ကို လာပြီးတော့ ရှို့သွားတာ” လို့ ပြန်ရှင်းပြပါတယ်။

စစ်ကိုင်းနှင့် မကွေးတိုင်းတို့ရှိ မီးရှို့ခံထားရသည့် ကျေးရွာတချို့ (ဓာတ်ပုံ- CJ)

ပုလဲမြို့နယ်ဟာ အာဏာသိမ်း စစ်တပ်အတွက် မရဏမြေလို ဖြစ်ခဲ့ပြီး မြေပြင်စစ်ကြောင်းတွေချီလာသမျှ မိုင်းဆွဲတိုက်ခိုက် ခံရတာ၊ ခြုံခိုတိုက်ခိုက်ခံရတာတွေကြောင့် စစ်ကောင်စီတပ်တွေဟာ မြေပြင် စစ်ကြောင်း မချီရဲသလောက် ဖြစ်နေရပြီး မွေ့တုံနဲ့ ပန်းရွာကို မီးရှို့တဲ့ အခါမှာလည်း မြေပြင်စစ်ကြောင်း လွတ်လွတ်လပ်လပ် အကြမ်းဖက်နိုင်အောင် ဝေဟင်ကလည်း စက်သေနတ်တပ် စစ်ရဟတ်ယာဉ်တွေနဲ့ စောင့်ကြပ်ပေးခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေကို အားပေးထောက်ခံသူတွေ ဆိုတဲ့ ယူဆချက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို မထောက်ခံဝံ့အောင် အကြောင်းမဲ့ ရွာတွေ အကြောင်းမဲ့ မီးတိုက်တဲ့ စစ်ဆင်ရေး လုပ်တာ ဖြစ်တယ်လို့ ဒေသခံ ရွာသူရွာသားတွေက တွက်ဆပြောဆိုနေကြပါတယ်။

မွေ့တုံနဲ့ ပန်းရွာမှာ အိမ်ခြေ ၄၀၀ လောက်မီးရှို့ဖျက်ဆီးခဲ့တဲ့ သလို ပုလဲမြို့နယ်ထဲမှာပဲ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကိုင်းတွင်းရွာကို ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ရွာလုံးကျွတ်မီးရှို့ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့မှာလည်း လှော်ကားရွာမှာ အိမ်ခြေ ၃၀၀ ကျော်မီးတိုက်ရှို့ခဲ့ပြန်ပါတယ်။

ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “ပြည်သူ့ဆန် စား ပြီး ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးတယ်။ အခုဆိုရင် ရက်ရက်စက်စက် မလောင် လောင်အောင် တအိမ် ဆင်း တအိမ်တက် မီးရှို့တဲ့ ပုံစံ။ မီးရှို့ပြီးတော့ ဘယ်လောက် ရက်စက်သလဲဆိုရင် အရပ်ဝတ်တွေ ဝတ်ပြီး PDF က မီးရှို့ နေတဲ့ပုံစံ စစ်တပ်က မီးငြှိမ်းနေတဲ့ ပုံစံ တမင်ရိုက်တာ။ လူထုကိုလည်း လိမ်ညာတယ် ပြောရမယ်ဆိုရင် အရှက် မရှိတဲ့ အလုပ်ကို လုပ်နေတယ် ဆိုတာ ဘာဂုဏ်သိက္ခာမှ မရှိဘူး မင်းအောင်လှိုင် စစ်တပ်က” လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ ကျေးရွာတွေကို မီးတိုက်တဲ့ စစ်ဆင်ရေးဟာ ဒီလောက်နဲ့တင် မရပ်သေးဘဲ ဖေဖော်ဝါရီလထဲမှာ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ပေချောင်၊ ခရုတော၊ ကပေါင်းကျ၊ မင်းကင်းမြို့နယ် ဘင်၊ မောက်တက်၊ ထီးချိုင့်မြို့နယ်၊ ကိုးတဲ၊ ရွှေဘိုမြို့နယ်က ဆိပ်ခွန်ရွာ၊ မကွေးတိုင်း၊ မြိုင်မြို့နယ်က အုန်းပင်စု အပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က တည်ပင်ရွာက နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသ သတင်းရင်းမြစ်တွေနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က မှတ်တမ်းပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်ကိုင်းနှင့် မကွေးတိုင်းတို့ရှိ မီးရှို့ခံထားရသည့် ကျေးရွာတချို့ (ဓာတ်ပုံ- CJ)

ဒေသခံပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို ကူညီ မပေးနိုင်ရေး၊ ကူညီပေးမှုတွေ လုပ်ရင် အခု လို ပြုလုပ်ခံရမယ်ဆိုတဲ့ အကြောက်တရား ရိုက်သွင်းဖို့အတွက် စစ်တပ်အနေနဲ့ ကျေးရွာတွေကို ရွာလုံး ကျွတ်နီးပါး မီးရှို့ပြီး မြေလှန်တဲ့ နည်းဗျူဟာကို သုံးနေတာ ဖြစ်တယ်လို့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားတဲ့ စစ်တပ် အရာရှိပိုင်းတွေ က သုံးသပ်ပါတယ်။

CDM ဗိုလ်ကြီး လင်းထက်အောင်က “ဒီဗျူဟာကို သုံးတာက ဖြတ် ၄ ဖြတ် ပုံစံမျိုး သုံးချင်တာ။ စစ်ကိုင်းတို့ ချင်းတို့ တခြား စစ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ နယ်မြေတွေမှာ ဒီဗျူဟာကို အဓိက သုံးလာတာ။ အဓိကကတော့ ပြည်သူ့ ကာ ကွယ်ရေး စခန်းတွေကို ဘယ်သူမှ မထောက်ပံ့ရဲအောင်၊ အဆက်အသွယ် မလုပ်ရဲအောင် ဒီလိုမျိုးတွေ ကြမ်းကြမ်း တမ်းတမ်း လုပ်ဆောင်လာတယ်လို့ မြင်တယ်” လို့ သုံးသပ်ပါတယ်။

“သူတို့ကို တွန်းလှန် တိုက်ခိုက်တဲ့ နယ်မြေတွေက ပြည်သူတွေ အားလုံးဟာ သူတို့ရဲ့ ရန်သူလို့ သတ်မှတ်လိုက်ပြီး တော့ ဒီလိုမျိုး လုပ်နေတာ။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ပြည်သူကို အဆက်အသွယ် ဖြတ်ချင်တယ်။ နောက်ပြီး တော့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို ထောက်ခံတဲ့ လူမှန်သမျှ သူတို့ရန်သူလို့ သတ်မှတ်ပြီး အတိအကျကို လိုက်လုပ်နေတာ” လို့ သူက ဆက်ပြောပါတယ်။

အခုလို ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာတွေက မြေပြန့်မှာပဲ ဖြစ်နေတာ မဟုတ်သလို အခုမှလည်း မဟုတ်ပါ ဘူး။ ပြည်တွင်းစစ် ရှည်ကြာနေပြီ ဖြစ်တဲ့ ကရင်၊ ကယား၊ ကချင်၊ ရှမ်းနဲ့ မွန်ပြည်နယ်တွေမှာ စစ်တပ်က ရွာလုံးကျွတ် မီးရှို့လို့ အသစ် ပြောင်း ရွှေ့ရတဲ့ ကျေးရွာတွေ မြောက်မြားစွာ ရှိပါတယ်။

ကရင်နီ လူ့အခွင့်အရေး အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုဗညားကတော့ “စစ်ပွဲ နှစ်ပေါင်း ၆၀ ကျော် ၇၀ ဖြစ်နေတဲ့ တိုင်းရင်းသား ဒေသမှာ သုံးတဲ့ Strategy အတိုင်းပဲ အဲဒီဘက်တွေမှာ ပြန်သုံးတယ်လို့ပဲ သုံးသပ်မိတယ်။ သေချာ တခုကတော့ စစ်တပ်ရဲ့ theory ကတော့ ပြည်သူလူထုရဲ့ ထောက်ခံမှုကို မရအောင်၊ စားနပ်ရိက္ခာ ခိုလှုံခွင့်မရအောင် မြေလှန် မီးရှို့ တိုက်ဖျက်တဲ့ နည်းလမ်းလို့ သတ်မှတ်တယ်” လို့ ဆိုပါတယ်။

