ကာတွန်းဆိုသည်က လောကကြီး၌ အဆီအငေါ်မတည့်မှု အဆင်မပြေမှု မတရားမှု ဖိနိုပ်ခံရမှု စသည့် ဖြစ်ပျက်နေပုံများကို တကွက်တည်းဖြင့် ကွက်ကွက်ကွင်းကွင်း မြင်စေရန် သရုပ်ဖော်ရေးဆွဲကာ ပြည်သူအား တင်ပြခြင်းမျိုးဖြစ်သည်။
မြန်မာ့နိုင်ငံရေးသမိုင်းတွင် ပထမဆုံးသော နိုင်ငံရေးကာတွန်းက သူရိယသတင်းစာနှင့်အတူ ပေါ်ပေါက်လာသည့် ဦးဘကလေး (ရွှေတလေး) ရေးဆွဲသော ဖိနပ်ပြဿနာကာတွန်းဖြစ်သည်။
“အင်္ဂလိပ်ဇနီးမောင်နှံအား ရွှေတိဂုံကုန်းတော်ပေါ်ကို ဘုရားလူကြီးနှစ်ဦးက ထမ်းတင်နေပုံနှင့် ထိုသို့ထမ်းတင်ပေးသဖြင့် ဖိနပ်မချွတ်ပဲ ဘုရားပေါ်သို့ ရောက်ရ၍ ကျေးဇူးတင်ကြောင်း ပြောနေဟန်” စာမဲ့ကာတွန်းကြောင့် မြန်မာ့နိုင်ငံရေးတွင် အချိုးအကွေ့ အလှည့်အပြောင်းဖြစ်ခဲ့ရသည်ဟု သုံးသပ်ရမည်။
ရွှေတလေးမှ အစပြုခဲ့သည့် နိုင်ငံရေးကာတွန်းနှင့် ရုပ်ပြောင်ကာတွန်းများသည် ဦးဟိန်စွန်း၊ ဦးဘဂျမ်း၊ ဦးဖေသိန်း၊ ဦးစိန် စသည့် ကာတွန်းဆရာကြီးများတိုင် လက်ဆင့်ကမ်း ဆက်လက်ရေးဆွဲခဲ့ရာ ယနေ့ခေတ်အထိ ဖြစ်သည်။
ထိုသို့သော လက်ဆင့်ကမ်းလာသည့် နိုင်ငံရေးကာတွန်းရေစီးကြောင်းတွင် မကြာသေးမီက ကွယ်လွန်သွားသည့် ကာတွန်း ဟန်လေးလည်း တဦးအပါအဝင်ဖြစ်ကြောင်း ခေတ်ပြိုင်ကာတွန်းဆရာများ ထုတ်ဖော်ပြောဆိုကြသည်။
ဟန်လေးသည် နိုင်ငံရေးရုပ်ပြောင် ကာတွန်းများကို ဖန်တီးမှု ကောင်းကောင်းဖြင့် ရေးဆွဲတတ်သည့် ကာတွန်းဆရာတဦး ဖြစ်သည်။
“အင်တာနက် တနာရီ တထောင်ကျပ်နဲ့ ဆိုင်တွေမှာ သွားသုံးရတဲ့ ခေတ်က ကာတွန်းဆရာ ဟန်လေးရဲ့ ကာတွန်းတွေကို ဖွင့်ကြည့်ခါနီးဆိုရင် ဘေးပတ်ပတ်လည်မှာ လူများရှင်းရဲ့လား ခိုးကြည့်ရလောက်အောင် သူ့ လက်ရာတွေက ထိရှလှပါ တယ်” ဟု ကာတွန်း လိုင်းလုဏ်က ပြောသည်။
စကားပြောလျှင် ခပ်ပြုံးပြုံးဖြင့် ပြောဆိုတတ်ပြီး သူယုံကြည်ရာ ရပ်တည်ချက်ကို တစိုက်မတ်မတ် လုပ်ကိုင်တတ်သည့် ရှမ်းတိုင်းရင်းသား ဟန်လေးသည် နိုင်ငံရေးရုပ်ပြောင် ကာတွန်းများကို ဖန်တီးမှု ကောင်းကောင်းဖြင့် ရေးဆွဲတတ်သည့် ကာတွန်းဆရာတဦး ဖြစ်သည်။
