မြန်မာစစ်တပ်ကို ကြိုဆိုထောက်ခံပွဲများနှင့် ဘာသာရေးဆိုင်ရာ သွေးထိုးလှုံ့ဆော်သော ဟောပြောပွဲများကို စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ဦးဆောင်လုပ်ဆောင်ပေးလေ့ ရှိသလို၊ နောက်ကွယ်က စီစဉ်ပေးမှုများလည်း ရှိသည်။
စစ်တပ်က အာဏာမသိမ်းခင်နှင့် အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့၏ အထင်ကရနေရာတချို့တွင် ကားမှန်များကို ရိုက်ခွဲခြင်း၊ ၎င်းတို့ကို ရှုတ်ချသူများကို အုပ်စုဖွဲ့ ဝိုင်းဝန်းထိုးကြိတ်ခြင်းနှင့် ဓားဖြင့် ထိုးသည်အထိ ရမ်းကားသော အပြုအမှုများ လုပ်ဆောင်ခဲ့သော အဆိုပါ စစ်တပ်ထောက်ခံပွဲများကို ယခုစစ်ကောင်စီ၏ လဝက ဝန်ကြီးဖြစ်သူ ဦးခင်ရီက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ယခင် ဦးသိန်းစိန် အစိုးရ၏ သမ္မတရုံးဝန်ကြီးဟောင်း ဖြစ်သူ ဦးစိုးသိန်းရေးသည့် ဒီမိုကရေစီ ဒုတိယ အစိုးရသစ်နှင့် မြန်မာနိုင်ငံ (ဒုတိယတွဲ) စာအုပ်တွင် ထိုသို့သော စစ်တပ်ထောက်ခံပွဲများကို အကြိမ်ရေ အတိအကျဖြင့် USDP ပါတီဒုဥက္ကဋ္ဌ ဖြစ်သူ ဦးခင်ရီက မည်သို့မည်ပုံ ဆောင်ရွက်ပေးခဲ့သည်ကို ရေးသားထားခဲ့သည်။
ထိုသို့သော ရမ်းကားရိုင်းစိုင်းသည့် စစ်တပ်ထောက်ခံပွဲများအတွက် ဦးခင်ရီကိုယ်စား အသေးစိတ် စီစဉ်ဆောင်ရွက်ပေးရသူမှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ရန်ကုန်တိုင်းအစိုးရ အဖွဲ့၏ စီးပွားရေး ရေးရာ ဝန်ကြီးအဖြစ် ခန့်အပ်ထားသော ဆန်စပါးလုပ်ငန်းရှင်တဦးဖြစ်သည့် ဦးအောင်သန်းဦးပင် ဖြစ်ကြောင်း ဧရာဝတီက မေးမြန်းခဲ့သမျှ အနည်းဆုံးသတင်းရင်းမြစ် ၃ နေရာခန့်က အတည်ပြုပြောသည်။
တပ်ထောက်ခံပွဲများအတွက် ထောက်ခံဆန္ဒပြပေးမည့် လူအရေအတွက်ရရှိရန် ရန်ကုန်မြို့ တောင်ပိုင်း ခရိုင်အတွင်းရှိ ဆိတ်ကြီးခနောင်တို၊ သန်လျင်၊ ခရမ်းနှင့် သုံးခွ အစရှိသော မြို့နယ်များမှ ဝါဒမှိုင်းတိုက်ခံထားရသူများကို USDP ပါတီက စည်းရုံးသိမ်းသွင်းပြီး နေ့စားခပေးကာ ခေါ်ယူခြင်းဖြစ်သည်။
အဆိုပါ မြို့နယ်များသည် ဦးခင်ရီနှင့် ဦးအောင်သန်းဦးတို့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မဲဆန္ဒနယ်မှ မြို့နယ်များဖြစ်သည်။ ၎င်းတို့ ၂ ဦးစလုံးသည် အဆိုပါနေရာများတွင် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ NLD ကိုယ်စားလှယ်လောင်းများကို မဲအပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
“စစ်အာဏာသိမ်းပြီးတော့ လုပ်တဲ့ စစ်တပ်ထောက်ခံပွဲတွေကို လူစုပေးပြီး အကြိုအပို့အတွက် သန်လျင် ကျိုက်ခေါက်ဘုရားကဂေါပကတယောက်နဲ့ ဦးအောင်သန်းဦးတို့က ကားတွေ စီစဉ်ပေးခဲ့ကြတာ” ဟု သန်လျင်မြို့ခံ တဦးက ဧရာဝတီသို့ ပြောသည်။

