“ပဲကြီးခင်းတွေက ရင့်မှည့်နေပြီ သိမ်းချိန်လည်းရောက်နေပြီ။ အဲ့ဒါကို အခုလို မီးရှို့ခံလိုက်ရတာ။ လူကတော့ လွတ်အောင်ပြေးနိုင်ခဲ့ပေမယ့် စိုက်ခင်းတွေကတော့ ဖျက်ဆီးခံလိုက်ရတယ်” ဟု စိုက်ခင်းတွေ မီးရှို့ခံရသည်ကို မျက်မြင် တွေ့ရှိခဲ့သူ ရွာသားတဦးက ပြောသည်။
အဆိုပါ ရွာသည် ပျူစောထီးများ ကြီးစိုးသည့် ကျောက်ခဲတဲ့ရွာအနီးရှိ သင်းဖျူးရွာဒေသခံများပိုင်သည့် ပဲကြီးခင်းများ ဖြစ်ပြီး မတ်လ ၂ ရက်နေ့ ညနေပိုင်းအချိန်တွင် မီးရှို့ခံရခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမှုကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်နေသည့် ဒေသများထဲတွင် စစ်ကိုင်းတိုင်းလည်း အပါအဝင်ဖြစ်ပြီး စစ်ကောင်စီတပ်များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားလျက်ရှိသည်။
ဒေသခံများသည် နေ့စဉ်နှင့် အမျှ အသက်ဘေးမှ ကင်းလွတ်အောင် ပြေးလွှားနေရသလို စစ်ကောင်စီက ရွာလုံးကျွတ် မီးရှို့ခြင်းများ၊ စိုက်ပျိုးသီးနှံများကို မီးရှို့ဖျက်ဆီးခြင်း၊ သိုလှောင်ထားသည့် စပါးကျီများ၊ ပဲများကို မီးရှို့ခြင်းအပါအဝင် လူသတ်မီးရှို့ခြင်းများ၊ ဗုံးကြဲခြင်းများနှင့် အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်းများ လုပ်ဆောင်နေသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ဒုက္ခများနှင့် ရင်ဆိုင်နေရသလို နောက်ထပ် အကျိုးဆက် တခုဖြစ်သော ငွေကြေးဖောင်း ပွမှုကြောင့် ကုန်ဈေးနှုန်းများ မြင့်လာပြီး လုပ်သားခများ၊ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်း အပြင် လယ်ယာ လုပ်ငန်း ခွင်တွင် မရှိမဖြစ် အသုံးပြုရသော ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးများနှင့် သီးနှံမျိုးစေ့များ မြင့်တက်နေသည့် ကြားမှ ခက်ခက်ခဲခဲ စိုက်ပျိုးထားသော သီးနှံများကို စစ်ကောင်စီတပ်များနှင့် ပျူစောထီး ဆိုသူများက မီးရှို့ ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများ ထံက သိရသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရွာလုံးကျွတ်နီးပါး မီးရှို့ခံလိုက်ရသည့် ချင်းပုန်းရွာက ကြက်သွန်၊ နေကြာစိုက်ပျိုးသည့် တောင်သူ ဦးသိန်း (အမည်လွဲ) က “ကျနော်တို့ဆီက ကြက်သွန်တို့ နေကြာတို့ပဲ စိုက်ပျိုးကြတာ။ နေကြာတွေကတော့ စိုက်ခင်းတွေ ပြန်သိမ်းတဲ့ အချိန်ပေါ့ဗျာ။ ကြက်သွန်ကတော့ မသိမ်းရသေးဘူး။ အဲ့ဒါတွေက ပါသွားတာပေါ့။ ဆုံးရှုံးသွား တာ ဘာမှကို မကျန်တော့တာ။ လူတောင်ဖြစ်သလို နေရတာ။ ခက်ခဲကြမ်းတမ်းဆို လောလောဆယ် သူများ ထောက်ပံ့တာလေးနဲ့ စားလို့တော့ ရတာပေါ့ဗျာ။ ဒါပေမယ့် နေစရာက မရှိဘူး။ အိမ်လည်းပြာပုံပဲ သီးနှံစိုက်ခင်းတွေလည်း မီးလောင်သွားပြီ”ဟု ဧရာဝတီသို့ ပြောပြသည်။
တောင်သူလယ်သမား အများစုသည် ရိတ်သိမ်းပြီးသား သီးနှံများကို မိမိအိမ်တွင် သိုလှောင်ထားကြပြီး နေအိမ်များ မီးရှို့ခံရသည့် အခါ ယင်းသီးနှံများပါ မီးထဲ ပါသွားခြင်းများ ရှိသလို အချို့မှာ ရိတ်သိမ်းခါနီး သီးနှံစိုက်ခင်းများကို မီးရှို့ ဖျက်ဆီးခြင်း၊ စပါးကျီ၊ ပဲ အစရှိသည့် သိုလှောင်ထားသည့် တဲများကို မီးရှို့ခံရခြင်းများ ရှိသည်။
“ကြက်သွန်တို့ ဘာတို့ဆိုရင် ကုန်ကျစရိတ်က တဧကကို ကျပ် ၁၅ သိန်းလောက် စရိတ်ရှိတယ်။ ပြန်ပြီး စိုက်ပျိုးဖို့ရာက မလွယ်ပါဘူးဗျာ။ ကျနော်တို့က ဘာမှကို အရင်းအနှီးမရှိတော့ဘူး။ သူများထောက်ပံ့မှ စားရတဲ့ နေရတဲ့ ဘဝဖြစ်သွားပြီ။ ကျနော်တို့ ကိုယ်တိုင် ပြန်ဖန်တီးဖို့က ဘယ်လိုမှ မလွယ်တော့ဘူး။ ၁၂ ဧကလောက်ပါသွားတယ်” ဟု ဦးသိန်းက ဝမ်းပန်းတနည်း ပြောပြရှာသည်။
ဦးသိန်းတို့ရွာသည် တရွာလုံးလိုလိုက ကြက်သွန်ကို အဓိက စိုက်ပျိုးကြပြီး ဆီထွက်သီးနှံဖြစ်သော နေကြာကိုလည်း စိုက်ပျိုးကြသည့် တောင်သူများဖြစ်ကာ အိမ်ခြေ ၂၅၀ ကျော် ရှိသည့် ရွာကြီး ဖြစ်သည်။
ရွာ၏ အိမ်ခြေ ၂၀၀ ကျော်မှာ မီးရှို့ခံလိုက်ရပြီး ပြာပုံပေါ်တွင် အများသူငှာ လှူဒါန်းမှုဖြင့် ဖြစ်သလို စားသောက်ကာ အဆင်ပြေသလို နေထိုင်နေရကြောင်း သိရသည်။
“ကျနော်အိမ်လည်းပါသွားတယ်။ ဘာမှမကျန်ဘူးဗျာ မီးရှို့သွားတာ။ ကျနော်တို့က ရိုးရိုးသားသား လုပ်ကိုင် စားသောက်တဲ့ တောင်သူတွေပါ ဗျာ။ ကျနော်တို့ ရွာက PDF ရွာလည်း မဟုတ်ပါဘူး။ အဲ့ဒါကို သူတို့က သူပုန်ရွာလို့ သတ်မှတ်ပြီး မီးရှို့သွားတာ။ သူတို့ကို အာခံတော်လှန်ဖို့လည်း ကျနော်တို့လက်ထဲ ဘာမှလဲ မရှိပါဘူး” ဟု ဦးသိန်းက မီးလောင်သွားသည့် အိမ်၏ ပြာပုံပေါ်တွင် ထိုင်ကာ ပြောပြနေသည်။
