အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့လို့ အလုပ်ကြမ်းနဲ့ ထောင် ၆ နှစ် ချခံနေရတဲ့ Beauty Blogger ဝင်းမင်းသန်းဟာ အင်းစိန်ထောင်တွင်းမှာ အမျိုးသမီးရောဂါကြောင့် ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေရပါတယ်။
သူဟာ အမျိုးသမီးများမှာ ဖြစ်လေ့ရှိတဲ့ သားအိမ်အကျိတ်တည် ရောဂါကို ခံစားနေရပြီး လတ်တလော သောက်ဆေးနဲ့ ကုသနေပေမယ့် မသက်သာရင်တော ခွဲစိတ်ကုသရမယ့် အခြေအနေရှိတယ်လို့ မဝင်းမင်းသန်းရဲ့ မိတ်ဆွေတွေက ဆိုပါတယ်။
စစ်ကောင်စီက သူ့ကို ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၁၇(၁)နဲ့ တရားစွဲကာ ၃နှစ်စီ ထောင်ချခဲ့့ရာက ပြီးခဲ့တဲ့ မတ် ၂ရက်ကတော့ ပုဒ်မ ၅၀၅(က)နဲ့ ချခံနေရတဲ့ ပြစ်ဒဏ်ကို လွတ်ငြိမ်းခွင့်ပေးတယ်ဆိုကာ လျော့ပေါ့ပေးခဲ့ပေမယ့် ကျန် ပုဒ်မအတွက်တော့ ဆက်လက်ချုပ်နှောင်ခြင်း ခံထားရပါတယ်။
ဝင်းမင်းသန်းက သူ့ရဲ့အမျိုးသမီးရောဂါကြောင့် ကျန်းမာရေး စောင့်ရှောက်မှု ခံယူခဲ့ရပါသေးတယ်။
မတရားမှုတွေ့ရင် ငြိမ်ခံမနေတတ်တဲ့ ဝင်းမင်းသန်းဟာ စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းတဲ့အခါ ဆန့်ကျင်ကြောင်း ပြည်သူနဲ့ တသားတည်း ဒီမိုကရေစီ လိုလားကြောင်း LGBTQ အဖွဲ့နဲ့အတူ ရန်ကုန်မြို့ မြေနီကုန်းကနေ ဆူးလေဘုရားလမ်း မပေါ်အထိ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သလို နာမည်ကြီး အနုပညာရှင်များနဲ့အတူ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ (We Want Justice) လက်သုံးချောင်း သင်္ကေတ ကမ်ပိန်းမှာလည်း ပါဝင်ခဲ့ပါတယ်။
သူ့ရဲ့ မိသားစု အခြေအနေက “အမေတခုသမီးတခု” ဆိုသလိုပဲ အမေကို ရှာဖွေကျွေးမွေးနေသူလည်း ဖြစ်တာကြောင့် စစ်ကောင်စီက သူ့ကို ဝရမ်းထုတ်ကာ တောင်ကြီးမြို့မှာ စတင်ဖမ်းဆီးတဲ့အခါ အမေနဲ့သမီး နှစ်ဦး တည်း နေရတဲ့ ဝင်းမင်း သန်းတို့ သားအမိအပေါ် စိတ်ပူမိကြောင်း သူ့ရဲ့မိတ်ဆွေတဦးဖြစ်တဲ့ Travel Blogger မမေဇွန်ဝင်းက ဧရာဝတီကို ဖြေကြား ခဲ့ဖူးပါတယ်။
ဝင်းမင်းသန်းဟာ နာမည်ကြီး အနုပညာရှင်များနဲ့အတူ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်
