ဆောင်းပါး

ဖုန်ကြားရှင် သို့မဟုတ် မြန်မာစစ်တပ်အတွက် မြင်းကောင်းတစီး ဖြစ်ခဲ့သူ

ကိုးကန့်တပ်ဖွဲ့ဟု လူသိများသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) ၏ တည်ထောင်သူ ဥက္ကဋ္ဌဟောင်း ဦးဖုန်ကြားရှင်(၉၄နှစ်)သည် လူကြီးရောဂါဖြင့် ရှမ်းပြည်မြောက်ပိုင်း တနေရာရှိ MNDAA ဌာနချုပ်တွင် ယမန်နေ့နံနက်ပိုင်းက ကွယ်သွားလွန်ပြီဖြစ်သည်။

ဖုန်ကြားရှင်၊ ဖုန်ကြားဖူး ဆိုသည့် အရှေ့မြောက်ဒေသတွင် နာမည်ကျော်ခဲ့သော ကိုးကန်ညီနောင်တွင် ညီဖြစ်သူ ဦးဖုန်ကြားဖူးမှာ ၂၀၁၇ခုနှစ်က မိုင်းလားမြို့တွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်ခဲ့သလို ၅နှစ်အကြာတွင် အကိုဖြစ်သူ ဦးဖုန်ကြားရှင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တရားဝင် အသိအမှတ်ပြုထားသည့် လူမျိုး ၁၃၅မျိုးတွင် ကိုးကန့်သည်လည်း တိုင်းရင်းသား အဖြစ် ပါဝင်ရာ ဖုန်ကြားရှင်၊ လော်စစ်ဟန်စသည့် သူများသည် ထင်ရှားသည့် ကိုးကန့်ကာကွယ်ရေး ခေါင်းဆောင်များ ဖြစ်သည်။

သတင်းစာဆရာ၊ စာရေးဆရာကြီး သိန်းဖေမြင့်က အရှေ့မြောက်ဒေသသို့ သွားခဲ့စဉ် ကိုးကန့်ကာကွယ်ရေး ခေါင်းဆောင်တဦးဖြစ် သည့် လော်စစ်ဟန်နှင့် တွေ့ဆုံ၍ အနီးကပ်အကဲခတ်ခွင့်ရခဲ့ရာ “ဦးလော်စစ်ဟန်ဟာ စီးရင်လည်း ရဲရဲဝံဝံ ပြတ်ပြတ် သားသား စီးရမယ့် မြင်းဘဲ။ မစီးချင်ရင်လည်း လုံးလုံး ရှောင်ရမယ့် မြင်းဖြစ်တယ်”ဟု ကောက်ချက်ချခဲ့ဖူးသည်။

သို့သော် လော်စစ်ဟန်နှင့် ခေတ်ပြိုင် ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်ကိုမူ ဦးသိန်း ဖေမြင့် မြင်ခွင့် တွေ့ခွင့်မရ၊ တွေ့ခွင့်ရလျှင် မည်သို့ မှတ်ချက်ချမည်ကို မသိ။

ဖုန်ကြားရှင်သည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ တိုက်ခိုက်ရေးမှူးတဦးဖြစ်ခဲ့သလို သူသည် တခြားကိုးကန့်ကာကွယ်ရေး ခေါင်းဆောင်တဦးဖြစ်သည့် လော်စစ်ဟန်ကဲ့သို့ပင် မြန်မာစစ်တပ် အတွက် မြင်းကောင်းတစီးသဖွယ် အသုံးတော်ခံခဲ့ဖူး သည်။

သူ့သည် ၁၉၃၁ ခုနှစ်တွင် ကိုးကန့်ဒေသက ဟုံစွေ့ထူးဟော် ရွာကလေး၌ မွေးဖွားသည်။ ကိုးကန့် စော်ဘွားများ ခေတ်ကောင်းစဉ်(တော်လှန်ရေးကောင်စီ မတက်မီ)က စော်ဘွားကာကွယ်ရေး တပ်တွင် လော်စစ်ဟန်ကဲ့သို့ တပ်မှူးတဦးဖြစ်သည်။