ယခုအချိန်တွင် ရွာသို့ ပြန်၍ ရသော်လည်း စစ်ကြောင်းထိုးလာသည့် သတင်းရပါက မိသားစုနှင့်အတူ ရွာရှိ လူကုန် ထွက်ပြေးကြရသည်။ ဒေသခံ တောင်သူများအပေါ် စစ်ကောင်စီ၏ ရက်စက်မှုကိုမကျေနပ်ကြသော်လည်း အားမတန်၍ မာန်လျှော့နေရသည့် အခြေအနေဖြစ်ကြောင်း ရှင်းပြသည်။
ထို့ပြင် တချို့ တောင်သူများက ၎င်းတို့၏ သီးနှံများ ရိတ်သိမ်း ခူးဆွတ်ချိန်ရောက်ရှိနေသော်လည်း ရွာနီးပတ်ဝန်းကျင်တွင် ပျူစောထီးရွာများ ရှိသောကြောင့် သီးနှံများ မရိတ်သိမ်းရဲသည့် အခြေအနေများရှိနေသည်။
မင်းကင်းမြို့နယ် ဒေသခံ ရွာသားတဦးက “စာသင်ကျောင်းထဲမှာ ရှိသမျှ မိသားစုတွေ အဆင်မပြေတာနဲ့ ကိုယ့်မီးလောင် ထားတဲ့ ပြာပုံပေါ်မှာ တဲလေးတွေ ထိုးနေကြမယ်ဆိုပြီး ကျနော်တို့ တိုင်လုပ်ဖို့ တောထဲသွားခုတ်တာ ကျူပင်ရွာနားမှာ သွားခုတ်တာ အဲ့အချိန်မှာ စစ်ခွေးတွေ တက်လာလို့ ကျနော်တို့ သွားကြည့်တဲ့အချိန် တောထဲနေတဲ့ တဲအိမ် ၂ လုံးနဲ့ ပဲကြီးခင်းတွေကို မီးလောင်နေတာတွေ့ရတယ်။ ဘယ်လောက် ပမာဏရှိပြီး ဘယ်လောက်များတယ်ဆိုတာ မသိရပေမယ့် တော်တော်တော့များတယ်”ဟု ပြောပြသည်။
အဆိုပါရွာသည် ပျူစောထီး ရွာနှစ်ရွာကြားတွင် ရှိနေသည့် အတွက် တိုက်ပွဲများဖြစ်နေသဖြင့် မိမိတို့ စိုက်ပျိုးထားသည့် သီးနှံများကို ပြစ်ပြီး စစ်ဘေးရှောင်ကြခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ကျနော်တို့ တောသူတောင်သားတွေရဲ့ ဘဝတွေက ပဲတို့ နှမ်းတို့ စပါးတို့ပဲ စိုက်ပျိုးပြီး စားသောက်နေရတာ။ အခုဒါတွေ ဖျက်ဆီးခံရတော့ သွားပြီပေါ့။ စောစောတုန်းက ပြေးနေရတာ အခုကတော့ အိမ်လည်း မီးလောင်၊ စိုက်ခင်းတွေလည်း မီးလောင်ပျက်ဆီးသွားပြီ။ အနှစ်နှစ်အလလ စုဆောင်းခဲ့ရတာတွေကို နာရီပိုင်းအတွင်းမှာ ဖျက်ဆီးခံရတာ” ဟု ၎င်းက ဆက်၍ ရှင်းပြသည်။
အာဏာသိမ်း စစ်ကောင်စီက စစ်ကိုင်းတိုင်း အတွင်းရှိ ရွာများကို PDF များထောက်ပံ့သည်၊ ရှိသည်ဆိုသည့် စွပ်စွဲချက်များဖြင့် ဒေသခံများ၏ နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်း၊ စိုက်ခင်းများကို ဖျက်ဆီးခြင်း၊ စပါးကျီများ မီးရှို့ခြင်းနှင့် လေယာဉ်နှင့် ဗုံးကြဲခြင်းများအထိ လုပ်ဆောင်နေကြောင်း သိရသည်။

