“ကျနော် CDM ကနေ Non CDM လုပ်ပြီး အလုပ်ထဲ ပြန်ဝင်တာ အမှားကြီး မှားသွားပြီဗျာ”
အဆိုပါစကားကို ဝမ်းနည်းသံဖြင့် ရင်ဖွင့် ပြောကြားလာသူကတော့ မြန်မာ့မီးရထား အင်ဂျင်နီယာဌာနမှ ကိုဖြိုး (အမည်လွှဲ) ဆိုသူ ဖြစ်သည်။
ကိုဖြိုးဆိုသူသည် မြန်မာ့မီးရထား၏ မိသားစုဝင်စစ်စစ် တဦးဟု ဆိုရမည်ဖြစ်ကာ သူ၏ အဘိုးဖြစ်သူနှင့် ဖခင်ဖြစ်သူတို့သည် လည်း အသက်သေဆုံးသည်အထိ မြန်မာ့မီးရထားဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြပြီး မီးရထားမိသားစုအသိုင်းအဝိုင်း အတွင်း ကြီးပြင်ကာ ကိုယ်တိုင်လည်း ဘွဲ့ရပြီးနောက် အင်ဂျင်နီယာဌာနသို့ အလုပ်ဝင်ရောက်ခဲ့သည်။
သူသည် လုပ်သက် နှစ် ၂၀ နီးပါးထိ ရှိလာချိန် မြန်မာ့မီးရထား တိုင်း(၃) အင်ဂျင်နီယာဌာနတွင် ကျွမ်းကျင်အဆင့် ၃ လုပ်ငန်းကြီးကြပ်ရာထူးဖြင့် တာဝန်ထမ်းဆောင်နေရာက စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement–CDM) တွင် ပါဝင်ခဲ့သည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) တွင် ၇ လကျော်ခန့် ပါဝင်ခဲ့ပြီးနောက် အကြောင်း အမျိုးမျိုးကြောင့် CDM ပြုလုပ်မှုကို စွန့်လွှတ်၍ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ကာ Non CDM ပြုလုပ်ခဲ့ရသည်။

“ကျနော်တယောက်ထဲဆိုရင် အကြောင်းမဟုတ်ဘူး၊ အခုက မိသားစုပါရှိနေတော့ CDM ကနေ Non CDM လုပ်ဖို့ ခက်ခက် ခဲခဲကို ဆုံးဖြတ်ခဲ့ရတာ၊ နေ့စဉ် စားသောက်ဖို့က ကြုံရာအလုပ်ကို လုပ်ပြီး ဖြေရှင်းလို့ ရပေမယ့် အဓိက နေရေးအတွက် အရမ်း ခက်ခဲတယ်၊ ဒါက Non CDM လုပ်ရတဲ့ အကြောင်းတခုပေါ့”ဟု ကိုဖြိုးက ဆက်လက် ပြောသည်။
ကိုဖြိုးတို့ မိသားစုသည် CDM ပြုလုပ်ပြီးနောက် ရရှိထားသည့် နေအိမ်လိုင်းခန်းမှ ဖယ်ရှားပေးခဲ့ကြရပြီး ပြင်ပတွင် အိမ်ငှား ဖြင့် နေထိုင်ခဲ့ကြသည်ဟု ဆိုသည်။
“CDM ဝင်ခဲ့တာဆိုတော့ နေအိမ်လိုင်းခန်းကနေ ဖယ်ပေးလိုက်ရတယ်၊ ကျနော်တို့လည်း စုဆောင်းထားတာလေးတွေနဲ့ အပြင်မှာ အိမ်ငှားနေခဲ့သေးတယ်၊ နောက်ပိုင်းကျတော့ အိမ်ရှင်က CDM လုပ်ထားတဲ့သူတွေမို့ ဆက်မငှားနိုင်တော့ဘူးလို့ ပြောလာတော့ အတော်လေးကို စိတ်ညစ်သွားတယ်၊ နောက်ထပ် အိမ်ငှားထပ်ရှာပြီးတော့ သုံးနေရာလောက် ပြောင်းခဲ့ရ သေးတယ်၊ ဒီကြားထဲ ကိုယ်တိုင်က CDM သမားဆိုတော့ ကြောက်ပြီး ရှောင်ရ တိမ်းရနဲ့ဆိုတော့ စုဆောင်းထားတာလေး တွေ ကုန်တော့ နေစရာ၊ စားစရာအတွက် အရမ်းအခက်အခဲ ဖြစ်လာတော့တာပဲ”ဟု ကိုဖြိုးက ပြောပြသည်။