“သူအဖမ်းခံရတယ်ကြားကြားချင်း အဓိက သူ့အမေအတွက် စိတ်မကောင်းဖြစ်သွားတာ။ သူက သူ့အမေနဲ့ နှစ်ယောက် တည်း နေရတာ။ သူ့အမေကို သူက ရှာကျွေးနေရတဲ့သူဆိုတော့၊ အမေတခု သမီးတခုပဲ ဖြစ်နေတဲ့အခါကျ စိတ်ပူမိ သွားတာ။ အရမ်းလည်း စိတ်မကောင်းဖြစ်မိတယ်” လို့ မမေဇွန် ဝင်းက ပြောပါတယ်။
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅- က နဲ့ ဖမ်းဝရမ်းထုတ်ခံခဲ့ရတဲ့ Beauty Blogger ဝင်းမင်းသန်းဟာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ညက တောင်ကြီးမြို့၊ သူတည်းခိုရာ BH Hotel မှာ ဝရမ်း ကြေညာခံရပြီး နာရီပိုင်း အတွင်း ညတွင်းချင်း ဖမ်းဆီးခံရ တာပါ။
အဲဒီနေ့က ည ၈ နာရီ မထိုးခင်အချိန် ရဲနဲ့စစ်သား အယောက် ၃၀ ဝန်းကျင်ခန့်ဟာ BH Hotel ကို ရုတ်တရက် ရောက် လာပြီး ဟိုတယ်ကို ဝိုင်းဝန်းပိတ်ဆို့ကာ ဧည့်သည် နာမည်နဲ့ အခန်းနံပါတ် မေးပြီးနောက် အဲဒီ အခန်းမှာ တည်းခိုနေတဲ့ ဝင်းမင်းသန်းကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။
အဲဒီနောက် Beauty Blogger ဝင်းမင်းသန်းကို ဧပြီလ ၇ ရက်နေ့ မနက်ပိုင်း တောင်ကြီးမြို့မှာ ရုံးထုတ်ခဲ့ပါတယ်။ တောင်ကြီး တရားရုံးမှာ ရုံးထုတ်ပြီးနောက် ရန်ကုန်ကို ပြောင်းရွှေ့ ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
ဝင်းမင်းသန်းဟာ ရုံးထုတ်စဉ် အထွက်မှာလည်း လက် ၃ ချောင်း ထောင်ပြသွားတယ်
စကားပြောရင် မှန်ရာကို ရဲရဲဝံ့ဝံ့ ပြောဆိုတတ်ပြီး ကြောက်ရွံ့ခြင်း မရှိတဲ့ ဝင်းမင်းသန်းဟာ ရုံးထုတ်စဉ် အထွက်မှာလည်း လက် ၃ ချောင်း ထောင်ပြသွားတယ်လို့ အဆိုပါ ရုံးထုတ်မှာ တွေ့မြင်ရသူတွေက ပြောပါတယ်။
အဲဒီနောက်မှာတော့ ဝင်းမင်းသန်းကို ပုဒ်မ ၅၀၅-က အပြင် မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) တို့နဲ့ တရားစွဲဆိုထားကြောင်း သိရတယ်လို့ သူ့ရဲ့ မိတ်ဆွေတချို့က ဧရာဝတီကို ပြောပါတယ်။
ဝင်းမင်းသန်းရဲ့ Beauty Blogger ခြေလှမ်းအစ
အဝင်းလို့ အများက ချစ်စနိုးခေါ်ကြတဲ့ ဝင်းမင်းသန်းဟာ မြန်မာနိုင်ငံမှာ အလှအပရေးရာ Beauty Blogger လုပ်ငန်းကို ပထမဆုံး စတင် လုပ်ကိုင်ခဲ့သူတွေထဲက တဦးပါ။ သူဟာ Beauty Blogger အလုပ်ကို ၂၀၁၃ ခုနှစ်မှာ စတင် လုပ်ကိုင်ခဲ့တာပါ။