ပြည်သူတွေ အသက်ရှင် ရပ်တည်ဖို့အတွက် လုံခြုံမှုကို ပေးတဲ့ အိုးအိမ်တွေကို မီးရှို့ ဖျက်ဆီးနေတာက လူ့အခွင့် အရေး ကြေညာစာတမ်းပါ အချက်ဖြစ်တဲ့ လူတိုင်း အသက်ရှင်ခွင့် လုံခြုံခွင့် ဆိုတာကိုလည်း စစ်တပ်က ပြောင်ပြောင် တင်းတင်းကို ချိုးဖောက်နေတာပဲ ဖြစ်ပါတယ်။

စစ်ကိုင်းနှင့် မကွေးတိုင်းတို့ရှိ မီးရှို့ခံထားရသည့် ကျေးရွာတချို့ (ဓာတ်ပုံ- CJ)

“အိုးအိမ်ဆိုတာက ရိုးရိုးပိုင်ဆိုင်မှု ပစ္စည်း တခုထက် ကျော်ပြီး မြင်ဖို့ လိုအပ်ပါတယ်။ ကျန်းမာရေး ရှုထောင့်က ဖြစ်စေ၊ မိသားစုရဲ့ ပျော်ရွှင်မှုကြောင့်ပဲ ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ပေးတဲ့နေရာ ဖြစ်တာပေါ့။ အဲဒါ ကြောင့် အိုးအိမ်ကို ဖျက်ဆီးခြင်းဟာ လူမှုဘဝ တခုလုံးကို ဖျက်ဆီးတာနဲ့ တူတူပဲ ကျတယ်။ ဒါက လူသားမျိုးနွယ်စု အပေါ်မှာ အဆိုးရွားဆုံး ကျူးလွန်သော စစ်ရာဇဝတ်မှု ဖြစ်တယ်” လို့ ကိုဗညားက ဆိုပါတယ်။

စစ်အာဏာရှင် ခုခံ တော်လှန်စစ်တွေ ဖြစ်နေတဲ့ စစ်ကိုင်း၊ မကွေးနဲ့ ချင်းတို့မှာ စစ်တပ်အာဏာသိမ်း ကာလအတွင်းမှာ အိမ်ပေါင်း ၁၀၀၀ ကျော် မီးရှို့ခံရတယ်လို့ သုတေသနအဖွဲ့ တခုဖြစ်တဲ့ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင် စတီကျု (ISP-Myanmar) က ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

နိုင်ငံ အနှံ့အပြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၅ သိန်း ၄ သောင်းကျော်လောက်က အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးရပြီး အရပ်သား ၃၀၀၀ ကျော်ထက် မနည်း သေဆုံးခဲ့တယ်လို့ရတယ်လို့ (ISP-Myanmar) က ဆိုပါ တယ်။

ဒီလို အခြေအနေတွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးက ဆိတ်သုဉ်းသွားပြီဖြစ်ပြီး ဒီအခွင့်အရေး တွေကို ပြန်လည် ရရှိဖို့ရာ စစ်တပ်ကို အပြီးပိုင် ဖြုတ်ချနိုင်မည့် အရေးသာ ရှိတော့ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ များက ပြောကြပါတယ်။

ကိုဗညားကလည်း “စစ်ရေးအရ ဆိုတာကိုတော့ သိပ်အားမပေးချင်ဘူး။ သို့ပေမယ့်လည်း အခုလိုမျိုး ဆက်အလျှော့ ပေးနေမယ် ဆိုရင်တော့ ၁၀၀ မကဘူး ၁ ထောင် မကဘူး၊ တနိုင်ငံလုံး သူတို့ (စစ်ကောင်စီ) စိတ်ကြိုက် လုပ်နိုင် တယ်။ အဲဒါကြောင့် အရေးကြီးဆုံးက NUG ဖြစ်စေ ပြည်သူလူထု ဖြစ်စေ ရရာလက်နက်ကို ဆွဲကိုင်ပြီးတော့မှ အမှန်တရား အတွက် ဖြစ်ရမယ်၊ မျှော်လင့်တဲ့ လူ့အခွင့်အရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီကို ချီတက်နိုင်တဲ့ လမ်းကြောင်း တခုကို ရောက်ရှိနိုင်မယ့် စစ်တပ် အမြစ်ပြုတ်ကို တိုက်နိုင်မှသာလျှင် ကျနော်တို့ ကာကွယ်နိုင်မှာ ဖြစ်တယ်” လို့ ဆိုပါ တယ်။