နိုင်ငံ့ဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement–CDM) ကို ပြုလုပ်ခဲ့ကြသဖြင့် စစ်ကောင်စီအနေဖြင့် CDM ဝန်ထမ်းများကို ခံဝန်ကတိဖြင့် လုပ်ငန်းခွင်သို့ ပြန်ဝင်ကြရန် ဖိတ်ခေါ်ခဲ့သလို CDM ဆက်လက် ပြုလုပ်နေသူများကို တာဝန်မှ ရပ်စဲ ထုတ်ပယ်ခြင်းများ ပြုလုပ်ခဲ့သည်။
ထို့အပြင် CDM ဝန်ထမ်းများအနေဖြင့် ချေးယူထားသည့် ဝန်ထမ်းလစာ ၂ လစာကို ပြန်လည်ပေးဆပ်ရန်၊ CDM ဝန်ထမ်းများမှ နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပသို့ ပညာတော်သင် သွားရောက်ခြင်း၊ တာဝန်ပေးစေလွှတ်ခံရခြင်းများ ရှိခဲ့ပါက နိုင်ငံခြားပညာတော်သင် စိစစ်ရွေးချယ်ရေးအဖွဲ့က သတ်မှတ်ထားသည့် ကာလအပြည့် မထမ်းဆောင်လျှင် ပေးလျော်ရမည့် လျော်ကြေးငွေများကိုပါ ပေးဆောင်ရမည်ဟု ဒီဇင်ဘာလအတွင်းက စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ထိုသို့သော အခြေအအနေများကြားတွင် CDM ပြုလုပ်ပြီးနောက် ထောက်ပံ့ကူညီပေးမှု အလွန် အားနည်းခြင်းနှင့် စားဝတ် နေရေးအတွက် ခက်ခဲလာသဖြင့် ကိုဖြိုးသည်လည်း CDM ကို စွန့်လွှတ်ကာ Non CDM ပြုလုပ်၍ လုပ်ငန်းခွင်သို့ ပြန်ဝင်ခဲ့ရသည်။
လုပ်ငန်းခွင်သို့ ပြန်ဝင်ခွင့် ရရှိခဲ့သော်လည်း မူလရာထူးထက် နှစ်ဆင့် လျှော့ချခံခဲ့ရပြီး ခံဝန်ကတိရေးထိုးခဲ့ရခြင်းများအပြင် ဌာနတွင်း ခုံရုံးဖွဲ့စစ်ဆေးခြင်းများ ပြုလုပ်ခံခဲ့ရသည်ဟု ဆိုသည်။
“အထောက်အပံ့ လိုချင်လို့ CDM လုပ်ခဲ့တာမျိုး မဟုတ်ပေမယ့် ပိုက်ဆံပေးနေတာတောင် CDM သမားမို့ အပြင်မှာ နေစရာ ရှားလာတော့ အမေကလည်း ဝန်ထမ်းပြန်လုပ်ဖို့ အကြိမ်ကြိမ် ပြောလာတော့ ကျနော်လည်း ဆရာသမားတွေကို ဆက် သွယ်ပြီး အလုပ်ပြန်ဝင်ချင်တယ်လို့ သတင်းပို့ပြီး ပြန်ဝင်ခဲ့ရတာပဲ၊ ခံဝန်ကတိလက်မှတ်ထိုးရတာပေါ့၊ ရာထူးလည်း နှစ်ဆင့် လျှော့ချခံလိုက်ရတယ်၊ CDM လုပ်တဲ့အချိန်က အဓိက အခက်အခဲကတော့ နေစရာပေါ့၊ အခြား အခက်အခဲတွေလည်း အများကြီး ရှိခဲ့တယ်”ဟု ကိုဖြိုးက ဆက်လက် ပြောသည်။