ထို့ပြင် ပြည်သူများ၏ ရှာဖွေစုဆောင်းထားသည့် ပစ္စည်းများကို ဖျက်ဆီးသည်သာမက လူကို အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်ခြင်း၊ PDF ဟု စွပ်စွဲချက်များနှင့် ဖမ်းဆီးနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများအထိ ပြုလုပ်လျက် ရှိနေသည်ဟု ဒေသခံများက ဆိုသည်။
ဒေသခံကာကွယ်ရေး တပ်ခေါင်းဆောင်တဦးက “ကျနော်တို့ တော်လှန်ရေးသမားတွေ ရွာထဲမှာ မတိုက်ဘူး။ မနိုင် ရင်ပြေး မယ်။ လိုအပ်ရင် ခံချမယ်။ ထိုးစစ်ဆင်ရင်လည်း ဆင်မယ်။ လက်နက်ကိုင်က လက်နက်ကိုင် အချင်းချင်းပဲ လုပ်ကြပါ။ အခုက တကယ့်ကို အိမ်နဲ့ မနေဘူးတဲ့ ကောင်တွေ၊ တကယ့်ကို လူစိတ်မရှိတဲ့ကောင်တွေ၊ လူမဟုတ်တော့ဘူး။ တအား မိုက်ရိုင်းသွားပြီ။ ပြည်သူတွေပေါ်မှာ အသက်အိုးအိမ် စည်းစိမ်တွေရော လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေရော အကုန်လုံးကို ပတ်ရမ်းပြီးတော့ လုပ်နေတာက ကျနော်တို့ အတွက် မမေ့နိုင်စရာတွေဖြစ်နေပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ယခုလို စိုက်ခင်းများ ဖျက်ဆီးခံရသည့် တောင်သူများအနေနှင့်လည်း အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်များအပါအဝင် စိုက်ပျိုး သီးနှံများမှ စားသောက်စရာပင် မကျန်သည့် အခြေအနေများကြောင့် လာမည့်ရာသီတွင်လည်း စိုက်ပျိုးမှုကို လုပ်နိုင်တော့မည် မဟုတ်ကြောင်း တောင်သူများထံက သိရသည်။
ယင်းအပြင် လယ်ယာထွက်ကုန် အဓိက တင်ပို့နေသောနယ်စပ်ဂိတ်ပေါက်များမှာလည်း လက်ရှိအချိန်တွင် ကိုဗစ်ကပ်ရောဂါ အကြောင်းပြချက်ဖြင့် ဖွင့်လိုက်၊ ပိတ်လိုက် ဖြစ်နေခြင်းကလည်း တောင်သူ လယ်သမားများအတွက် အခက်တွေ့စေသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ ဖရဲ၊ ပဲ၊ နှမ်းစိုက်ပျိုးသူ တဦးက “ဒီနှစ်ကတော့ လုံးဝမကိုက်ဘူး။ ဈေးတွေက အရမ်း မြင့် တော့လေ။ ဖရဲကတော့ နှစ်တိုင်းနဲ့ စာရင် ဒီနှစ်က မကျန်ဘူးပေါ့။ အရင်နှစ်က ကျပ်သိန်း ၁၀၀ လောက်ကျန်ရင် ဒီနှစ်ကတော့ ကျပ် သိန်း ၂၀ နဲ့ ၃၀ ပဲကျန်တယ်။ ဒါက ကျနော်က အချိန်မီလို့ မကျန်တဲ့သူတွေလည်း ရှိတယ်။ ဒီနှစ်ကတော့ အရှုံးတော်တော် များတယ်။ တရုတ်က တင်ပို့ရတာအဆင်မပြေဘူး။ အချိန်တွေ အရမ်းကြာတော့ ရှုံးတာပေါ့။ ပြည်တွင်းမှာက မဖြုန်းနိုင်ဘူးလေ”ဟု ဧရာဝတီသို့ ပြောသည်။