သူကဆက်ပြီး “ကျနော်တို့ လူထုတွေက အသက် ပေါင်းများစွာ၊ အိုးအိမ်တွေ ဆုံးရှုံးခံလိုက်ရပြီ။ UN နဲ့ နိုင်ငံတကာ အစိုးရတွေ သွားနေတဲ့ ပုံစံကို NUG က တအားကြီး မလိုက်လျောဖို့ လိုအပ်တယ်လို့ ကျနော် မြင်တယ်။ UN နဲ့ နိုင်ငံတကာမှာ အင်တာ ဗျူးတွေခံ အချက်အလက်တွေ ထုတ်ပေးရုံနဲ့ကတော့ သနားမှုကို လွဲပြီးတော့ တကယ့် Action ကို ရဖို့ မလွယ်ဘူး။ Action ကို တကယ်လုပ်မှာက လူထုတွေ ဖြစ်တယ်။ အဲဒါကြောင့်လည်း NUG က မာမာထန်ထန်နဲ့ နိုင်ငံတကာကို ပြတ်ပြတ်သားသား ပြောဖို့ လိုအပ်လာသလို လူထုကိုလည်း ပြတ်ပြတ်သားသား စစ်ရေးအရ တုံ့ပြန်နိုင်အောင် ဦးဆောင်နိုင်တဲ့ အစိုးရ ဖြစ်ဖို့ လိုအပ်လာပြီ” လို့ ပြောပါတယ်။

စစ်ကိုင်းနှင့် မကွေးတိုင်းတို့ရှိ မီးရှို့ခံထားရသည့် ကျေးရွာတချို့ (ဓာတ်ပုံ- CJ)

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေမှာ ကျေးရွာတွေကို ဝင်ရောက် စီးနင်းပြီး မီးရှို့တာတွေ၊ ဒေသခံ တွေကို ဖမ်းဆီး သတ်ဖြတ်တာတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ပြီး အကြောက်တရား ရိုက်သွင်းနေပေမယ့် ပြည်သူတွေရဲ့ နာကျည်းချက်တွေက ပိုမို ပြင်းထန်လာပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ အငြိုးတကြီး ရွာလုံးကျွတ် မီးတိုက်ခြင်းခံခဲ့ရတဲ့ ပုလဲမြို့နယ်ထဲကဒေသခံတွေဟာ အိုးမဲ့၊ အိမ်မဲ့ ဘဝနဲ့ လုံခြုံမှုကင်းစွာ တောတောင်တွေ၊ ဘေးလွတ်ရာတွေမှာ ခိုလှုံနေကြရပေမယ့် လမ်းပေါ်တက်ပြီး တန်ပြုဆန္ဒဖော်ထုတ်မှုတွေဟာ သူတို့အိမ်တွေကို မီးရှို့ဖျက်ဆီးလိုက်ရုံနဲ့ ကြောက်သွားမှာမဟုတ်ကြောင်းနဲ့ စစ်ကောင်စီကို လက်မခံဘူးဆိုတဲ့ သတင်းစကားကို ရဲရဲ့ဝံ့ဝံ့ ပြသလိုက်သလိုပါ။
အလားတူပဲ နေအိမ်ဆုံးရှုံးခဲ့ရတဲ့ ပုလဲ ဒေသခံတောင်သူတဦးကလည်း “ကျနော်တို့ကတော့ စစ်တပ်ဆိုတဲ့ အသံကို မကြားချင်တော့တာ။ မြင်လည်း မမြင်ချင်တော့ဘူး ကျနော်တို့ ဘဝကို ခါးအောင် လုပ်သွားတာ” လို့ နာကြည်းစိတ်နဲ့ ပြောပါတယ်။

စစ်ကိုင်းနှင့် မကွေးတိုင်းတို့ရှိ မီးရှို့ခံထားရသည့် ကျေးရွာတချို့ (ဓာတ်ပုံ- CJ)