CDM ပြုလုပ်ခြင်းသည် အလုပ်ထွက်ခြင်း မဟုတ်ဘဲ အာဏာရှင်လက်အောက်၌ ဆက်လက် တာဝန်ထမ်းဆောင်လိုခြင်း မရှိသဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းမျိုး ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ ၁၂၊ ၁၃၊ ၆၈ အရ ဝန်ထမ်းတိုင်းသည် လစာခံစားခွင့်ဖြင့် လုပ်ငန်းခွင်မှ ၅ နှစ်အထိ တရားဝင် ကင်းကွာခွင့်ရှိကြောင်း ပြဌာန်းထားသည်။
“ဥပဒေပြဌာန်းချက်တွေ ဘယ်လိုပဲ ရှိနေ ရှိနေ အခုလက်ရှိမှာတော့ ကျနော့်ကို ဌာနက အကြီးအကဲတွေကလည်း အရင်လို ယုံကြည်မှု မရှိတော့တာ သိလာရတယ်၊ နောက်ပြီး ဝန်ထမ်းအချင်းချင်းလည်း သတိထား စောင့်ကြည့်နေသလိုမျိုး ခံစားနေရ တယ်၊ အလုပ်ထဲမှာ ဖုန်းလာလို့ ဖုန်းပြောရင်တောင် ဘယ်သူလဲ ဘာလဲဆိုတဲ့ အနေအထားမျိုး ဖြစ်နေတယ်၊ နောက်ပြီး ဝန်ကြီးဌာနကနေ စုံခုံဖွဲ့ပြီး စစ်ဆေးတာကိုလည်း ခံရဦးမယ်လို့လည်း ပြောတယ်၊ အခုတော့ အလုပ်ပြန်ဝင်တာ မှားတယ်လို့ ခံစားနေရတယ်”ဟု ကိုဖြိုးက ဆက်လက် ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းလုံးရှိ အလွှာပေါင်းစုံမှ ပြည်သူများက အာဏာသိမ်းမှုကို ယနေ့အချိန်ထိ ဆန့်ကျင်ဆန္ဒထုတ်ဖော်နေသကဲ့သို့ပင် စစ်တပ် လက်အောက်တွင် တာဝန်မထမ်းဆောင်လိုသည့် နိုင်ငံ့ဝန်ထမ်းများသည် လည်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement–CDM) ကို ပြုလုပ်ခဲ့ကြသည်။
စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့မှာပင် ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်နှင့် ဝန်ထမ်းများက Red Ribbon Movement ကို စတင် ပြုလုပ်ခဲ့ကြပြီးနောက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ရပ်တန့်ရန်အတွက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) ဆရာဝန်နှင့် ဝန်ထမ်းများက ပြုလုပ်ခဲ့ကြသည်။
ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများ ရှေ့ဆုံးမှ ဦးဆောင်၍ စတင်အကောင်အထည်ဖော်ခဲ့သည့် CDM လှုပ်ရှားမှုတွင် အခြားသော ဌာနဆိုင်ရာများထက် မြန်မာ့မီးရထားဝန်ထမ်းများ အင်တိုက်အားတိုက် ပါဝင်ခဲ့ကြသည်။
မြန်မာ့မီးရထားမှ CDM လှုပ်ရှားမှုတွင် အမှုထမ်း၊ အရာထမ်း ၅၀၀၀ ခန့်အထိ ပါဝင်ခဲ့ကြသော်လည်း အာဏာသိမ်းမှု ၆ လကျော်အကြာတွင် နေထိုင်ရေး အခက်အခဲ၊ ငွေရေးကြေးရေး အခက်အခဲများ၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးခြင်းနှင့် စစ်ကောင်စီ၏ ခြိမ်းခြောက်မှုများကြောင့် CDM ပယ်ဖျက်သွားသူ ၈၀၀ ခန့်ထိ ရှိလာပြီဖြစ်ကြောင်း မီးရထား CDM ဝန်ထမ်း များအား ကူညီပေးနေသူ တဦးက ပြောပြသည်။