၁၉၅၈ ခုနှစ် ကိုးကန့်စော်ဘွား အာဏာစွန့်ပြီးနောက် စော်ဘွား၏သား ဂျင်မီယန်းဦးဆောင်သည့် ကိုးကန့် တော်လှန်ရေးတပ်ဖွဲ့တွင် ဖုန်ကြားရှင်၊ ဖုန်ကြားဖူးတို့ ညီအစ်ကို ပါဝင်ကာ မြန်မာအစိုးရကို လက်နက်ကိုင် ပုန်ကန် ခဲ့သည်။

၁၉၆၈ခုနှစ်တွင် တရုတ်ပြည်ရှိ အဝေးရောက် ဗမာပြည်ကွန်မြူနစ်ပါတီက နယ်စပ်ဒေသတွင် အခြေခံစခန်းဖွင့် လှုပ်ရှားလာရာ တပ်ရင်းကြီး ၄၀၄ ကို ကိုးကန့်ဒေသတွင် ဖွဲ့စည်းခဲ့ပြီး ဒေသတွင်း စစ်ဘုရင်များဖြစ်သည့် ဖုန်ညီအကို (ဖုန်ကြားရှင်နှင့် ဖုန်ကြားဖူး)တို့ကို စည်းရုံးခဲ့သည်။

ထိုသို့ ဗကပတပ် တည်ဆောက်ရေးအတွက် နယ်စပ်ဒေသ လက်နက်ကိုင်အင်အားများကို အလွယ်တကူ ပြောင်းလဲဖွဲ့ စည်းခြင်းက ဗမာပြည်ကွန်မြူနစ်ပါတီ ကျဆုံးရခြင်း၏ အမှားတခုအဖြစ်ပါဝင်ကြောင်း ဗကပဗဟိုက ၁၉၉၃ခုနှစ်တွင် နိဂုံးချုပ်စာတမ်း တစောင် ထုတ်ကာ သုံးသပ်ထားသည်။

အရှေ့မြောက်ဒေသပြန် ဗကပဟောင်းများအဆိုအရ ဖုန်ကြားရှင်မှာ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် လက်တွဲခဲ့သော်လည်း ပါတီဝင်အဖြစ် လျှောက်ထားခြင်းမရှိဟု သိရသော်လည်း သူသည် အရှေ့မြောက်စစ်ဒေသ ဒုတပ်မှူးအဖြစ် တာဝန် ယူခဲ့ရုံမက ၁၉၇၅ခုနှစ် ဗကပ ဗဟိုကော်မတီတွင် ဖုန်ကြားရှင်မှာ စစ်ရေးအကြံပေး (အရန်ဗဟို ကော်မတီဝင်) တဦး အဖြစ် ပါဝင်ခဲ့ကြောင်း မြန်မာစစ်တပ်မှ ထုတ်ပြန်သည့် တပ်မတော်သမိုင်းကဆိုသည်။

၁၉၈၁ ခုနှစ် ဗကပ တပ်များအား မှားယွင်းသော စီးပွားရှာမှုဖြင့် ကျွေးမွေးခဲ့သည့် ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်က ဖုန်ကြားရှင်ကဲ့သို့သော သူများအတွက် ဘိန်းဖြင့် စီးပွားရှာရေး တရားဝင်ပြုလုပ်ပေးရာ ရောက်ခဲ့သည်။

ဖုန်ကြားရှင်သည် ဗမာပြည်ကွန်မြူနစ်ပါတီ အသိုင်းအဝန်းအတွင်းရှိနေသော်လည်း ဗကပကို ဖြိုခွဲရန် ဗိုလ်မှူးချုပ် ဟောင်း အောင်ကြီးက စေလွှတ်တာဝန်ပေးထားသည့် တခြားသော ကိုးကန့်အုပ်စု ခေါင်းဆောင်ဟောင်း လော်စစ် ဟန်နှင့် ချိတ်ဆက်သည်။