စစ်အာဏာရှင် ခေတ်အဆက်ဆက် နိုင်ငံရေး သရော်ချက် ကာတွန်းများဖြင့် နာမည်ကြီးခဲ့သော ကာတွန်းဟန်လေး (အသက် ၆၁ နှစ်) သည် ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နေ့လယ် ၃ နာရီ ၃ မိနစ်က တောင်ကြီးဆေးရုံတွင် အသည်းကင်ဆာ ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။
၎င်းကို ၁၉၆၃ ခုနှစ်က ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်မွန်ကျေးရွာတွင် အဖ ဦးစဝ်ခင်ငြိမ်း၊ အမိ ဒေါ်လှယဉ်တို့ က မွေးဖွားခဲ့ပြီး ဟန်လေးသည် မွေးချင်း ၆ ယောက်အနက် ပဉ္စမမြောက်သား ဖြစ်သည်။
ရှမ်းတိုင်းရင်းသား ပန်းချီဆရာ စိုင်းလှမြင့်သိန်း (ခေါ်) (စိုင်းအွန်ဟုလည်း ခေါ်ကြသည့်) ဟန်လေးသည် ၁၉၈၂ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ ရန်ကုန် ပန်းချီ၊ ပန်းပုကျောင်းတွင် ပန်းချီပညာ သင်ယူခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် တောင်ကြီးမြို့ရှိ မြသုခ ရုပ်ရှင်ရုံ၌ အော်ပရေတာအလုပ် ဝင်ရောက်လုပ်ကိုင်ရင်း ရုပ်ရှင်၊ ပန်းချီပိုစတာများ စတင် ရေးဆွဲခဲ့သည်။
“ရုပ်ရှင် ပိုစတာတွေ ရေးချိန်မှာ တလကို လခ ၅၀၀ ရတယ်။ အဲဒီတုန်းက လစာကို လစဉ် ထုတ်မပေးဘဲ၊ စုပြီး ထုတ်ပေး တယ်။ အဲဒီလို လစာ စထုတ်ချိန် မြန်မာပြည်မှာ ငွေဖျက်သိမ်းချိန်နဲ့ သွားကြုံတယ်။ ဦးဦးဖျားဖျားရတဲ့ လခတွေ ၂ ကြိမ် လောက် ပါသွားတော့ တော်တော် ခံစားရတယ်။ အဲဒီ ခံစားချက်တွေကို ကာတွန်းနဲ့ ဖော်ထုတ်ခဲ့တယ်” ဟု ဟန်လေးက ၂၀၁၈ ခုနှစ်တွင် ဧရာဝတီနှင့် အင်တာဗျူး၌ ပြောခဲ့သည်။
ဟန်လေး၏ လက်ရာများကို သဘောကျသဖြင့် ဦးခွန်ဆိုင်း၊ ဦးစိန်ကြည်တို့၏ မိတ်ဆက်ပေးမှုကြောင့် ၎င်းအား ဧရာဝတီသို့ ဖိတ်ခေါ်ခဲ့သည်
ထိုအချိန်က နိုင်ငံခြားမှ ကယ်ရီကေးချား ကာတွန်းများကို သဘောကျသည့် ဟန်လေးသည် လူငယ်ပီပီ သူ၏ စိတ်ထွက် ပေါက်အနေဖြင့် ကာတွန်းတချို့ ရေးဆွဲကာ ဓာတ်တိုင်များ၊ အိမ်ဝင်းနံရံများတွင် လိုက်ကပ်ကာ နိုင်ငံရေး လှုပ်ရှားမှုများ စတင်ခဲ့သည်ဟု ဆိုသည်။
ယင်းနောက် ၁၉၈၈ ခုနှစ်၊ ကိုဘုန်းမော် ကျဆုံးပြီးနောက် ဟန်လေးသည် MTA (Mong Tai Army) သို့ ဝင်ကာ တောခိုခဲ့ သည်။ ထိုနေရာတွင် ဟန်လေးသည် ထိုင်း-မြန်မာ နယ်စပ်ရှိ ရှမ်းသံတော်ဆင့် သတင်းဌာနမှ ဦးခွန်ဆိုင်း၊ ဦးစိန်ကြည်တို့ထံ သတင်းပညာ သင်ကြားရင်း ကာတွန်း ရေးဆွဲမှုကို စတင်ခဲ့သည်။