မြန်မာနိုင်ငံမှာ အခုလောက် ဆိုရှယ်မီဒီယာကို တွင်တွင်ကျယ်ကျယ် မသုံးသေးခင် အချိန်မှာ သူက “Yangon In My Heart” ဆိုတဲ့ Page ကနေ စပြီး အလှအပရေးရာ အသိပညာပေးမှုတွေကို ဝေမျှပေးခဲ့တာဖြစ်ပါတယ်။ အဲဒီမတိုင်ခင်က ဝင်းမင်းသန်းဟာ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့က ဖက်ရှင် ကုမ္ပဏီကြီးတခုမှာ မန်နေဂျာတဦးအဖြစ် အလုပ်လုပ်ကိုင်ခဲ့သူပါ။
လူသိများလာတဲ့ အဝင်း (ခ) ဝင်းမင်းသန်းကို ချစ်ခင်ကြသူတွေ ရှိသလို၊ သူ့ကို ဝေဖန် တိုက်ခိုက်ကြသူတွေလည်း မနည်းပါဘူး။
ပြည်ပမှာ နှစ်အတော်ကြာ နေခဲ့ပြီး သူ့ရဲ့ပွင့်လင်းလှတဲ့ အမြင်နဲ့ ရိုးရှင်းပြီး တည့်တိုးပြောတတ်တဲ့ စကားတွေကြောင့် ဆိုရှယ်မီဒီယာမှာ လူသိများလာတဲ့ အဝင်း (ခ) ဝင်းမင်းသန်းကို ချစ်ခင်ကြသူတွေ ရှိသလို၊ သူ့ကို ဝေဖန်တိုက်ခိုက် ကြသူတွေလည်း မနည်းပါဘူး။
LGBT ၊ Cyber Bullying နဲ့ Body Shaming ကိစ္စတွေ ဝေမျှသူ
LGBT အရေးနဲ့ အမျိုးသမီးရေးရာ ကိစ္စတွေမှာ ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်ပြီး သူယုံကြည်ရာကို ရဲရဲဝံ့ဝံ့ ပြောဆိုလေ့ရှိတဲ့ အဝင်းကို အမျိုးသမီးတွေသာမက လိင်တူချစ်သူတွေကပါ လေးစားချစ်ခင်ကြပါတယ်။ LGBT အခွင့်အရေးတွေနဲ့ ပတ်သက်လို့ ဝင်းမင်းသန်းက အများကြီး လူရှေ့ထွက် ပြောဆိုခဲ့သူပါ။
ဒါ့အပြင် သူက Cyber Bullying လို့ခေါ်တဲ့ အွန်လိုင်းပေါ်မှာ အနိုင်ကျင့် စော်ကားခံရမှုတွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ အဲဒီ Cyber Bully အလုပ်ခံရမှုကို ဘယ်လို မှန်ကန်စွာ တုံ့ပြန်မလဲ စတဲ့ အကြောင်းအရာတွေကိုလည်း အလျဉ်းသင့်သလို ဝေမျှလေ့ ရှိပါတယ်။
“သူ့ကို ဘာကြောင့်မို့လို့ အားပေးရလဲဆိုရင် စကားပြောတဲ့ပုံတွေကို ကြိုက်တယ်။ မှန်ကန်တဲ့ဘက်က ရပ်တည်တယ်။ မှားတယ်ဆိုတဲ့အရာတွေကို ဂရုမစိုက်ဘဲ၊ တယောက်တည်း ရပ်တည်လို့ရတယ်ဆိုတဲ့ အရာမျိုးပေါ့။ နောက်ပြီးတော့ Skincare၊ ကိုယ်ကလည်း အလှအပတွေ၊ Skincare လုပ်တာတွေ သဘောကျလို့၊ သူ့နေပုံထိုင်ပုံ ပြောပုံဆိုပုံ သဘောကျလို့ အားပေးဖြစ်တယ်” လို့ ဝင်းမင်းသန်းရဲ့ အမာခံ ပရိသတ်တဦးက ဧရာဝတီကို ပြောပါတယ်။