ထိုသို့သာမက ၁၉၈၃ခုနှစ်တွင် တကြိမ် ၁၉၈၇ခုနှစ်တွင် တကြိမ် လွယ်မော်အုပ်စုခေါင်းဆောင် ခွန်ဆာနှင့်လည်း ကောင်း၊ မဟာမိတ် ခေါင်းဆောင်များနှင့်လည်းကောင်း ညှိနှိုင်းခဲ့သလို၊ ညီဖြစ်သူ ဖုန်ကြားဖူးကလည်း တရုတ်ပြည် တွင်းနေ ကိုးကန့် တပ်သားဟောင်း တချို့ကို စုစည်းကာ ဗကပအား ပုန်ကန်ရန် ကြိုးစားခဲ့သည်။

၁၉၈၈ခုနှစ် ပြည်မတွင် မြန်မာ့ဆိုရှယ်လစ်ပါတီအစိုးရ ဖြုတ်ချရေး လှုပ်ရှားမှုများ အကြီးအကျယ်ဖြစ်ပွားပြီးနောက် မကြာမီ ၁၉၈၉ခု မတ်လ ၁၀ရက်တွင် ကိုးကန့်တို့ ဗမာပြည် ကွန်မြူနစ်ပါတီမှ ပုန်ကန်ခွဲထွက်မှု စတင်ခဲ့သည်။ မုန်းကိုးနှင့် ကိုးကန့်ဒေသရှိ စခန်းများကို ထိန်းချုပ်လိုက်ကြ၏။

ထိုသို့ ဗကပအပေါ် ကိုးကန့်တို့၏ ပုန်ကန်မှုကို အခွင့်ကောင်းယူကာ အာဏာသိမ်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေးအဖွဲ့ (နဝတ)က ချက်ခြင်း အပစ်အခတ်ရပ်စဲရေး လုပ်ကာ ကိုးကန့်တို့ ပြောင်းလဲဖွဲ့စည်းခဲ့သည့် မြန်မာ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA)ကို အသိအမှတ်ပြုပြီး ရှမ်းအထူးဒေသ ၁ အဖြစ် သတ်မှတ်ပေး ခဲ့သည်။

ဖုန်ကြားရှင် လမ်းစဉ်ကို လိုက်ကာ ကျောက်ညီလိုင်ခေါင်းဆောင်သည့် ဝအဖွဲ့ကလည်း ခွဲထွက်ခဲ့သည်။

ဦးဖုန်ကြားရှင်မှ အစပြုသည့် ခွဲထွက်ရေးကြောင့် ဗမာပြည် ကွန်မြူနစ်ပါတီပြိုကွဲကာ ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်များ အင်အားချိနဲ့သွားသဖြင့် မြန်မာစစ်တပ်က တောင်ပိုင်းဒေသရှိ ကရင်အမျိုးသားအစည်းအရုံး KNU အပေါ် စစ်အင် အားများ ပိုမိုသုံးကာ စစ်ဆင်ရေးကြီးများ ပြုလုပ်လာနိုင်ခဲ့သည်။

စစ်တပ်နှင့် ငြိမ်းချမ်းရေး ရယူခဲ့သည့် ဦးဖုန်ကြားရှင်က နောက်ပိုင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု များကို တရားဝင် နီးပါး လုပ်ကိုင်ခဲ့သည်ဟု ထိုစဉ်က မှတ်တမ်းများက ဆိုပြီး မူးယစ်ရာဇာတဦးအဖြစ်လည်း ကျော်ကြားသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ သမီး နိုင်ငံရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောက “နဝတ ခေတ်မှာ သူက ဗိုလ်ခင်ညွန့်တို့နဲ့ အတော်အဆင်ပြေတယ်။ လော်စစ်ဟန်တို့ ပွဲစား လုပ်ပေး ပြီး ငြိမ်းချမ်းရေးယူပြီးတော့ ဗိုလ်ခင်ညွန့်နဲ့ အတော်ကိုရင်းနှီးသွားပြီးတော့ နိုင်ငံရေးစကားကိုတော့ နောက် တက်လာ တဲ့ ဒီမိုကရေစီအစိုးရနဲ့ ပြောပေါ့။ သူတို့နဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီး သူလုပ်ချင်တာ လုပ်ခွင့်ပြုလိုက်တာပဲ။ အဲဒီမှာ ဘိန်းတွေအကြီးအကျယ်စိုက်ပြီး တော်တော်ကြီးပွားပါတယ်။ နောက်ပိုင်းတော့ ဘိန်းအစားထိုး သီးနှံ ဆိုပြီး သူတို့လုပ်ပါသေးတယ်” ဟု ဆိုသည်။