“သူစပြီး နာမည်ကြီးတာ ကျနော် ရှမ်းလိုရေးတဲ့ Legend နဲ့ History ပေါင်းစပ်ထားတဲ့ စာအုပ်တအုပ်။ ကျနော်က ရှမ်းလို ရေးတယ်၊ သူက ရုပ်ပုံရေးဆွဲပေးတယ်။ အဲဒီစာအုပ်ကို ဦးစိန်ကြည်က ပြန်ရိုက်ပြီး မြို့ထဲ ယူသွားတဲ့အခါ အပစ်ရပ် ခေါင်း ဆောင် ဗိုလ်ချုပ် ကိုင်ဖနဲ့ တွေ့ပြီး သဘောကျတာနဲ့ ရိုက်ပြီး ဝေငှရာကစလို့ စာအုပ်ကော၊ သူကော နာမည်ကြီး သွားတယ်” ဟု ဦးခွန်ဆိုင်းက ဧရာဝတီသို့ ပြောသည်။
ထိုသို့ နာမည်ကြီးလာပြီးနောက် ၎င်းသည် ဟန်လေးဟု အမည်မတွင်ခင် ရှမ်းနာမည် တမျိုးဖြင့် ကာတွန်းများ ရေးဆွဲခဲ့ရာ လစဉ်စာစောင်များတွင် သူ၏ ကာတွန်းရေးချက်များက တဖြည်းဖြည်း လူသိများလာခဲ့သည်။ ဟန်လေးဆိုသည့် ကလောင်အမည်ကို သတင်းစာဆရာကြီး ကြေးမုံ ဦးသောင်းက ပေးခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းအပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ဧရာဝတီ သတင်းဌာနတွင် ဟန်လေး ကာတွန်း ရေး ဖို့ အကြောင်းဖန်လာခဲ့သည်။ ဧရာဝတီ သတင်းဌာန တည်ထောင်သူ ကိုအောင်ဇော်က ဟန်လေး၏ လက်ရာများကို သဘောကျသဖြင့် ဦးခွန်ဆိုင်း၊ ဦးစိန်ကြည်တို့၏ မိတ်ဆက်ပေးမှုကြောင့် ၎င်းအား ဧရာဝတီသို့ ဖိတ်ခေါ်ခဲ့သည်ဟု ဆိုသည်။
ဧရာဝတီ သတင်းဌာန တည်ထောင်သူ ကိုအောင်ဇော်က “အဲဒီအချိန်က Morgan Chua ရဲ့ ကာတွန်းတွေက အရှေ့တောင် အာရှမှာ နာမည်ကြီး ကာတွန်းတွေပေါ့။ အရမ်းပြောင်မြောက်တယ်။ အဲဒါတွေ ကိုဟန်လေးကို ပြပြီး ဒါမျိုးတွေ ဆွဲရအောင် ပေါ့။ နောက်ပိုင်း သူအချိန်ပေး ဆွဲလာတာနဲ့အမျှ သူက နိုင်ငံရေး ဓာတ်ခံလည်း ရှိပြီးသားဆိုတော့ ကျနော်တို့နဲ့ ပေါင်းမိ သွားတယ်။ ဧရာဝတီနဲ့ ဟန်လေးက ခွဲမရဘူး” ဟု ပြောသည်။
Morgan Chua သည် “Far Eastern Economic Review” (အရှေ့တောင်အာရှ ဒေသတွင်း စီးပွားရေး မဂ္ဂဇင်း) တွင် Political ကာတွန်းများ ရေးဆွဲသော စင်ကာပူ ကာတွန်းရေးဆရာ ဖြစ်သည်။ သူသည် အရှေ့တောင်အာရှ၏ နာမည်ကျော် ကာတွန်းရေးဆရာတယောက် ဖြစ်သည်။
ဟန်လေးဟု အမည်မတွင်ခင် ရှမ်းနာမည် တမျိုးဖြင့် ကာတွန်းများ ရေးဆွဲခဲ့ရာ လစဉ်စာစောင်များတွင် သူ၏ ကာတွန်းရေးချက်များက တဖြည်းဖြည်း လူသိများလာခဲ့သည်။