ဝင်းမင်းသန်းဟာ အမျိုးသမီးတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကား ထိပါးခံရရင်၊ ကျူးလွန်ခံရရင် ဘယ်နေရာမှာမဆို ပြန်လည် တုံ့ပြန် ပြောဆိုရဲဖို့ ထုတ်ဖော် ပြောခဲ့သူဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ ထိပါးခံရမှုနဲ့ ပတ်သက်လို့ အကျူးလွန်ခံရသူကို အပြစ်မတင်ကြဖို့နဲ့ ကျူးလွန်သူကိုသာ ပတ်ဝန်းကျင်က ပြင်းပြင်းထန်ထန် ရှုတ်ချဖို့ သူက တိုက်တွန်းလေ့ ရှိပါတယ်။
ဝင်းမင်းသန်းနှင့် ဧရာဝတီ အင်တာဗျူးတခု –
ဒါ့အပြင် ဝင်းမင်းသန်းဟာ Body Shaming (ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်ကို ဝေဖန်ကဲ့ရဲ့ခြင်း) တို့နဲ့ ပတ်သက်ပြီးလည်း ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်သာ ပိုင်ဆိုင်ကြောင်း၊ တခြား ဘယ်သူကမှ ကဲ့ရဲ့ ဝေဖန် ပြစ်တင် ပြောဆိုပိုင်ခွင့် မရှိကြောင်း၊ ပြောဆိုလာရင်လည်း ဂရုစိုက်ဖို့ မလိုကြောင်း စတဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ မကြာခဏ သူ့ရဲ့ Live ဗီဒီယိုတွေမှာ ပြောလေ့ရှိပါတယ်။
သူ့ရဲ့တုန့်ပြန်တဲ့ ပြောစကားတွေက ထူးထူးခြားခြားနဲ့ ရယ်စရာလေးတွေ ပါတာကြောင့် လူမှုကွန်ရက်မှာလည်း ပြောစမှတ်ဖြစ်အောင် ရေပန်းစားခဲ့တာတွေ ရှိပါတယ်။
“Glow Nation” လို့ အများက ချစ်စနိုးခေါ်ကြတဲ့ အဝင်း (ခ) ဝင်းမင်းသန်းကတော့ ညစဉ် သူ့ရဲ့ Live ဗီဒီယိုတွေမှာ အသားအရည် ထိန်းသိမ်းနည်း တွေကို မညည်းမညူ ဝေမျှပေးခဲ့တာပါ။ တခါတလေ သူ့ရဲ့တုန့်ပြန်တဲ့ ပြောစကားတွေက ထူးထူးခြားခြားနဲ့ ရယ်စရာလေးတွေ ပါတာကြောင့် လူမှုကွန်ရက်မှာလည်း ပြောစမှတ်ဖြစ်အောင် ရေပန်းစားခဲ့တာတွေ ရှိပါတယ်။
မြန်မာပြည်ရဲ့ ထိပ်တန်း Bloggers စာရင်းမှာ ပါဝင်ခဲ့
သူဟာ Myanmar’s Pride Awards 2019 ဆုပေးပွဲမှာ လူမှုဦးဆောင်ကဏ္ဍကနေ ဆု ရရှိခဲ့ပါတယ်။
ဝင်းမင်းသန်းဟာ ၂၀၁၉ ခုနှစ်အတွင်းက The Myanmar Times သတင်းဌာနက ရွေးချယ်တဲ့ “Top 10 Bloggers in Myanmar” စာရင်းမှာ တဦးအပါအဝင် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ Myanmar’s Pride Awards 2019 ဆုပေးပွဲမှာ လူမှုဦးဆောင်ကဏ္ဍကနေ ဆု ရရှိခဲ့ပါတယ်။
ဝင်းမင်းသန်းရဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ခံယူချက်