ကျပ်သိန်း ၂၀၀ ကျော်တန်ကြေးရှိတဲ့ နေအိမ်နဲ့ အဖိုးတန်ပစ္စည်းတွေ ဆုံးရှုံးလိုက်ရတဲ့ မွေ့တုံရွာသား တဦးက “ကျနော့်အိမ်ဆို ဝန်းထရံတောင် မကျန်ဘူး။ နွားတွေလဲသေတယ်ဗျ။ာ ရှိစုမဲ့စုဟာလေးတွေလဲ အကုန် ပြောင်သွားပြီဗျာ။ ဘာမှ မရှိတော့ဘူးဗျာ။ အဝတ်တထည်ကိုယ်တခုနဲ့ ကျတော်တို့ ဆင်းလာရတာ။ ပိုင်ဆိုင်သမျှ ဘာမှ မရှိတော့ ဘယ်လို ပြောမလဲဆို အမြဲတမ်း ဒီလို လုပ်နိုင်ပါစေလို့ ကျနော်ကတော့ ဆုတောင်းပါတယ်ဗျာ။ ကျနော်တို့အလှည့် တနေ့ ရောက်ပါစေလို့ … ကြိုးစားနေဦးမှာပဲဗျာ” လို့ ငိုကြွေးရင်းက ရှင်းပြပါတယ်။

စစ်ကောင်စီမီးရှို့လိုက်တဲ့ ကျေးရွာတွေဟာ အာဏာသိမ်းမှုကို လက်မခံကြသူတွေဖြစ်ပေမယ့် အားလုံးနီးပါးက လက်နက်ကိုင် တိုက်ခိုက်နေကြသူတွေမဟုတ်ကြပါဘူး။ စစ်ကောင်စီက ရက်ရက်စက်စက် ရွာတွေကို မီးရှို့ ဖျက်ဆီး အပြီးမှာတော့ တချို့ တောင်သူတွေဟာ လက်နက်ဆွဲကိုင် တော်လှန်ဖို့ အထိ စဉ်းစားနေကြပါတယ်။

နေအိမ် ၂၀၀ နီးပါး မီးရှို့ခံလိုက်ရတဲ့ ပုလဲမြို့နယ် ပန်းရွာခံ တဦးက “ကျနော်တို့မီးတွေက ရေနဲ့ ငြိမ်းလို့ရတယ်ဗျ။ သူတို့ဝဋ်လည်မယ့် မီးတွေက ဘာနဲ့မှ ငြိမ်းလို့မရဘူးဆိုတာ ကျတော်ပြောချင်တယ်” လို့ ပြောပါတယ်။

သူကဆက်ပြီး “ဗန်းမော် တင်အောင် ပြောသလိုပဲ သမိုင်းပေးတဲ့ တာဝန်က ပုခုံးပေါ်ကျလာတော့ ရိုးရိုးဘောပင်ကိုင်တဲ့ လက်တွေကလည်း တခါတလေ သေနတ်ကိုင်နိုင်လိမ့်မယ် ယုံကြည်ပြီးတော့ ကျနော်တို့ စစ်ကောင်စီမကျမချင်း ကျနော်တို့ ခံစားချက်အနေနဲ့ ဘောလုံးကွင်းကြီးလို ပြာတွေ မြင်နေရတဲ့အတွက် ကျတော်တို့ စိတ်ထဲမခံစားနိုင်ဘူး။ စစ်ကောင်စီကို ရှေ့လျှောက်တော်လှန်သွားမယ်လို့ ကျတော်တို့ ရဲရဲ ကတိ ပေးတယ်ဗျ” လို့ ပြောသွားပါတယ်။

You may also like these stories:

စစ်ကိုင်း၌ PDF နှင့် ဆက်သွယ်သည်ဆိုကာ ကျောင်းထိုင်ဆရာတော် အပါအဝင် ၁၂ ဦး ဖမ်းခံရ

မုံရွာတွင် စစ်တပ်ထုတ်ကုန်များ ရောင်းချခြင်းအပေါ် အရေးယူမှု စတော့မည်

စစ်ကိုင်းမှာ အရပ်သားတွေ ဖမ်းဆီးသတ်ဖြတ်ခံနေရ ၂ ရက်အတွင်း ၃၀ ကျော်သေဆုံး

စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သေဆုံးသူ ၁၈၄ ဦးရှိကြောင်း NUG ထုတ်ပြန်

ပုလဲမြို့နယ် မွေ့တုံ ရွာလုံးကျွတ်နီးပါး စစ်ကောင်စီ မီးရှို့ ဖျက်ဆီး

Loading