ထိုအချိန်မှစကာ ဧရာဝတီနှင့် ဟန်လေး၊ ဟန်လေးနှင့် ဧရာဝတီ ခွဲခြားမရအောင် ဟန်လေး၏ နိုင်ငံရေး သရော်ချက် ကာတွန်းလက်ရာများသည် ပြည်ပနိုင်ငံများက လက်ခံအားပေးသည်အထိ ဖြစ်လာခဲ့သည်။
ဧရာဝတီ သတင်းဌာနအနေဖြင့်လည်း မြန်မာပြည်အရေး၊ နိုင်ငံတကာနှင့် ဒေသတွင်းမှ ဆက်နွှယ်မှုများကို ရေးဆွဲ တင်ပြ နိုင်အောင် ဟန်လေးနှင့် အယ်ဒီတာများအကြား အိုင်ဒီယာကို ဆွေးနွေးကာ ကာတွန်းများ ရေးဆွဲစေခဲ့သည်။
“ကျနော်တို့ ဆွဲခိုင်းတဲ့ဟာတိုင်း သူကြိုက်မှ ဆွဲတာ။ သူ့အိုင်ဒီယာကို ရဲရဲဝံ့ဝံ့ ဆွဲတယ်။ သူနဲ့ ကျနော် အမြဲ ဆွေးနွေးတဲ့ အချိန်တိုင်းမှာ တခါတလေကျရင် ကျနော် ပြောတာနဲ့ သူဆွဲတာနဲ့ ပေါင်းစပ်လိုက်ရင် ပိုကောင်းသွားတာ ရှိတယ်။ အဲဒီတုန်းက ပြည်တွင်းကို ပွင့်ပွင့်လင်းလင်း ဖြန့်ခွင့်မရတဲ့ ကာလပေါ့” ဟု ကိုအောင်ဇော်က ပြောသည်။
ထိုအချိန်မှစကာ ဧရာဝတီနှင့် ဟန်လေး၊ ဟန်လေးနှင့် ဧရာဝတီ ခွဲခြားမရ
ဆက်ပြီး ကိုအောင်ဇော်က “တခါတလေ သူကိုယ်တိုင် ဘာဆွဲရမှန်းမသိ၊ အိုင်ဒီယာ ခမ်းခြောက်တဲ့အခါ ၁ နာရီ၊ ၂ နာရီလောက် စကားထိုင်ပြောပြီး ဆွေးနွေးကြတယ်။ တခါတလေကျ သိပ်ကောင်းတဲ့ မဂ္ဂဇင်းကာဗာ အဖုံးတွေ၊ ထိထိမိမိနဲ့ မက်ဆေ့ချ် ပေးနိုင်တဲ့ အဖုံးတွေ သူဆွဲနိုင်တယ်” ဟု မှတ်ချက်ပြုသည်။
ဟန်လေးသည် ဧရာဝတီနှင့် လက်တွဲလုပ်ကိုင်သည့် အချိန်များတွင် သူ ဖန်တီးရေးဆွဲသည့် Editorial ကာတွန်းများကို အယ်ဒီတာများနှင့် အပြန်အလှန် ဆွေးနွေးကာ ပုံကြမ်းကို အရင်ပြသပြီး ပုံချောရဖို့ ဆက်လက် ဆွေးနွေးလေ့ ရှိသည်။
“သူနဲ့ ကျနော်တို့ကြားမှာ တကယ်ကို Quality (တန်ဖိုးရှိတဲ့) အချိန်တွေ ကုန်ဆုံးခဲ့တယ်။ သူနဲ့ ဧရာဝတီ ကြားမှာ အဆက် ပြတ်သွားတာ မရှိဘူး။ အနုပညာ သံယောဇဉ်ကော၊ မိတ်ဆွေ သံယောဇဉ်ကော အပြည့်နဲ့ နေသွားတာ အခုထိပါပဲ” ဟု ကိုအောင်ဇော်က ဖြည့်စွက် ပြောသည်။
ထိုအချိန်က ဧရာဝတီသည် အင်္ဂလိပ်ဘာသာနှင့် လစဉ် မဂ္ဂဇင်းကို ထုတ်ဝေနေသောအချိန် ဖြစ်သည်။ ကာတွန်း ဟန်လေး ရေးဆွဲသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရုပ်ပြောင်ပုံ၊ ဗိုလ်ချုပ် မောင်အေးပုံ၊ ဗိုလ်ချုပ် ခင်ညွှန့်ပုံ စသည့် ကယ်ရီကေးချား ပုံများသည် ပရိသတ်များ နှစ်ခြိုက်သည့် ရုပ်ပြောင်ကာတွန်းများ ဖြစ်ခဲ့သည်။