သွင်းအားစုများဖြစ်သော ဓာတ်မြေဩဇာ၊ မြေဆီ၊ ပိုးသတ်ဆေး၊ အသီးအားဆေး၊ ရွက်ဖျန်းအားဆေး အစရှိသည့် တို့အပြင် စက်သုံးဆီဈေးနှုန်းများပါ အဆမတန် မြင့်တက်မှုများအကြောင့် လာမည့် နှစ်တွင်လည်း စိုက်ပျိုးထုတ်လုပ်မှုကို လျော့ချ သွားရမည့် အခြေအနေများ ဖြစ်နေသည်။
မုံရွာမြို့နယ်က စိုက်ပျိုးတောင်သူ တဦးက “လယ်မှ မစိုက်လည်း လုပ်စရာ အလုပ်က မရှိတော့ စိုက်တော့စိုက်မယ်၊ နည်းမယ်ပေါ့ဗျာ။ ခါတိုင်း ၁၀ ဧကလောက် စိုက်ရင် ဒီနှစ်တော့ ၁ ဧက၊ ၂ ဧကလောက်ပဲပေါ့။ ရောင်းဖို့ ဘာညာကလည်း အခုက နိုင်ငံရေးရော ကိုဗစ်ရောဆိုတော့ ဈေးကွက် ကလည်း မသေချာဘူး။ ဒါတောင် ကျနော်တို့ နေတဲ့နေရာက နည်းနည်းအေးလို့။ တခြားရွာဘက်တွေမှာ ဆိုရင် အကုန်ပြေး နေရတာ။ လေယာဉ်နဲ့ ဗုံးကြဲလို့ ကြဲ။ ကျနော်အသိတွေဆိုရင် ဗုံးကြဲလို့ ပြေးနေရတယ်။ အိမ်တွေလည်း မီးလောင်။ နွားတွေလည်း မီးလောင်၊ မဲခြောက်ကုန်တာ။ ကျနော်တို့ စစ်ကိုင်းဘက်က စက်နဲ့ထွန်လို့ မရဘူး။ နွားနဲ့ပဲရတာ။ နွားပဲ အားကိုး ရတယ်။ ဒါကို အခုလိုတွေဖြစ်တော့ လှူတာနဲ့ ပဲစားနေရပြီး စိုက်ပျိုးသီးနှံတွေ အကုန်ဆုံးရှုံး ဘဝပျက်ကုန်ပြီ” ဟု လက်ရှိ တောင်သူလယ်သမားများ၏ အခြေအနေကို ရှင်းပြသည်။

တောင်သူလယ်သမားများသည် ဆန်၊ ဆီ၊ ပဲ အပါအဝင် စိုက်ပျိုးသီးနှံများကို တနှစ်စာ မိသားစုစားသောက်ရန်အတွက် သိုလှောင်ထားပြီး ပိုသည့် သီးနှံများကို ရောင်းချကာ အိမ်ဆောက်ခြင်း၊ လှူဒါန်းခြင်း၊ သားသမီးများကို ပညာသင်ပေးခြင်း၊ ကျန်းမာရေးနှင့် လူမှုရေး ကိစ္စအဝဝအတွက် အသုံးပြုကြခြင်း ဖြစ်သော်လည်း ယခုအခါ စစ်ကောင်စီ တိုက်ခိုက်မှုများကြောင့် အရှုံးနှင့် ရင်ဆိုင်ရသလို အများသူငှာလှူသည့် စားသောက်စရာများကို မျှတစွာ စားသောက်နေရ သော အခြေအနေများသို့ ဆိုက်ရောက်နေရပြီ ဖြစ်သည်။
ရန်ကုန်မြို့ရှိ သစ်သီးဝလံစိုက်ပျိုး ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ ရောင်းချသည့် ကုန်သည်တဦးကလည်း “အခုကတော့ ကျနော်ဆို ဆေးဆိုလည်းမဖျန်းတော့ဘူး။ ဓာတ်မြေဩဇာဆိုလည်း မကျွေးတော့ဘူး။ ဘာလို့ဆို ဈေးကွက်မှ မရှိတာကိုး။ အာဏာသိမ်းပြီးထဲက ကျနော်တို့ ဈေးကွက်တွေက ပျောက်သွားပြီ။ ဈေးကွက်က မသေချာတော့ ထပ်တည့်ဖို့ အင်အားတွေ မရှိကြတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာ့ လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံအပါအဝင် စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေရှ့်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ သိရီလင်္ကာ၊ အာဖရိကနှင့် ဥရောပနိုင်ငံများသို့ တရားဝင် တင်ပို့ခြင်းဖြစ်သည်။