“ဘာကြောင့် Non CDM တွေ ပြန်ဖြစ်ကြတာလဲဆိုရင် အဓိကကတော့ ရပ်ရွာတွေထဲမှာ CDM ဝန်ထမ်းတွေကို ရဲရဲဝံ့ဝံ့ လက် မခံရဲကြတာကြောင့်ပဲ၊ ကူညီပေးတာတွေ မရှိတာတော့ မဟုတ်ဘူးပေါ့၊ နောက် သူတို့ကို ဝင်ငွေရမယ့် အလုပ်တွေက စစ်ကောင်စီကို ကြောက်ပြီး ခေါ်မသုံးရဲကြတာလည်း ပါတယ်၊ အဲဒီလို အခြေအနေ ရင်ဆိုင်နေကြရတဲ့ CDM ဝန်ထမ်းတွေကို ရေရှည်မှာ ထောက်ပံ့တဲ့သူ မရှိတော့ Non CDM တွေ ပြန်ဖြစ်သွားကြတာပဲ”ဟု မီးရထား CDM ဝန်ထမ်းများအား ကူညီပေးနေသူ တဦးက ပြောပြသည်။
ယခုအခါ အချို့သော CDM ဝန်ထမ်းများသည် မိသားစု စားဝတ်နေရေးအတွက် ကြုံရာကျပန်းလုပ်ငန်းများကို လုပ်ကိုင် နေကြရသလို စစ်တပ်ကလည်း CDM ဝန်ထမ်းများအား ရှာဖွေဖမ်းဆီးခြင်းများ ပြုလုပ်ရာတွင် မတွေ့ရှိပါက မိသားစုဝင်များ အား ဓားစာခံအဖြစ် ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ထောင်ချခြင်းများအပြင် နေအိမ် ပိုင်ဆိုင်မှုများကိုပါ ချိပ်ပိတ်လျက်ရှိသည်။
“အထောက်အပံ့ လိုချင်လို CDM လုပ်ခဲ့တာမျိုး မဟုတ်ပါဘူး၊ နိုင်ငံသားတယောက် လုပ်ကို လုပ်ရမယ့် အလုပ်မို့၊ လိပ်ပြာ လုံချင်လို့၊ အမှန်တရားဘက်က နေချင်လို့၊ ကျနော်တို့ မျိုးဆက်သစ်တွေအတွက် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသက်၊ အိုးအိမ် စည်းစ်ိမ်ကို ပဓာနမထားဘဲ ဘယ်သူ့တိုက်တွန်းချက်မှ မပါဘဲ CDM လုပ်ခဲ့တာပါ၊ အခုတော့ ကျနော်တို့ဘက်က ပေးဆပ် သလောက် မျှော်မှန်းသလို ဖြစ်မလာတော့ အားလျော့မိတာတော့ အမှန်ပဲ”ဟု မြန်မာ့မီးရထားမှ CDM ဝန်ထမ်းတဦးက ပြောသည်။

မန္တလေးမြို့ခံ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးကလည်း “CDM လှုပ်ရှားမှုက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့နည်းလမ်းတွေ အကောင်းဆုံးသော နည်းလမ်းတခုပဲ၊ ကျနော်တို့ နိုင်ငံ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အားကောင်းခိုင်မာဖို့ CDM က အထိရောက်ဆုံးပဲ၊ CDM လှုပ်ရှားမှု အောင်မြင်ရင် မြစ်ပွားနာ လို ဖြစ်နေတဲ့ စစ်အာဏာရှင်စနစ်ကြီး ပြုတ်ကျသွားမှာ အမှန်ပဲ၊ ဒါကြောင့် CDM တွေကို ဝိုင်းကူသင့်တာ ကူပေးပြီး CDM တွေကလည်း အဆုံးထိ တောင့်ခံပေးကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ပြောသည်။