အထူးသဖြင့် မီးမှန်အောင်မပေးနိုင်သည့် အခြေအနေတွင် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်နေကြောင်း ပြောဆိုနေသည့် ဗိုလ်ချုပ်မှူးသန်းရွှေနှင့် ပတ်သက်၍ သရော်ထားသော ကာတွန်းမှာ ခေတ်ကိုထင်ဟပ်စေသဖြင့် ကြည့် ရသူအဖို့ ရယ်ရွင်ဖွယ်ကောင်းသည့် ဟာဒယကို ပေးနိုင်သည်ဟု ဆိုရမည်။
ထို့အပြင် ဟန်လေးသည် အာဆီယံ၊ UN တို့ မြန်မာပြည် လာပြီး မအောင်မြင်သည့် ခရီးစဉ်တို့ကို သရော်ရေးဆွဲသည့် ကာတွန်းများလည်း လူကြိုက်များလှသည်။ မြန်မာပြည်၏ ငြိမ်းချမ်းရေး၊ ပြည်တွင်းစစ်နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတို့နှင့် ပတ်သက်သော ကာတွန်းများသည်လည်း ပြောင်မြောက်လှသည်။
ထိုအချိန်က စစ်အစိုးရနှင့် အိမ်နီးချင်း နိုင်ငံများ၏ ဆက်ဆံရေးကို သရော် လှောင်ပြောင်ကာ ရေးဆွဲခဲ့သည်။ ဧရာဝတီ အင်္ဂလိပ် မဂ္ဂဇင်းတွင် ဟန်လေး ရေးဆွဲသည့် “နေပြည်တော်သို့ ရွှေ့သည့် ကိစ္စ”၊ “တရုတ်ဂက်စ် ပိုက်လိုင်း ကိစ္စ” စသည့် မျက်နှာဖုံးများသည် သူပေးချင်သည့် မက်ဆေ့ချ်ကို ထိထိမိမိ ပေးနိုင်ခဲ့သည့် Editorial မျက်နှာဖုံး ကာတွန်းများ ဖြစ်ခဲ့သည်။
ဟန်လေး၏ ကာတွန်းများကို စုစည်းကာ ဧရာဝတီမှ “Defiant Humor” အမည်ဖြင့် နိုင်ငံရေး သရော်ချက် ကာတွန်းများ စုစည်းမှု စာအုပ် Part 1 နှင့် Part 2 ထုတ်ဝေခဲ့ရာ အဆိုပါ စာအုပ် ၂ အုပ်သည် နိုင်ငံတကာအထိ ပေါက်ရောက် အောင်မြင်ခဲ့သည်။
ထိုစာအုပ်ဖြင့် ကာတွန်း ဟန်လေးသည် ၂၀၁၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်အခြေစိုက်၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ပေးအပ် ချီးမြှင့်သည့် Hellman/Hammett Grant ဆုကို ရရှိခဲ့သည်။
ထိုအချိန်က ပြည်တွင်းတွင် တရားဝင် ဖြန့်ချိခွင့် မရသောကြောင့် ဟန်လေး၏ လက်ရာများကို မြင်တွေ့ချင်သည့် ပရိသတ် များက ထိုစာအုပ်ကို ခိုးဝှက် ဝယ်ယူ စုဆောင်းခဲ့ကြရသည်။
မျက်နှာဖုံးများသည် သူပေးချင်သည့် မက်ဆေ့ချ်ကို ထိထိမိမိ ပေးနိုင်ခဲ့သည့် Editorial မျက်နှာဖုံး ကာတွန်းများ ဖြစ်ခဲ့သည်။