သို့သော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဥရောပ ဈေးကွက်တွင် အမှာစာများပျက်ခြင်းများရှိသလို တရုတ်နယ်စပ် ဂိတ်ပေါက် ဖွင့်လိုက်၊ ပိတ်လိုက်ဖြစ်ခြင်းနှင့် ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်မှုကြောင့် သီးနှံစိုက်ပျိုးသူများ အိုးမဲ၊ အိမ်မဲ့ ထွက်ပြေးရခြင်း၊ သီးနှံစိုက်ခင်းများဖျက်ဆီးခံရခြင်းများကြောင့် ဈေးကွက်ပျက်ခဲ့ကြောင်း ကုန်သည်များထံက သိရသည်။
ယခုကဲ့သို ဈေးကွက်မရေရာသည့်အချိန်တွင် လယ်ယာသုံး ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးများ၊ အပင်အားဆေးများ၊ မြေဆီများအပါအဝင် စက်သုံးဆီ ဈေးနှုန်းများ အဆမတန် မြင့်တက်လာသဖြင့် ရင်းနှီးမည့် လုပ်ငန်းရှင်များ လက်တွန့်နေကြ ခြင်းဖြစ်သည်။
အထက်ပါ အခြေအနေများက လယ်ယာစိုက်ပျိုးရေးကို အဓိထား စိုက်ပျိုးထုတ်လုပ်သည့် မြန်မာ့နိုင်ငံတွင် လယ်သမားအများ အရှုံးနှင့် ရင်ဆိုင်နေရသည်ကို မီးမောင်းထိုးပြသည်။
မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် တောင်သူလယ်သမားများ ဖြစ်ကြပြီး နိုင်ငံ၏ အရေးပါသော လူတန်းစား တရပ်လည်း ဖြစ်သည်။
စိုက်ခင်းများ မီးရှို့ခံလိုက်ရသည့် စစ်ကိုင်းတိုင်းမှ တောင်သူတဦးက “ကျနော်တို့ ပြည်သူတွေကတော့ နောက်တရာသီမှာ စိုက်ပျိုး ဖို့ စိတ်အားသန်တာထက် ရောင်းပြီး PDF ကိုပဲ လှူရမယ်။ တိုက်ခိုက်ရေးသမားတွေကို လှူရမယ်။ လက်နက်သာ ဝယ်ကြပါဆိုတဲ့ အနေအထားအထိ စစ်ကောင်စီက တွန်းပို့နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဘယ်လောက် ပိုင်ဆိုင် ပိုင်ဆိုင် စစ်ကောင်စီက လာပြီးဖျက်ဆီးလိမ့်မယ်။ ကျနော်တို့ စိုက်ပျိုးထားတဲ့ ပဲကြီးခင်းတွေ လိုပေါ့ စိုက်ပျိုးထားပေမယ့် လာပြီး မီးရှို့ သွားတာပဲ ကျနော်တို့ နှစ်ပေါင်းများစွာ အိမ်တွေ၊ ယာတွေ အကုန်လုံး မီးရှို့ခံရတာ နာရီပိုင်းပဲလေ ဒါကြောင့် ဒါတွေကို မျှော်လင့်မနေတော့ဘူးဗျာ ကျနော်တို့ မျှော်လင့်ရမှာက တော်လှန်ရေးပဲ တော်လှန်ရေး အောင်ဖို့” ဟု ရှင်းပြသည်။