၁၉၉၂ ခုနှစ်တွင် ကိုးကန့်အဖွဲ့အတွင်း ရန်မိသားစုမှ ရန်ပုံအန်း၊ ရန်မိုးလျန်တို့က ဦးဖုန်ကြားရှင်တို့ကို ပုန်ကန်ခဲ့ရာ ဖုန်မိသားစု အရေးနိမ့်၍ ကိုးကန့်ဒေသကို ယာယီစွန့်ခွာခဲ့ရသော်လည်း ၁၉၉၄ ခုနှစ်ခန့်တွင် ကိုးကန့်ဒေသသို့ ပြန် လည် အခြေချခဲ့သည်။

၁၉၉၉ ခုနှစ် မတ်လက ကိုးကန့်ဒေသ ငြိမ်းချမ်းရေး ၁၀ပြည့် အခမ်းအနားတွင် ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်နှင့် ဗိုလ်ချုပ်ကြီး ခင်ညွှန်ု့တို့ကို တွေ့ရစဉ်

သို့သော်လည်း သံလွင်မြစ်အနောက်ခြမ်းရှိ မုန်းကိုးဒေသတွင် မုန်ဆာလ ဦးဆောင်သည့် အဖွဲ့က သီးခြားအဖွဲ့ခွဲပြီး ရပ်တည်နေသဖြင့် ဦးဖုန်ကြားရှင်တို့သည် သံလွင်မြစ်အရှေ့ခြမ်း လောက်ကိုင်၊ ကုန်းကြမ်းဒေသတွင်သာ အခြေစိုက် နိုင်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရက ကိုးကန့်အဖွဲ့ကို နယ်ခြား စောင့် တပ်အဖြစ်အသွင်ပြောင်းခိုင်းရာ ဦးဖုန်ကြားရှင်အဖွဲ့့ လက်မခံခဲ့သဖြင့် နအဖ တပ်များ၏ အင်အားအလုံး အရင်းဖြင့် စစ်ဆင်တိုက်ခိုက်ရာ ကိုးကန့်ဒေသကို လက်လွှတ်၍ သားမက်ဖြစ်သူ ဦးစိုင်းလင်းရှိရာ မိုင်းလားမြို့တွင် ခိုလှုံခဲ့သည်။

ထိုကာလက ကိုးကန့်ဒေသ ထိုးစစ်တွင် စစ်ဆင်ရေးအထူးအဖွဲ့မှူး ရာထူးဖြင့် ကြီးကြပ်ခဲ့သူမှာ လက်ရှိအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖြစ်သည်။

မိုင်းလားတွင် ကိုးကန့်တပ်ဖွဲ့ကို ပြန်လည်စုဖွဲ့ပြီး ၂၀၁၃ ခုနှစ်တွင် သံလွင်မြစ်အနောက်ခြမ်း၌ ပြန်လည်လှုပ်ရှားကာ ၂ နှစ်အကြာ ၂၀၁၅ ခုနှစ်ဖေဖော်ဝါရီလတွင် သံလွင်အရှေ့ခြမ်း ကိုးကန့်ဒေသကို တကျော့ပြန်ဝင်တိုက်သည်။

ထိုစစ်ပွဲသည် ဇွန်လအထိ ၅ လခန့်ကြာမြင့်ပြီး MNDAA၏ တိုက်ခိုက်မှုက မြန်မာစစ်တပ်ကို အထိအခိုက် အကျအဆုံး အများအပြားဖြင့် အထိနာစေခဲ့သည်။

သို့သော်လည်း စစ်တပ်ဘက်က လေကြောင်းနှင့် အမြောက်ပစ်ကူ အပါအဝင် အင်အားအများအပြားဖြင့် ထိုးစစ် ဆင်ခဲ့သောကြောင့် MNDAA တပ်များ နောက်ဆုတ်ခဲ့ရသည်။ သို့သော်လည်း MNDAA သည် ကိုးကန့်ဒေသ မြောက်ပိုင်းအစွန်ရှိ ဟုန်အိုင်ဒေသတွင် အခြေပြုနိုင်ခဲ့သည်။