ဦးအောင်သန်းဦးသည် ယခင် ဦးသန်းရွှေလက်ထက် စစ်အစိုးရခေတ်ကတည်းက စစ်ဗိုလ်ချုပ်များနှင့် နီးစပ်ခဲ့သူဖြစ်ပြီး ဦးအောင်သောင်း (စက်မှုဝန်ကြီးဟောင်း)၊ ဦးခင်ရီ၊ ဦးမြင့်ဆွေ (NLD လက်ထက် ဒုသမ္မတ) အစရှိသူများ အပါအဝင် ဦးသိန်းစိန်လက်ထက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့် (ကုန်သည်/စက်မှုအသင်းချုပ် UMFCCI ဥက္ကဋ္ဌဟောင်း) တို့နှင့်လည်း ရင်းနှီးသော ဆက်ဆံရေးရှိသူ ဖြစ်သည်။
“သူက စစ်အစိုးရလက်ထက်ကတည်းက ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရေးတော်တော်ကောင်းခဲ့တဲ့ သူပဲလေ။ ဦးခင်ရီနဲ့က ပိုပြီး ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်။ ဦးခင်ရီကိုယ်စား ထောက်ခံပွဲတွေနဲ့ ပတ်သက်ပြီး ဦးအောင်သန်းဦးက အကုန်လိုက်လုပ်ပေးရတာ။ စွမ်းအားရှင်တွေ၊ ၅ထောင်စားတွေရဲ့ ခေါင်းကိုင် ဖခင်ကြီးလို့ ပြောလို့ရတယ်” ဟု ဦးဝင်းမြင့် UMFCCI ဥက္ကဋ္ဌဟောင်းနှင့် နီးစပ်ခဲ့သည့် သတင်းရင်းမြစ်တဦးက ဧရာဝတီသို့ ပြောသည်။
သူသည် ပင်လယ်ကိုးသွယ်ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် အမည်ရ Nine Sea Trading ကုမ္ပဏီနှင့် မြရွှေဝါကုမ္ပဏီတို့ဖြင့် ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရောင်းချသည့် လုပ်ငန်းကို အဓိကလုပ်ကိုင်သည့် လုပ်ငန်းရှင်ဖြစ်သည်။
စစ်တပ်၏ ဆန်ရိက္ခာ လိုအပ်မှုအတွက်လည်း အဓိက ရောင်းချပေးသည့် ဆန်ကုန်သည်လည်း ဖြစ်ကြောင်း ဆန်လုပ်ငန်းရှင်အသိုင်းအဝိုင်း သတင်းရင်းမြစ်များက ဧရာဝတီသို့ ပြောသည်။

ဦးအောင်သန်းဦးသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီဝင်ဖြစ်သကဲ့သို့ ၂၀၁၀ ပြည့်နှစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ဖူးပြီး ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ကိုယ်စားလှယ်လောင်းများကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သူ ဖြစ်သည်။
ဦးသန်းရွှေ၏ နဝတအစိုးရလက်ထက် ၁၉၉၃ ခုနှစ် ဝန်းကျင်၌ ရန်ကုန်တိုင်းဒေသကြီးရှိ သုဝဏ္ဏ အားကစားကွင်းတွင် ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချပွဲတွင် ဦးအောင်သန်းဦးသည် ဘုရင့်နောင် အခြေစိုက် ဆန်ကုန်သည်တဦးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ကဲ့ရဲ့ရှုတ်ချသည့် စကားများ စင်မြင့်ပေါ် တက်ရောက်ဟောပြောခဲ့သေးကြောင်း စီးပွားရေးလုပ်ငန်းရှင် တဦး၏ အဆိုအရ သိရသည်။
ထိုအချက်ကို ဧရာဝတီသတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