ဝင်းမင်းသန်း လက်ကိုင်ထားတဲ့ မူဝါဒကတော့ အလှအပရေးရာမှာဆိုရင်လည်း ငွေကြေးအများကြီး အကုန်ကျခံစရာ မလိုဘဲ၊ ရှိတဲ့ ပစ္စည်းတွေနဲ့ လှပအောင် ပြင်ဆင်ဖို့၊ တကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ဖို့၊ တန်ဖိုးသင့် အသုံးအဆောင် အဝတ်အစားတွေနဲ့ ဖက်ရှင်ကျကျ ဝတ်ဆင် နေထိုင်ဖို့ စတဲ့ လူတန်းစား အလွှာမျိုးစုံ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကို မျှဝေလေ့ ရှိပါတယ်။
သူက သူပြောချင်တာကို ရဲရဲဝံ့ဝံ့ ပြောတတ်တဲ့ အမျိုးသမီးပေါ့။
“သူက သူပြောချင်တာကို ရဲရဲဝံ့ဝံ့ ပြောတတ်တဲ့ အမျိုးသမီးပေါ့။ အလှအပနဲ့ ပတ်သက်ပြီးမှ မဟုတ်ဘူး၊ စိတ်ထား တတ်တယ်၊ ပြုမူနေထိုင်တတ်တယ်။ မိန်းကလေးတွေအတွက် အစစအရာရာ ကောင်းသော လွှမ်းမိုးမှုတွေ ရှိတဲ့ အမျိုးသမီးပေါ့” လို့ ဝင်းမင်းသန်းရဲ့ အရင်းနှီးဆုံး မိတ်ဆွေတဦးက ဧရာဝတီကို မှတ်ချက်ပြုပါတယ်။
ဝင်းမင်းသန်းရဲ့ အမာခံ ပရိသတ်တဦးက “မတွေ့ရတာ တနှစ်နီးပါး ရှိပြီဆိုတော့ အစ်မကို အရမ်းလည်း သတိရတယ်။ အရမ်းလည်း လွမ်းတယ်။ ဒါပေမယ့် အစ်မက စိတ်ဓာတ်ကြံ့ခိုင်တဲ့သူမို့လို့ ဒီအခက်အခဲတွေကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်တယ်” လို့ ဆိုပါတယ်။
ဝင်းမင်းသန်းဟာ သူယုံကြည်ရာကို ရဲရဲဝံ့ဝံ့ ပြောတတ်သူဖြစ်ပြီး လွယ်လွယ်နဲ့ စိတ်ဓာတ်ကျတတ်သူ မဟုတ်ဘဲ၊ စိတ်ဓာတ် ကြံ့ခိုင်သူဖြစ်ကြောင်း ဝင်းမင်းသန်းရဲ့ မိတ်ဆွေများက တညီတညွတ်တည်း မှတ်ချက်ပြုပါတယ်။
“အစ်မကို အမြန်ဆုံး လွတ်လာမယ်လို့ပဲ မျှော်နေတယ်။ မိသားစုတွေကော၊ ပရိသတ်တွေကောက မျှော်နေကြတယ်။ သူပြန်ထွက်လာရင်တော့ သူ့ပရိသတ်တွေအတွက် အားနဲ့မာန်နဲ့ မီးတောက်ထဲက ထလာတဲ့ ငှက်တကောင်လို ဖြစ်လာ မယ်လို့ ယုံကြည်တယ်” လို့ ဝင်းမင်းသန်းရဲ့ မိတ်ဆွေက ပြောပါတယ်။
You may also like these stories:
Beauty Blogger ဝင်းမင်းသန်း ကျန်းမာရေးအခြေအနေအား ကောလဟလ မဖြန့်ဖို့ မိသားစုပြော
Beauty Blogger ဝင်းမင်းသန်းအား တောင်ကြီးမြို့မှာ ရုံးထုတ်ခဲ့
Beauty Blogger ဝင်းမင်းသန်းကို ဖမ်းဆီးရမိခဲ့တဲ့ BH ဟိုတယ်ရဲ့ ထုတ်ပြန်ချက်
“အချစ်အပေါ် ခံယူချက်က အသက်တွေ၊ အချိန်တွေနဲ့ မဆိုင်ဘူး”လို့ ဝင်းမင်းသန်း ပြော
“မြန်မာပြည်မှာ အသက်ကြီးတာကို ရယ်စရာ ထင်ကြတယ်”လို့ ဝင်းမင်းသန်း ပြော
အသားအရေ လှအောင် ဆုတောင်းပေးတာကို ဝေဖန်ခံနေရတဲ့ ဝင်းမင်းသန်း