ဦးဖုန်ကြားရှင်သည် ၂၀၀၉ ခုနှစ်နောက်ပိုင်းမှ စတင်ကာ MNDAA တွင် ပါဝင်တာဝန်မယူတော့ဘဲ၊ နာယက အဖြစ်သာ ရှိခဲ့သည်။ လက်ရှိ MNDAA ၏ဥက္ကဋ္ဌ နေရာကို ဦးဖုန်ကြားရှင်၏ သားဖြစ်သူ ဖုန်တာရွှင်က တာဝန်ယူပြီး အတွင်းရေးမှူး အဖြစ် သားမက်ဖြစ်သူ ဦးထွန်းမြတ်လင်းက တာဝန်ယူနေသည်။

ထို့ကြောင့် ဦးဖုန်ကြားရှင် ကွယ်လွန်သွားသော်လည်း MNDAA အပေါ် စစ်ရေး၊ နိုင်ငံရေး သက်ရောက်မှု ကြီးကြီး မားမား မရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

ပုဂ္ဂိုလ်ရေးအရည်အချင်းပိုင်းတွင် ဦးဖုန်ကြားရှင်သည် အုပ်ချုပ်ရေးနှင့် စည်းရုံးရေး စွမ်းရည်တွင် ကောင်းမွန်ပြီး ၎င်း၏ ညီဖြစ်သူ ဦးဖုန်ကြားဖူးသည် စစ်ရေးနှင့် တိုက်ခိုက်ရေးတွင် ကောင်းမွန်ကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်တွင်ကျရောက်သည့် အသက် ၉၄ နှစ်ပြည့်မွေးနေ့ကလည်း ဦးဖုန်ကြားရှင် သည် မွေးနေ့အထိမ်းအမှတ်အဖြစ် တရုတ်ဘာသာဖြင့် နှုတ်ခွန်းဆက်စကား ပြောခဲ့ရာ ၎င်း၏ ပြောစကားများကို MNDAA ၏ The Kokang သတင်းဌာနက Facebook တွင် ဖော်ပြခဲ့သေးသည်။

၎င်းက မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ခြင်းသည် စစ်တပ်၏ သရုပ်မှန်ကို ဖော်ပြလိုက်ခြင်းဖြစ်ပြီး အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များသည် တနေ့တခြား ပိုမို အင် အားကောင်းလာ နေကြောင်း ပြောသည်။

စွမ်းအားသည် သေနတ်တလက်မှလာပြီး မြန်မာစစ်တပ်သည် အထီးကျန်ဆန်နေကာ နိုင်ငံတကာက ပြင်းထန်စွာ ပိတ်ဆို့အရေးယူထားရုံသာမက၊ ပြည်တွင်း၌လည်း အမြစ်နှင့်ရေမရှိသော သစ်ပင်ကြီးကဲ့သို့ ဖြစ်လာနေကြောင်း ဦးဖုန်ကြားရှင်က ဆိုသည်။

ထို့ကြောင့် မြန်မာစစ်တပ်၏ ကျဆုံးခြင်းသည် ရှောင်လွှဲ၍ မရဘဲ၊ အနှေးနှင့် အမြန်ဆိုသလိုပင် ရောက်လာလိမ့်မည် ဖြစ်ကြောင်း ၎င်းက ဟောကိန်းထုတ်သည်။

ထိုသို့ သူက မြန်မာစစ်တပ်အပေါ် ဟောကိန်းထုတ်သော်လည်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူကွယ်လွန်မှု အပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာ ယမန်နေ့ပေးပို့ခဲ့သည်ကို တွေ့ရသည်။

လက်ရှိတွင် ဦးဖုန်ကြားရှင်၏ ဈာပနအခမ်းအနားပြုလုပ်ရန် MNDAA တပ်ဖွဲ့ဝင်များက စီစဉ်နေပြီး MNDAA ၏ ညီနောင်မဟာမိတ်အဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်မည်ဟု သိရသည်၊

Loading