၂၀၀၈ ခုနှစ်ဝန်းကျင်တွင် ကန်ထရိုက်လယ်ယာစနစ်လုပ်ဆောင်ရန်ဆိုသော ခေါင်းစဉ်ဖြင့် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံဆိပ်ကမ်းနှင့် ဒဂုံအရှေ့ မြို့နယ်တို့တွင် ဒေသခံတောင်သူများ၏ လယ်မြေများကို နဝတအစိုးရက ၎င်းတို့နှင့် နီးစပ်သော ကုမ္ပဏီ ၁၆ ခုကို ကုမ္ပဏီတခုလျှင် ဧက ၅၀၀ နှုန်းဖြင့် ပေးခဲ့သည်။
ထိုအချိန်က ဦးအောင်သန်းဦး၏ Nine Sea Trading ကုမ္ပဏီက လယ်ဧက ၄၅၀ နှင့် မြရွှေဝါကုမ္ပဏီက ဧက ၃၈၀ ရရှိခဲ့ကြောင်း သိရသည်။
ဦးသိန်းစိန်အစိုးရ လက်ထက်တွင် သိမ်းဆည်းထားသော လယ်ယာမြေများကို ကန်ထရိုက်လယ်ယာ စနစ်ဖြင့် အကောင်းအထည်ဖော် မလုပ်ကိုင်သည့်အတွက် ကျေးရွာပေါင်း ၉ ရွာမှ တောင်သူ ၂၀၀ ကျော်က ဦးအောင်သန်းဦး ကုမ္ပဏီကို မကြာခဏ ဆန္ဒထုတ်ဖော်မှုများရှိခဲ့သည်။

စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြ နေကြသည့် အများပြည်သူများကို အကြမ်းဖက်ဖြိုခွင်း ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဦးအောင်သန်းဦး ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသော မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း အစည်းအဝေးတချို့ကို ဆန်ကုန်သည်များ တက်ရောက်ခြင်းမရှိသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း ဘုရင်နောင်ဆန်ကုန်စည်ဒိုင်မှ ကုန်သည်တဦးက ပြောသည်။
၎င်းက “ဦးအောင်သန်းဦးက မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းနဲ့ ပတ်သက်ပြီး တော်တော်များများ ဦးဆောင် လုပ်ပေးတယ်။ ဒါပေမယ့် တဖက်မှာကလည်း သူက စစ်ဗိုလ်ချုပ်တွေနဲ့ တော်တော်ရင်းနှီးတဲ့ သူလည်း ဖြစ်တယ်” ဟု ပြောဆိုသည်။
ရန်ကုန်မြို့ရှိ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်းလမ်း) ရှိ ဆန်ကုန်သည် တဦးကလည်း ဦးအောင်သန်းဦးနှင့် ပတ်သက်ပြီး ထိုကဲ့သို့ပင် ဧရာဝတီသို့ ပြောသည်။
စစ်တပ်ထောက်ခံပွဲများအတွက် လူစုပေးပြီး ဦးခင်ရီကိုယ်စား လုပ်ကိုင်ဆောင်ရွက်ပေးခဲ့ခြင်း ရှိမရှိ ဦးအောင်သန်းဦးကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ၎င်းက “ကျနော်နဲ့ ဘာမှမဆိုင်ပါဘူးဗျာ” ဟု ပြောဆိုပြီး တခြားမေးခွန်းများ ဆက်မမေးခင်တွင်ပင် ဖုန်းချသွားခဲ့သည်။
You may also like these stories:
ရမ်းကားရိုင်းစိုင်းသော တပ်ထောက်ခံပွဲများ ဦးခင်ရီ စီစဉ်
စစ်ခေါင်းဆောင်သားနှင့် ဗိုလ်ချုပ်ဟောင်းများက ဒလန်လုပ်မှုဖြင့် သတ်ခံရသူများအတွက်ငွေလှူ
မြန်မာ့ လူသတ်ဂိုဏ်းချုပ်နှင့် ကြံရာပါများ
ဆယ်စုနှစ်အတွင်း မြန်မာ့လူ့အဖွဲ့အစည်း ပြောင်းလဲသွားပြီးပြီ