စစ်တပ်က အာဏာသိမ်းမှု တနှစ်ပြည့်နေ့တွင် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဒုဝန်ကြီး မိုင်းဝင်းထူးကလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement–CDM) ပါဝင်နေသူများကို ကျေးဇူးတင်စကား ပြောကြားထားသည်။
“စစ်ကောင်စီက အာဏာသိမ်းပြီး တနှစ်ပြည့်တဲ့အထိ ယန္တရားတွေက လည်ပတ်နိုင်ခြင်း မရှိခဲ့ပါဘူး၊ စစ်ကောင်စီက ဖြစ်ချင် သလို ကောင်းကောင်းမွန်မွန် လည်ပတ်နိုင်တာမျိုး မတွေ့ရသေးပါဘူး၊ ဒီလိုဖြစ်တာ ဘာကြောင့်လဲဆိုရင် ကျနော်တို့ရဲ့ ဌာန ပေါင်းစုံက CDM သူရဲကောင်းတွေရဲ့ ပူးပေါင်းပါဝင် လုပ်ဆောင်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်၊ ဌာနပေါင်းစုံက သိန်းပေါင်း များစွာသော အတတ်ပညာရှင်တွေ၊ အသိပညာရှင်တွေ၊ ရာထူး၊ စည်းစိမ်တွေကို စွန့်လွှတ်ပြီးတော့မှ နွေဦးတော်လှန်ရေးလို့ ခေါ်တဲ့ ပြည်သူ့တော်လှန်ရေးကြီး အောင်မြင်ဖို့ လုပ်ဆောင်ပေးကြတာကို များစွာ ကျေးဇူးတင် ဂုဏ်ယူလို့ မဆုံးပါဘူး”ဟု ဒုဝန်ကြီး မိုင်းဝင်းထူးက ပြောသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement–CDM) တွင် ပါဝင်နေသည့် အလွှာပေါင်းစုံမှ CDM ဝန်ထမ်းများကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) နှင့် သီးခြား ပုဂ္ဂလိက အလှူရှင်များက ကူညီထောက်ပံ့မှုများ ရှိနေသော်လည်း ထောက်ပံ့မှုမရရှိသည့် CDM ဝန်ထမ်းများလည်း ရှိနေသေးကြောင်း သိရသည်။
“အာဏာသိမ်းပြီး တနှစ်ကျော်တဲ့အထိ CDM ဝန်ထမ်းတွေက အတတ်နိုင်ဆုံး တောင့်ခံ တော်လှန်နေဆဲ ဖြစ်ပေမယ့် ရေရှည် အတွက်ဆိုရင် CRPH ကပဲဖြစ်ဖြစ်၊ NUG ပဲဖြစ်ဖြစ် CDM တွေ ရပ်တည်နေထိုင် စားသောက်ရေးအတွက် စီမံကိန်းနဲ့ ခိုင်မာ တိကျတဲ့ ပေါ်လစီတွေလည်း ချမှတ်ဖို့ လိုနေပြီ၊ ဒါမှသာ CDM ကနေ Non CDM ဖြစ်တာတွေ နည်းလာမယ်”ဟု မြန်မာ့ မီးရထား CDM ဝန်ထမ်းများအား ကူညီပေးနေသူ တဦးက ပြောပြသည်။
You may also like these stories:
ဆုံးရှုံးမှုများ ခါးစည်း ရင်ဆိုင်နေကြရသော တောင်သူများ
ကရင်နီစစ်ရှောင်များ ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ
လွှတ်တော်အမတ်များ၊ အနုပညာရှင်များ၏ နေအိမ်များ ဆက်တိုက် ချိပ်ပိတ်ခံရ
စစ်ကောင်စီ မီးရှို့တဲ့ အရပ်သားနေအိမ် ၆၀၀၀ ကျော် ရှိ
သတင်းထောက်တဦး၏ စွန့်စားခန်းများ