ဟန်လေးသည် ဧရာဝတီနှင့် ၁၀ နှစ်နီးပါး လက်တွဲ လုပ်ကိုင်ခဲ့ပြီး ၂၀၁၁- ၂၀၁၂ ဝန်းကျင်တွင် သူ၏ ဇာတိမြေ ရှမ်းပြည်သို့ ပြန်ကာ ကာတွန်း ရေးဆွဲခြင်း၊ ပန်းချီ ရေးဆွဲခြင်းနှင့် ပန်းပု ထုလုပ်ခြင်း စသည့် အနုပညာ အလုပ်များကို လုပ်ကိုင်ခဲ့သည်။
ဟန်လေး၏ ခံယူချက်သည် ကာတွန်းရေးဆွဲသူများက အခြေခံလူထု၏ စိတ်ခံစားချက်ကို ပေါ်လွင်အောင် ရေးဆွဲသူ များ ဖြစ်ပြီး ကာတွန်းသည် ခေတ်တခေတ်ကို ထင်ဟပ် ပေါ်လွင်အောင် သရော်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဟန်လေး၏ နိုင်ငံရေး သရော်ချက် ကာတွန်းများကို မြန်မာပြည်သူများက ကြိုက်ကြသည်။ ၎င်း၏ ကာတွန်းရုပ်ပုံကို မကြည့် ရဲလောက်အောင် ကြောက်ရွံ့ ပြီး မကြိုက်နှစ်သက်သူများက စစ်အုပ်စု ထောက်ခံသူများ၊ စစ်ဗိုလ်ချုပ် အသိုင်း အဝိုင်းများ နှင့် စစ်တပ်နှင့် ပတ်သက် ဆက်နွှယ်သည့် ခရိုနီများ ဖြစ်ကြသည်။
ကာတွန်းဆရာ တယောက်သည် ပြည်သူများ၏ ခံစားချက်ကို ထုတ်ဖော် ရေးဆွဲခြင်း မဟုတ်ဘဲ၊ ခရိုနီများဘက်က ရပ်တည်ရေးဆွဲပါက အဆိုပါ ရေးဆွဲမှုသည် ကာတွန်း မဟုတ်ဘဲ၊ ဖားခြင်း ဖြစ်သည်ဟု ဟန်လေးက ခံယူထားသည်။
ဟန်လေး၏ လက်ရာများကို မြင်တွေ့ချင်သည့် ပရိသတ်များက ထိုစာအုပ်ကို ခိုးဝှက် ဝယ်ယူ စုဆောင်းခဲ့ကြရသည်။
“သူက မတရားမှုကို သူ့ရဲ့ အနုပညာ၊ သူ့ရဲ့ရပ်တည်ချက်နဲ့ တွန်းလှန်နေတဲ့ ပုဂ္ဂိုလ်ပေါ့။ သူက ကာတွန်းဆရာအပြင်၊ ရှမ်း လူမျိုးတွေရဲ့ သမိုင်းကို ဖော်ဆောင်ပေးတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တယ်။ ရှမ်းအမျိုးသား တဦးအနေနဲ့ လေးစား ဂုဏ်ယူမိ တယ်” ဟု သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ကိုစိုင်းမိန်းက ပြောသည်။
ကာတွန်း ဟန်လေးကို ဆုံးရှုံးသွားသော်လည်း သူဖန်တီးခဲ့သည့် ကာတွန်းများ၊ သူ၏ အနုပညာ လက်ရာများက ဆက်လက် ရှင်သန်နေဦးမည်ဟု ကိုစိုင်းမိန်းက ဆိုသည်။
ကာတွန်း ဟန်လေးကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပင်လုံမြို့ရှိ တိုင်းရင်းသားပေါင်းစုံ သုဿာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။ ဟန်လေး ကွယ်လွန်ချိန်တွင် ဇနီးနှင့် သမီးတဦး၊ သားတဦး ကျန်ရစ်ခဲ့သည်။
You may also like this story:
ဟန်လေး ကွယ်လွန်မှု အပေါ် ကာတွန်းလောကသားတို့၏ ဝမ်းနည်းမှတ်တမ်း